Dec 10, 2008

အမည်မဲ့ည

ကြယ်တွေ အိပ်ပြီလား ချစ်သူ
ငါလေ နင့်နှုတ်ခမ်းကို
တိတ်တိတ်လေး ခိုးနမ်းချင်လို့ပါ....။
BLACK DREAM

ပတ်ဝန်းကျင်တစ်ခုလုံးတွင် တိတ်ဆိတ်မှုများ ဆူညံစွာ ဖုန်းလွှမ်းနေပါတယ်...။ စည်းချက်မှန်မှန် မြည်နေသော နာရီ လက်တံတစ်ခု၏ စက္ကန့်သံတစ်ချက်တိုင်းမှာ ကျွန်တော့် ခံနိုင်ရည်တွေ တစ်စစီ ကြွေကြနေလေရဲ့။ တစ်ချိန် က အဲ့ဒီ့စက္ကန့်သံတွေကို ရေတွက်ရင်း ကျွန်တော်ရင်ခုန် ကြည်နူးစွာ စောင့်ကြည့်ခဲ့ဖူးတယ်...။ ဒီတစ်ခါလည်း ကျွန်တော် ဒီစက္ကန့်သံတွေကို ရင်ခုန်စွာ စောင့်ကြည့်နေရ ပြန်ပါပြီ...။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ကြေကွဲစွာ နဲ့ပေါ့...။ ကျွန်တော် တယုတယ ထုစစ်ခဲ့ရတဲ့ ရင်ခွင်ကမ်းပါးတစ်ခု...။ အခု...။ စက္ကန့်တွေရဲ့ တိုက်စားခြင်း ခံရလေပြီ။

ဘာကြောင့်လဲ..? ဘာကြောင့်လဲ...? တစ်ချိန်တစ်ခါတုန်းက ကျွန်တော်မျှော်လင့်ခဲ့ရဖူးတဲ့ စက္ကန့်တံတွေရဲ့ လားရာတွေနဲ့ အခု တရွေ့ရွေ့ စီးမြောနေတဲ့ စက္ကန့်တံတွေရဲ့ လားရာတွေ တူနေပါလျှက် ဘာကြောင့်များ ကျွန်တော့်ရဲ့ ခံစားချက်တွေ ပြောင်းပြန်စီးဆင်းနေကြရပါသလဲ...? ဒါဟာလောကရဲ့ မတည်မြဲခြင်းများစွာထဲက ခပ်ပါးပါး မတည်မြဲခြင်း တစ်ခုပဲလား? ဒါမှမဟုတ် မိမိကိုယ်ကို လှည့်စားထားသော အပေါစား မျက်လှည့်ပွဲ တစ်ခုလား? အနဲဆုံးတော့ ရွက်ကြားရေကြို ခံစားချက်တစ်ခုအဖြစ် ကျေးဇူးပြု၍ အသိအမှတ်ပြုပေးဖို့ ဘုရား သခင်ထံမှာ ကျွန်တော် အယူခံဝင်ခြင်ပါတယ်။

တစ်ရိပ်ရိပ်ပြေးလွှားနေတဲ့ အာရုံတွေကို ကျွန်တော် ဖမ်းဆုပ်ဖို့ ကြိုးစားတယ်...။ ခဏရပ်..။ ပြန်စဉ်းစားတယ်...။ ထားလိုက်ပါလေ...။ ဒီအတိုင်းလေးပဲ လွတ်လွတ်လပ်လပ် ပြေးလွှားကြပါစေ..။ မိပြီးသား ရင်ခုန်သံတစ်ချို့ကိုပါ ကျွန်တော် ပြန်လွှတ်ပေးလိုက်တယ်...။ လွတ်လပ်ခြင်းကို မြတ်နိုးတဲ့သူတစ်ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ပေါ့။ ပျံသန်းပါစေ...။ သူအတောင်တွေညောင်းလို့ နားခိုမယ် ကြံတဲ့နေရာတိုင်းမှာ ကျွန်တော့်ရင်ခွင် ရှိနေရင်ပြီးတာပါ ပဲလေ...။ ပျံသန်းချင်တဲ့ အချိန်ကြရင်လည်း မစိုးရိမ်ကြပါနဲ့...။ ကျွန်တော် ကောင်းကင် တစ်ခုအဖြစ် ရှိနေပေးဦး မှာပါ...။

နင်စိုက်ပျိုးခဲ့တဲ့ အိပ်မက်တွေလေ
ဒီရင်ဘတ်ထဲမှာ အလျှံ့အပယ်ပဲ
နင့်လက်နဲ့ ပြန်နှုတ်မယ့် အချိန်ကို စောင့်နေကြလေရဲ့...။
BLACK DREAM

ကျွန်တော် အတတ်နိုင်ဆုံး စကားလုံးတစ်လုံးကို အသက်သွင်းဖို့ ကြိုးစားမိတယ်...။ တစ်ညလုံးပဲ...။ ဟုတ်တယ်။ တစ်ညလုံးပဲ...။ ဒီစကားလုံးကို ကျွန်တော် မနက်ဖြန်မှာ အပြီးတိုင် အသက်သွင်းပြီး ဖြစ်ဖို့ အရေးတကြီးလိုအပ် တယ်...။ အဲ့ဒီ့စကားလုံးထဲမှာ ကျွန်တော့်ရင်ဘတ်ထဲကို မြင်နိုင်တဲ့ မှန်တစ်ချပ်ပါရမယ်။ ကျွန်တော့်နှုတ်ခမ်းက မပြောဖြစ်လိုက်တဲ့ အသံတွေကို ကြားနိုင်ဖို့ ကြားခံလေဟာနယ်တစ်ခုပါရမယ်။ မရေမတွက်နိုင်သော အကြင် နာတရားတွေနဲ့ နွေးထွေးတဲ့ အနမ်းတွေအတွက် ဂုဏ်ထူးဆောင် တံဆိပ်တစ်ခုပါရမယ်။ ပြန်လည် ဝေးကွာရ တော့မယ့် အချိန်တွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့အတွက် ဖိနပ်တစ်ရံ ပါရမယ်။ ကျွန်တော့်ရဲ့ မျှော်လင့် ချက်တွေကို အမှန်ကန်ဆုံး အတိကျဆုံး တိုင်းတာပြနိုင်မယ့် ပေတံတစ်ချောင်းပါရမယ်...။ နောက်ဆုံး ကျွန်တော့် အချစ်တွေကို တိုင်တည်ဖို့ သူမသိပ်မြတ်နိုးတဲ့ အဖြူရောင် နှင်းဆီ တစ်ပွင့်ပါရမယ်။

သူမရဲ့ အငွေ့အသက်တွေ...။ စကားသံတွေ....။ ပုံရိပ်တွေ ပြည့်နှက်နေတဲ့ ဒီအခန်းကျဉ်းလေးထဲက ရုန်းထွက်ဖို့ ကျွန်တော်မကြိုးစားချင်ပါ...။ ဖြစ်နိုင်ရင် ဒီအရာတွေအားလုံးကို တယုတရ လိုက်ကောက်ပြီး ကျွန်တော့် အိပ်ယာရဲ့ အပေါ်တည့်တည့် မျက်နှာချက်လေးမှာ ချိတ်ဆွဲထားချင်ပါတယ်။ အတူလက်တွဲ လျှောက်လှမ်းခဲ့ဖူး တဲ့ မြောက်များလှစွာသော လမ်းတို့မှ ခြေရာများကို ကျွန်တော် နံရံတွေနဲ့ အပြည့်ချိတ်ဆွဲ အလှဆင်ထားခြင်ပါ တယ်...။ မရေမတွက်နိုင်အောင် လှပခဲ့ဖူးသော အပြုံးများနဲ့ အနမ်းတွေကိုတော့ ကျွန်တော့် ကော်ဖီခွက်လေးထဲ မှာ ထာဝရအတွက် ဖွက်ထားချင်ပါတယ်...။ လွမ်းတဲ့အခါတိုင်း ကျွန်တော် ထုတ်သောက်နိုင်အောင်ပေါ့....။

တရိပ်ရိပ်ပေါ်နေတဲ့ ဒီအတိတ်ပုံရိပ်တွေကို မျက်ဝန်းတစ်စုံ မှိတ်ရုံနဲ့ ကျွန်တော်မပိတ်ပြစ်နိုင်တာကတော့ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့်ပဲ ဆိုကြပါတော့...။ ဒီလိုဆိုလဲ ကျွန်တော် အလင်းနှစ် တစ်သန်းစာလောက် မိုက်မဲ လိုက်ချင်ပါတယ်...။ ကျွန်တော့် အိပ်ယာတစ်လျှောက် ကျွန်တော့်အိပ်မက်တွေ လူးလိုက်လွန့်လိုက်နဲ့ ကျွန်တော့် ချစ်သူရဲ့ အရိပ်တွေကို လိုက်ရှာနေပုံများ...။ ထားလိုက်ပါလေ...။ တစ်နေ့တော့ သူတို့သခင်မရဲ့ အရိပ်တွေကို သူတို့ နမ်းရှိုက်ရ ကောင်းပါရဲ့....။ အိပ်မက်မှာလည်း မျှော်လင့်ချက်နဲ့လေ.....။

မနက်ဖြန်ပေါင်းများစွာထဲကမှ
ငါအမုန်းဆုံးက မနက်ဖြန်က
မနက်ဖြန်ပဲ....။
BLACK DREAM

အကောင်းဆုံးကိုမျှော်လင့်ဖို့ထက် အဆိုးဆုံးအတွက် ကျွန်တော် ပိုပြီးအချိန်ပေး ပြင်ဆင်ခဲ့ပါလျှက်....။ တစ်ကယ် တမ်း ရင်ဆိုင်ရပြန်တော့လဲဗျာ...။ ရင်ထဲနင့်လှပါတယ်...။ ဆို့တက်လာတဲ့ အမည်မဲ့ခံစားချက်တွေကို အရင်က လို ကော်ဖီခါးခါးတွေနဲ့ ကျွန်တော်မမြိုချနိုင်တော့ပါဘူး...။ မီးခိုးငွေ့တွေ အဖြစ်လောင်တိုက်သွင်း ပြာချဖို့လည်း ကျွန်တော် မအောင်မြင်တော့ပါဘူး...။ စကားလုံးတွေအဖြစ် အသွင်ပြောင်းဖို့အတွက်လည်း ကျွန်တော့်လက် ချောင်းတွေ အင်အားမဲ့ခဲ့ရပါပြီ...။ ကျွန်တော်လေ...။ ကျွန်တော်..... သူမကို အရမ်းမြတ်နိုးမိပါသည်။

" နင်သိလားချစ်သူ...ငါလေ တိတ်တဆိတ်ရူးသွပ်နေလေရဲ့...။ နင်မရှိနိုင်တော့တဲ့ ငါ့ရဲ့နံနက်ခင်းတွေဟာ ဘယ်လိုနည်းနဲ့မှ အရင်လို အကြင်နာတွေပြည့်နေတဲ့ ကော်ဖီနံ့သင်းသင်းတွေ မရှိနိုင်တော့ဘူး ဆိုတာ နင်သိပါ လေရဲ့... နောက်ဆုံး အလွမ်းတွေပဲ ပွင့်လာရမယ်မှန်းသိရက်နဲ့ ငါကြည်ဖြူသဘောတူစွာနဲ့ပဲ ဒီပန်းတစ်ပွင့်ကို စိုက်ပျိုးခဲ့တာပါ...။ ခဏတာအတွက်ပဲ ခွဲရတာဆိုရင်တောင် အဲ့ဒီ့ခဏတွေကို ငါနောက်ဘ၀ကျမှ အတိုးနဲ့ ပြန် ဆပ်လိုက်ခြင်ရဲ့...။ နင်မသိလို့ပါ ချစ်သူ...။ ငါ့ခန္ဓာကိုယ်တစ်ခုလုံးဟာ နင်ပေးတဲ့ အနမ်းတွေနဲ့ လည်ပတ်နေခဲ့ ရတယ်ဆိုတာကိုပေါ့...."

ဒီအာရုဏ်တက်ဟာ ကျွန်တော့်ဘ၀အတွက်တော့ အကျည်းတန်ဆုံး ပန်းချီကား တစ်ချပ်ပါပဲ...။ အခွင့်ရှိသေးရင် ကျွန်တော့်ရဲ့ လစ်ဟင်းမှုတွေ၊ အသုံးမကျမှုတွေ၊ မှားယွင်းမှုတွေအတွက် သူမရဲ့ ခြေဖမိုးထက်က ယဇ်စင်မှာ ကျွန်တော့် ၀ိဥာဉ်ကို ကားစင်တင်ပြီး ပေးစပ်ခြင်ပါသေးတယ်...။ ကျွန်တော့်ကြောင့် ခံစားခဲ့ရတဲ့ သူမရဲ့ အလိုမကျမှုတွေ၊ ဒေါသတွေ၊ နာကြည်းမှုတွေ၊ အနစ်နာခံ ပေးဆပ်မှုတွေအတွက် သူမရဲ့ ခြေဖမိုး ယဇ်စင်ကို ကျွန်တော့ မျက်ရည်တွေနဲ့ ဆေးကြော သုတ်သင်ပေးချင်ပါသေးတယ်...။

အခွင့်ရှိသေးရင်ပေါ့ဗျာ...
................နောက်ထပ် အခွင့်ရှိသေးမယ် ဆိုရင်ပေါ့....
.....................................ကျွန်တော်လေ.....
..................................................သူမရဲ့ နဖူးလေးကို နောက်တစ်နေ့မှာ ထပ်မံ နမ်းရှိုက်ခွင့် ရှိချင်ပါသေးသည်။


နင်သိလား....ချစ်သူ
နင့်ရဲ့ အနမ်းတစ်ချက်တိုင်းမှာလေ...
ငါ့ ခံနိုင်ရည်တွေ တစ်စစီ ပဲ့ကြွေခဲ့ ဖူးတယ်ဆိုတာကိုပေါ့...။
BLACK DREAM

p.s- အချိန်အကြာဆုံး ဖန်တီးခဲ့ရတဲ့ စည်းချက်တစ်ခုပါပဲ...။

5 comments:

Unknown said...

ချစ်ခင်နှစ်သက်တဲ့သူ တစ်စုံတစ်ယောက်နဲ့ ခွဲခွာရတယ်ဆိုတဲ့ ခံစားချက်မျိုးကို ဘယ်သူတစ်ဦးတစ်ယောက်က ခံနိုင်ရည်ရှိမှာတဲ့လဲ ၊ နောက်ဆုံး လက်ပြနှုတ်မဆက်ခင် နမ်းခဲ့တဲ့ အနမ်းလေးတစ်ပွင့်ကို ပြန်ဆုံတွေ့ကြမယ့်အချိန်ထိ ပူပူနွေးနွေးလေးအဖြစ် ထိန်းသိမ်းထားနိုင်ပါစေဗျာ ၊ တစ်ခဏတာခွဲရတယ်ဆိုတာ တစ်ဘ၀စာ ပြန်ဆုံကြဖို့အတွက်ပဲ မဟုတ်လား ၊ ခင်ဗျားကိုယ်ထဲမှာ စီးနေတဲ့သွေးကြောတွေ အခုအချိန်ထိ သူ့ရဲ့အနမ်းလေးတွေနဲ့ နွေးထွေးနေသေးတယ်ဆိုတာ သတိတရ ရှိနေလိုက် ၊ မနက်ဖြန်တွေကို ကျွန်တော်တို့ ဒီလိုနည်းနဲ့ ကျော်ဖြတ်ကြရအောင် ။

Anonymous said...

နင်ဒီလောက်ထိချစ်တတ်မှန်းခုမှသိတော့တယ် စိတ်မကောင်းပါဘူးသယ်ရင်း..... ပြန်ဆုံနိုင်ဖို့အတွက်ခဏခွဲခွာရတယ်လို့စိတ်ဖြေနိုင်ပါစေဟာ (သူမရဲ့ ခြေဖမိုး ယဇ်စင်ကို ကျွန်တော့ မျက်ရည်တွေနဲ့ ဆေးကြော သုတ်သင်ပေးချင်ပါသေးတယ်...။)အဲ့လိုရေးထားတာတော့မကြိုက်ဘူး
မသုံးနှုံးသင့်ဘူး...

Anonymous said...

အချိန်အကြာကြီးပဲ ဖတ်သွားတယ်။
blackdream21.com က ဖွင့်လို့မရဘူးနော်။ ပိတ်လိုက်တာလား။
အမြဲအားပေးလျက်
အေးချမ်းသူ

အိုင်လွယ်ပန် said...

ရင်နင့်စရာပဲ....

thawnayzin said...

လေးစားပါတယ်ဗျာ