Oct 5, 2008

ကျွန်တော်နှင့် တစ်နေ့တာ...

{{{{{{{{{{{{{{{ကလင်}}}}}}}}}}}}}}}}}

"သေဟဲ့ နန္ဒိယ... ငါနောက်ကျနေပြီ"

ဆိုတဲ့အသိနဲ့အတူ သူရုတ်တရက် အိပ်ယာမှ ကမန်းကတန်းကုန်းရုန်းထလိုက်မိပါတယ်။ ထင်တဲ့အတိုင်းပဲလေ..။

"(((((((((((ဒုံး))))))))))))))))"

ကျွန်တော့်ခေါင်းနဲ့ ကောင်းကင်နဲ့ ဆောင့်မိတာပါ...။

"အား...လား...လား... သေပါပြီ"

"သေပစေ! နဲတောင်နဲသေးတယ်...."

ကျွန်တော် ကိုယ့်ဘာသာကိုယ် စိတ်ထဲမှ ကြိမ်ဆဲနေမိပါတယ်...။ ဒါကြောင့် ကျွန်တော့်ကို အဖေခဏခဏပြော တာပေါ့ "မင်းခေါင်းကို သိပ်မမော့နဲ့ ကောင်းကင်ကနိမ့်နိမ့်လေးကွ..." တဲ့။ အခုတော့ အဖေ့စကားကို အလေးမ ထားမိလို့ ဆောင့်ပြီလေ ခေါင်းနဲ့ ကောင်းကင်နဲ့...။ ဆောင့်ချက်ကတော့ နဲနဲပြင်းတယ်...။ ဒါပေမယ့် တော်သေး တယ် ကျွန်တော့်ဘ၀ ကွဲမသွားဘူး...! ဘုလေးတော့ နဲနဲထွက်သွားတယ်။

" အင်း....။ နောက်တစ်ခါဆို ဘ၀မှာဒီလို ဘုတွေ မထွက်ရလေအောင် သတိထားမှ...။"

တွေးကောင်းကောင်းနဲ့ တွေးနေလိုက်တာ နာရီကိုသတိထားမိတော့... အချိန်က ၇ပေ လောက်ရှိနေပြီ။ သေချာ တယ်...။ နောက်ကျတော့မယ်...။ အဲ့ဒါနဲ့ ကျွန်တော်လည်း ရေချိုးခန်းထဲ မြန်မြန်ပြေးဝင် မျက်နှာတိုက်၊ သွားသစ် လုပ်...။ တစ်ညလုံး အိပ်မက်တွေပေနေတဲ့ ခန္ဓာကိုယ်ကြီးကို သန့်လိုသန့်ငြား အမြန်ရေချိုးပေးရတော့တာပေါ့။ ကျွန်တော် ရေချိုးပြီးတော့ အချိန်က ၇ ပေနဲ့ ၁၅ လက်မ လောက်ရှိပြီ။ ဒါတောင် တစ်ညလုံးပေနေတဲ့ အိပ်မက် တွေက သိပ်မပြောင်ချင်သေးဘူး။ ထားလိုက်ပါလေ လူတွေက အိပ်မက်တွေကို သိပ်ဂရုစိုက်ကြတာမှ မဟုတ် တာ။ ပြဿနာမရှိ...။ ရေချိုးပြီး အမှတ်တမဲ့ မေးစေ့ကို စမ်းကြည့်လိုက်မိတယ်...။ "ဟိုက်!" ဒီတော့မှ အလန့်တ ကြား သူ သတိရမိလိုက်တယ်။ သူ "အီစီကလီစီ" တွေမရိတ်ခဲ့ရဘူး...။ ဒါလည်းကိစ္စမရှိဘူး...။ ထားလိုက်ပါ...။ ယောက်ျားဆိုတာ "အီစီကလီစီ" လေးရှိမှ တင့်တယ် တယ်မလား??????

ဗီရိုကိုဖွင့်...။ ဒီနေ့ဝတ်ဖို့အတွက် "ကိုယ်ကျင့်တရား" တွေကိုရွေးတော့။ ကျွန်တော် တော်တော်ခေါင်းစားသွား တယ်..။ ပထမဆုံးထွက်လာတဲ့ ကိုယ်ကျင့်တရားက "သူများမကောင်းကြောင်း၊ ကိုယ့်ကောင်းကြောင်း" ဒီဝတ်စုံ က တော်တော်အခြေအနေဆိုးသည်။ ချဉ်စော်တွေကိုနံလို့...။ ဒါကြီးနဲ့သူ လူတောထဲ မသွားချင်........။ ထပ်ရှာ တော့...။ ထွက်လာပြန်တယ် နောက်တစ်မျိုး...။ ဘာတဲ့ "ရှဥ့်လဲလျှောက်သာ၊ ပျားလဲဆွဲသာ"ဆိုလား။ အဲ့ဒါကြီး ကလည်း မသုံးတာကြာတော့ မှိုတွေတက်လို့။ နောက်ဆုံး ဗီရိုထောင့်ထဲမှာကပ်နေတဲ့ ကိုယ်ကျင့်တရား တစ်ခု ကိုတွေ့လိုက်မိတယ်...။ "သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ" ဆိုလား။ သင်မကောင်းလျှင်တော့ ဆိုးမိမလားမသိ။ ဒါပေမယ့်လဲ မတတ်နိုင်ဘူးလေ။ ဒီလောက်လေးတော့ ၀တ်မှ။ ဒါတောင် အဲ့ဒီ့ကိုယ်ကျင့်တရားက တော်တော်ကို ကြေမွနေလေရဲ့။ ခြုံပြောရရင်တော့ ကိုယ်ကျင့်တရားတွေက တစ်ခုမှ ၀တ်ချင်စရာမရှိ!

"ဟာ...မထူးပါဘူး။ ဘယ်ကိုယ်ကျင့်တရားမှ မ၀တ်တော့ဘူး...။ ရှုပ်တယ်။ တစ်ချို့လူတွေဆို ရွေးစရာကိုယ်ကျင့် တရား မပြောနဲ့ ၀တ်စရာတောင်မရှိလို့ ကိုယ်ကျင့်တရားမပါပဲတောင် လူတွေကြားထဲ အာကျယ်အာကျယ်နဲ့ လူတွင်ကျယ် လုပ်နေကြသေးတာပဲ...။"

ဒီလိုတော့ တွေးလိုက်မိပါရဲ့။ ဒါပေမယ့်လည်း လူတောထဲသွားမှာ လူရိုသေရှင်ရိုသေဖြစ်အောင် ကိုယ့်ကျင့်တရား တစ်ခုခုတော့ဝတ်သွားမှ လူရာဝင်မှာပေါ့။ အနဲဆုံးတော့ လူရှိန်တယ်လေ။ ကျွန်တော်တော့ ကိုယ်ကျင့်တရား မပါ ပဲ လူတောထဲသွားရမှာ ရှက်တယ်။ မိမွေးတိုင်း ဖမွေးတိုင်းကြီး...........! ကိုယ်ကျင့်တရားမပါပဲ (သို့မဟုတ်) ကိုယ် ကျင့် တရားမရှိပဲ လူတွေကြားထဲ အာကျယ်အာကျယ်နဲ့ ဟိုလူဟိုဟာလုပ်၊ ဒီလူဒီဟာလုပ်ဆိုပြီး ဆရာကြီး လုပ် နေကြတဲ့သူတွေ မရှက်တတ်ကြဖူးလား မသိဘူး...။ ကျွန်တော်တော့ ရှက်တယ်...။

နောက်ဆုံးတော့ စောစောကပြောတဲ့ "သင်ဆိုးလျှင်၊ ကျွန်ုပ်ဆိုးမည်" အဲမှားလို့ "သင်ကောင်းလျှင်၊ ကျွန်ုပ်မဆိုး" ပါ ဆိုတဲ့ ခပ်နွမ်းနွမ်း ကိုယ်ကျင့်တရားကြီးကိုပဲ ခြုံလိုက်ရတာပေါ့။ အိုကေ....။ ဒါဆို တော်တော်လန်းသွားပြီ...။

"ရွှတ်...။ ရွှတ်...။ ဘာနံ့လဲဟ...?"

ဘာနံ့ရမလဲ...။ လုံးချေပြီး ဒီဗီရိုထဲ အကုန်စုထည့်ထားမှတော့...။ ကျွန်တော်အခုဝတ်ထားတဲ့ ဟာကြီးမှာလည်း တစ်ခြားဟာတွေဆီကနေ အနံ့တွေကူးကုန်ပြီပေါ့။ အနံ့က အောက်သက်သက်နဲ့...။ "တစ်ကိုယ်ကောင်း"စော် နံ့တယ်...။

"စဉ်းစား...စဉ်းစား...ဘယ်လိုလုပ်ရင် ကောင်းမလဲ...။ ဒီအနံ့ကြီးနဲ့ သွားလို့ကတော့ မဖြစ်ဘူး။ ဟား..! အကြံရ ပြီ..။"

"ရှူး...ရှူး....."

ဘယ်ရမလဲ...။ ကျွန်တော်ပဲဗျာ...။ တစ်ကိုယ်ကောင်းစော်နံနေတဲ့ ဒီ ကိုယ်ကျင့်တရားကြီးကို ကမ္ဘာကျော် Giorgio Armani က ထုတ်တဲ့ Acqua Di Gio ရေမွှေးအနံ့နဲ့ တစ်ထပ်တည်းတူတဲ့ "ဟန်ဆောင်မှု" တွေဖျန်း လိုက်တာပေါ့။ ဒီလောက်ဆို တော်တော်ကြီးကို အဆင်ပြေသွားပါပြီ...။ မှန်ရှေ့သွားပြီး အ၀တ်အစားကို သပ်သပ် ရပ်ရပ်ဖြစ်အောင်လုပ်၊ ခေါင်းကို ဆီထည့် (အများကြီးမဟုတ်ပါဘူး တစ်ဂါလံထဲပါ။ မှောင်ခိုဈေးတွေကလည်း ကြီး တော့ ကျွန်တော် အပြင်မှာဝယ်မထည့်နိုင်ပါဘူး)၊ ခေါင်းဖြီး...။ ရပြီ...။

"ဟင်..."

အားလုံးပြီးမှ သတိထားမိတယ် ကျွန်တော့်ရှေ့ကဟာကြီးပေါ့။ ဘာကြီးရမှာလည်း လူတွေပြောပြောနေတာ ကြား ရသလောက်တော့ "မှန်" ဆိုလားပဲ။ မှန်လည်း မမှန်ပဲနဲ့ဗျာ...။ အခုလည်းကြည့်လေ...။ ကျွန်တော်က ဘယ်ဘက် လက်မြှောက်ရင် သူက ညာဘက်မြှောက်ပြတယ်...။ ညာဘက်မျက်လုံးမှိတ်ရင် ဘယ်ဘက်မျက်လုံးပြန်မှိတ်ပြနေ တယ်။ ဒီဟာကြီးလည်း မထူးဘူး..။ အရင်တုန်းက ၀ယ်ခဲ့တဲ့ ဟာတွေအတိုင်းပဲ။ တစ်လွဲကြီးပေါ်တယ်...။ ကျွန် တော် တော်တော်ကို ဒေါသထွက်သွားပါတယ်။ အဲ့ဒီမှန်ဆိုတဲ့ ဟာကြီးကို စိတ်ရှိလက်ရှိသာ ကန်ပြစ်လိုက်ချင် တယ်။ အင်း...။ ပြောမယ့်သာပြောရတာ...။ မှန်ကန်ရင်လည်း ကွဲတာပဲ အဖတ်တင်ဦးမယ်...! မဖြစ်သေးဘူး....။ စိတ်နဲနဲလျော့မှ...။ နာရီကို ကြည့်တော့ အချိန်က ၇ပေ ၄၅လက်မ( ၁၀ ပေနဲ့ ၉ လက်မလို့ ဖတ်လည်းရပါတယ်) သေချာတာကတော့ တော်တော်လေးကို နောက်ကျနေပြီ ဆိုတာပါပဲ...။

ကိစ္စ၀ိစ္စတွေ ပြီးတယ်ဆိုရင်ပဲ...။ အိမ်ရှေ့ခန်းကို မြန်မြန်လာ...။ ဖိနပ်စင်ကို ကြည့်တော့...။ ဖိနပ်တွေက အမျိုးမျိုး။ "ငါ့လှေငါထိုး၊ ပဲခူးရောက်ရောက်...။ ရေလိုက်၊ ငါးလိုက်......။ ရုန်းကန်ခြင်း...။ မရေရာမှု...။" စသည်ဖြင့် ဖိနပ်တွေ က အမျိုးကိုစုံလို့။ အချိန်ကလည်း သိပ်မရတော့ လွယ်လွယ်ကူကူ အပေါ်နားမှာ တင်ထားတဲ့ ၀တ်နေကြ "ဖြစ်ချင်တာဖြစ်" ကိုပဲ အမြန်ယူဝတ်လိုက်ပါတယ်...။ အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင်ပဲ ဖိနပ်စင်ဘေးက ခုံပေါ် မှာ အဆင်သင့် တင်ထားတဲ့ လွယ်နေကြ "အတ္တ" ကိုလွယ်။ ဆောင်းနေကြ " ပြန်မပြော နားမထောင်" ဦးထုပ်ကို ဆောင်းပြီး တစ်နေ့တာ ခရီးကို စဖို့ ဟန်ပြင်လိုက်ပါတယ်....။ သြော်....! တော်သေးတယ်...။ မေ့တော့မလို့....။

ကျွန်တော်အပြင်သွားခါနီးတိုင်း ရွတ်နေကြ ဂုဏ်တော်တစ်ခု ရှိလေရဲ့...။ အစွမ်းလား...? ဘာထက်သလဲမပြောနဲ့ သိချင်ရင် ကိုယ်တိုင်သာ ရွတ်ကြည့်ကြတော့...။

လောဘ ဂုဏော အနန္တော၊
ဒေါသ ဂုဏော အနန္တော၊
မောဟ ဂုဏော အနန္တော..............။ ။ (သုံးကြိမ် သုံးခါရွတ်ပါ၊ သက်စေ့ရွတ်နိုင်ပါက ပိုအစွမ်းထက်၏)

အားလုံးပြီးတော့ အခန်းထဲကထွက်...။ တိုက်ပေါ်ကဆင်း...။ လမ်းပေါ်ကိုရောက်....။ လူတွေကြားထဲ သူလိုငါလိုပဲ ၀င်ရောလိုက်တော့.....။ မကြာပါဘူး.....။ ကျွန်တော့်လိုပဲ သင့်တော်ရာ သင့်တော်ရာ ကိုယ်ကျင့်တရားတွေဝတ်၊ အနံ့တထောင်းထောင်းထနေတဲ့ "ဟန်ဆောင်မှု" တွေ ဆွတ်ထားတဲ့လူတွေကြားထဲ....။ တစ်စ....တစ်စ......

တိုး
......၀င်......မှုန်ဝါး.....ကွယ်.....ပျောက်.....။

p.s- ထင်ရာမြင်ရာ လက်ဆော့ထားခြင်း ဖြစ်ကြောင်းပါ...။

46 comments:

Tester said...
This comment has been removed by the author.
လင်းထက် said...

အရမ်းကောင်းတယ်ဗျို့ လူတွေ အားလုံး အမျိုးမျိုးသော ဟန်ဆောင် ဖုံးကွယ်မှု တွေနဲ့ပြည့်နှက်နေကြတာပဲ...။
ဒါပေမယ့် ဒီလို လူတွေ ကြားထဲ တိုးဝင်လိုက်တော့လဲ ကိုယ် ပါ ထူး၍ မဆန်းသော လူတစ်ယောက် ဖြစ်သွားတာပဲ..။

Anonymous said...

ဖတ်ရတာ အရမ်းကောင်းတယ်။ ရေးထားတာ မှန်လွန်းလို့ ထင်ရာမြင်ရာ လက်ဆော့ထားခြင်းဖြစ်သည်ဟု လုံးဝမယုံပါဗျို့ ။ တစ်နေ့ တာအပြင်ထွက်ဖို့ ပြင်ဆင်မှု ကိုတော့ သဘောကျတယ်မောင်လေး.....( မအိ....! )

ညမီးအိမ် said...

ကိုလင်းထက်ကြီးပြောသလိုပဲ :P မပြောတတ်တော့သူများပြောထားတာလေးပဲ ညွှန်းရတာပေါ့။ အရေးအသားတွေပြန်ကောင်းလာပြီ။

မွန် said...

သူတစ်ပါးအမှားမှ သင့်အတွက် သင်ခန်းစာယူပါ ဆိုတဲ့ စာကြည့်မျက်မှန်ကိုတပ်ပြီး ဖတ်လိုက်တယ် မမြင်ရဘူး ဒါနဲ့ပြန်ချွတ် မျက်လုံးတွေက ကိုယ့်ထက်သာ မနာလိုမျက်မှန်နဲ့မှ ဒီစာကိုဖတ်လို့ရတော့တယ် ဒါနဲ့ မနိုင်သဖြင့် သည်းခံရခြင်း အပြုံးတွေဖောဖောသီသီလွှတ်ချပြီး တခြုံကွယ် တမယ်မေ့ဦးဏှောက်နဲ့ ဒီစာကို ၆ခြုံတိတိပတ်တယ် အိုးရွဲ့စလောင်းရွဲ့ကောမန့်တစ်ခု ဘလက် အခုငါစာဖတ်ပြီး ကိုယ်ကျင့်တရားတစ်ခုလဲလိုက်တယ် ရေများရာမိုးရွာတာလဲ အမှန်တရားပဲ ဘာလို့ဆို ရေများလို့သာ ရေငွေ့များရတာမဟုတ်လား နင်နားလည်မယ်လို့ မျှော်လင့်တယ်

mgngal said...

အဆုံးမှာတော့ အရာအားလုံးဟာ အဆုံးသတ်သွားကြတာပါ
ပဲလေ။
တိုး......၀င်......မှုန်ဝါး.....ကွယ်.....ပျောက်.....။
ဒီလိုပါပဲ။

Anonymous said...

အရမ်းကြိုက်သွားပြီဗျို့ အရေးအသားရော idea ရော
အပြစ်ပြောစရာကို မရှိဘူး ..
လေးစားပါတယ်ဗျာ .. ဒါကတော့ ဟန်ဆောင် ရေမွှေး မဟုတ်ဘူးခင်ဗျ :P .. ပင်ရင်းက ထွက်တဲ့ နွားနို့စစ်စစ်လေးပါ
လဖက်ရည်ဆိုင်ရောက်မှ ရေရော တာတော့ မတတ်နိုင်ဘူးပေါ့ဗျာ ..
ဟီးဟီး ဘာတွေ ပြောနေမိမှန်းကို မသိဘူး
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျ :P

RePublic said...

တင်ပြပုံ ကောင်းတယ် ညီ blackdream ရေ ၊၊အနှစ်သာရရှိလှတယ်ဗျာ ၊၊

Apprenticeship said...

ငါတော့ ဟန်ဆောင်မှုကို အတော်မုန်းတာကွ....... ရွေးချယ်စရာ တခြားမရှိတော့ဘူးလား :D :P

Phyu said...

ဖော်ကျူးမှုက ပီပြင်တယ်ရှင်...

Anonymous said...

တော်တော်ကောင်းတဲ့ အက်ဆေးပါပဲ။

ထပ်တူပြုမှုတွေ အားကောင်းတယ်။

သင်ကာ

Anonymous said...

လောကကိုဒဲ့တိုးမြင်လိုက်ရတယ်

GreenGirl said...

အရမ်းတော်တဲ့ ငါ့မောင်လေး။ ဒီထက်ကောင်းတဲ့ အတွေးတောင် ဒီလောက်မကောင်းဖူး။ :)

ကလိုစေးထူး said...

အပျင်းပြေလာဖတ်ပါ ဆိုပေမယ့် တကူးတက ဖိတ်ထားတာဆိုတော့ တသေတချာ လာဖတ်ဖြစ်ပါတယ် ကိုအိပ်မက်ရေ...။ ကျနော်ကတော့ ကိုအိပ်မက် ထင်ရာမြင်ရာ လက်ဆော့ထားတယ်လို့ မထင်ပါဘူး။ စနစ်တကျ ကလောင် သော့ထားတယ်လို့ပဲ မြင်ပါတယ်။

ဇင်ယော် said...

ကိုBlackကြီး နောက်တစ်ခေါက်ပြန်လာတော့ ကွန်မန့် တွေက တော်တော်များနေပြီ။ ဟဲဟဲ တခြား မဟုတ်ပါဘူး။ ၀တ်စုံတွေ၊ ဖိနပ်တွေ ထဲက တချို.ဟာလေးတွေ နည်းနည်းလာတောင်းတာ။ ကျနော့် မှာလည်း ဒါတွေချည်းပဲ။ တံဆပ်မတူပေမယ့် အမျိုးအစား တူတူပဲဗျ။ ၀တ်ရဖန်များလို့  ကြေမွပြီး အရောင်မှိန်လို့ ။ ဟီး ရေမွှေးလေးပါ ဆွတ်သွားတယ်ဗျို.။

အိုင်လွယ်ပန် said...

ဒီလိုသာလက်ဆော့မယ်ဆို
ဆော့စမ်းပါများများ.....ဖတ်ချင်လို့
ပေးချင်တာကို တန်းကနဲပဲ......
ကောင်းတယ်ဗျာ......
idea တော်တော်ကောင်းတယ်....

ဖြိုးငယ် said...

ထင်ရာမြင်ရာလက်ဆော့ထားလို့ပဲ ကိုယ့်ဆရာရေ ..
အမှန်အကန်သာရေးရင် လိုက်မှီမှာတောင်မဟုတ်ဘူး ....
တစ်ခါတစ်လေ လူတွေကလည်း ထင်ရာမြင်ရာကို စားသုံးနေတက်ကြတာပဲလေ .. မှန်နေတာပဲ

Anonymous said...

ထင်ရာမြင်ရာကလည်း ကောင်းလှချည်လားဗျာ။ တကယ်မိုက်တယ်ဗျို့။

မီးငယ် said...

လက်ဆော့တာတောင်ဒီလောက်ကောင်းနေရင်..ကောင်းကောင်းမွန်မွန်ရေးလို့ကတော့...

Anonymous said...

မဲကြီး.. မင်းယူနီဖောင်းက ဒီလိုကျတော့လည်း ငါတို့နဲ့ အကုန် အတူတူပါပဲလား... သိပ်မကွားဘူး... :)

Anonymous said...

အစ်ကိုရေ့ ညီကတော့ ဘာကိုကျင့်တရားတွေမှမ၀တ်ချင်တော့ လောက်အောင် အသားကပ်လေးပဲ ၀တ်ချင်လို့  အဲ့ဒီလောကနိဓိတွေ လိုက်နာရတာ လူတစ်ကိုယ်လုံး ချဉ်စောနံနေပြီးး Acqua Di Gio ရေမွှေးလေး စွတ်သွားတယ် ရှူးးးးးးးးးးးးးးးးးးးး

လွမ်းဇာနည် said...

အက်ဆေးရဲ့ သီအိုရီကို ကျွန်တော် နားမလည်ဘူးဗျာ
အရေးအသားတွေကို တော်တော်ကြိုက်ပါတယ်
တာရာမင်းဝေ အတွေးသစ်တွေ ခံစားခွင့်မရှိတော့တဲ့ အခြေအနေကို
အကို ပို့စ်တွေနဲ့ အစားထိုးဖြေသိမ့်လို့ရတာပေါ့

Winkabar said...

သေတော့မယ် ရယ်ရလို့။ နောက်ဆို အစ်ကို့ပို့စ်ဖတ်မယ်ဆို ရေတစ်ခွက်အမြဲဆောင်ထားရမယ်။ စတာနော်။ တကယ်ကောင်းတယ်လို့ပြောတာ။ တော်တော်ကောင်းတဲ့စိတ်ကူးလေးပဲ။

Mhu Darye said...

အမြဲနောက်ဆုံးမှ ရောက်တယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့ အရေးအသားနဲ့ ညက်ညောတဲ့စာပေကို သူများတွေလိုပဲ တန်းတူ ဖတ်ခွင့်ရပါတယ်...။
အဲဒီအတွက်ကို ကျေးဇူးတင်ရပါတယ်...။
^_^

Unknown said...

မရောက်တာလဲကြာပြီကွာ... ရောက်ပြန်တော့လည်း ငါ့ကိုယ်ပေါ်က ဝတ်ထားတာတွေပဲ မင်းက ရေးထားတော့... နည်းနည်းတောင် မလုံသလိုပဲ... အတွေးတွေ တကယ်ပြောင်မြောက်တယ်ကွာ... ကြိုက်တယ်... ဒီအဝတ်အစားတွေနဲ့ပဲ လူတောတိုးနေရတာ ကြာတော့လည်း မေ့တောင်နေပြီကွာ... မှန်ဆိုတဲ့ အယူအဆမှာတော့ သဘောထားချင်း အတူတူပဲကွ...

Anonymous said...

ကိုအိပ်မက်နက်ကြီးရေ black ပါတဲ့လူတွေတော်ကို တော်တယ်ပြောထားတော့ကိုယ့်ဟာကိုယ်တောင်မလုံမလဲ ဖြစ်နေပြီဟားဟား ဒီလောက်ကောင်းတာတောင်ဒီ လောက်မကောင်းနိုင်တော့ဘူးဗျို့ အရေးအသားကတော့ ရှယ်ပါပဲဗျာဇွန်းတပ်ပြီးများရေး လေရော့သလား စတာနော် တစ်ကယ်လေးစားဖို့ကောင်း တာတော့ငြင်းမရအောင်ပဲဗျို့ ကျွန်တော်ကတော့ကိုအိပ်မက်နက်ရေးတဲ့စာတွေကိုဖတ်ပြီး တစ်စုံတစ်ယောက်ကို သွားသတိရတယ်ဗျာ တာရာမင်းဝေလေ အငွေ့အသက်တွေရနေတယ်ဗျာ

Anonymous said...

ထင်ရာမြင်ရာရေးတယ်တဲ့.....
အဲလိုမထင်ပါဘူး......
အရမ်းကောင်းပါတယ်.........
ပြောစရာမလိုအောင်ကောင်းပါတယ်.....

flowerworld said...

သယ်ရင်း....နင်ကတော့သူများနဲ့မတူတမူထူးခြားအောင်လဲတော်တော်တတ်တာပဲ ဂွတ်တယ်အရမ်းပဲ နင့်ခေါင်းကောင်းတယ်ငါ့ကိုခဏလောက်ငှားပါဦး

ဖိုးဂျယ် said...

အရမ်းကောင်းသော eassy ပါ။ အရှေ.ပြောသွားသလို အတည်သာစဉ်းစားပြီး ရေးရင် ပြောဖွယ်ရာမရှိ ဖြစ်နေမှာပေါ့။

Anonymous said...

အိမ်မက်.အနက်..ရေ..
စာတွေလာဖတ်သွားပါတယ်..။ ရေးထားတာကိုဖတ်ပြီး..ကဗျာ.တစ်ပုဒ်လောက်ရေးချင်လာတယ်.။ တစ်ညလုံးအိမ်မက်တွေ..ပေနေခဲ့တဲ့တို့
ဒီနေ့ဝတ်ဖို့ကိုယ်ကျင့်တရားတို့
အနံ့တထောင်းထောင်းထနေတဲ့..ဟန်ဆောင်မှု..တို့
..နမိတ်ပုံလေးတွေသိပ်လှပါတယ်..။
မောင်လေးရေ..(ငယ်ထင်ပါတယ်..)
သိပ်ပြင်းထန်လာရင်..လဲမရဘူး..။ အယ်ဒီတာတွေစာမျက်နှာ..ကိုကျော်နိုင်ပေမယ့်..တံတိုင်းတွေက၇ှိနေသေးတယ်..။(ရန်ကုန်အခေါ်တော့..အဖြဲခံလိုက်ရတယ်ပေါ...ကိုယ့်စာမျက်နှာနေရာက..ကြော်ငြာတွေကြည့်ပြီးကြေကွဲယုံ...)..။
လာလာဖတ်မှာပါ..။ အားပေးနေပါတယ်.

လေးစားခင်မင်ခြင်းတို့ဖြင့်
အိန္ဒြာ(happycloud)

ရွှေပြည်သူ (ShwePyiThu) said...

ထုံးစံအတိုင်း သိပ်ကောင်းပါတယ်။ “လောဘ ဂုဏော အနန္တော၊
ဒေါသ ဂုဏော အနန္တော၊
မောဟ ဂုဏော အနန္တော” တဲ့။ ဘယ်လိုတွေများတွေးပြီး ဘယ်လိုတွေများ ရေးနေသလဲ ကိုဦးရေ။ “အနံ့တထောင်းထောင်းထနေတဲ့ "ဟန်ဆောင်မှု" တွေ ဆွတ်ထားတဲ့ လူတွေကြားထဲ...” ဖတ်ပြီးတော့ ကိုယ့်ဘာသာ ငုံ့ပြီး အနံ့ခံကြည့်မိလိုက်သေးတယ်။ တော်ပါသေးရဲ့ ဒီနေ့ နှာစေးနေလို့...း)

ရွှန်းမီ said...

မနက်ခင်းလေး တစ်ခုစာကို ဖတ်ရတာ တော်တော်ကို ချာချာလည်သွားတယ်။
တိုး......၀င်......မှုန်ဝါး.....ကွယ်.....ပျောက်.....။ ဆိုတဲ့ စကားလုံးမှာ ထင်ရှားနေတဲ့ "မှုန်ဝါး" ဆိုတဲ့ စကားလုံးက အထင်ရှားဆုံး ဖြစ်နေတာကို အကြာကြီး ငေးနေမိတယ်။

Anonymous said...

မျက်မှန်တပ်ပြီးကို အသေအချာဖတ်သွားတယ် ..စာရေးကောင်းလိုက်တာ..အတွေးလဲ ကောင်းတယ်
ဒါမျိုးစာလေးတွေ များများရေးပါ

thonn thonn said...

ကောင်းလိုက်တဲ့ ပို့စ်လေး။ အတွေးတွေ အများကြီး ထည့်ပေးတယ်။

ပန်းခရေ said...

တိုး......၀င်......မှုန်ဝါး.....ကွယ်.....ပျောက်.....။
ပြီးသွားချိန်မှာ .....အံ့သြချီးကျူးလေးစားခြင်း မျက်မှန်နဲ့ နင့်ကိုမြင်မိသွားတယ်...း)
ဟန်ဆောင်ခြင်း..အတတ်ပညာကို လူတိုင်း တတ်မြောက်ကြတယ်...ထုံးစံအတိုင်း ...ဟန်ဆောင်ပျော်ရွှင်ရင်း ငါ့နေ့စဉ်တွေကို ဆက်လက်ရပ်တည်လိုက်အုံးမယ်...

Anonymous said...

တယ်မိုက်နေပါလား.. ဟန်ဆောင်မှုရေမွှေးနံ့တွေကြားမှာငါလဲ တော်တော်ခေါင်းမူးနေပြီ.. ဒါပေမဲ့ ရေမွှေးမဆွတ်တော့လဲ ကိုယ်ပဲ ချဉ်စော်နံမယ်မှတ်လား.. ငါကတော့ အနံ့သိပ်မပြင်းတာပဲဆွတ်တယ်... ဟဲ.. ဟဲ..
ဘာတဲ့.. အီစီကလီမရှိရင် ယောင်္ကျားလေးကမတင့်တယ်ဘူးဟုတ်လား.. ဆင်ခြေတွေ.. ဟွန်း..
("ဟင်..."

အားလုံးပြီးမှ သတိထားမိတယ် ကျွန်တော့်ရှေ့ကဟာကြီးပေါ့။ ဘာကြီးရမှာလည်း ..)
အဲဒိနေရာမှာငါနဲနဲလန့်သွားတယ်.. နင်ဘာကြီးကိုများရေးတော့မလဲလို့.. နောက်တော့ မှန်ဖြစ်နေတာကိုးးးးးးးးးး... ဟီး.. (စတာ... )

မေမိုးမခ said...

လူတွေကြားထဲမှာ ကြက်သားရေ ခေါင်းပေါင်းလေးလဲပေါင်းလိုက်ရင် ပိုပြီးပြည့်စုံသွားမယ်ထင်တယ်။
အော်လူ့ဘ၀ဆိုတာ ဒါဘာလား။
မေမိုးမခ

zeRoTraSh said...

ဟုတ်ပါ့ ငါ့ကောင်ရေ
မင်းက ပြက္ခဒိန် သေချာမကြည့်လို့ပါ
အဲဒါတွေက အာရုံနောက်နေတဲ့ နေ့တွေလေ
လာဘ်ပြည့်ရက် လာဘက်ကွယ်ရက်ကို သေချာကြည့်နိုင်ရင်
လူတွေကို တွေ့ရတာ အဆင်ပြေတယ်ကွ
ဗေဒင်မေးလဲ ဒါပဲဖြေမှာ ဟုတ်တယ်ဟုတ် :D

emayarKhin said...

ရှယ်ပဲ...........
တော်တော်ကိုပဲတော်ပါပေတယ်.....
ဒါတောင်လက်ဆော့ထားတာဆို.......
ခြေထောက်ပါဆော့ရင်တော့လား.........

MELODYMAUNG said...

woow, Awesome!

Mhaw Sayar said...

လန်ထွက်သွားပြီ ဘလက်ကြီး :) ပြောစရာ မလိုအောင် ကောင်းတယ်. တွေးတာရော၊ ရေးတာရောပေါ့.

Congrats! :)

မိုးမြင့်တိမ် said...

ဘ၀ထဲက ဘ၀တွေအကြောင်းကို ရေးဖွဲ့ထားတဲ့ အမှန်တရားကို ဒဲ့ဒိုးဖော်ပြနိုင်တဲ့ post ကောင်းလေးတစ်ပုဒ်ပါဘဲ။ စိတ်ကူးစိတ်သန်းနဲ့ ရေးသားဟန်၊ စကားလုံးအသုံးအနှုန်း၊ ၀ါကျအထားအသို အားလုံးကို ချီးကျူးပါတယ်။အားပေးနေမယ်။

Agape said...

အရေးအသားအရမ်းကောင်းတယ် အရမ်းအရမ်းအရမ်းကိုဖတ်လို့ကောင်းတယ် လက်ဆော့တယ်သာပြောတယ် အမှန်တွေချည်းပဲ

Layma said...

ဒီပို့ စ်လေး အရမ်းသဘောကျမိတယ်..။ ထုတ်ပြောချင်စရာ မကောင်းတဲ့ အမှန်တွေကို ခိုင်းနှိုင်းချက်ကောင်းကောင်းပေးပြီး ငြင်းမရအောင် ရေးသွားတယ်..။

Kaung Kin Ko said...

ကောင်းလိုက်တာ ညီလေးရေ။

သိ င်္ဂါ ရ said...

Essay ပီသပါပေ့ ....