Sep 4, 2008

၉ မမ

နိဒါန်း

အချိန်ကာလတစ်ခုကြာ ပြင်းထန်စွာဆူညံခဲ့သော ပစ်ခတ်သံများနှင့် ပေါက်ကွဲသံများသည် ယခုအခါတွင်တော့ အားလုံးဆုံးခန်းတိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြင်းထန်သော လက်နက်သံများအစား ယခုအခါ သူ့နားနှင့်အကြားအာရုံ တွင်သာမက နှလုံးသားတစ်ခုလုံးပါး တုန်ခါသွားအောင် ကြားနေရတဲ့ အသံတွေကတော့ အောင်မြင်မှုအတွက် ဂုဏ်ယူဟစ်ကြွေးနေကြတဲ့ သူ့ရဲဘော်တွေရဲ့ ရန်သူ့စခန်းအားတက်ရောက်သိမ်း ပိုက်နေသည့်" ကျား" ထိုးသောအသံများပင် ဖြစ်ပါသည်။ အောင်မြင်မှုတစ်ခုအတွက် မိမိရဲဘော်များပျော်နေကြသည်ကို ကြည့်ရင်း သူပြုံးနေမိပါသည်။ သူရော....? သူလည်းမကြာခင် ရင်ဆိုင်ရတော့မယ့် အဖြစ်အပျက်များအတွက် စိတ်ကူးယဉ် ရင်း ပျော်နေမိကြောင်းကို ကိုယ့်ကိုယ်ကို ၀န်ခံနေမိပါတော့တယ်။

အရာရာငြိမ်သက်သွားသောအခါကျတော့လည်း စောစောက ဗြောင်းဆန်အောင် ၀ုန်းဒိုင်းကျဲခဲ့သော ပတ်ဝန်းကျင်သည် သူမဟုတ်သည့်အလား ပကတိငြိမ်သက်လျက် ရှိပါတော့သည်။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ သဘာဝတရားကပေးထားသော အခွင့်အရေးများနဲ့ တန်ပြန်သက်ရောက်မှုများကတော့ အားလုံးအတူတူပင် ဖြစ်ပါသည်။ လူတို့သည်လည်း သောက အပူအပင်များနဲ့ ကြုံတွေ့နေရစဉ်အခိုက်တွင်မူ မည်မျှပင်တုန်လှုပ် ချောက်ခြား၍ စိတ်အစဉ်သည် ပြင်းထန်စွာလှုပ်ရှားခဲ့စေကာမူ အရာရာပြီးဆုံးသွားသော အချိန်တွင်တော့ ပုံမှန်အတိုင်း ပြန်လည်ငြိမ်သက်သွားကြစမြဲပင်...။

အခန်း (၁)

" အစ်ကိုကြီး... ဘာတွေပြုံးပြီး သဘောကျနေတာလဲဗျ...။ ဟား..ဟား။ ကျွန်တော်တို့ သိနေတယ်နော်...။ အခုနောက်တန်း မပြန်ခင်လေး စစ်ပွဲတစ်ပွဲကလည်း အောင်မြင်လိုက်ပြန်ပြီဆိုတော့။ နောက်တန်းပြန်ရောက်ရင် ရင်ဆိုင်ရတော့မယ့် အချစ်စစ်မျက်နှာပြင်အတွက် ကြိုတင်ရင်ခုန်နေတာမလား...။ ဟား...ဟား"

"အစ်ကိုကြီး" ဆိုသော ခေါ်သံနှင့်အတူ အဆက်မပြတ်ပြောနေသော တပ်စု(၁) တပ်စုမှူး ဗိုလ်ရာဇာနှင့် သူ့အား ပြုံးစိစိဖြင့် ကြည့်နေသော တပ်စု (၂) တပ်စုမှူး ဗိုလ်မောင်မျိုး တို့၏ ခေါ်သံများကြောင့် သူ့အတွေးများ ရပ်တန့်သွားပါတော့တယ်။

" ဟာ..ဟ။ မင်းတို့က သိပ်သိနေကြပါလား။ အေးပေါ့ကွာ မင်းတို့က ဗေဒင်ဆရာထက်တောင် ပိုမှန်နေတော့ လည်း ငါက ဘာမှပြန်ပြောလို့မရတော့ဘူးပေါ့။"

" ဘာမှလာပြီး ရှက်ရမ်းတွေရမ်းမနေနဲ့ အစ်ကိုကြီး။ ကျွန်တော်တို့ကတော့ ပြောပြီးသားနော်။ နောက်တန်းပြန် ရောက်လို့ အစ်ကို, အစ်မနဲ့ မင်္ဂလာဆောင်တဲ့အခါကျရင်သာ ကျွန်တော်တို့ နှစ်ယောက်ကို သတို့သားအရံ လုပ်ခိုင်းဖို့မမေ့နဲ့...။ မေ့လို့ကတော့ အစ်ကို့ညီတွေ အကြောင်းသိတယ်မလား....။ အဲ့ဒီညတော့...တော်ပါပြီ မပြောတော့ပါဘူး" မောင်မျိုးသည် ကျွန်တော့်အားပြောရင်း ရာဇာအားအဖော်ညှိသည့် မျက်နှာဖြင့်လှမ်း ကြည့် ရင်း နှစ်ယောက်သား တ ဟား..ဟား နှင့်သာ အတောမသတ် ရယ်နေကြပါတော့တယ်...။

" ဟ... မင်းတို့ဟာက ပိုင်လှချည်လား? ကြည့်ရတာ ကာယကံရှင် ငါ့ထက်ပဲ မင်းတို့က ပိုရင်ခုန်နေသလိုပဲ။ အေး မင်းတို့လုပ်ချင်တယ်ဆိုလည်း လုပ်ကြပေါ့ကွာ...။ သတို့သမီးလောင်းတော့ကိုယ့်ဘာသာ ရှာကြ။ ငါမရှာပေးဘူး။ မင်းတို့ အစွမ်းအစရှိမယ်ဆိုရင်ပေါ့လေကွာ....ငါ့ညီမကိုတော့ မျက်စပြစ်မယ်မကြံနဲ့နော် ၉မမ အကြောင်းသိ တယ်မလား...? ဟား...ဟား။"

သူတို့၏ လူပျိုရည်အား မထိတထိလှောင်လိုက်သည့် တပ်ခွဲမှူး ဗိုလ်ကြီး အောင်ပြည့်၏ စကားနှင့်အတူ သုံးယောက်သား တဟား...ဟား ဖြင့်သာ အူမြူးလျက်ရှိနေပါတော့သည်။

" ကဲကွာငါတို့ ညီအစ်ကိုတွေ မနက်ဖြန် နောက်တန်းပြန်မဆင်းခင် နောက်ဆုံးအနေနဲ့ မှတ်တမ်းတင် ဓာတ်ပုံ အတူရိုက်ရအောင်" ဗိုလ်ကြီးအောင်ပြည့်သည် ပြောပြောဆိုဆိုနှင့် သူ၏ ပစ္စည်းအိတ်အတွင်းမှ သူ၏ ပါလေရာ ကင်မရာလေးအား ရဲဘော်တစ်ယောက်အားပေးကာ မှတ်တမ်းတင်ခိုင်းပါတော့သည်။

"ဗိုလ်ကြီး... နောက်တန်းက ဗိုလ်ကြီးအတွက် စာပေးလိုက်ပါတယ်" ဆိုသောအသံနှင့်အတူ သူတို့တပ်ခွဲအား ဗျူဟာမှ စစ်ကူပေးလိုက်သော တပ်ခွဲနှင့်အတူပါလာသည့် ဆက်သား( စာပို့သမား) ရဲဘော်သည် စာတစ်စောင်အား ဗိုလ်ကြီးအောင်ပြည့်အားပေး၍ ပြန်လည်ထွက်ခွာသွားလေတော့သည်။

"ဟာ...ဟ။ စာသာပြောတာ စာအိပ်က အကြီးသားပါလား? မဟုတ်မှလွဲရော နောက်တန်းမှာ အစ်မက အစ်ကိုကြီး ပြန်လာရင် မင်္ဂလာတန်းဆောင်နိုင်အောင် ဖိတ်စာပါတစ်ခါတည်း ရိုက်ပြီးသား ဖြစ်နေပြီထင်တယ်။ အစ်မကတော့ ပိုင်သကွာ...ဟာ...ဟ" ရာဇာမှ စ ဖောက်လေသည်။

"မင်းကလဲ အဲ့လောက်ဘယ်က မလဲ အစ်ကိုကြီးနောက်တန်းပြန်ရောက်တာနဲ့ တပ်ရင်းမှူးကြီး အဘလင်းထက် ကိုတောင် ခွင့်မတောင်းနိုင်ပဲ အခန်းအနားဝတ်စုံ ၀တ်ပြီးတစ်ခါတည်း မင်္ဂလာခန်းမတန်းပြေးရမှာ မြင်ယောင် သေးသဟေ့...။ ဟား...ဟား။" သကောင့်သား မောင်မျိုးမှလည်း အားကျမခံ ခွင်ထဲဝင်တုန်း တပ်ခွဲမှူးအား သမလေတော့သည်။

" အေးပါကွာ မင်းတို့ပြောတဲ့ အတိုင်းဖြစ်ပါစေလို့ ငါဆုတောင်းပါတယ်..။ ဟဲ..ဟဲ။ ကဲ ကဲ မင်းတို့လည်း ရဲဘော်တွေကို သေသေချာချာစစ်ဆေးပြီး အုပ်ချုပ်မှုကိစ္စနဲနဲ စစ်ဆေးလိုက်အုံး။ အကြောင်းထူး ရှိရင်သတင်းပို့"

" သွားပါ အစ်ကိုကြီးရာ သွားပါ။ ကိုယ့်ဘာသာကိုယ်သာ အေးအေးဆေးဆေး စာသွားဖတ်ပါ။ အခုမှ ကျွန်တော်တို့ကို အတင်းနှင်လွှတ်မနေပါနဲ့ ကျွန်တော်တို့က အကင်းပါးပါတယ်....။ ဟား...ဟား" အခုမှ ဒင်းတို့ နှစ်ကောင် တော်တော်အတိုက်အဖောက် ညီနေကြလေဟုသာ ဗိုလ်ကြီးအောင်ပြည့်တစ်ယောက် တွေးနေမိပါ တော့သည်။

" ဟာ...မင်းတို့ကပြောလေ ဆိုးလေပဲ လစ်တော့ကွာ ဟေ့ကောင်တွေ မြန်မြန်။" ဟုပြောရင်း ဗိုလ်ကြီးအောင်ပြည့်တစ်ယောက် သူ့အတွက် ပြင်ဆင်ပေးထားသည့် တဲငယ်လေး အတွင်းသို့ ၀င်ခဲ့လေသည်။

" ဟေ့ကောင်...ရာဇာ ...။ တို့အစ်ကိုကြီးကတော့ တော်တော်ပျော်နေပုံပဲဟေ့"

" သူပျော်တော့ ငါတို့လည်း ကြည်နူးရတာပေါ့ကွာ။ စစ်မြေမြင်မှာ အမြဲတမ်း ရွပ်ရွပ်ချွန်ချွန်နဲ့ အောင်ပွဲဆင်နိုင်ခဲ့ တဲ့ တို့အစ်ကိုကြီး ဒီတစ်ပွဲမှာလည်း အောင်မြင်မယ်ဆိုတာ ငါယုံကြည်ပါတယ် မောင်မျိုးရာ"

အခန်း (၂)

" ဒိုင်း...."

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တစ်ခုလုံးသည် ပြင်းထန်သော ကော်ဒိုက်ယမ်းအား ပေါက်ကွဲသံကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတော့သည်။ ငြိမ်သက်နေသော အခြေအနေသည် ပြန်လည်ရှုပ်ထွေးသွားလေတော့ သည်။ အချို့ ရဲဘော်များလည်း ဆိုင်ရာနေရာများတွင် အမြန်ဆုံးနေရာ ယူထားပြီး ဖြစ်လေသည်။ သို့သော် သေနတ်သံသည် တစ်ချက်သာကြားပြီး အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်လည် ငြိမ်သက်သွားပါတော့သည်။ အားလုံးမှင်တက်သွားရာမှ မကြာလိုက်သော အချိန်စက္ကန့်၏ သေးငယ်လွန်းသော အစိတ်အပိုင်းအတွင်း အားလုံး ပြန်လည် အသက်ဝင်သွားခဲ့ပါတယ်။

" ဆရာကြီး စောအယ်ဒို....။ " မောင်မျိုး အသံကုန်ဟစ်ခေါ်လေသည်။

တပ်ခွဲအရာခံဗိုလ် ဆရာကြီး စောအယ်ဒိုလည်း မောင်မျိုးနှင့် ရာဇာ ရှိရာသို့ ချက်ချင်းပင် ရောက်ရှိလာရာ...

"သေနတ်သံက စခန်းတွင်းကဗျ...။ ကျည်ရှင်းရင်း ကျည်ဆံထွက်သွားတာပဲ...။ ဘယ်ရဲဘော်လည်း ကျွန်တော့်ဆီ အခုခေါ်ခဲ့..."

တပ်ခွဲအရာခံဗိုလ်ကြီးမှာ အလွန်တုန်လှုပ်သောလေသံဖြင့်

" ဗိုလ်ကြီး ရဲဘော်တွေ ကျည်ရှင်းရင်း ကျည်ထွက်တာမဟုတ်ပါဘူး...။ ကျွန်တော့်အထင် သေနတ်သံထွက်လာတဲ့ နေရာက..." ဟု ဆိုရင်း သူ့မျက်လုံးများသည် စခန်းအတွင်းရှိနေရာ တစ်ခုသို့ရောက်ရှိသွားရာတွင် မောင်မျိုးနှင့် ရာဇာတို့လိုက်ကြည့်ရာ...။ ၎င်းတို့၏ ရင်ထဲတွင် "ဒိန်း" ဆိုသောစောင့်တက်လာသည့် ရင်ခုန်သံတစ်ချက်နှင့် အတူ တပ်ခွဲအရာခံဗိုလ်ကြီး၏ အကြည့်တို့ ရပ်တန့်ရာနေရာသို့ မည်သို့ရောက်ရှိမှန်း မသိရောက်ရှိပြီး ဖြစ်နေပါတော့သည်။

"ဟာ............!!!!!!!!!!!!!!!!!"

အခန်း (၃)

မင်္ဂလာနေ့ရက်ကား ရောက်ရှိပြီ ဖြစ်ပါသည်။ ကြီးမားထည်ဝါသော ဟိုတယ်တစ်ခု၏ရှေ့တွင် လူများ၊ ကားများ ဖြင့် ပြည့်နှက်လျှက်ရှိပါတော့သည်။ ယခုကဲ့သို့ မင်္ဂလာရှိသော အချိန်တွင် ကာယကံရှင်များ မပြောနှင့် ကြွရောက် ချီးမြှင့်ကြသော ပိရိတ်သတ်အပေါင်းနှင့် ဖြတ်သွားဖြတ်လာ မြင်မိသူတိုင်းပင် ပျော်ရွှင်မှုများကူးဆက် နိုင်သော အနေအထားဖြစ်ပါသည်။ ခန်းမအတွင်းတွင်လည်း သတို့သားနှင့် သတို့သမီးတို့သည် ပျော်ရွှင်ပြုံးချို သော မျက်နှာများဖြင့် တက်ရောက်လာကြည်သည့် ဧည့်သည် အပေါင်းအားလိုက်လံ ဧည့်ခံလျက်ရှိပါတော့ တယ်။ အဆက်မပြတ် ပေါ်လာလိုက်၊ တစ်ခါတစ်ရံ ပေါ်လာလိုက်ဖြစ်နေသာ တစ်ဖျက်ဖျက်ထနေသည့် ရာပေါင်းများစွာသော ကင်မရာတို့မှ အလင်းရောင်များသည် ပျော်ရွှင်နေသော သတို့သားနှင့် သတို့သမီးတို့ အား ဂုဏ်ပြုသည့်အနေဖြင့် ကောင်းကင်မှ ကြယ်များတဖြုတ်ဖြုတ် ကြွေကျပေးနေသည့်အလားပင် ရှိပါတော့ တယ်။

အချိန်ကာလ တစ်ခုတိုင်သောအခါတွင် ထိုတစ်ခမ်းတစ်နားရှိခဲ့သော ဧည့်ခံပွဲခန်းမကြီးသည်လည်း သဘာဝတ ရား တို့၏ထုံးစံအတိုင်း ပြန်လည်ငြိမ်သက်ကာ ခြောက်သွေ့သွားခဲ့ ပြန်လေပြီ...။ ဧည့်သည်များ တဖြေးဖြေးနှင့် ပြန်လည်ထွက်ခွာသွားခဲ့ရာ အားလုံးပြန်သွားချိန်တွင် သတို့သားနှင့် သတို့သမီးတို့၏ လိုက်လံ ဧည့်ခံပေးရခြင်း အစီအစဉ်သည်လည်း ဆုံးခန်းတိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အစီအစဉ်များအားလုံး ပြီးဆုံး၍ သတို့သား၊သတို့သမီးတို့သည် နှစ်ဖက်မိဘများ ခြံရံကာ ၎င်းတို့အား မင်္ဂလာခရီးဦး ကြိုဆိုကာပို့ဆောင်ပေးမည့် မော်တော်ကား ရပ်နားရာသို့ လျှောက်လှမ်းလာခဲ့ကြစဉ်...

"ခဏလောက် ခွင့်ပြုပါခင်ဗျာ" ယဉ်ကျေးစွာ ပြောဆိုလိုက်သော လူငယ်နှင့် ၎င်း၏ဘေးမှ ပါလာသော လူငယ် တစ်ယောက်အားကြည့်ရင်း အားလုံး အမှတ်မထင် ရပ်တန့်လိုက်ကြပါတယ်။

" ကျွန်တော်တို့ အစ်မတို့ရဲ့ မင်္ဂလာဆောင်အတွက် လက်ဖွဲ့ပစ္စည်းလာပေးတာပါ။ ဒီလက်ဆောင်ဟာ အစ်မတို့ နှစ်ယောက်ရဲ့ ရှေ့ဆက်လျှောက်ရမယ့် ဘ၀ခရီးအတွက် အထူးကို အမှတ်တရဖြစ်စေမယ့် လက်ဖွဲ့ ပစ္စည်းလေးပါ။ အင်း....။ တိတိကျကျပြောရမယ်ဆိုရင်တော့ အစ်မနဲ့အစ်ကိုတို့...အင်းလေ အထူးသဖြင့် အစ်မ အတွက် အရမ်းမျှော်လင့်ခဲ့၊ လိုချင်ခဲ့တဲ့ လက်ဖွဲ့ပစ္စည်းလေးလည်း ဖြစ်နိုင်ပါတယ်။ ရော့ပါအစ်မ...။ လက်ဆောင်လေးက သေးသေးလေးပါ။ ကျေးဇူးပြု၍ ဖြစ်နိုင်မယ်ဆိုရင် အခုဖွင့်ကြည့်ပေးစေချင်ပါတယ်။"

"ဟုတ်ကဲ့ ရပါတယ်...။ ကျွန်မဖွင့်ကြည့်လိုက်ပါမယ်...။ ဒါပေမယ့် ဒီလက်ဆောင်က မောင်လေးတို့ ပေးတာလား။ မောင်လေးတို့ ပေးတာဆိုရင်တော့ စိတ်မရှိပါနဲ့ အစ်မ မောင်လေးတို့ကို မသိတဲ့အတွက် ခွင့်လွှတ်ပါ။"

"ရပါတယ် အစ်မ။ ဒီလက်ဖွဲ့လေးဟာ ကျွန်တော်တို့ပေးတာ မဟုတ်ပါဘူး။ ဘယ်သူပေးတယ်ဆိုတာကို အစ်မဖွင့်ကြည့်ပြီးတဲ့အခါ သိပါလိမ့်မယ်။ သွားလိုက်ပါအုံးမယ် ခင်ဗျာ...။ ကျွန်တော်တို့ကို ခွင့်ပြုပါအုံး။"

ဇာတ်သိမ်း

"မေ" လည်း လူငယ်နှစ်ယောက်ပေးသွားသော လက်ဖွဲ့ဘူးလေးအား သူတို့ကျောခိုင်းသွားသည်နှင့် ဖြေးညှင်း စွာ ဖွင့်ကြည့်လိုက်မိပါတယ်။ တစ်ကယ်ပင် သူမတို့ သတို့သား၊ သတို့သမီးနှစ်ယောက်အတွက် အမှတ်တရ ဖြစ်စေလောက်ပါတယ်။ အထူးသဖြင့် သူမ၏သစ္စာမရှိမှုကို တစ်သက်စာ ဂုဏ်ပြုထားခြင်းကြောင့် ဖြစ်လေသည်။

"ခင်ဗျားလက်ထဲကို ဒီလက်ဆောင်လေးရောက်ရှိခဲ့ပြီ ဖြစ်တဲ့အတွက်
အခုချိန်မှာ တမလွန်ကိုရောက်ရှိနေပြီ ဖြစ်တဲ့ ကျွန်တော်တို့ အစ်ကိုကြီး
ဗိုလ်ကြီးအောင်ပြည့် တစ်ယောက် ကျေနပ်နိုင်လိမ့်မယ်လို့
ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အစ်ကိုကြီးအတွက်
နောင်ဘ၀များ ရှိခဲ့မယ်ဆိုရင်လည်း ယခုဘ၀လို ချစ်သူတစ်ယောက်၏ သစ္စာမဲ့စွာ
စွန့်ပြစ်ခြင်းခံရသော အဖြစ်မျိုးမကြုံတွေ့နိုင်ပါစေနဲ့လို့ ဆုတောင်းရင်း...။

ဗိုလ်ရာဇာ၊ ဗိုလ်မောင်မျိုး"

ဟူသောစာသားအား သူမ လွန်ခဲ့သော ၆ လခန့်က ရှေ့တန်းတွင်ရောက်ရှိနေသည့် သူမ၏ချစ်သူ ဗိုလ်ကြီးအောင်ပြည့်အား ပေးပို့ခဲ့သည့် ယခုကျင်းပသည့် သူမ၏မင်္ဂလာဆောင်ဖိတ်စာပေါ်တွင်ရေးထားသော မှတ်ချက်နှင့်အတူ.......

၉မမ (9 millimeter) ယူဂိုစလားဗီးယားနိုင်ငံထုတ် Para အမျိုးအစား ပစ္စတိုသေနတ်၏ ကျည်ခွံတစ်ခုသာ......။

p.s- စိတ်ကူးယဉ်မှု တစ်ခုသာဖြစ်ပါကြောင်း....။

21 comments:

လင်းထက် said...

တော်တော် ရက်စက်တဲ့ မေ ပဲကွာ

ညမီးအိမ် said...

ဗိုလ်ကြီးက ဘာလို့ကိုယ့်ဘာကိုယ်သတ်သေသွားတာလဲအစ်ကို တကယ်ဆိုမဖြစ်သင့်ဘူးဗျာ အဲလိုမျိုး။

မွန် said...

အချစ်နဲ့ သစ္စာတိုက်တဲ့ စစ်ပွဲမှာ ဘာမဆိုဖြစ်နိုင်ပါတယ် ဘယ်သူမဆိုလဲ သားကောင်ဖြစ်နိုင်ပါတယ်လေ ညမီးအိမ်ပြောသလို အဲဒီကျည်ဆန်လေး ဝင်ရောက်သွားတဲ့ ခန္ဓာကိုယ်က ဗိုယ်ကြီးမှမဟုတ်တော့ပဲ သားကောင်ဖြစ်နေပြီမလား

My Wonderful Moral Thoughts said...

ဖတ်လို့ ကောင်းပါတယ်။ :))

SMNTL

mgngal said...

ရင်ထဲမှာ နင့် ခနဲ့ ပဲဗျာ ။ရေးပြန်တော့လည်း ပက်ပက်စက်စက်ကြီးပါလား အစ်ကိုရာ။

ဝေလေး said...

အင်းးးး
ဘာပြောရမှန်းမသိလောက်အောင်ပဲ...
တော်တော်ရက်စက်တဲ့မေ ပဲ....... ;(

mgthonnya said...

တော်သေးတာပေါ့စိတ်ကူးသက်သက်မို့လို့။
အင်း...ရက်စက်ချင်လဲရက်စက်နိုင်ကြမှာပါ :)

Heartmuseum said...

အိမ်မက်ရေ..... ငါ့ကိုလဲ တတောင့်လောက်.....

စန္ဒီမိုးမြင့် said...

အဆုံးစွန်ထိ နားလည်ပေးထားသူကိုမှ အဆုံးစွန်ထိလှည့်စားရက်တယ်နော်

အ+ ချစ်+ စစ်
အ လို့ ချစ်ပြီးရင် စစ်ဖြစ်တာ ဘဲလားဟင် ?

အစ်ကိုစိတ်ကူးယဉ်းလေးရေးထားတာပေမယ့်
ဇာတ်ထဲမှာမျောသွားအောင်ကို ရေးနိုင်တယ်နော်

မောင်မျိုး said...

သစ္စာမရှိသူတစ်ယောက်အတွက် အသက်စွန့် သွားတာ မတန်ဘူးလို့ ထင်တယ် ကျနော်သာကြိုသိမယ်ဆို ကျည်ဆံကိုထုတ်ပြီးဖွက်ထားမယ် နောက်မှ မှောင်ခိုဈေးနဲ့  ပြန်ရောင်းမယ် ဟီးးး တပ်စုမှူးတဲ့ ဘယ်တော့ ဗိုလ်ဖြစ်သွားတာပါလိမ့် အဟမ်း အဟမ်းး အားလုံးလက်မြှောက် :P

Apprenticeship said...

ဒါဆို ဘလက် အတွက်က အချစ်ဟာ ရယူပိုင်ဆိုင်ခြင်းပေါ့နော်....။ အင်းလေ အဲလိုပဲ ဖြစ်သင့်ပါတယ်...။

Dream said...

ဦးဦးနက်ကြီးကလည်း..လူကိုဟက်ထိအောင်လုပ်တယ်
ဖတ်ပြီးရင်ထဲမှာတောင်ဟာတာတာနဲ့.. အရေးအသား
တွေကလန်ထွက်နေတော့ရင်ထဲမှာစို့တစ်တစ်ကြီး..
ဦးဦး..ပျော်စရာစိတ်ကူးလေးတွေပဲရပါစေ..
နော်..နော်... :D

Winkabar said...

ဒုန်းခနဲပဲ ဇာတ်လမ်းကလည်း။ အဲလိုဖြစ်မယ်မှန်းသိနေပေမယ့်လည်း လန့်သွားတယ် အဆုံးကျတော့။

ရွှေပြည်သူ said...

ဖတ်ပြီးတော့ သက်ပြင်းချမိတယ်။ အရေးအသားကတော့ ပြောစရာမလိုတော့ပါဘူး။ အားလုံး ချစ်သူအပေါ်မှာ သစ္စာရှိနိုင်ကြပါစေ...

နှင်းပွင့်ဖြူလေး said...

အရေးအသားတော့ ကြာလေ ကောင်းလေပဲ
း)

Mhaw Sayar said...

ကောင်းတယ်ညီရေ.. ဖတ်ရတာတော့.
ဒါပေမယ့် စိတ်တော့မကောင်းဘူး ဖြစ်သွားတယ်.

မီးငယ် said...

အစ်ကိုရေ..
စိတ်ကူးယဉ်မှုဆိုပေမဲ့..တကယ်ခံစားရတယ်...

Watery said...

ူအစ်ကိုေ၇ တယ်မိုက်တာပဲ အဲဒီဗိုလ်ကြီးက။အရမ်းဖတ်လို့ကောင်းတာပဲ....

Anonymous said...

တိတ်တိတ်ကလေး ဖတ်သွားတယ်.. ( မအိ...)

starfish said...

စစ်ဗိုလ်တစ်ယောက်လုပ်နေပြီး ဒီလောက်လေးနဲ့  ကိုယ့်ကိုကိုယ်သတ်သေရတယ်လို့  အင်းးးးးးး ပျော့ညံ့လိုက်တာ
အရေးအသားကတော့ အပြတ်မိုက်တယ်
ဘလော့ပြန်ရေးတဲ့ အတွက် ဝမ်းသာပါတယ်

Anonymous said...

итак: спасибо.. а82ч