Nov 6, 2007

အိပ်မက်ဆိုး

"ဟား....သွေးတွေ....သွေးတွေ....."
ကျွန်တော့်ရှေ့မှာ လူသတ်မှုတစ်ခုကို မျက်ဝါး ထင်ထင်မြင်တွေ့နေ ရသည်။ လူသတ်မှုဖြစ်သည့် နေရာတွင် လူတွေ ၀ိုင်အုံပြီးကြည့်နေကျသည်...။ လူတစ်ယောက်၏ နောက်ဆုံးဇာတ်သိမ်းခန်းကို အပေါစား မျက်လှည့်ပွဲ တစ်ခုလိုဝိုင်းအုံပြီး ကြည့်နေကျသည်..။ ထင်ရာမြင်ရာ ဝေဖန်ချက်တွေပေးပြီး ကောလဟာလ အမျိုးမျိုး ထုတ်လွှင့်ဖို့ ကျိုးစားနေကျသည်...။
"နေပါဦး ဒီလူ့ကို ဘယ်သူသတ်သွားတာလဲ ? "
"ဒီလူ့ကို သတ်သွားတဲ့ လူနာမည်က "ဖောက်ပြန်သူ" ဆိုလားဘဲဗျ.."
ဒီစကားသံတွေကို ကျွန်တော်မကြားခြင်ပေမယ့်.....ကြားဖြစ်အောင်...... ကြားလိုက်ရသေးတယ်......
ထားလိုက်ပါ....ကျွန်တော်နဲ့ မဆိုင်ပါဘူး...ကျွန်တော်ကိုယ့်လမ်းကိုဘဲ ကိုယ်ဆက်လျှောက်ခဲ့ပါတယ်...။

"မငိုပါနဲ့ကွာ သေတဲ့သူက သေသွားပြီဘဲ..." ဟုပြောကာ....
ကြေကွဲစွာဖြင့်ငိုနေသော (သို့မဟုတ်) ကြေကွဲစွာဖြင့် ငိုချင်ယောင်ဆောင်နေသော....ကျွန်တော့်ချစ်သူ (သို့မဟုတ်) ကျွန်တော်ချစ်ခဲ့ဖူးသည် ဟု ထင်ရသူ (သို့မဟုတ်) ကျွန်တော့်ကို အလွန်ချစ်ခဲ့သူ (သို့မဟုတ်) ကျွန်တော့်ကို အလွန်ချစ်ပါတယ် ဟု လိမ်ညာခဲ့သူ ....အမည်ခံအားဖြင့် "ကျွန်တော့ချစ်သူ" အား ဖြေသိမ့်သလို လို နှင့် ယောက်ကျားတစ်ယောက်က အနက်ရောင် Sticker အပြည့်ကပ်ထားသော ကားတစ်စီးပေါ်မှာ ပြော နေတဲ့အသံကို ကျွန်တော်ကြားလိုက်ရတယ်...
မကြာခင်မှာဘဲ အဲဒီ့ကားဟာ အနက်ရောင်မျက်နှာဖုံးတပ်ထားတဲ့ နာမည်ကြီး Hotel တစ်ခုထဲသို့ မောင်းဝင် သွားတာကို ကျွန်တော်....... မြင်ဖြစ်အောင်........မြင်လိုက်ပါတယ်.....။
ထားလိုက်ပါ....ကျွန်တော်နဲ့ မဆိုင်ပါဘူး....ကျွန်တော်ကိုယ့်လမ်းကိုဘဲ ဆက်လျှောက်ခဲ့ပါတယ်...။

"ကဲဘယ်လိုလဲ...မင်းသိချင်တာတွေသိခဲ့ရပြီမလား?"
"မဟုတ်ဘူး...ကျွန်တော်သိပြီးသားတွေကို သေချာအောင်သွားကြည့်တာ...."
"ဒါဆိုလဲ သွားကြစို့ကွာ...အချိန်လည်း နှောင်းလှပြီ။ ဟိုမှာလည်း မင်းအလာကို စောင့်နေကျတဲ့သူတွေလည်း မျှော်နေလောက်ပြီ..."
"ကောင်းပြီဗျာ...ဒါဆိုလည်းသွားကျတာပေါ့...ဒါပေမယ့်ခင်ဗျားကို မသွားခင် ကျွန်တော်တစ်ခု တော့ တောင်းဆိုပါရစေ...နောက်ဘ၀ကျရင် ကျွန်တော့်ကို ဒီလိုအိပ်မက်မျိုး ဘယ်တော့မှပေး မမက်ပါနဲ့တော့ ဗျာ..."
"အေးပါကွာ......" ဟုသက်ပြင်းချရင်း..........."အိပ်မက်မင်း" က ကတိပေးလေသည်....။

ပြန်ဆုံခြင်း

"ဒုတ်"....
လမ်းလျှောက်လာရင်း တစ်စုံတစ်ခုဖြင့် ခလုတ်တိုက်မိခြင်းဖြစ်သည်...။ ညကမှောင်နေသောကြောင့် ဘာနှင့်တိုက်မိမှန်းကို ကျွန်တော်သေသေချာချာ မမြင်ရပါ...။ ဒါပေမယ့်ထူးဆန်းတာတစ်ခုက ကျွန်တော်အဲဒီ့ ဘာမှန်းမသိတဲ့ အရာကို ခြေထောက်နဲ့ တိုက်မိပါလျက် ခြေထောက်က မနာဘဲ...ကျွန်တော့ ဘယ်ဘက်ရင်အုံ ထဲကနာလာလေသည်က တော်တော်ကို ထူးဆန်းနေသည်..။
ထိုအခါမှ ကျွန်တော်ခလုတ်တိုက်မိတဲ့ အရာလေးကို သေသေချာချာကြည့်မိလိုက်တယ်...။
"အား..ပါး...."
ဘယ်ဘက်ရင်အုံကနာမှာပေါ့...ကျွန်တော်ခလုတ်တိုက်မိလိုက်သောအရာလေးသည်....ခဲလုံးတစ်လုံး မဟုတ်ဘဲ...ဘယ်အချိန်က ဘယ်နေရာမှာ ဘယ်လိုကျ ပျောက်သွားမှန်း မသိသော ကျွန်တော့် "နှလုံးသား" ဖြစ်နေသည်ကိုး.....။

ကျွန်တော် နှင့် "ထွက်ခွာသွားသူများ"

လောကကြီး : မင်းငါ့ကို ဘယ်လိုမြင်လဲ ?
ကျွန်တော် : ဒီလိုပါဘဲ....။
လောကကြီးက ကျွန်တော့်ကို ဘုကြည့် ကြည့် ပြီး ကျွန်တော့်ထံမှ ထွက်ခွာသွားသည်..။

ဆရာ : မင်းငါ့ကို ဘယ်လိုမြင်လဲ ?
ကျွန်တော် : ဒီလိုပါဘဲ...။
ဆရာက ကျွန်တော့်ကို မကျေနပ်သည့် အကြည့်တစ်ချက်နဲ့ ကြည့်ပြီး လှည့်ထွက်သွားသည်..။

သူငယ်ချင်း : မင်းငါ့ကို ဘယ်လိုမြင်လဲ?
ကျွန်တော် : ဒီလိုပါဘဲ....။
ကျွန်တော့်သူငယ်ချင်းက ကျွန်တော့ကို လက်ပြနှုတ်ဆက်သွားသည်....။

ချစ်သူ : ရှင်ကျွန်မကိုဘယ်လိုမြင်လဲ?
ကျွန်တော် : ဒီလိုပါဘဲ....။
သူကျွန်တော့ နှလုံးသားကို တံတွေးဖြင့်ထွေးကာ လမ်းခွဲသွားသည်.....။

ကျွန်တော် : မင်း ငါ့ကိုဘယ်လိုမြင်လဲ ?
ကျွန်တော် : ဒီလိုပါဘဲ...။
ထိုနေ့မှ စ၍ ကျွန်တော်သည့် ကျွန်တော့ ထံမှ ရာသက်ပန် ထွက်ခွာသွားလေသည်.....။

ပြိုင်ပွဲ

တကယ်တမ်းချစ်ကျ ကြေးဆို
ငါက မင်းထက်
သံယောဇဉ်တစ်ခုပိုတယ်....။
တကယ်တမ်း မျှော်လင့်ကျ ကြေးဆို
ငါက မင်းထက်
အိပ်မက်တစ်ခုပိုတယ်.......။
တကယ်တမ်းလွမ်းကျ ကြေးဆို
ငါက မင်းထက်
မျက်ရည်တစ်စက်ပိုတယ်....။
ဒါပေမယ့်...
တကယ်တမ်း လမ်းခွဲကျ ကြေးဆိုရင်တော့
မင်းက ငါ့ထက်
ခြေတစ်လှမ်းပိုပါတယ်ကွာ.....။