တစ်ယောက်ထဲပဲ…။ ဟုတ်တယ် သူတစ်ယောက်ထဲပဲ…။ မဟုတ်သေးဘူး တစ်ယောက်ယောက်များ ရှိနေအုံး မလား…။ မရှိ…။ သူနဲ့တူတာဆိုလို့ သူ့အရိပ်တောင်မရှိဘူး…။ သူ့ရှေ့က စားပွဲတစ်လုံးပေါ်ကို ကြည့်လိုက် တော့ ရွှေဝါရောင်ပင်လယ်တစ်ခု 1 Liter ခန့်သာရှိတဲ့ ပုလင်းတစ်လုံးထဲမှာ အသက်မဲ့စွာ ပိတ်မိနေတယ်…။ “ဟား… ဒီပင်လယ်လည်း ငါ့လိုပါပဲလား…? ဒါမှမဟုတ် ဒီပုလင်းထဲက ပင်လယ်ဟာ ငါကိုယ်တိုင်ပဲလား…?” ။ “ချွင်…” ။ လက်ထဲက ငွေရောင် တစ်လက်လက် အရာဝတ္ထုလေးတစ်ခုသည် သူ့တာဝန်သူထမ်းဆောင်ဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ သူလေးထောင့်ဘူးလေးထဲ ပိတ်မိနေတဲ့ အဖြူရောင်နတ်သမီးတစ်ပါးကို သာယာစွာထုတ်ယူ နမ်းရှိုက်လိုက်တယ်…။ “အား…” နောက်ကျိနေတဲ့အာရုံတွေကို နတ်သမီးရဲ့ကိုယ်ငွေ့ များနဲ့အတူ သူ့အဆုတ်ထဲ အားရပါးရ ရှိုက်သွင်းလိုက်တယ်…။ ပြီးတော့ နွမ်းလျမှုတွေ၊ စိတ်အလို ကိုယ်မလိုက် နိုင်မှုတွေနဲ့အတူ ဖြေးညှင်းစွာ လေဟာနယ်ထဲ ပြန်လွတ်လပ်ခွင့် ပေးလိုက်တယ်…။ အရာရာဟာ ခဏတော့ ဆွဲငင်အားမဲ့သွားခဲ့တယ်…။ အဲဒီ့ "ခဏတွေ" ပေါ့ သူနှစ်ပေါင်းများစွာ အဖော်လုပ်ခဲ့ရတာ အခုဆို နာရီတွေ တောင် သိန်းနဲ့ချီ ခဲ့ပြီလေ...။
“အင်း… တကယ်တော့ ဘ၀ဆိုတာလဲ စီးကရက် တစ်လိပ်လိုပါပဲ…။ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ မီးတွေနဲ့ လောင်မြိုက်ရင်း လောင်မြိုက်ရင်း နောက်ဆုံးတော့ ဖင်စီခံမှာ ကပ်ပြီးကျန်ခဲ့တဲ့ သောကတွေနဲ့ အဆုတ်ထဲကို ရောက်သွားတဲ့ အကုသိုလ်တွေပဲ ကျန်ခဲ့တယ်…။”
မျက်စိကိုမှိတ်..။ ထိုင်ခုံကိုမှီ…။ ခေါင်းကို မျက်နှာချက်ပေါ်မော့…။ သက်ပြင်းတစ်ခုကို ဖြေးဖြေးချင်းချ။ ရပြီ...။ ငါ့ရဲ့ စိတ်ရထား အတိတ်ကို ခရီးထွက်ဖို့ အဆင်သင့် ဖြစ်ပြီ…။ တစ်ရေးရေးနဲ့ ပေါ်လာတဲ့ အာရုံတွေကို မမိနိုင် မှန်းသိပေမယ့် မျှော်လင့်ချက်ဆိုတဲ့ ပိုက်ကွန်နဲ့သူ လိုက်ဖမ်းနေခဲ့မိတယ်။ ခဏလေးဆိုပေမယ့် သူသေသေချာ ချာ သတိထားမိလိုက်တာ တစ်ခုတော့ရှိတယ်…။ သူ့ဘ၀ထဲမှာ အရေးအကြီးဆုံး ပုံရိပ်တစ်ခု…။ မဟုတ်ဘူး…။ နှစ်ခု…။ သူ့ဘ၀ရဲ့မျှော်လင့်ချက်…။ သူ့ဘ၀ရဲ့ အနာဂတ်…။ သူ့ဘ၀ရဲ့ ခွန်အား…။ သူ့ဘ၀ရဲ့ တေးသီငှက်…။ သို့မဟုတ်..။ သူ့ဝိဥာဉ်မှာ ခိုနားတဲ့ ကောင်းမြတ်ခြင်း အလုံးစုံနဲ့ အုတ်မြစ်ချထားတဲ့ ဘ၀သေးသေးလေးတစ်ခု။ သို့မဟုတ် သူမြတ်နိုးရပါ သော ဇနီးနှင့် သမီး။
ဘယ်လို ၀ိဥာဉ်လဲ ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ့်ဘ၀မှာတောင် ခိုနားခွင့်မရတာ…? ညနဲ့အတူ အတွေးတွေ ကလည်း နက်သထက်နက်…။ “အင်း… အနည်းဆုံးတော့ အာရုံတက်ဆိုတာ ဘ၀တိုင်းမှာ ရှိပါသေး တယ်…။” သူအရမ်း တန်ဖိုးထားသော ကြည်နူးဖို့ကောင်းတဲ့ ခပ်သဲ့သဲ့ ရယ်သံနှစ်ခု အချိန်နဲ့ နေရာကို ဖြတ်ကျော်ပြီး သူ့နှလုံးသား ကို လာရိုက်ခတ်တော့ သူ့ခံနိုင်ရည်တွေ သွက်သွက်ခါအောင် လှုပ်ရှားသွားတယ်…။ သွေးကြောတွေက တဆစ်ဆစ်…။ နှလုံးသားက ဖြစ်ညှစ်လိုက်တဲ့ တမ်းတခြင်းတွေ ခန္ဓာကိုယ်အနှံ့ ခြေဆန့်ကြလေပြီ…။ စိတ်မြင်းရိုင်းတစ်ကောင် သူ့အတွေးတွေထဲ ကစုန်ပေါက်ပြီး ပြေးလွှားနေလိုက်တာ အခုဆို သူ့ခံစားချက်တွေ ရစရာမရှိအောင် ပျက်ဆီးကုန်ပေါ့….။ ဆုံဆည်းခြင်းဆိုတဲ့ မနက်ဖြန်တစ်ခုရောက်ဖို့ သူခရီးဆက်ခဲ့တာ အခုဆို မှတ်တိုင်ပေါင်း ၃၄ ခုကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည်…။ အခုလည်းသူ တစ်ခုခုကို စောင့်နေမိသည်…။ မကြာခင် ရောက်လာတော့မည်..။ ရောက်…………လာ…………..တော့……………မည်။
“ဒေါင်..ဒေါင်…ဒေါင်…!!!” ၁၂ ချက်တိတိ။ ၃၅ ခုမြောက် မှတ်တိုင်ကို သူရောက်ရှိပြီ ဖြစ်သည်…။
ပုလင်းလေးတစ်လုံးထဲမှာ ပိတ်လှောင်ခံထားရတဲ့ နောက်ဆုံးကျန်ရှိနေတဲ့ ရွှေဝါရောင်ပင်လယ်ရဲ့ အစိတ်အပိုင်း အချို့ကို သူထွက်ပေါက်ပေးလိုက်တယ်။ သူ့ရှေ့က လေးထောင့်ဘူးလေးကို သတိတရ လှမ်းကြည့်လိုက်တော့ “သြော်….အဖြူရောင်နတ်သမီးတွေအားလုံးလဲ လွတ်လပ်သွားကြပြီပဲ…” ဘာမှမရှိတော့တဲ့ ပုလင်းခွံနဲ့လေး ထောင့်ဘူးလေးကိုကြည့်ရင်း သူတစ်ခုခုကို သတိထားမိလိုက်တယ်။ စောစောက သူလွတ်မြောက်သွားပြီလို့ ထင်ထားသော ရွှေဝါရောင်ပင်လယ်တစ်ခုနဲ့ အဖြူရောင်နတ်သမီးများ အခုဘယ်ရောက်သွားကြပြီလဲ…? “တကယ်ကော လွတ်မြောက်သွားကြရဲ့လား…? ဟား…! မဟုတ်ဘူး…။ မဟုတ်သေးဘူး...။ သူတို့တွေ ငါ့ခန္ဓာကိုယ်ထဲကို စီးဆင်းသွားတာပဲ”။ သူလွတ်မြောက်ခွင့် ပေးလိုက်သူများမှာ အမှန်တကယ် လွတ်မြောက် မသွားကြောင်း သူသေသေချာချာ သိလိုက်ပြီ ဖြစ်သည်။ ခပ်ပါးပါးအပြုံးတစ်ခု သူ့နှုတ်ခမ်းပေါ်မှာ ဖြတ်သန်း သွားတယ်။ စကြာဝဋ္ဌာထဲက အဆုံးအစမသိတဲ့ တွင်းနက်ထဲကို ခုန်ချတော့မဲ့ လူတစ်ယောက်ရဲ့ အပြုံးမျိုးပေါ့။
တစ်ကယ်တော့ စိတ်ဆိုတာ အချုပ်အနှောင်တစ်ခုက လွတ်မြောက်သွားပြီလို့ ထင်ရပေမယ့် ကိုယ်သတိမထား မိလိုက်တဲ့ အချိန်မှာပဲ နောက်ထပ်လှောင်အိမ် တစ်ခုထဲကို ရောက်နှင့်နေပြီးသား ဖြစ်နေတတ်သော လိပ်ပြာတစ်ကောင် ဖြစ်လေသည်။
p.s- (၉.၆.၂၀၀၈) ခုနေ့တွေ ရောက်ရှိခဲ့သော ကျွန်တော့်အစ်ကိုကြီး ကိုလင်းထက် အတွက် အမှတ်တရ လက်ဆောင်အဖြစ် ခံစားရေးဖွဲ့သည်။