May 15, 2008

ပြတိုက်တစ်ခု၏ မေးခွန်း...


A.D- 3000

ကျွန်တော် ဒီနေ့အလုပ်အားရက်ပါ…။ အခုလို အလုပ်အားရက်မျိုးကတော့ ကျွန်တော် ယခုဖြတ်သန်း နေရတဲ့ ခေတ်ကြီးမှာ တကယ်ကိုရတောင့်ရခဲ အခွင့်အရေး ဆုလာဒ်တစ်ခု ဖြစ်ပါတယ်…။ အစစ အရာရာ စက္ကန့်နှင့် အမျှ အရေးကြီးပြီး လှုပ်ရှားလုပ်ကိုင်နေရတဲ့ ဒီလိုခေတ်တစ်ခုမှာ ကျွန်တော့်အဖို့ မိသားစုအတွက် အချိန် ဆိုတာ မပေးနိုင်သလောက်ကို ရှားပါးခဲ့ရပါတယ်…။ မနက်မိုးလင်းက မိုးချုပ် မိသားစု မျက်နှာကို စုံစုံလင်လင် မတွေ့ခဲ့ရတဲ့နေ့တွေဟာ နှစ်နဲ့ချီပြီးတော့တောင် များပြားကောင်းများပြားနိုင်ခဲ့ပါတယ်…။ နည်းပညာ တိုးတက် မှုတွေရဲ့ အကျိုးကျေးဇူးကြောင့်သာ ဆက်သွယ်ရေး ကိရိယာတွေက တစ်ဆင့် သား၊သမီး နဲ့ ဇနီးတို့ရဲ့ မျက်နှာများကို မြင်တွေ့နေရ ခြင်းကြောင့် သူတို့ရဲ့ နာမည်တွေနဲ့ ရုပ်တွေ ကိုမေ့မသွားခြင်း ဖြစ်ပါတယ်…။ ဒီလိုသာ မဟုတ်ခဲ့ရင်တော့လားဗျာ.......….။

“ မိန်းမ မင်းလည်း ဒီနေ့တော့ အလုပ်အားတယ်မလား..?”
“ အင်း…အားပါတယ်..။ ဘာဖြစ်လို့လဲ…?”
“ ဒီလိုလေကွာ ငါတို့မိသားစု စုံစုံလင်လင် လျှောက်မလည်ရတာကြာပြီ…။ အဲဒါ..ဒီနေ့ မြို့ထဲ နဲနဲပါးပါး လျှောက်လည်…။ ကလေးတွေကိုလည်း သူတို့မရောက်ဖူးသေးတဲ့ နေရာလေးတွေ ပို့ပေးပြီး၊ ဆိုင်တစ်ခုမှာ ပျော်ပျော်ပါးပါး တို့မိသားစု ညစာစားရင်း အပန်းဖြေ ကြတာပေါ့…။”
“ အင်း…ကောင်းသားပဲ..။ ဒါပေမယ့် သမီးကြီးကတော့ လိုက်နိုင်မယ်မထင်ဘူး…။ သူဒီနေ့ သူအခု လုပ်နေတဲ့ Project အတွက် သူ့သူငယ်ချင်းတွေနဲ့ အတူတူ လုပ်မယ်ဆိုပြီး သူ့သူငယ်ချင်း တစ်ယောက်အိမ် သွားအိပ် တယ်....။”
“ ဟာ… ရပါတယ်..။ သမီးက အရွယ်ရောက်နေပြီပဲ…။ သူလည်း တော်တော်များများ ရောက်ဖူးပြီး သိပြီးနေပြီပဲ။ သားကိုပဲ အဓိကထားပြီး လိုက်ပို့ပေးကြတာပေါ့…။ ကဲ…ဒါဆို သားကို ရေမိုးချိုးခိုင်းပြီး သွားဖို့ အဆင်သင့်လုပ် ခိုင်းထားတော့…။ ကိုယ် စီစဉ်စရာ ရှိတာတွေ စီစဉ်လိုက်တော့မယ်…။”

ကျွန်တော် မပြောဖူးလား…။ ဒီလောက်သေချာတဲ့ အားလပ်ရက်မျိုးမှာတောင် မိသားစု စုံလင်ဖို့ မသေချာဘူး။ မတတ်နိုင်ဘူးလေ…။ သားပဲ ရှိတော့ သားကိုပဲ ခေါ်သွားရတော့မှာပေါ့…။ သမီးက တက္ကသိုလ် ကျောင်းသူ ဖြစ် နေပြီဆိုတော့ သူလည်း သိသင့်သလောက်တော့ သိနေပါပြီ..။ သိပ်ပြီးစိုးရိမ်စရာ မလိုတော့ပါဘူး…။ အဲ.. ကျွန်တော့်သားကတော့ အခုမှ ၄ နှစ်သာ ရှိသေးတာဆိုတော့ သူ့မှာ သိစရာ တွေအများကြီးရှိနေပါတယ်…။ ဟုတ်တယ်လေ ၄ နှစ်သားအရွယ် ကလေးတစ်ယောက်မပြောနဲ့ ကျွန်တော်တို့ လူကြီးတွေတောင်မှ သိစရာ၊ လေ့လာစရာ ဆိုတာ ကုန်သွားတယ်လို့ ရှိမှမရှိတာ…။ “ သားလေးကို ဘယ်ပို့ပေးရင် ကောင်းမလဲ…? အား…! ဟုတ်ပြီ…!”

“ မောင်… ရှင် သားကို ဘယ်ခေါ်သွားမှာလဲ…?”
“ ရောက်တော့ သိမှာပေါ့ကွာ…။ မင်းတောင် ရောက်ဖူးချင်မှ ရောက်ဖူးမှာ…ဟာ..ဟ”

ကျွန်တော့် မိန်းမလဲ ကျွန်တော် စလိုက်တာကို မခံမရပ်နိုင်တွေဖြစ်ပြီး တစ်လမ်းလုံး ပွစိပွစိလုပ်လိုက်.. ကျွန်တော်က ထပ်စလိုက်နဲ့…။ အနောက်မှာ ထိုင်နေတဲ့ ကျွန်တော့်သားက နားလည်လို့လား ဘာလားတော့ ကျွန်တော်လည်း သေသေချာချာမသိ တခစ်ခစ်နဲ့ ရယ်ပြီးလိုက်သွားလိုက်ကြတာ ကားတစ်စီးလုံး ဆူညံ့လို့ သာ နေခဲ့ပါတယ်…။ ကျွန်တော့်သားရဲ့ ပြတိုက်မှာ မေးလိုက်တဲ့ နောက်ဆုံးပွဲသိမ်း မေးခွန်းတစ်ခု မရောက်ခင် ထိပေါ့ဗျာ…။

~~~~~~~~~~~~~~~~~~ လူသားများဆိုင်ရာ ယဉ်ကျေးမှုနှင့် သမိုင်း ပြတိုက် ~~~~~~~~~~~~


“ ဟင်..? မောင်… ရှင် သားကို လိုက်ပြမယ်ဆိုတာ ဒီနေရာကြီးလား..? ပျင်းစရာကြီးကွာ…။”

ကျွန်တော့် မိန်းမက စိတ်ပျက်တဲ့လေသံကြီးနဲ့ ကလေးကတောင် ဂျီမကျပဲ…။ သူက ဂြိုလ်ကျ ပါတော့တယ်…။

“ ကဲ..မှန်မှန်ပြော မိန်းမ… မင်းရော ဒီနေရာ ရောက်ဖူးလား…?” ကျွန်တော်က ပြုံးပြီးမေးတော့ အိမ်ရှင်မက ကျွန်တော့်ကို မျက်စောင်းတစ်ချက်သာထိုးပြီး နှုတ်ဆိတ်နေပါတော့တယ်…။ သေချာပြီ သူလည်း တစ်ခါမှ ဒီနေ ရာ မရောက်ဖူးခဲ့ပါ….။

“ လာ…သား ကားပေါ်ကဆင်း.. ဖေဖေတို့ အထဲဝင်ကြည့်ကြရအောင်” ကျွန်တော် သားကိုလက်တွဲပြီး ပြတိုက်ထဲကို ၀င်ခဲ့ပါတယ်…။ ကျွန်တော့်သားလည်း မျက်လုံးလေး ကလည်ကလည်နဲ့ သူတစ်ခါမှ မရောက်ဖူးတဲ့ ဂြိုလ်တစ်ခုပေါ်ပဲ ရောက်နေသလိုလို…။ ရုပ်ပြကာတွန်းတွေနဲ့ အင်တာနက်တွေထဲမှာ သူဖတ်ဖူး နေကြ အင်္ဂါဂြိုလ်ပေါ်ပဲ ရောက်နေသလိုလို အူကြောင်ကြောင်လေး ဖြစ်နေခဲ့ပါတယ်။ ကျွန်တော့် အထင်တော့ သူ့အတွေးထဲက ဒီနေ့သူရောက်မယ်လို့ စိတ်ကူးယဉ်ထားတဲ့နေရာနဲ့ အခုသူရောက်ရှိနေတဲ့ နေရာ တော်တော်ကြီးကို ကွဲပြားနေပုံရပါတယ်…။ ဒါပေမယ့်…။ ဒင်းကလည်း ခေသူတော့မဟုတ်ချေ…။ ပြတိုက်ထဲ စရောက်ပြီဆိုတာနဲ့ မဲမဲမြင်ရာ အကုန်လက်ညှိုးထိုးပြီး စုံစမ်းစစ်ဆေးရေး စပါတော့တယ်..။ သူကလည်း မလွယ်...။ အကောင်ကသာ လက်တောက်လောက်…။ တစ်ခါတစ်ခါ ကျွန်တော် ရှင်းပြတာကို မယုံလို့ဆိုပြီး သူ့ကို (၄) နှစ်ပြည့်မွေးနေ့တုန်းက မွေးနေ့လက်ဆောင် ၀ယ်ပေးထားတဲ့ PDA လေးကို ထုတ်… အင်တာနက် ကရရှိတဲ့ Data တွေ Information တွေ နဲ့တိုက်ကြည့်ပြီး သူစိတ်ကျေနပ်လောက်တော့မှသာ နောက်ပြခန်း တစ်ခုကို ကူးရပါတယ်…။ မလွယ် ရေးချ မလွယ်ပါ…။

အမှန်အတိုင်းပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း ငယ်စဉ်က ကျွန်တော့် ဖခင်နှင့် တစ်ခေါက်သာ သေသေ ချာချာရောက်ခဲ့ဖူးတာပါ…။ နောက်ပိုင်းတော့ ကျွန်တော် လက်ရှိလုပ်နေတဲ့ လုပ်ငန်းနဲ့ ဆက်စပ်ပြီး အလုပ် ကိစ္စသဘောနဲ့ မကြာခဏရောက်ပေမယ့် သေသေချာချာနှံ့နှံ့စပ်စပ် မရှိခဲ့ပါဘူး..။ ငယ်စဉ်က ဖခင် ရှင်းပြ ထားခဲ့ဖူးသော အကြောင်းအရာ အချို့ခေါင်းထဲ ကျန်နေတာကတစ်ကြောင်း လုပ်ငန်းနဲ့ အနည်းငယ်ဆက်စပ် မှုရှိ နေတာကတစ်ကြောင်းရယ်ကြောင့်သာ ကျွန်တော့်သား မေးသမျှ တော်တော်များများကို အပြည့်အစုံ မဟုတ်တောင် အနည်းငယ် ခြုံမိအောင် ရှင်းပြနိုင်ခြင်းဖြစ်ပါတယ်..။ ဒီပြတိုက်ထဲမှာ ပြသထားတာတွေမှာ အဓိက ကတော့ လူ့သမိုင်းဆိုင်ရာ ဖြစ်ပေါ်တိုးတက်လာမှုတွေ၊ ဆုတ်ယုတ်ပျက်ဆီးသွားပြီး ပျောက်ကွယ်လု ( တစ်ချို့ ပျောက်ကွယ်ပြီး) ဖြစ်တဲ့ အရာတွေကို ခက်ခက်ခဲခဲ ရှာဖွေပြသထားခြင်း ဖြစ်ပါတယ်…။

ဒီပြတိုက်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ပြခန်းကတော့ “လူသားများ၏ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်များနှင့် သဘောတရားများ” ဆိုတဲ့ ပြခန်းပဲ ဖြစ်ပါတယ်…။ အဲဒီ့ပြခန်းထဲမှာ လူပေါင်းများစွာရဲ့ “စိတ်” မျိုးစုံကို သေသေ ချာချာ အမျိုးအစား အုပ်စုများခွဲခြားပြီး ပြသထားပါတယ်…။ တစ်ချို့သော “စိတ်” အမျိုးအစားများမှာ လွန်ခဲ့ သော နှစ်ပေါင်းများစွာကပင် မျိုးတုန်းပျောက်ကွယ်သွားပြီ ဖြစ်ပြီး…။ တစ်ချို့သော အမျိုးအစားများမှာ ပျောက် ကွယ်စပြုနေပြီ ဖြစ်ပါတယ်….။

ကျွန်တော်တို့ လင်မယားနှစ်ယောက်သာမက အငယ်ကောင်လည်း ဒီပြခန်းရောက်တော့ တော်တော်ကို စိတ် ၀င်စား နေပုံရပါတယ်…။ ကလေးတို့ရဲ့ သဘာဝ သူစိတ်ဝင်စားတော့ ကျွန်တော်တို့နှစ်ယောက် အလစ်မှာ ဟိုကိုင်ကြည့် ဒီကိုင်ကြည့် လုပ်ဖို့ကြိုးစားလို့ ကျွန်တော်တို့နှစ်ယောက်မှာ သူ့ကို အသည်းအသန်လိုက်ဆွဲ နေခဲ့ရပါတယ်…။

“ သား.. “စိတ်” တွေကို လျှောက်မကိုင်ရဘူးလေ..ဟိုမှာ စာရေးထားတယ် ဖတ်ကြည့်စမ်း” ဆိုပြီးသူ့ အမေက ပြောတော့ ကိုယ်တော်ချောက မပီကလာ ပီကလာနဲ့ သက်ဆိုင်ရာ “စိတ်” အသီးသီးရဲ့ အောက်မှာရေးထားတဲ့ စာသားကို တစ်လုံးချင်း တော်တော်ကို ကြိုးစားပမ်းစား ဖတ်ရပါတော့တယ်..။ ဖြစ်လည်း ဖြစ်နိုင်ပါတယ်…။ သူတို့က မွေးကတည်းက ကွန်ပြူတာများရဲ့ ဖန်သားပြင်များ ပေါ်မှာသာ စကားလုံးများနဲ့ ရင်းနှီးခဲ့ကြတော့ ပြင်ပမှာ ရေးသားထားတဲ့ “စာသားနှင့် စကားလုံးအစစ်များ” အတွက် ဖတ်ရတာ တော်တော်ခက်ခဲနေပုံပါပဲ...။

“မ….ကိုင်…..ရ…! တဲ့… ဟုတ်လား မေမေ?”

သူ့အမေက သူ့သားကိုပြုံးပြီး တစ်ချက်မျှသာ ခေါင်းညိတ်ပြလိုက်ပါတယ်…။ တော်သေးတာပေါ့…ဟူး..! ကျွန်တော့် သက်ပြင်းဆုံးအောင်မချလိုက်ရပါ…။ အငယ်ကောင် မေးလိုက်သော မေးခွန်းကြောင့် ကျွန်တော့် ငယ်ထိပ်ကို တစ်စက္ကန့် မိုင်တစ်ထောင်နှုန်းဖြင့် လွင့်စင်လာသော ဥက္ကာပျံ တစ်ခုဝင်စောင့် ပါတော့တယ်…။ ပြန်ခန်းရဲ့ နောက်ဆုံးနေရာ အရောက်…။ ချောင်ကျကျ နေရာတစ်ခုမှာ မထင်မပေါ် ပြသထားတဲ့ အရာ တစ်ခုကို လက်ညှိုးထိုးပြီး မေးလိုက်ခြင်းဖြစ်ပါတယ်…။ သေချာတာ တစ်ခုကတော့ သူမေးလိုက်တဲ့ မေးခွန်းကို သူ့အမေနဲ့ ကျွန်တော်သာမက…။ ယခုလက်ရှိ လည်ပတ်နေတဲ့ လူမှုယန္တာကြီးတစ်ခုလုံးမှာ ဖြေနိုင်မယ့်သူ မရှိ လောက်အောင်ကို “ရှုပ်ထွေး ရှင်းလင်း” တဲ့ မေးခွန်း တစ်ခု ဖြစ်နေခဲ့ပါတယ်…။ အင်း…ပြောမဲ့သာ ပြောရတယ်။ ဖြေရှင်းဖို့နေနေသာသာ အဲဒီ့….သူမေးလိုက်တဲ့ အရာတစ်ခုရဲ့ အကြောင်းကို ဒီခေတ်ကြီးထဲမှာ ကြားဖူးတဲ့ သူတောင် ရှိပါ့မလားလို့ ကျွန်တော့်စိတ်ထဲမှာ တွေးနေမိပါတော့တယ်။ ကျွန်တော့်သား စိတ်အားထက်သန်စွာ အားရပါးရ မေးလိုက်တာကတော့…

“ကိုယ်ကျင့်တရားနဲ့ ကိုယ်ချင်းစာစိတ်” ဆိုတာ ဘာလဲဟင်….?”


p.s- စိတ်ကူးယဉ် သက်သက်မျှသာ ဖြစ်ပါသည်။

29 comments:

=) said...

မိုက်တယ်ကွာ..။ လုံးဝမလိမ္မာဘူး..။
ံHey Dude, Keep It Up..!!

မွန် said...

အဲဒီမေးခွန်းကို အခုအသက်၂၂နှစ်ရောက်တော့မှ နောက်တစ်ခါလောက် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဖို့သတိရတယ် အဲလိုပြန်မေးဖို့ သတိပေးတာကျေးဇူး ရှာမရသေးတဲ့ အဖြေတွေအတွက်တော့ တွေဝေဆဲလေ

မေမိုးမခ said...

အင်းတော်တော်ကောင်းလိုက်တဲ့အရေးအသား
ညီမထင်တာတော့ ညီမအဲဒီပြတိုက်ထဲရောက်ရင် ကလေးလေးလိုဘဲ ကြောင်မှာလားမသိဘူးနော်။ ညီမသာ ကလေးလေးရဲ့ အဖေဖြစ်ရင် ကိုယ်ကျင့်တရားဆိုတာ လူတိုင်းမှာရှိတယ် ကောင်းတာနဲ့ မကောင်းတာနဲ့ ပဲကွာတယ်။ ကိုယ်ချင်းစာစိတ်ဆိုတာ လူတိုင်းမှာတော့မရှိနိုင်ဘူးလို ရှင်းပြပေးချင်တယ်။ ထင်တာပြောတာ မှန်လားမမှန်လားတော့ မသိဘူး အမှားပါရင်လဲ ခွင့်လွတ်ပေးပါ။

နွေမုန်တိုင်း said...

အဲဒီတော့အဖေကြီးက ဘယ်လိုအဖြေပေးလိုက်လဲ???
လူတွေနှုတ်ဖျားမှာ အမြဲသုံးနေပေမယ့် တော်တော် များများလူတွေ လျစ်လျှူရှု့ထားတဲ့ အရာတွေလို့ ပြောလိုက်ဖေကြီးရေ....

စိုးထက် - Soe Htet ! said...

ကျေးဇူး :)

ညိမ်းညို said...

ဘလက်ကြီးရေ ပို့စ်က ကောင်းလွန်းလို့ ဘာပြောရမှန်းတောင်မသိတော့။ သိပ်ကောင်းတယ်ကွာ။ တကယ်ကို အလိပ်၅၀ ကွက်တိ :) အပိုအလိုမရှိ။ အလိပ်၅၀ ကိစ္စမရှင်းပါက ဘိုတင့်ကြီးထံမေးနိုင် :P ပျော်ရွှင်ပါစေ သူငယ်ချင်းရေ

Watery said...

ဟာ.....ကောင်းလိုက်တာ။ critical thinking ကတော့ တကယ်လေးစားတယ်။ ဖတ်နေတုံးစိတ်ထဲမှာ တဟာဟာနဲ့ ဖြစ်နေမိတယ်။ တကယ်ဘယ် “ရှုပ်ထွေး ရှင်းလင်း” မေးခွန်းပါပဲ။ တခါကပြောဖူးတလိုဘယ် အရိုးဆုံးသောအရာများက အဆန်းကျယ်ဆုံးပဲလေး..အဖေကြီးက ဒီမေးခွန်ကို ကောင်းဆုံးအဖြေပေးနိုင်ပါစေ.. လူတိုင်းလဲပိုပြီးနားလည် လုပ်ဆောင်နိုင်ပါစေသား။

HEARTMUSEUM said...

“ကိုယ်ကျင့်တရားနဲ့ ကိုယ်ချင်းစာစိတ်” ဆိုတာ စာအုပ်တွေနဲ့ ပုံပြင်တွေထဲမှာပဲ တွေ့ဖူးတယ်။ ပြတိုက်ပို့ရတဲ့ အဆင့်ကိုရောက်သွားတာကို မသိလိုက်ဖူး.... ငါ့ကိုငါလည်း ပြန်စမ်းစစ်လိုက်အုံးမယ်ကွာ..... မြင်ဖူး ရှိဖူးလားလို့ ....
နိုင်ငံချမ်းသာရင် အဲတာတွေ အလိုလို ပြန်ပေါ်တယ်ကွ..
အဲဒါ သေချာတယ်ကွ ကိုယ်တွေ့.........

Apprenticeship said...
This comment has been removed by the author.
Apprenticeship said...

umm good question huh?
I did visit that museum too. The question that came up in my thoughts was why it's so difficult to appreciate and accept other beings. I was wondering, and still wonder, why people are killing and oppressing each other. After all.. we all are human being regardless of colors (black, white, brown, and yellow), ethnicities/cultures ,and status (rich & poor, teachers & students, parents & children, the governments & its citizens). I see pointless to fight over who we are, yet to appreciate the beauty of diversities and learn/protect/love each other. I think the world must be more beautiful and peaceful if we could recognize others as human being and respect for their beings...
In fact, we all are bony. Isn't it? Definitely a great post again Black yay..

mgthonnya said...

Excellent :)

ကိုရင်ညိန်း said...

ကောင်းကွာ အတွေးကော အရေးကော ။ ပို့စ်အသစ်မှာ ၀င်မွှေမယ် စိတ်ကူးထားတာ ဘယ်ရောက်သွားမှန်း မသိအောင် အတွေးကောင်းလေးတွေ နဲ့ ရေးထားတော့ ဘာပြောရမှန်းကိုမသိတော့ဘူး ။ အဲဒီတော့ ဘာမှမပြောတော့ဘူးကွာ ပို့စ်ကောင်းလို့ ၊မမွှေရလို့ စိတ်ဆိုးပြီးပြန်သွားတယ် အဟေးဟေး

Anonymous said...

အရမ်းကောင်းတဲ့ ပို့ စ်လေးပါ။စာရေးတဲ့ သူကတော်လွန်းလို့  ပြတိုက်ကိုတောင် သွားကြည့်ချင် လာပြီ။ ပြီးရင် အဲဒီကလေး မေးတဲ့ မေးခွန်းမျိုး လိုက်မေး မှာနော်။ လွတ်အောင်ပြေး....... :P အလကား စတာပါမောင်လေး ရေ။ ဆက်ရေးပါ...အားပေးနေပါတယ်...( home! )

မျှားပြာ said...

အပေါ်က ကဗျာဆရာပြောသလိုပါပဲ .... ဟတ် ဟတ်

ရည်မွန် said...

အင်း.......... ဒီပို့ စ်လေးကိုတော့ အရမ်းကြိုက်တယ်... လောကကြီးရဲ့ တစ်နေရာမှာ ဒီအဖြေလေးရှိနေပါစေဦးလို့  ဆုတောင်းနေပါတယ်..

NGE NGE said...

A VERY FUTURISTIC WIRTING............

OMG..... A 4yrs OLD IS HAVING A PDA AS HIS GADGET
I'M SURE OUR NEXT NEXT GENERATION WILL BECOME LIKE THIS ONE DAY.
SEEMS LIKE YOU FORESEEN THEM AHEAD OF US :)

HUMANITY IS FADING AWAY IN OUR BEING !!!!
WHAT AN ALERT! GR8 ONE!

YOU R MY ROCK~

လင်းထက် said...

“ကိုယ်ကျင့်တရားနဲ့ ကိုယ်ချင်းစာစိတ်” ဆိုတဲ့ စကားလုံးကို ဘယ်လိုစာလုံးပေါင်းရတယ်ဆိုတာ သိသေးလို့တော်သေးတာပေါ့ကွာ...။

Anonymous said...

အတွေးကောင်း အရေးကောင်းပဲ ဒါကြောင့် နက်ကြီးလို့ နာမည်ကြီးနေတာပေါ့ ။
ဆေးလိပ်ခုံမှာ ဆေးလိပ်လိပ်တဲ့ အလုပ်သမတွေက တစ်စည်းကို အလိပ်၅၀ စည်းရတယ်
တစ်လိပ် နှစ်လိပ် လိုက်ရေ နေရင် တော်တော်ကြာမယ် ဒါကြောင့် လက်မှန်းနဲ့
အတိုင်းလုပ်ထားတယ် ၊ လက်နှစ်ဖက် စုလိုက်လို့ လက်သန်းကြားဟနေရင် တစ်လိပ်လို
နှစ်လိပ်လို သိသာတယ် လိုသလောက် ထည့်လိုက်လို့ရတယ် ၊ အလိပ်၅၀ အတိပဲဆိုရင်
အပိုအလို မရှိ ကွက်တိ လက်က အလိုလို သိနေတယ် ….
:):D

ဟန်သစ်ငြိမ် said...

Good, Better, Best လို့ပဲ ပြောစရာရှိတော့တယ်။
ကိုယ်ချင်းစာစိတ်နဲ့ ကိုယ်ကျင့်တရား နှစ်ခုစလုံးက `ကိုယ်´ နဲ့စတော့ ကိုယ်ကိုယ်တိုင်နဲ့ပဲ အဓိကသက်ဆိုင်မယ်လို့ ထင်တယ်။
ကိုယ်ချင်းစာစိတ်နဲ့ ကိုယ်ကျင့်တရား ရှိတဲ့သူဟာ ကိုယ်လွတ်ရုန်းတာတို့ ကိုယ်ကျိုးရှာတာတို့ မလုပ်တတ်သလို ဘယ်တော့မှ ကိုယ်ကျိုးနည်းမှာလည်း မဟုတ်ဘူးလို့ထင်တယ်။

mabaydar said...

your skill is better day by day. i will keep reading and waiting for more.

ကြယ်စင်နတ်သမီး said...

အဖြေကတော့ အရင်သိအောင်လုပ်ပြီးရင် ပြောပြနော်... ဟိ ဟိ... အချိန်မရှိတဲ့ထဲက မိသားစုအတွက် အချိန်ပေးတယ်ဆိုတာ မိသားစုတစ်စုမှာ ရှိသင့်ရှိထိုက်တဲ့ အချိန်လေးပါပဲ... family life ဆိုတာ ဒါမျိုးလေးပဲနေမှာပေါ့... ^_^

မောင်မျိုး said...

ဟုတ်သား...ခလေးတွေးသလို အခုမှတွေးမိတယ် လွယ်မလိုလိုနဲ့  ရှုပ်နေတာပဲ အော်ပြောရင် ရှုပ်ကုန်ပြီးး ရေးထားတာလန်ထွက်နေတယ် လုံချည်း ဟီးးးးးးးးးးး ကောင်းလိုက်တဲ့ပို့ စ် သိပ်ပြီးပညာတွေမပြနဲ့ လေဗျာ ညီလေးတွေကို အားနာပါအုံးး. လိုက်လို့  မမှီတော့ဘူးး)

Mhu Darye said...

တိုက်ဆိုင်မှုဆီကနေ တိုးထွက်လာတဲ့ ထက်မြက်တဲ့ ဆောင်းပါးလေးတစ်ခုပဲနော့်။ တင်ပြပုံ ရှင်းလင်းပြီး၊ အရေးအသား ကောင်းမွန်စူးရှတယ်။ ပြောချင်တဲ့အရာကို သွယ်ဝှက်တင်ပြတဲ့ ၀င်္ကဂုတ္တိဥဏ် ကြွယ်ဝတဲ့ ဒီလို ဆောင်းပါးလေးတွေ ဖတ်ရင်း blackdream ကိုလေးစားလျက်ပါ။ ဒီထက်ပိုကောင်းသထက်ကောင်း အောင် ရေနိုင်ပါစေ။

အမရာ said...

ဒါကအခုဆိုရင်ရှားပါးပစ္စည်း
တခုစာရင်းကိုဝင်နေပြီလေ...........

အမရာ said...

ဒါကအခုဆိုရင်ရှားပါးပစ္စည်း
တခုစာရင်းကိုဝင်နေပြီလေ...........

ရွှေပြည်သူ said...

အရေးအသားရော တင်ပြပုံရှုထောင့်ပါ သိပ်ကောင်းတာပဲ မောင်လေးရေ... ပြောချင်တာကို ရှင်းလင်းထိမိစွာ ပြောသွားပုံကို တကယ် သဘောကျမိပါတယ်...

ပန်းခရေ said...

ကောင်းတယ်ကွာ.............
ဘာပြောရမှန်းမသိအောင်ကို ကောင်းလွန်းပါတယ်
အားကျမနာလိုဖြစ်နေပါသည်..
ဟဲဟဲ

နွေလည် said...

အတွေးလေးလည်း ကောင်း ၊ အရေးသားလည်း ကောင်းတယ် ။ နောက်ထပ် ပို့ စ်တွေလည်း ဖတ်ဘို့မျှော်လင့်ပါတယ် ။

မင်းကျန်စစ်။ said...

သားစဉ်မြေးဆက် သမိုင်းပေးတာဝန်လို အသိပေးသင့်တဲ့ နေရာတစ်နေရာက အဖြစ်လေးပဲကွ။ အသိတစ်ခုရစေတယ်။ ဂွတ်ထ် ဂွတ်ထး) မင်းတားရေး ရရင်ရော ခေါ်တွားမှာရား ဟတ်ဟတ်