Sep 28, 2008

ကျွန်တော့်ရဲ့ "ဆုံး" ခဲ့ဖူးသော "ပထမ" များ....

ကျွန်တော်ဒီရက်ပိုင်းမှာ ရေးစရာ အကြွေးတွေတော်တော်များပါတယ်။ ကျွန်တော်စိတ်ကူးထားတဲ့ ပို့စ်တွေရှိနေ သလို ကျွန်တော့်ရဲ့ Black Dream ဆိုတဲ့နာမည်တစ်ခုဖြစ်လာဖို့ အဓိကပံ့ပိုးအားပေးခဲ့တဲ့ သူငယ်ချင်းတစ် ယောက်ရဲ့မွေးနေ့ (၂၆.၉.၀၈)၊ ကျွန်တော့်ဖခင်ရဲ့မွေးနေ့ (၂၇.၉.၀၈) စသည်ဖြင့် တောက်လျောက်ပါပဲ။ ဒါပေမယ့် ကျွန်တော်အခြေအနေအမျိုးမျိုးကြောင့် ဘယ်သူ့အတွက် ဘာပို့စ်ကိုမှ မတင်နိုင်ခဲ့ပါဘူး။

အဲ့လိုပို့စ်ကြွေးတွေထဲကနေမှ အခု ကျွန်တော့်အစ်ကိုကြီး ကိုလင်းထက် Tag ထားတဲ့ "ပထမဆုံးများ" ဆိုတဲ့ ပို့စ်ကိုအရင် အကြွေးဆပ်လိုက်ပါတယ်..။ နောက်ပိုင်းမှာ မီးလေး ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကလည်း ထပ် ပြီး Tag ပါတယ်...။ ကဲ...။ "ပထမ" .....ဆုံးလိုက်ကြစို့...။


ပထမဦးဆုံးနေခဲ့သည့်ကျောင်း~~~~~~~~အ.လ.က (၅) ရန်ကင်း (သူငယ်တန်းနဲ့ ပထမတန်း) အဲ့ဒီနောက်မှာတော့ ဒုတိယတန်းမှ နောက်ဆုံး ဆယ်တန်းအောင်တဲ့ အထိ St.Augustine မှာ ပညာသင်ကြားခဲ့ ပါတယ်။

ပထမဦးဆုံး ရခဲ့သည့်မုန့်ဖိုး~~~~~~~~~ ၁၀ကျပ်။ မုန့်ဟင်းခါးတစ်ပွဲ အကြော်နဲ့ ကျောင်းမှာစားရင် ၅ ကျပ် သာပေးရတဲ့အချိန်ကပါ...။

ပထမဦးဆုံး စီးဘူးသည့် ဘက်စ်ကား~~~~~ မထသ (၅၁) ကျွန်တော်နေတဲ့နေရာကနေ ကျောင်းကိုသွားတဲ့ အခါစီးပါတယ်...။

ပထမဦးဆုံးကျောင်းပြေးဖူးသည့်အချိန်~~~~~~တကယ်ပြောတာပါ...။ ကျွန်တော် တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ ကျောင်းမပြေးဖူးပါဘူး...။ ကျူရှင်တော့ ခဏခဏလစ်တယ်...။ ဟဲ..ဟဲ။

ပထမဦးဆုံး ဂစ်တာတီး သင်ရင်းဆိုခဲ့သည့် သီချင်း~~~~~~ Okra ရဲ့ "မ မရှိတဲ့နေ့ရက်များ" ပါ G, Em, C, D ဆိုတော့လည်း သိတဲ့အတိုင်းပဲ Round လိုက်ရုံပဲလေ။ :)

ပထမဦးဆုံး ထိုင်ဖူးသည့် လဘ္ဘက်ရည်ဆိုင်~~~~~ ငယ်ငယ်တုန်းကတော့ ကျောက်မြောင်းမှာနေတုန်း ဦးလေးတွေနဲ့ ပါပါသွားဖူးတာတွေ ရှိပါတယ်..။ မှတ်မှတ်ရရတော့ သိပ်မရှိပါဘူး...။ ဒါပေမယ့် သိတတ်တဲ့အရွယ် ကျောင်းသားဘ၀မှာ စထိုင်ဖူးတဲ့ဆိုင်ကတော့ ကျွန်တော်တို့ကျောင်းဘေးမှာ ရှိတဲ့ "လပြည့်ဝန်း" ဆိုတဲ့ဆိုင်ပါ။ အခုတော့ ပိတ်သွားတာကြာပါပြီ...။

ပထမဦးဆုံးသောက်ဖူးသည့် စီးကရက်~~~~~~ 555 ပါ၊ ကျွန်တော် ၉ တန်းဖြေပြီးတဲ့နှစ် သင်္ကြန်လည်တုန်း 555 Promotion အဖွဲ့က Tiger Beer ဗူးပုံလေးထဲမှာ ဆေးလိပ်တွေထည့်ပြီး ကျွန်တော့် ကောင်မလေး (အဲ့ဒီတုန်းက :P) လည်ပင်းမှာ လာဆွဲသွားပေးတာကို ယူသောက်ခဲ့တာပါ။ အဲ့ဒီ့နေ့က စပြီးဆေးလိပ်စသောက် ဖူးတာပါ...။ ဘ၀ပေးကကောင်းတော့ အဲ့ဒီ့ပထမဆုံးအကြိမ်မှာပဲ တစ်ခါထဲ ဆေးလိပ်သောက်တက်သွားပါတော့ တယ်။ ဒါပေမယ့် တစ်ကယ်တန်း လုံးဝဆွဲဆွဲလမ်းလမ်းသောက်ခဲ့တာကတော့ ကျွန်တော် ရှေ့တန်းစစ်မျက်နှာ ပြင်ရောက်တဲ့ အချိန်ကမှ စတာပါ။( ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်)

ပထမဦးဆုံးသောက်ဖူးသည့် ဆေးပေါ့လိပ်~~~~~~~ငွေတောင်.....။ ကျွန်တော်အရမ်းချစ်တဲ့ ဦးလေးရဲ့ ဆေးလိပ်ကို ယူသောက်တာပါ။

ပထမဦးဆုံးရည်းစားထားဖူးသည့် အချိန်~~~~~~~~ ၁၉၉၉ ခုနှစ် ဇန်န၀ါရီ ၃၀။

ပထမဦးဆုံးဖတ်ဖူးသည့်ဝတ္တုစာအုပ်~~~~~~~~ "လရောင်ချို" ရေးသားတဲ့ "ကျောင်းခေါင်းလောင်းသံ" ဆိုတဲ့ ၀တ္ထုပါ။ ကျွန်တော် ၈ တန်းလောက်ကမှ ၀တ္ထုကိုစဖတ်ခဲ့ဖူးတာပါ။ ပထမဆုံး ပြင်ပစပေအနေနဲ့ ထိတွေ့ခဲ့ ရတဲ့စာအုပ်ကတော့ (ငယ်ငယ်တုန်းကဖတ်တဲ့ တေဇ၊ မိုးသောက်ပန်း၊ ရွှေသွေး နှင့် ကာတွန်းစာအုပ်များမပါ) ကျွန်တော် ၅ တန်းနှစ်တုန်းက အတန်းထဲမှာ လာရောင်းလို့ ၀ယ်ခဲ့တဲ့ "ဆရာဖေမြင့်" ရဲ့ " နှလုံးသားအဟာရ" စာအုပ်ပဲ ဖြစ်ပါတယ်။ ပထမဆုံး မော်ဒန်စာပေအနေနဲ့ကတော့ "မင်းခိုက်စိုးစန်" ရဲ့ ၀တ္ထုတိုများ စုပေါင်းထားတဲ့ "ကောင်းကင်နှင့် မလွတ်တဲ့အတောင်ပံ တစ်စုံ" ဖြစ်ပါတယ်။

ပထမဦးဆုံး ဖတ်ဖူးသည့် ဘာသာရေးကျမ်း ~~~~~~ " ဒေါက်တာ မင်းတင်မွန်" ရေးသားတဲ့ "သိပ္ပံနယ်လွန် ဗုဒ္ဓဘာသာ" ဆိုတဲ့ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ရေးထားတဲ့ စာအုပ်ပါ။ ဒီစာအုပ်မှာ ဗုဒ္ဓဘာသာအကြောင်းကို အနောက်တိုင်းနဲ့ ဘာသာခြားတို့မှ ထောက်ပြခဲ့ဖူးသည့် အားနည်းချက်များကို သိပ္ပံနည်းကျကျ၊ ယုတ္တိရှိရှိ ပြန်လည် ရှင်းပြထားခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ပြည်မနိုင်ငံမှာရောက်ရှိနေတဲ့ ဗုဒ္ဓဘာသာများ လေ့လာသင့် ပါတယ်။ မိမိတို့ ဘာသာအား ပညာစမ်းလာပါက မှန်ကန်ပြီး ယုတ္တိကျသောနည်းများဖြင့် ပြန်လည် တုံ့ပြန်နိုင် အောင်ပါ။

ပထမဦးဆုံး အရက်မူးဖူး သည့်အချိန်~~~~~~~~~ ကျွန်တော် ၇နှစ်သားလောက်ရှိမယ်ထင်တယ်။ ကျွန်တော့် အဖွားက ခရစ်ယာန်ဘာသာဝင်ဆိုတော့ အိမ်မှာ လုပ်တဲ့ ခရစ်စမတ်ပွဲမှာ ကျွန်တော်နဲ့ ကျွန်တော့်ဦး လေး သောက်ဖို့ဆိုပြီးတော့(အမှန်က ဦးလေးအတွက် အဓိကဖြစ်ပါလိမ့်မယ်) အဖွားက Chivas တစ်လုံးထောင် ပေးပါတယ်။ အဲ့ဒါ ဘယ်လိုသောက်လိုက်လဲတော့ မသိဘူး ( ကျွန်တော့်ဦးလေးပဲ သောက်တာနေမှာပါ :P) ပုလင်းလည်းလဲ လူလည်းလဲ။ အိမ်မှာရှိတဲ့လှေခါးကို လေးဘက်ထောက်ပြီး တက်ခဲ့ရဖူးပါတယ်။


ပထမဦးဆုံး ပစ်ဖူးသည့် သေနတ်~~~~~~~~ G-4 ပါ။ ဗိုလ်လောင်းဘ၀က စတင်ပစ်ခတ်ခဲ့ဖူးခြင်းဖြစ်ပါ တယ်။ အခုတော့ တော်တော်စုံနေပါပြီ။ လက်ကတော့ တော်တော်လေးကိုဖြောင့်ပါတယ်...။ လှလေးစိန်နဲ့ နင်လား ငါလားပါပဲ။ :P

ပထမဦးဆုံး ရောက်ခဲ့ဖူးသော နိုင်ငံခြား~~~~~~ Singapore ပါ။ ကျွန်တော် ၉၄ နွေရာသီကျောင်းပိတ်ရက် မှာ ကျွန်တော့်အဖိုးနဲ့အတူ ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ အလည်သက်သက်ပါပဲ။

ပထမဦးဆုံး ရေးခဲ့သော ဘလော့ဂ် ပိုစ့်~~~~~~~~ The Reason ဆိုတဲ့ ကဗျာ အတိုလေးတစ်ပုဒ်ပါ။

p.s- ကဲ ကိုလင်းထက်ရေ အစ်ကိုချဲပေးထားတဲ့ လိုင်းတွေနဲ့ အမှတ်တရဖြစ်အောင် အစ်ကို Tag ထားတဲ့ပို့စ်ကို အရင်ဆုံး စတင်လိုက်ပြီ။ ကျေးဇူးပဲ အစ်ကိုရေ Idea ခမ်းခြောက်နေတဲ့ကာလမှာ ကုန်ကြမ်းပေးတဲ့အတွက်ရော။ စာကြောင်းတွေ ချဲပေးတဲ့အတွက်ရော :)

Sep 22, 2008

ခေတ်သစ် မင်းနန္ဒာ...

AD 2500
အချိန်ကာလများသည် အလင်း၏ အရှိန်နှုန်းထက် လျှင်မြင်စွာ လှုပ်ရှားခဲ့ပြီ ဖြစ်သည်။ စက္ကန့်နှင့်အမျှ ပြောင်းလဲ နေသော ကျွန်တော်တို့၏ လူ့ပတ်ဝန်းကျင်သည်လည်း မည်မျှလောက်သေးငယ်သော အချိန်အပိုင်း အစလေးကိုမှ အလွတ်မပေးပဲ မျက်ချည်မပြတ်စောင့်ကြည့်လျှက်ရှိနေပြီ ဖြစ်ပါတယ်။ ကမ္ဘာ၏ လည်ပတ်မှု သည်ပဲ နှေးကွေး သွားသလား၊ နာရီနှင့် အချိန်တို့၏ ပညတ်များကပဲ လျှင်မြန်သွားကြလေသလား မပြောတတ် ပြောင်းလဲမှုများသည် တမဟုတ်ခြင်း လျှင်မြန်လွန်းလှပေသည်။ လူသားတို့၏ လိုအပ်ချက်များနှင့် စိတ်ဆန္ဒအား ဖြည့်ဆည်းဖို့ ကြိုးစားနေရသည့် ပညာရှင်များအဖို့ ယားလို့ပင် မကုတ်အားပဲ...၊ ခေတ္တမျှ ထုံးတို့ထားရသည့် အနေအထား ဖြစ်နေလေသည်။ ဥပမာ လူသားတို့၏ ကျန်းမာရေး အတွက် ညစ်ငြမ်းလာသော ပတ်ဝန်းကျင် လေထု၏ အန္တာရယ်အား ကာကွယ်ရန်အတွက် "လေသန့်ဘူး" များအား ဈေးကွက်အတွင်း ကျယ်ပြန့်စွာ တင်သွင်းရောင်းချလာခြင်း၊ စဉ်းစားတွေးတောမှုများ ပိုမိုပြုလုပ်နိုင်ရန် "ဦးနှောက်များ သို့မဟုတ် ဦးခေါင်း" အပိုများအား သာမန်လူသုံးကုန် ပစ္စည်းရောင်းသောဆိုင်များတွင် အလွယ်တကူ ၀ယ်ယူရရှိလာနိုင်ခြင်း စသည်တို့မှာ အသေးစားပြောင်းလဲမှုများလောက်ပင် ဖြစ်ပေသည်။

ဒီနှစ်ပိုင်းအတွင်း ကျွန်တော်တို့၏ ကမ္ဘာလောကကြီးအတွင်းတွင် ကြီးမားသော ပြောင်းလဲမှုကြီးများ အမြောက် အများ ပေါ်ပေါက်လာခဲ့သည်။ ကြောက်မက်ဖွယ် ပညာရပ်နှင့် သဘောတရားတော်လှန်ရေးကြီးများ ဖြစ်ပွားသွား ခဲ့သည်။ ၂၃ နှစ်ပိုင်းတစ်ပိုင်း တိမ်းစောင်းလျက်ရှိသော ကမ္ဘာမြေကြီးအား ရေပြင်ညီအတိုင်း ပြန်လည်တည့် မတ်လိုက်နိုင်ပါက လူသားတို့၏ တစ်ယောက်အပေါ်တစ်ယောက် တိမ်းစောင်းနေသော အမြင်များ ပြန်လည် တည့်မတ်လာကာ (လူသားအချင်းချင်း အထင်အမြင်လွဲမှားမှုများသည် ကျွန်ုပ်တို့၏ ကမ္ဘာကြီး ၂၃ နှစ်ပိုင်းတစ် ပိုင်း ဒီဂရီတိန်းစောင်းနေသောကြောင့် ဟူသောအယူအဆမှာ အင်မတန်မှပင် လေးစားလောက်ပါတယ်) လူလောကကြီး ပိုမိုသာယာဖွံ့ဖြိုးလာနိုင်သည်ဆိုကာ ကမ္ဘာမြေညီအား ရေပြင်ညီဖြစ်သည့် (၀) သို့မဟုတ် (၁၈၀) ဒီဂရီသို့ တည့်မတ်နိုင်ရင် အပြင်းအထန်ကြိုးစားနေသည့် သုတေသန လုပ်ငန်းကြီးများမှာလည်း မရေမတွက်နိုင်လောက်အောင်ပင် ဖြစ်ပါတယ်။

သတင်းစာများတွင်လည်း နေ့စဉ်နှင့်အမျှ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြိုင်အဆိုင် တီထွင်ဖန်တီးမှုများကို အများအပြားပင်တွေ့နိုင်ပါတယ်။ လွန်ခဲ့သည့် တစ်ပတ်ခန့်ကပင် လူသားတို့၏ ခန္ဓာကိုယ်အတွင်းမှ ထုတ်လွှင့် နေသည့် မမြင်နိုင်သော ရောင်ချည်တစ်မျိုး ( ၎င်းတို့အခေါ်အဝေါ်အရ H-Ray) အား ဖမ်းယူနိုင်သော အထူးပြု လုပ်ထားသည့် "ကြည့်မှန်" တစ်မျိုးအား အောင်မြင်စွာ ထုတ်လုပ်လိုက်ပြီ ဖြစ်ရောင်း။ ထိုကဲ့သို့ လူ့ခန္ဓာကိုယ်မှ ထုတ်လွှင့်သော H-Ray များအား ၎င်းမှန်ဖြင့် ဖမ်းယူနိုင်ခဲ့ခြင်းကြောင့်၊ ထိုမှန်အတွင်း အထူးတီထွင်တပ်ဆင်ထား သော နည်းပညာများ၏ အကူအညီဖြင့် ကျွန်တော်တို့၏ အရင်ဘ၀များကို မှန်အတွင်း ရှင်းလင်းစွာ ပြန်လည် ကြည့်ရှုနိုင်ပြီ ဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ ၎င်းတို့အသုံးပြုခဲ့သော နည်းပညာမှာ စိတ်၊ စေတသိတ်နှင့် နာမ်တို့၏ အဆက်မပြတ် ဖြစ်ပေါ်နေမှုအား စွမ်းအင်အဖြစ်သို့ အသွင်ပြောင်းလဲစေခဲ့ခြင်းဖြစ်ပါတယ်။

ထိုကဲ့သို့ အင်မတန်ထူးခြားဆန်းပြားသည့် သတင်းနှင့်နည်းပညာများ အဆက်မပြတ်ပေါ်ထွက်နေရာမှ ယခု (၂၆) ရာစုအတွက် အထူးချွန်ဆုံးသော သိပ္ပံပညာရှင်ဘွဲ့ကို ရရှိခဲ့သော တီထွင်မှုတစ်ခုသည် ကမ္ဘာတစ်ခုလုံး အား တုန်လှုပ်စေခဲ့ပါတယ်...။ " Combination Atom " လို့အမည်ရတဲ့ အစိတ်အစိတ် အပိုင်းပိုင်း ဖြစ်နေသော အမျိုးတူ Atom များအား ပြန်လည်ပေါင်းစပ်ဖွဲ့စည်းပေးနိုင်ခဲ့သော နည်းပညာပင်ဖြစ်ပါတယ်။ Atom များကို ခွဲစိတ်နိုင်ခဲ့သော နည်းပညာမှာ ကမ္ဘာပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကျော် ၆၀၀ နီးပါးခန့် ကတည်းက ပေါ်ပေါက်ခဲ့ပြီး Atomic Bomb များပြုလုပ်ကာ စစ်ပွဲများတွင် အသုံးချခြင်းများနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ခြင်းများတွင်ပင် အသုံးချခဲ့ပြီး ဖြစ်ပါတယ်။ ထိုစဉ်ကတည်းက ထိုကဲ့သို့ ခွဲစိတ်လိုက်သော၊ သို့မဟုတ် သဘာဝအလျှောက် တစ်စစီဖြစ်နေသော Atom အပိုင်းအစများအား မည်သို့မည်ပုံ ပြန်လည်ပေါင်းစပ်၍ မည်သည့်နေရာများတွင် အသုံးချနိုင်မည်နည်းဆိုသော မေးခွန်းမှာ သိပ္ပံပညာရှင်များ၏ ညများစွာကို တံခါး ခေါက်စေခဲ့ပါတယ်....။ ယခုတော့ ထိုနည်းပညာကို တွေ့ရှိ၍ အောင်မြင်စွာ အသုံးချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မည်သည့်နေရာတွင် အသုံးချခဲ့ ပါသနည်း ဆိုသော်......

အထူးပင် ပြောင်မြောက်၍ ဂုဏ်ပြုထိုက်သော တီထွင်မှုကြီး တစ်ခုတွင် အသုံးပြုနိုင်ခဲ့ပါတယ်။ ထိုတီတွင်နိုင်ခဲ့မှု ကြောင့် ကမ္ဘာလောကကြီးသည် ယခင်က အသုံးပြုခဲ့ကြသော "ကမ္ဘာ့ရွာကြီး" ဆိုသောစကားလုံးထက်ပင် သေး ငယ်သွားကာ "ကမ္ဘာ့ အိမ်သာကြီး" ဖြစ်သွားပါတော့တယ်။ ၎င်းတီထွင်မှုကြောင့် လူသားများ၏ ဆက်သွယ်ရေး၊ ပို့ဆောင်ရေးလုပ်ငန်းများသည် မယုံနိုင်လောက်အောင်ပင် လွယ်ကူ၊ မြန်ဆန်သွားခဲ့ပါတယ်။ အာကာသယာဉ်၊ မော်တော်ယာဉ်၊ လေယာဉ်၊ လှည်းယာဉ် စသည့်မည်သည့်ယာဉ်မျှ အသုံးပြုရန်မလိုလောက် အောင်ဖြစ်သွား ခဲ့ပါတယ်။ ယာဉ်များအသုံးပြုစရာ မလိုတော့သောကြောင့် ဓာတ်ဆီနှင့် ရေနံဈေးများ အလကား အလှူကြီးပေးရ မတတ် ဈေးနှုန်းများကျဆင်းသွားခဲ့ပါတယ် (လောင်စာဆီကြောင့် ဖြစ်ပွားရသော ကျူးကျော်စစ်များလည်း ထပ်မံဖြစ်ပွားခြင်း မရှိတော့ကြောင်းလည်း တွေ့ရှိရပါတယ်)။ ထိုကဲ့သို့ စက်သုံးဆီ ဈေးနှုန်းများကျဆင်းမှု ကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဈေးသက်သာသွားပြီး ကုန်ဈေးနှုန်းများ ကမ္ဘာနှင့်အ၀ှမ်း ခွေးကျ၊ ၀က်ကျ ပြုတ်ကျကုန်ပါတော့တယ်။ ကမ္ဘာပြည်သူအပေါင်းလည်း စားဝတ်နေရေးများချောင်လည်လာပြီး၊ လူနေမှုအဆင့် အတန်းများသည်လည်း အလင်း၏ အလျှင်ကဲ့သို့ လျှင်မြန်စွာတိုးတက် ပြောင်းလဲလာခဲ့ပါ တော့တယ်။ အလွန်ကို အကျိုးရှိလှတဲ့ တီထွင်အောင်မြင်မှုကြီး ပါပဲ....။

မည်သို့ မည်ပုံ အသုံးပြုသနည်း ဆိုသော်.....

ထို Atom များကို ပြန်လည်ပေါင်းစပ်ပေးနိုင်သော နည်းပညာကြီးအား Open Source အဖြစ် ကမ္ဘာ့ဈေးကွက် သို့ တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ လူသားများ၏ အကျိုးအတွက် အခကြေးငွေမယူပဲ လှူဒါန်းခဲ့ခြင်း ဖြစ်ပုံရပါတယ်။ ထိုနည်းပညာအားအသုံးချပုံမှာ အလွန်တရာမှ ရိုးရှင်းလှပါသည်။ ထိုနည်းပညာအား အသုံးပြုရန် ကွန်ပျုတာတစ် လုံးနှင့် Atom များကို (Divide, Emit, Receive နှင့် Combine) ခွဲထုတ်ပေး၊ ထုတ်လွှင့်ပေး၊ လက်ခံပေး ပြီးတော့ ပြန်လည်ပေါင်းစပ်ပေးမည့် Program များဖြင့် ပြုလုပ်ထားသည့် ရေခဲသေတ္တာတစ်လုံးမျှသာ ပမာဏရှိ သည့် စက်တစ်လုံးသာလိုအပ်မည် ဖြစ်ပါတယ်...။ ၎င်းစက်နှင့် ကွန်ပျူတာအားတွဲဖက်ပြီး အသုံးပြုရမည် ဖြစ်ပြီး....။ အသုံးပြုပုံမှာ တစ်နေရာမှ တစ်နေရာသို့ ပို့လိုသော ပစ္စည်းများ (လူကိုယ်တိုင်သွားလိုပါကလည်း ရပါသည်။) ကို ထိုစက်အတွင်းသို့ ထည့်လိုက်ရုံသာဖြစ်ပါသည်။ လူဖြစ်ပါက ထိုစက်ထဲသို့ဝင်ကာ ထိုင်ခုံတွင် ထိုင်ရန်သာ လိုအပ်ပါသည်။ ထိုကဲ့သို့ လူ (သို့) ပစ္စည်းသည် စက်အတွင်းသို့ ရောက်ရှိသွားပါက ကွန်ပျူတာမှ တစ်ဆင့် Run လိုက်ပါက စက်အတွင်းရှိ အထူးပြုလုပ်ထားသော ရောင်ခြည်များနှင့် နည်းပညာများ၏ အကူအညီဖြင့် ပို့လိုသောဖက်မှ လူ(သို့) ပစ္စည်း၏ Atom များကို အပိုင်း အစများဖြစ်သွားအောင် ပြုလုပ်အာ Internet လမ်းကြောင်းမှတစ်ဆင့် သွားလိုရာသို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး၊ တစ်ဖက်မှလက်ခံရရှိသည်နှင့် တစ်ပြိုင်နက် Atom များကို ပြန်လည် ပေါင်းစပ်ပေးလိုက်ခြင်းဖြင့် လူဖြစ်စေ၊ အရာဝတ္ထုဖြစ်စေ အကောင်းပကတိ အတိုင်း အလိုရှိရာသို့ အောင်မြင်စွာ ရောက်ရှိသွားပြီဖြစ်ပါတော့တယ်...။

ထိုကဲ့သို့၎င်းနည်းပညာ၏ အကျိုးကျေးဇူးကြောင့် ကမ္ဘာအ၀ှမ်းမှလူများ ပျော်ရွှင်နေချိန်တွင်ပင် အလွန်ပင် ၀မ်းနည်းဖွယ်ကောင်းသော သတင်းတစ်ခု ကမ္ဘာပေါ်သို့ ပျံ့လွင့်သွားခဲ့လေသည်။ ဖြစ်ပုံမှာ အလွန်ပင် အံသြဖွယ် ကောင်း၍ ကြေကွဲဝမ်းနည်းဖွယ်ရာလည်း ကောင်းလှပေသည်။ လူငယ်တို့ သဘာဝအရ ချစ်ကြိုက် နေသော ချစ်သူနှစ်ဦးနှင့် ပတ်သတ်၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ကောင်လေးနှင့် ကောင်မလေးသည် ကမ္ဘာပေါ်ရှိ သီးခြားနိုင်ငံ တစ်ခုစီတွင်တည်ရှိနေကြသော်လည်း ထိုနည်းပညာကြီး၏ အကူအညီဖြင့် နေ့စဉ် နေ့တိုင်း လွယ်ကူအစဉ်ပြေစွာ ဆုံတွေ့နိုင်ခဲ့ကြပါတယ်။ (လူကြီးများက ၎င်းတို့နှစ်ဦးအား သဘောမတူကြသော ကြောင့် Internet နှင့် ၎င်းနည်းပညာ အကူအညီဖြင့် ထိုကဲ့သို့ခိုးတွေ့နေကြခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။) ထိုကဲ့သို့ နေ့စဉ်တွေ့ဆုံနေရာမှ တစ်နေ့တွင် ကောင်လေးသည် မိဘများသဘောထားတင်းမှာမှကြောင့် ကောင်မလေး အား သွားရောက်ခိုးယူရန်အတွက် စက်အတွင်းသို့ဝင်ကာ တစ်ဖက်နိုင်ငံသို့အသွားတွင် ၎င်းနေထိုင်ရာ နိုင်ငံဘက်အခြမ်း၌ ထုံးစံအတိုင်း မီးပျက်သွားရာမှ (နောက်ပိုင်းသတင်းများအရ ၎င်းကောင်လေးမှ ကောင်မလေးအား သွားရောက်ခိုးယူရန် သွားသောနေ့သည် ၎င်းတို့မြို့နယ် နေ့လည်မှစ၍ မီးပျက်မည့် အလှည့်ဖြစ်ကြောင်း သိရှိရ) လိုရာခရီးသို့ရောက်ရှိခြင်း မရှိတော့ပဲ Internet လမ်းကြောင်းအတွင်း Atom များအပိုင်းပိုင်းအစစဖြစ်ကာ သေဆုံးသွားခြင်းပင် ဖြစ်ပါတော့သည်။

p.s- ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ သိပ္ပံဇာတ်လမ်းထဲမှ အပိုင်းအစအချို့အား တစ်ချို့တစ်ချို့ ကျွန်တော်ပြောချင် သော (လက်ရှိဖြစ်ပျက်နေသည့်အရာများနှင့် စိတ်ကူး) အရာများ ပေါင်းစပ်ကာ ရေးသားထားခြင်း ဖြစ်ပါသည်။

Sep 20, 2008

ကျွန်တော်နှင့် အပျော်ဆုံးအချိန်


အခန်း(၁)

တကယ်တော့ ဘ၀ဆိုတာ
ဖမ်းချုပ်ဆုပ်ကိုင်လို့ မရတဲ့
အရိပ်တစ်ခုပါပဲ.....။
(Black Dream)

လူတိုင်းမှာ သူတို့အတွက် အပျော်ဆုံးအချိန်ဆိုတာ ရှိတတ်ကြစမြဲပါ...။ လူထဲက လူတစ်ယောက်ဖြစ်တဲ့ (မိမိ ကိုယ်ကို သတ်မှတ်ထားခြင်းမျှသာဖြစ်သည်) ကျွန်တော့်မှာလည်း အပျော်ဆုံး အချိန်ဆိုတာရှိပါတယ်။ တစ်ခြား သူတွေနဲ့ နဲနဲကွာခြားမယ်ထင်တာ တစ်ခုတော့ ရှိပါတယ်။ သူများတွေက ဖြစ်ခဲ့ပြီးတဲ့ အတိတ်၏ ဖြစ်ရပ်များထဲ မှသာ အပျော်ဆုံးအချိန်ဆိုတာကို သတ်မှတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အပျော်ဆုံး အချိန်က တော့ အနာဂတ်မှာပါ။ မရောက်သေးပါဘူး..။ ကျွန်တော်စောင့်ရအုံးမှာပါ...။ ဘယ်နေ့လဲ..? ဘယ်လောက် စောင့်ရမလဲ...? ကျွန်တော်ကိုယ်တိုင် သေသေချာချာမသိသေးပါဘူး။ ဘယ်လိုပဲ ဖြစ်နေပါစေ သေချာတာ တစ်ခုကတော့ အဲ့ဒီ့နေ့ဟာ ကျွန်တော့်အတွက် အပျော်ဆုံးနေ့ တစ်ခု ဖြစ်လာမယ်ဆိုတာပါပဲ။ ကျွန်တော့်ရဲ့ အယူအဆအရ အဲ့ဒီ့နေ့ရက်ကို ကျွန်တော်ဘ၀တစ်လျှောက်လုံးမှာ ဖြတ်သန်းခဲ့တဲ့နေ့ရက်တွေထဲမှာ အမြင့် မြတ်ဆုံးလို့ သတ်မှတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ အပျော်ဆုံးနေ့အဖြစ်သတ်မှတ်ထားတဲ့ အဲ့ဒီ့ နေ့မှာ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ အောင်မြင်ခြင်း၊ ကျဆုံးခြင်း စတဲ့ ဘ၀တစ်လျှောက်မှာ လူသားတိုင်း မလွဲမသွေ ကြုံတွေ့ကြရမယ့် အစွန်းတရားတွေကနေ လွတ်မြောက်စွာ ရုန်းထွက်သွားနိုင်ခြင်းကြောင့်ပါပဲ။ စကားလုံးလှလှလေးနဲ့ ပြောရမယ်ဆိုရင်တော့ "သေခြင်းတရားဆိုတဲ့ တံခါးတစ်ချက်ကို ဖွင့်ခွင့်ရမယ့်နေ့" ပေါ့။

အခန်း (၂)

ရှင်သန်ခြင်းဆိုတာ
တကယ်တော့
သေခြင်းတရားရဲ့ အဓိက တရားခံပါပဲ....။
(Black Dream)

ကျွန်တော် ငယ်ငယ်လေးကတည်းက ကျွန်တော့်ရဲ့ အပျော်ဆုံးနေ့လေးကို ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ဆင်နွဲ မယ်ဆိုတာကို စဉ်းစားခဲ့ဖူးပါတယ်။ ကျွန်တော်အဲ့ဒီ့နေ့လေးမှာ ဘာမှထွေထွေထူးထူး မတောင်းဆိုချင်ပါဘူး။ လိုလည်းမလိုချင်ပါဘူး...။ ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်တော့ (လူသားတို့ရဲ့သဘာဝအရ) နဲနဲတောင်းဆိုချင်ပါ တယ်။

ကျွန်တော့်၏ ပျော်ရွှင်ခြင်း အခမ်းအနားသို့....

၁။ မျက်ရည်ကျတတ်သူများ မတက်ရောက်ရ၊
၂။ ဟန်ဆောင် ပူလောင်ပြသူများ မတက်ရောက်ရ၊
၃။ လူမှုရေး အမြတ်ထုတ်လိုသူများ မတက်ရောက်ရ၊
၎။ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ပြောသူများ မတက်ရောက်ရ၊
၅။ "အနိစ္စ" စကားလုံးအား စာလုံးမပေါင်းတတ်သူများ မတက်ရောက်ရ။

အခမ်းအနားအတွက်...

၁။
သတင်းစာအတွင်း ထည့်သွင်းကြော်ငြာခြင်းမပြုရ၊
၂။
ယပ်တောင်များ၊ ရေသန့်ဘူး ဝေခြင်းများမပြုရ၊
၃။ နေကြာစေ့၊ ကွာစေ့၊ ဖရုံစေ့ အစရှိသော မည်သည့် အစေ့မှ စားသောက်ခြင်းမပြုရ၊
၎။ ဖဲဝိုင်းမထောင်ရ၊
၅။ မုန့်ဟင်းခါးမကြွေးရ။

ကျွန်တော်တောင်းဆိုချင်တာ ဒီလောက်ပါပဲ...။ ကျန်တာတော့ထွေထွေထူးထူးမရှိပါဘူး။

အခန်း (၃)

လူ့ဘ၀ဆိုတာ
တကယ်တော့...
အကုသိုလ် အကြွေးဝယ်တဲ့နေရာတစ်ခုပေါ့...။
(သစ္စာနီ)

ကျွန်တော့်ရင်ခုန်ခဲ့တဲ့ ကျွန်တော့်ရဲ့ အပျော်ဆုံးနေ့ရက်အတွက် ကျွန်တော်ပြင်ဆင်မှု တစ်ချို့ကို ငယ်စဉ်က စိတ်ကူးထားခဲ့တဲ့အတိုင်း ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ပထမဆုံး ပြင်ဆင်မှုအနေနဲ့ ကျွန်တော့်ရဲ့ အသက် (၁၈) နှစ်ပြည့်မွေးနေ့မှာ ရန်ကုန်မျက်စိ၊ နား၊ နှာခေါင်း ဆေးရုံကြီးမှာ ကျွန်တော်မျက်ကြည်လွှာလှူဒါန်းခဲ့ပါတယ်။ ကျွန်တော့်အတွက်မှ အသုံးမ၀င်တော့တာဗျာ...။ ဒါကြီးဘာသွားလုပ်မှာလဲ...။ တကယ်တော့ အာရုံငါးပါးဆိုတာ (အဆိုးမြင်နဲ့ ကြည့်မယ်ဆိုရင်) သတ္တ၀ါတွေရဲ့ သံသရာကိုမရှည်ရှည်အောင်ဆွဲဆန့်ပေးနေတဲ့၊ အကုသိုလ်တွေ ကို အလုံးလိုက် အရင်းလိုက် ကျွန်တော်တို့ရဲ့ ဘ၀အတွင်းဝင်ခွင့်ပေးနေတဲ့ အရာတွေပါပဲ။

ကျွန်တော့်အသက် (၂၀) ပြည့်နှစ် မွေးနေ့မှာတော့ ကျွန်တော် သက်ဆိုင်ရာ ဆရာဝန်ကြီးများနဲ့ စမ်းသပ်အစစ် ဆေးခံခြင်းများ၊ သဘောတူညီချက်များရယူ၍ ကျွန်တော့်ရဲ့ (ရှိနေသောလည်း ပိုင်ဆိုင်ခွင့်မရတဲ့ အကြီးစား အရိပ်ကြီး ဖြစ်တဲ့) ဒီခန္ဓာကိုယ်ကြီးကို ကျွန်တော့်ရဲ့ နာမ်က နောက်ထပ်ဘ၀တစ်ခုသို့ အကုသိုလ်များအကြွေး ယူဖို့ သွားတဲ့အခါ ဆေးပညာကိုလေ့လာနေကြတဲ့ ကျောင်းသား၊ ကျောင်းသူများနဲ့ ပညာရှင်များ အသုံးပြုဖို့ အတွက် Dead Body အဖြစ် လှူဒါန်းခဲ့ပါတယ်။ ကျွန်တော်စဉ်းစားခဲ့ဖူးတယ်လေ ဒီဘာမှသုံးစားမရတော့တဲ့ ခန္ဓာကြီးကို မြေမြှုပ်ဖို့နေရာပေးမယ့်အစား လောကကို သာယာလှပစေမယ့် သစ်ပင်၊ ပန်းမန်တွေစိုက်မယ်။ ဒါမှမဟုတ် လူသားနဲ့ သတ္တ၀ါတွေ အတွက်ခွန်အားဖြစ်စေမယ့် ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးတွေ စိုက်ရင် ပိုများ အကျိုးရှိမလားလို့...။ အဲ...။ မီးရှို့လိုက်တော့ရော....။ အင်း....။ မီးရှို့လိုက်တော့ လူတွေနဲ့ သဘာဝပတ်ဝန်း ကျင်ကို ဒုက္ခပေးမယ့် မီးခိုးငွေ့တွေနဲ့ Carbon Dioxide တွေပဲ ထွက်လာမယ်လေ...။ ဟုတ်တယ်မလား...?

ကဲ....။ ဒီလိုဆို ကိစ္စအားလုံးတော်တော်လေးကို ရှင်းသွားပြီ မဟုတ်လားဗျာ...?

ဇာတ်သိမ်း

သေခြင်းတရားဆိုတာ
အလှပဆုံး
နေ၀င်ချိန် ပန်းချီကား တစ်ချပ်ပါပဲ....။
(Black Dream)


ဒါတွေကတော့ ကျွန်တော်ရဲ့ ပြင်ဆင်မှုတစ်ချို့တစ်ဝက်ပဲ ဖြစ်ပါတယ်။ ဘာပဲ ပြောပြောကျွန်တော့်ရဲ့ ဆန္ဒတွေ ကို သဘောထားကြီးစွာ နားလည် လက်ခံပေးခဲ့ကြတဲ့ ကျွန်တော့်ရဲ့ မိဘနှစ်ပါးကိုတော့ ကျွန်တော်အလွန်တရာ ကျေးဇူးတင် ဦးညွတ်ပါတယ်။ တစ်ခုတော့ရှိတာပေါ့ဗျာ....။

ကျွန်တော် (တို့) က သူများတွေ ပြောပြောနေကြ သလိုပေါ့ဗျာ...။ " လူမဟုတ်တဲ့ လူတွေ" ဆိုတော့ ကိုယ့်ကိုယ်ကိုတော့ (မပိုင်တာခြင်းအတူတူ) သူများတွေလို မပိုင်ဘူးပေါ့...။ ဘယ်နေရာမှာသေမယ်...။ ဘယ်အချိန်မှာသေမယ်....။ ဘယ်လိုနည်းနဲ့ သေမယ်....။ မရေရာ လှပါဘူး...။ ရှေ့တန်းတစ်နေရာမှာပဲ တစ်ယောက်နဲ့ တစ်ယောက် ပျော်ပျော်ပါးပါး အသေသတ်တမ်းကစားရင်း အသက်ထွက်ချင် ထွက်သွားမယ် ၊ ခန္ဓာကိုယ်တစ်ခုလုံး ရစရာမရှိအောင်စုတ်ပြတ်ပြီး သေမယ်ဆိုရင်လည်း မတတ်နိုင်ဘူးပေါ့ဗျာ။ ဆေးရုံပေါ်က မျက်စိအလင်းမရတဲ့ လူတစ်ယောက် (သို့မဟုတ်) နှစ်ယောက်နဲ့၊ ဆေးကျောင်းနဲ့ ဆေးရုံက ပညာရှင်နဲ့ ကျောင်းသားတွေအတွက် "Sorry ပါ" ပေါ့...။

အကယ်၍များ ကံကြမ္မာဆိုတဲ့ (မြေနိမ့်ရာ လှံအမြဲစိုက်စေတတ်တဲ့၊ ရေနစ်သူကို ၀ါးအမြဲကူထိုးတတ်တဲ့) အူကြောင်ကြားကောင်ကများ သက်ညှာစွာ စဉ်းစားပေးလို့ ကျွန်တော့်ရဲ့ အခန်းအနားလေးကို ကျွန်တော် စိတ်ကူး၊ အကောင်အထည်ဖော်ခဲ့လို ပုံစံမျိုးနဲ့ ကျင်းပခွင့်ရမယ်ဆိုရင်တော့.....။ အတိုင်းထက်အလွန်ပေါ့ဗျာ...။

p.s- မောင်မျိုး Tag ထားတဲ့ " ၁၀ ရက်သာကျန်တော့မယ်ဆိုရင်" ဆိုတဲ့ခေါင်းစဉ်လေးကို ကျွန်တော့်ရဲ့ အမြင်၊ လုပ်ဆောင်ချက်အချို့နဲ့ ဖြည့်စွက်ထားကြောင်းပါ...။ ရေးသားဖော်ပြခဲ့ရာ အမြင်များသည် ကျွန်တော့်၏ သီးသန့် အမြင်များသာဖြစ်သောကြောင့် အပြည့်အ၀မှန်ကန်သည်ဟု မဆိုလိုကြောင်းပါ......။ ။

Sep 11, 2008

လွန်လေပြီးသော ၃၆၅ ရက်သို့...

ဒီနေ့ ကျွန်တော် Blog ရေးတာ (၁) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဟိုး..လွန်ခဲ့တဲ့ နှစ်, ဘလော့ကို စတင်ရေးသားက တည်းက ငါလည်း တစ်နှစ်ပြည့်ရင် ငါ့ဘလော့လေးအတွက် အမှတ်တရ တစ်ခုခုလောက်ရေးမယ်လို့ စိတ်ကူးလေး ရှိခဲ့ဖူးပါတယ်။ အခု ကျွန်တော်စောင့်ဆိုင်းခဲ့ရတဲ့ အဲ့ဒီ့နေ့ရက်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော် ဒီနေ့မှာ ဒီရပ်ဝန်းလေးကို ဖြတ်သန်းခဲ့သမျှကာလတွေထဲမှ အမှတ်တရနဲ့ ထူးထူးခြားခြားရှိခဲ့တဲ့ အဖြစ်အပျက်လေးတွေနဲ့ ကြုံတွေ့ခဲ့ရဖူးတဲ့ ဖြစ်ရပ်၊ အတွေ့အကြုံလေးများကို အမှတ်တရအနေနဲ့ ပြောပြချင်ပါတယ်...။

Blogspot နှင့် စတင် မိတ်ဆက်ခြင်း

Blogspot ဆိုတဲ့ ရပ်ဝန်းလေးတစ်ခုမှာ Black Dream ဆိုတဲ့အညတရတစ်ယောက်ရဲ့ ဖြစ်တည်ပုံကို စပြောရ မယ်ဆိုရင်တော့ ကျွန်တော့်ကို ဆရာ ကိုအောင် ကိုအရင်ဆုံး ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ သူက Gtalk မှာ သူလုပ်ထားတဲ့ Blog Link လေး တင်ထားလို့ ဘာများပါလိမ့်ဆိုပြီး သွားကြည့်ခဲ့ရာမှ ကျွန်တော့်ထံသို့ Blogging ဆိုတဲ့ ချစ်စရာ ရောဂါပိုးမွှားလေးတစ်ကောင် စတင်ကူးစက်ခဲ့ပါတော့တယ်။ အဲ့ဒီမှာပဲ...။ ကျွန်တော် ပူဆာတာနဲ့ ကျွန်တော့်သူငယ်ချင်း ကိုအောင်က သူ့မှာရှိတဲ့ Saturn God ရေးသားတဲ့ ဘလော့လုပ်နည်း စာအုပ်လေးကို Online ကနေပို့ပေးပါတယ်။ အဲ့ဒီ့နောက်မှာတော့ သူပေးထားတဲ့ စာအုပ်လေးထဲမှာ ပါတဲ့အတိုင်း ဟိုလုပ်ဒီလုပ်၊ ဟိုစမ်းဒီစမ်းနဲ့ ကျွန်တော့်ရဲ့ Black Dream ဟာ တဖြေးဖြေးရုပ်လုံးပေါ်လာခဲ့ပါ တော့တယ်။ ကိုအောင်၊ Saturn God ရဲ့စာအုပ်ပြီးရင် ကျွန်တော့်အတွက် မြင်ဆရာတွေ စုစည်းခဲ့ရာ နေရာတစ် ခုကတော့ HelpDesk ပဲ ဖြစ်ပါတယ်။ ကျွန်တော် အထက်မှာဖော်ပြခဲ့တဲ့ လူပုဂ္ဂိုလ်များအားလုံးနှင့် နေရာ၊ အရာဝတ္ထုများအားလုံးအား ကျွန်တော့်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ များအဖြစ် ဒီနေရာလေးကနေ ရှေးဦးစွာ ဂုဏ်ပြုလိုပါတယ်။

စတင်ခြင်း

Blog စလုပ်ပြီးတော့ ဘာစရေးလို့ရေးရမှန်း ကျွန်တော်မသိခဲ့ပါဘူး။ အဲ့ဒါနဲ့ပဲ ကျွန်တော် အရင်က ခံစားရတိုင်း (အားယားနေတိုင်း) ရေးထားခဲ့ဖူးတဲ့ ကျွန်တော့်ကဗျာစာအုပ်လေးထဲမှ ကဗျာများကို စတင်ကူးယူပြီး ရေးသားခဲ့ ပါတယ်။ မြန်မာလက်ကွက်ကို အရင်ကရိုက်ဖူးပေမယ့် အသုံးမပြုတာ အချိန်တော်တော်ကို ကြာခဲ့တာကြောင့် ကဗျာတစ်ပုဒ်ပြီးဖို့ကို တော်တော်ကိုအားတင်းပြီး ရေးသားခဲ့ရပါတယ်။ ရေးသာ ရေးခဲ့တာပါ...။ ဘလော့လောက အကြောင်း နကန်းတစ်လုံးမှ မသိလေတော့ သူများဘလော့တွေ သွားလည်ခြင်း၊ ကိုယ့်ဘလော့ကို လာလည်ဖို့ ဖိတ်ခေါ်ခြင်း စတာတွေကို ကျွန်တော် မလုပ်တတ်ခဲ့ပါဘူး။ အဲ့ဒီ့တော့ အကျိုးဆက်က ရှင်းပါတယ်။ ပို့စ် ၁၀ ခုလောက်တင်လို့မှ ကွန်မန့်တစ်ခု မရခဲ့ပါဘူး။ ဘာပြောကောင်းမလဲ ဟွန်း....။ ဘာမှမရေးပဲ ပြစ်ထားလိုက် တာပေါ့။ အမှန်အတိုင်းပြောရရင် ဘာမှဆက်လုပ်ချင်စိတ် မရှိတော့လို့ပါ။ အဓိက ကတော့ Blogger များအားလုံး တူညီစွာလက်ခံထားတဲ့ Comment နဲ့ Cbox ဆိုတဲ့အားဆေးတွေ မရရှိခဲ့လိုပဲ ဖြစ်ပါတယ်။ (ကျွန်တော့်လို အဖြစ်မျိုးတော့ နောက်ပိုင်းမှာ အသစ်အသစ် ပေါ်ပေါက်လာတဲ့ Blogger တွေခံစားရခြင်း မတွေ့ တဲ့အတွက် ၀မ်းသာမိပါတယ်)

ပြန်လည် အသက်သွင်းခြင်း

ဒီလိုနဲ့ ကျွန်တော်ပြစ်ထားခဲ့ရာက... အဲ့ဒီ့အချိန်မှာ ကျွန်တော့်ဘေးမှာ ရှိနေခဲ့တဲ့ ကျွန်တော့်သူငယ်ချင်း (သူငယ်ချင်းဆို သူငယ်ချင်းပဲ ဘာမှထပ်မမေးနဲ့ :P ) တစ်ယောက်က ဆက်ရေးဖို့အားပေးပါတော့တယ်။ အကြောင်းက ၂ ခုပါ...။ (၁) ကျွန်တော့်ကို အားပေးတဲ့အနေနဲ့ ရေးခိုင်းပါတယ် (၂) တစ်ချိန်က သူသိပ်ချစ်ခဲ့တဲ့ သူ့ ချစ်ချစ် အစ်ကိုကြီးက ယခုလက်ရှိ မြန်မာ ဘလော့ဂါလောကမှာ Pioneer တစ်ဆူ အဖြစ်ရှိနေသေးတဲ့ သူတစ်ယောက်လိုပဲ အောင်မြင်စေချင်တဲ့ ဆန္ဒကြောင့် ရယ်ပါ။ ကျွန်တော် ပြင်သမျှ (ကလိသမျှ) Template တွေကို တစ်ညလုံး ကျွန်တော်နှင့်အတူ အိပ်ရေးပျက်ခံပြီး ဟိုဟာဖျက်၊ ဒီဟာမထည့်နဲ့၊ ဒီဘက်နဲနဲတိုး၊ အပေါ်ကို နဲနဲတင် စသည်ဖြင့် အမျိုးမျိုး ဝေဖန်အကြံပေး၍ လည်းကောင်း၊ ဟိုပို့စ်မကောင်းဘူး၊ ဒီပို့စ်ညံ့တယ်၊ အဲ့ဒီစကားလုံး အားမပါဘူး စသည်ဖြင့် အားပေးအားမြှောက် ဂုဏ်ပြု၍လည်းကောင်း ကျွန်တော့်ရဲ့ ရောဂါပိုးကို ပြန်လည် အသက်သွင်းခဲ့ပါတော့တယ်။ နောက်ဆုံး ကျွန်တော် အခုချိန်ထိ ကျွန်တော့် Blog မှတင်ထားတဲ့ ဆောင်ပုဒ်ဟာ သူနဲ့အတူ စဉ်းစားရင်း ရခဲ့တဲ့ ဆောင်ပုဒ်တစ်ခုပဲ ဖြစ်ပါတယ်...။ သူဟာ ကျွန်တော့်ရဲ့ ပထမဆုံး နဲ့ အမြဲတမ်း တည်ရှိနေမဲ့ အမာခံ ပရိတ်သတ်တစ်ယောက်အဖြစ် ကျွန်တော် တကယ်ကို လေးလေးနက်နက် အသိအမှတ်ပြုမိပါတယ်။ (နင့်နာမည်ကိုတော့ ထည့်ရင် ကြိုက်မှန်းမသိ၊ မကြိုက်မှန်းမသိမို့ မထည့်တော့ဘူး ဟေ့ :P )

အပေါင်းအသင်းများ

သူမရဲ့ ညွှန်ကြားချက် (အဲလေမှားလို့) အကြံပေးချက်အတိုင်း ဘလော့ စရေးပြီဆိုတာနဲ့ ရန်ကုန်မှာ ကားအသစ်များ ၀ယ်ရင် ရွှေညောင်ပင်မှာ ကားဦးတိုက်ရသလိုပဲ မသွားမဖြစ်သွား ဦးတိုက် (အဲလေ မှားပြန်ပြီ) သွား လည်ရမယ့် ကျွန်တော်တို့ရဲ့ ဘလော့ သဘာပတိကြီး ကိုစိုးထက် ကြီးဆီကို စတင် ရောက်ရှိခဲ့ပါတော့ တယ်။ အခုလည်ပြီးတယ်ဆိုရင်ပဲ မကြာလိုက်ခင်မှာ ကျွန်တော့် ဆီဗုံးထဲမှာ Link လိုက်ပြီဗျို့ ဆိုတဲ့စာသားလေး ရောက်ရှိလာပါတော့တယ်။ အဲ့ဒီစာသားလေးဟာ ကျွန်တော့် ဘလော့သက်တမ်းမှာ ပထမဆုံးအကြိမ် ဘလော့ဂါ တစ်ယောက်ဆီက စတင်ရရှိခဲ့တဲ့ အားဆေးတစ်ခွက် ဖြစ်စေခဲ့ပါတော့တယ်။ ဒီလိုနဲ့ ကျွန်တော် တဖြေးဖြေးချင်း လည်ပတ်လာခဲ့ရာမှ ကျွန်တော်အသက်သွင်းခဲ့တဲ့ Black Dream လေးဟာ တစ်ဖြေးဖြေး လမ်းလျှောက်တတ်စ အရွယ်ကိုရောက် ရှိလာပါတော့တယ်။ အပေါင်းအသင်းနဲ့ သူငယ်ချင်းတွေလည်း (အထူးသဖြင့် ကျွန်တော်နဲ့ ယခုအချိန်မှာ နေရတစ်ခုတည်းမှာ ပညာသင်ကြားနေတဲ့ သူငယ်ချင်းအကောင်းစားကြီးတွေဖြစ်တဲ့ ငြိမ်းညို၊ မျှားပြာဖြိုးငယ်၊ တင့်ထူးရွှေနတ်ရှင်နောင် တို့ ဖြစ်ပါတယ်)။ ကျွန်တော် စတင်ရေးတဲ့ အချိန်တုန်းက ရှိခဲ့တဲ့လူတွေကိုပြောတာပါ။ ပြင်ပသူငယ်ချင်း တစ်ယောက်အနေနဲ့ ကျွန်တော်စတင် ရင်းနှီးခဲ့တာတော့ ကျွန်တော် ပထမဆုံးအကြိမ်အဖြစ် မွေးနေ့ပို့စ် စတင်ရေးပေးခဲ့ဖူးတဲ့ မဗေဒါ ပဲ ဖြစ်ပါတယ်။

အရှိန်ရလာခြင်း

ကျွန်တော် တကယ်ပြောတာပါ။ ကျွန်တော့်ရဲ့ Senior ဆရာကြီးများ ဖြစ်ကြတဲ့ ညိမ်းငြို၊ ဖြိုးငယ်၊ တင့်ထူးရွှေ၊ မျှားပြာတို့ရဲ့ ကဗျာတွေကို ဖတ်ပြီးတဲ့အချိန် မှာတော့ ကျွန်တော့်ရဲ့ ချောက်တီးချောက်ချက် ကဗျာတွေကို ဆက်လက်ရေးသားဖို့ တော်တော်ကြီးကို စိတ်ကုန် သွားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော် Essay တွေကို စတင်ရေးသားခဲ့ပါတယ်။ ရေးသားရေးရတယ် အဲ့ဒီအချိန်တုန်းက ကျွန်တော်နဲ့ အတူတူလောက် ပေါ်လာခဲ့တဲ့ ကိုမင်းတစေ ရဲ့ Essay တွေက ကျွန်တော့်အပေါ်အများကြီး လွှမ်းမိုးမှုတွေရှိနေပြီး (အခုချိန်အထိလဲ ကျွန်တော် သူ့အရေးအသားနဲ့ အတွေးအခေါ်တွေကို သဘောကျလျက်ရှိပါတယ်) ငါရေးရင် ဖြစ်ပါ့မလားဆိုတဲ့ အတွေးတွေ တပွေ့တစ်ပိုက်ကြီးရှိနေခဲ့ပါတယ်။ ဒါပေမယ့်နောက်ဆုံးမှာတော့ ဖြစ်ချင်တာဖြစ်ဟာ..။ ဘယ်သူမှ မဖတ်လဲ ငါ့ဘာသာဖတ်မယ်ဆိုပြီး စတင် ဖော်ရှော (မှားလို့..ဟီး) ရေးသားခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်ရေးခဲ့တဲ့ စာတွေနဲ့ စာဖတ်သူအပေါင်းကို ဒုက္ခပေးခဲ့တာလည်း အချိန်ကာလ တစ်ခုအရ ကြာညောင်းခဲ့ပါပြီ။ ကျွန်တော် ထင်ရာ မြင်ရာ လက်ဆော့သမျှကို အခုချိန်အထိ ခွင့်လွှတ်အားပေးခဲ့တဲ့ ကျွန်တော့် ဘလော့ဂါ ညီအစ်ကို မောင်နှမများနဲ့ စာဖတ်ပရိတ်သတ်ကိုလည်း ကျွန်တော်အလွန် လေးစားမြတ်နိုးမိပါတယ်။

အတွေ့အကြုံလေးများ

ကျွန်တော် အက်ဆေးတွေ စရေးပြီးမကြာခင်မှာပဲ ကျွန်တော့် ဘလော့ကို လူသိများစေမဲ့ ပို့စ်တစ်ခု ရေးသားဖြစ် ခဲ့ပါတယ်။ ကျွန်တော့် ဘလော့အပါအ၀င် ကျွန်တော်သိသလောက် ဘလော့ ၅ ခုခန့်မှ ပြန်လည်ကူးယူဖော်ပြ ခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီ့ပို့စ်ကြောင့်ပဲ ကျွန်တော်လူသိများလာခဲ့သလို၊ အဲ့ဒီ့ပို့စ်ကြောင့်ပဲ အတိုက်အခိုက်တွေ ကျွန်တော်ခံခဲ့ရပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲ တိုက်ခိုက်ပါစေ ကျွန်တော့်လိပ်ပြာ ကျွန်တော်လုံတဲ့ အတွက် ကျွန်တော်ထူးထူးထွေထွေ ဘာမှမခံစားခဲ့ရပါဘူး။ (စေတနာနဲ့ သတိပေးတဲ့သူတွေကို ကျွန်တော်ဆိုလိုခြင်း မဟုတ်ပါ။) ၎င်းအတိုက်အခိုက်တွေကြားမှပင် ထိုပို့စ်နှင့်ခပ်ဆင်ဆင်တူသော ပို့စ်များကျွန်တော်ဆက်လက် ရေးသားခဲ့ပါတယ်။ ၎င်းတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အကုန်ခံပြီးကျွန်တော့် ဘလော့ကို Visitor တက်အောင် တိုက်ခိုက်ကြတဲ့သူတွေအတွက် ၀မ်းနည်းစရာတစ်ခုကတော့ ကျွန်တော့်မှာ သူတို့ထင်သလို ပြန်လည်တိုက် ခိုက်ဖို့ အတွက် ထိုက်တန်တဲ့အချိန်နဲ့ ၎င်းတို့အား နားလည်အောင် ရှင်းပြနိုင်မယ့် စကားလုံးများ မရှိခြင်းပဲ ဖြစ်ပါတယ်။ သူ့ဆန်စားရဲရပါတယ်....။ ကျွန်တော်စားနေသောဆန်သည် အမိမြန်မာပြည်နဲ့ ပြည်သူများမှ ကျွေးသော ဆန်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်ရဲပါသည်။

ညီအစ်ကိုများ

ဒီလိုနဲ့ ကျွန်တော် ဘလော့ရပ်ဝန်းလေးထဲမှာ အချိန်ကာလတစ်ခုကြာ အရှိန်ရလာတဲ့အခါမှာတော့ ကျွန်တော့် အလွန်တန်ဖိုးထားတဲ့၊ ချစ်ခင်ဖို့ကောင်းတဲ့ ညီအစ်ကိုတွေ ရရှိလာခဲ့ပါတယ်။ ဘယ်သူတွေလဲ သိချင်လား? (မြှောက်ပြီဟေ့...)။ သူတို့ကတော့ ကျွန်တော့်အစ်ကိုတွေ ဖြစ်တဲ့ ကိုလင်းထက်၊ ကိုစိုးထက်နဲ့ ကျွန်တော့် ကျောင်းတော်ကြီး (St. Augustine) မှ Senior ကြီးဖြစ်တဲ့ ကို Zerotrash ကြီးတို့ပဲ ဖြစ်ပါတယ်။ ညီတွေကလား? ဘယ်သူတွေရှိမလဲ.... ညမီးအိမ်နဲ့ မောင်မျိုးပေါ့။ ကျွန်တော်နဲ့ နင်လား၊ငါလားပေါင်းတဲ့ သူတွေထဲက ဆိုရင်တော့ မင်းတစေနွေမုန်တိုင်းပေါက်ရ၈၀နှလုံးသားပြတိုက် (နောက်ပိုင်း ကကြီးဒေါင်း လဲပါတယ် :P) တို့ပဲ ဖြစ်ပါတယ်။ မောင်နှမ သူငယ်ချင်းတွေအနေနဲ့ကတော့ နှင်းပွင့်၊ အိမ်လေး၊ ညီမလေး ၀င်္ကဘာ၊ မဗေဒါပန်းခရေနန္ဒာApprenticeshipမရွှေပြည်သူ မှူးဒါရီ တို့ပဲဖြစ်ပါတယ်။ (ကျန်နေသူတွေ စိတ်မဆိုးနဲ့ဗျို့။ ချက်ချင်း စဉ်းစားလို့ ရသမျှထည့်ရေးတာ။ သတိရရင် ထပ်ဖြည့်ပေးမယ် :P) သူတို့အပြင် နောက်ထပ် ပြောမနာဆိုမနာ အစ်ကိုတွေ ညီတွေ၊ အစ်မတွေ၊ ညီမတွေနဲ့ သူငယ်ချင်းတွေများစွာ ကိုလည်း ကျွန်တော်ရရှိခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ သူငယ်ချင်းကောင်းဆိုတာ ကျွန်တော်မဟုတ်တဲ့ ကျွန်တော့် ကိုယ်ပွားတွေပါပဲ။

အမာခံပရိတ်သတ်များ

ဒီနေရာမှာ Black Dream ရယ်လို့ဖြစ်လာဖို့ အဓိက အားပေးခဲ့ကြတဲ့ ကျွန်တော့်ရဲ့ ကျေးဇူးရှင် ဘလော့ဂါ မဟုတ်သော ပရိတ်သတ် (မောင်နှမတွေပါပဲ) ကိုလည်း ကျွန်တော် မချွင်းမချန်ဖော်ပြလိုပါတယ်။ သူတို့ကတော့ Wateryမအိ တို့ပဲဖြစ်ပါတယ်။ နောက်ထပ်လဲ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် မသိနိုင်တဲ့အတွက် ခွင့်လွှတ်စေချင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်ရေးသမျှ ရောက်တတ်ရာရာများကို အမြဲတမ်း Comment ပေး၍ ဖြစ်စေ၊ ဆီဗုံးမှာပဲ အော်၍ဖြစ်စေ၊ ဘာမှအသိမပေးပဲနှင့် ဖြစ်စေ အားပေးနေကြသော ကျွန်တော်ချစ်တဲ့ ညီအစ်ကို မောင်နှမ ပရိတ်သတ်အားလုံးအား ကျွန်တော် ကျေးဇူးတင်၊ လေးစားမိပါတယ်။

ကျွန်တော်နှင့် လက်တွဲဖော်များ

ကျွန်တော်ပွားခဲ့တာတွေလည်း တော်တော်များနေပါပြီ။ အခုနောက်ဆုံးကျွန်တော့် ပို့စ်ကို အဆုံးမသတ်ခင်မှာ Black Dream ရယ်လို့ ဖြစ်လာဖို့ရာမှာ ဘယ်လိုမှ ချန်ထားလို့မရတဲ့ ကျွန်တော့်ရဲ့ လက်တွဲဖော် ရဲဘော်ရဲဘက်များကို ကျွန်တော် ဂုဏ်ပြုရပါလိမ့်မယ်။ သူတို့တွေသာမရှိခဲ့ရင် ကျွန်တော့်ရဲ့ Black Dream ဆိုတဲ့ နာမည်တစ်ခုဟာ ဘယ်လိုမှ ဖြစ်တည်လာစရာ အကြောင်းမရှိခဲ့ပါဘူး။ ကျွန်တော်ပျော်ရင် ကျွန်တော်နဲ့ အတူလိုက်ပျော်ကြတယ်၊ ကျွန်တော်ကြေကွဲရင် ကျွန်တော်နဲ့အတူ ခံစားပေးကြတယ်၊ ဘယ်တော့မှ ကျွန်တော့်ကို ကောင်းသည်ဆိုးသည် မပြောပဲ ကျွန်တော့်ရဲ့ ဆန္ဒအားလုံးကို မညီးမငြူဖြည့်ဆီးပေးခဲ့ကြတဲ့ သူတွေပေါ့။ သူတို့ကတော့

(၁) ကျွန်တော့်ရဲ့ ၆ နှစ်ကြာအသုံးပြုခဲ့တဲ့ ကျွန်တော့်ရဲ့ Compaq Laptop။
(၂) ကော်ဖီခွက်နှင့် အပြည့် ဘလက်ကော်ဖီများ
(၃) Zippo မီးခြစ်နှင့် အဖြူရောင် နတ်သမီးများ
(၄) ပို့စ်တစ်မျိုးနဲ့တစ်မျိုးမရိုးရအောင် ကျွန်တော့်အား ကုန်ကြမ်းတွေပေးခဲ့သောသူများ :P နှင့်
(၅) ကျွန်တော့်ဘေးမှာ အမြဲတမ်းရပ်တည် အားပေးခဲ့တဲ့ ကျွန်တော့်ချစ်သူတို့ပဲ ဖြစ်ပါတော့တယ်။

p.s- အမှန်က ကျွန်တော့် တစ်နှစ်ပြည့်က စက်တင်ဘာ ၉ ရက်နေ့ကပါ။ အကြောင်းအမျိုးမျိုးကြောင့် အခုမှရေး တင်ဖြစ်ခြင်းဖြစ်ပါတယ်။

Sep 7, 2008

မှန်ကြည့်ခြင်း...

ကျွန်တော့် အစ်ကိုကြီး ကို zeRoTrash က Tag တာပါ။ သူလည်းသူများ Tag တာနဲ့အားကျမခံ ပြန် Tag လိုက် ပုံရပါတယ်။ ယခုအချိန် Tag လုပ်ခြင်းခံရတာဟာ ကျွန်တော် Blog ရေးတဲ့သက်တမ်းတစ်လျှောက်မှာ ပထမဆုံး အကြိမ် Tag ခံရခြင်းဖြစ်ပါတယ်။ သူများတွေ Tag တာကိုလည်း တစ်ခါမှမခံရဖူးသလို၊ ကိုယ်တိုင်လည်း တစ်ခါမှ ဘယ်သူ့ကိုမှ မ Tag ခဲ့ဖူးပါဘူး။ အမြဲတမ်းအတွက်ဆိုရင်တော့ ဘယ်လိုနေမလဲမသိပါဘူး။ ဒါပေမယ့် တစ်ခါ တစ်လေ ရေးစရာရှိသော်လည်း အပျင်းတစ်နေတဲ့အချိန်မျိုးတွေ၊ ဘာရေးရမှန်းမသိဖြစ်ကာ ရောင်လည်လည် ဖြစ်နေတဲ့အချိန်မျိုးတွေမှာတော့ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ပျော်ဖို့တော့ကောင်းပါတယ်။

နောက်တစ်ချက်က အခုလို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် Tag ကြချင်းဖြင့် ဘလော့ဂါ ညီအစ်ကို မောင်နှမများအကြားမှာ ရင်းနှီးမှု၊ ယုံကြည်မှုပိုမိုခိုင်မာ လာနိုင်တယ်လို့လဲ ကျွန်တော်ထင်ပါတယ်။ အမြဲတမ်း ကြီး ဆိုရင်တော့လည်းမကောင်းဘူးပေါ့။ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခုလို ဖြစ်သွားနိုင်ပါတယ်။

ကျွန်တော်အမှန်အတိုင်း ၀င်ခံရရင် အခု ကျွန်တော့်အစ်ကိုကြီး zeRoTrash လုပ်လိုက်တဲ့ Tag Game လေးကို တစ်ခြားဘလော့တွေမှာတွေ့နေတာ ကြာပါပြီ။ ဘာရယ်တော့မဟုတ်ဘူး တစ်ချို့ကလည်း အပျော်သဘောရေး ကြတယ် တစ်ချို့ကြတော့လည်း အတည်တကျကို ရေးကြတာတွေ့တော့ ကြည်နူးမိပြီး ငါ့ကိုလည်း Tag ခံရရင် ကောင်းမှာပဲလို့တွေးမိတာတော့ အမှန်ပါပဲ။

နောက်တစ်ခု...။ အခုကျွန်တော် ဒီ Tag လေးကိုသဘောကြမိတာ တစ်ခုရှိပါတယ်....။ ဘာလို့လဲဆိုတော့...။ အခု ကျွန်တော်ရေးမယ့် Tag Game လေးဟာ ကျွန်တော့်ရဲ့ စိတ်တွေကို လွန်ခဲ့သောနှစ်ပေါင်းများစွာမှာ ကျန်ရှိနေခဲ့ပြီဖြစ်တဲ့ ဖြူစင်ငြိမ်းချမ်းလှတဲ့ ကျောင်းသားဘ၀ရဲ့ နောက်ဆုံး နှုတ်ဆက်ပွဲလုပ်တဲ့နေ့လေးတွေမှာ သူငယ်ချင်းအချင်းချင်း အမှတ်တရရေးခိုင်းခဲ့ကြဖူးတဲ့ အပြုအမူလေးများကို ပြန်လည်တမ်းတ မိစေပြီး ကျွန်တော့်ရင်ကို နွေးထွေး ငြိမ်းချမ်းစေခြင်းကြောင့်ပါပဲ....။


ကိုယ့်ရဲ့နာမည်............ Black Dream

ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် ………… မဲကြီး၊ Black ကြီး၊ မဟူရာအိပ်မက်

ကိုယ်ဒီမှာနေတယ်………… ခေတ္တ မော်စကို

ကိုယ့်ဆီဖုန်းဆက်ချင်ရင်………… ဖုန်းနံပါတ်များကို နှိပ်ပါ :P

အရောင်ဆိုရင်………… အနက်ရောင်၊ အဖြူရောင်၊ မီးခိုးရောင်၊ အပြာရောင်။

အ၀တ်အစားဆိုရင်………… T-Shirt ( Especially- Black T-Shirt)

အစားအစာဆိုရင်………… စားလို့ရတာ အကုန်စားတယ်။

ပစ္စည်းဆိုရင်………… နာရီ၊ Zippo၊ မျက်မှန်၊ ခါးပတ်၊ Wallet

သီချင်းဆိုရင်………… (Hard Rock- Scorpion, Aerosmiths, Bonjovi, Mr.Big, GNR, Metallica) (Alternative/Modern Rock- Green Day, Vertical Horizon, Offspring, Sugar Ray, Staind, Linkin Park)

စာရေးစာဆရာ………… မင်းခိုက်စိုးစန်၊ သစ္စာနီ၊ ဇော်ဇော်အောင်၊ နီကိုရဲ၊ မင်းလူ၊ တာရာမင်းဝေ။

စာအုပ်………… သုည၊ ကျွန်တော်နှင့် နမ်မီးစစ် (မင်းခိုက်စိုးစန်)

Life style………… လေးနက်စွာခံယူပြီး ပေါ့ပါးစွာဖြတ်သန်းခြင်း။

ကိုယ့်ရဲ့ဝါသနာ………… ၀ါသနာတွေလိုက်ပါရတာကိုက ကျွန်တော့်ရဲ့ဝါသနာ။

အလိုချင်ဆုံးလက်ဆောင်………… သံသရာကူး လက်မှတ်တစ်စောင်။

ကိုယ့်ရဲ့ အချစ်ဆုံးသူက………… မြန်မာပြည်။

ကိုယ့်ရဲ့ အလေးစားဆုံးသူက………… အနန္တောအနန္တငါးပါးနှင့် တိုင်းပြည်နှင့်လူမျိုးအတွက် အနစ်နာခံခဲ့ကြသော ခေါင်းဆောင်ကောင်းများအားလုံး

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက………… အမေ။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက………… အဖေ။

ကိုယ့်ရဲ့ အမုန်းဆုံးသူက………… Me, Myself and I!

ရင်အခုန်ဆုံးအချိန်………… မရိုးသားမှုတစ်ခုအား ဖုံးကွယ်ထားရသောအချိန်။

အကြောက်ဆုံးအချိန်………… မှန်ထဲပြန်ကြည့်မိတဲ့အချိန်တိုင်း တော်တော်တုန်လှုပ်မိတာတော့ အမှန်ပဲ။

အပျော်ဆုံးအချိန်………… ဒီဘ၀အတွက် နောက်ဆုံးထွက်သက်ကို ထုတ်လွှတ်ခွင့်ရမယ့်အချိန်။

အမှတ်တရနေ့………… သူ့နည်းသူ့ဟန်နဲ့သူ တော်တော် များတယ်။

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု………… ငြိမ်းချမ်းရပါလို၏။

အချစ်ဆိုတာ………… မြန်မာသဒ္ဒါအလိုအရတော့ "စိတ္တဇနာမ်" ပေါ့။

အမုန်းဆိုတာ………… ကိုယ့်ကိုယ်ကိုယ် မညှာတာ၊ မသနားတတ်တဲ့သူတွေရဲ့ ညံ့ဖျင်းမှုပြ ဂုဏ်ပုဒ်တစ်ခု။

အလွမ်းဆိုတာ………… ရင်မှာပွင့်သော ပန်းတစ်မျိုး။

သံယောဇဉ်ဆိုတာ………… မရှိမကောင်း၊ ရှိမကောင်း။

ဘ၀ဆိုတာ………… နေတတ်ရင်ကျေနပ်စရာကြီးပါ။ တစ်ခုတော့ရှိတယ်...။ နေတတ်ဖို့တော့ နဲနဲအနေခက်လိမ့်မပေါ့။

သူငယ်ချင်းဆိုတာ………… ကျွန်တော့်အတွက်တော့ ကျွန်တော်မဟုတ်တဲ့ ကျွန်တော်ပါပဲ။ ကိုယ်ပွားတစ်ခုပေါ့။

ချစ်သူဆိုတာ………… ကိုယ်တန်ဖိုးထား၊ မြတ်နိုးသောသူ။

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်………… လူ့အန္ဓ

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က………… I'm Changing! You Are Changing! Everything Are Changing! There's Only One Thing Which Will Never Change, It's.......... CHANGING!

အပြောချင်ဆုံးစကားတစ်ခွန်း………… ငြိမ်းချမ်းချင်တယ်။

************************************************************************************

ဟုတ်ကဲ့...။ သူများ Tag တာတော့ရေးပြီးပါပြီ။ ဒီတစ်ခါကျွန်တော် ဆက် Tag ပါမယ်။ ရေးချင်စိတ်ရှိရင်ရေးပါ...။ ရေးချင်စိတ်မရှိရင်တော့......................................................................ဇွတ်မှိတ်ပြီး ပြီးအောင်ရေးပါ။ :P

ကိုလင်းထက်
ညမီးအိမ်
ပေါက်ကရ ၈၀
ကဒေါင်းညင်သာ
မင်းတစေ
အမရာ
အိုင်လွယ်ပန်
မှူးဒါရီ
နွေမုန်တိုင်း (သူမရေးနိုင်ဘူးဆိုတာသိပေမယ့် ရင်ထဲမှာရှိနေတဲ့အတွက် အမှတ်တရ Tag ပါတယ်)
Apprenticeship
စိုးမြနန္ဒာသက်လွင်

p.s- ဆယ့်တစ်မီးငြိမ်းအောင် ဆယ့်တစ်ယောက် Tag လိုက်ပါတယ်။ :P


Sep 4, 2008

၉ မမ

နိဒါန်း

အချိန်ကာလတစ်ခုကြာ ပြင်းထန်စွာဆူညံခဲ့သော ပစ်ခတ်သံများနှင့် ပေါက်ကွဲသံများသည် ယခုအခါတွင်တော့ အားလုံးဆုံးခန်းတိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြင်းထန်သော လက်နက်သံများအစား ယခုအခါ သူ့နားနှင့်အကြားအာရုံ တွင်သာမက နှလုံးသားတစ်ခုလုံးပါး တုန်ခါသွားအောင် ကြားနေရတဲ့ အသံတွေကတော့ အောင်မြင်မှုအတွက် ဂုဏ်ယူဟစ်ကြွေးနေကြတဲ့ သူ့ရဲဘော်တွေရဲ့ ရန်သူ့စခန်းအားတက်ရောက်သိမ်း ပိုက်နေသည့်" ကျား" ထိုးသောအသံများပင် ဖြစ်ပါသည်။ အောင်မြင်မှုတစ်ခုအတွက် မိမိရဲဘော်များပျော်နေကြသည်ကို ကြည့်ရင်း သူပြုံးနေမိပါသည်။ သူရော....? သူလည်းမကြာခင် ရင်ဆိုင်ရတော့မယ့် အဖြစ်အပျက်များအတွက် စိတ်ကူးယဉ် ရင်း ပျော်နေမိကြောင်းကို ကိုယ့်ကိုယ်ကို ၀န်ခံနေမိပါတော့တယ်။

အရာရာငြိမ်သက်သွားသောအခါကျတော့လည်း စောစောက ဗြောင်းဆန်အောင် ၀ုန်းဒိုင်းကျဲခဲ့သော ပတ်ဝန်းကျင်သည် သူမဟုတ်သည့်အလား ပကတိငြိမ်သက်လျက် ရှိပါတော့သည်။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ သဘာဝတရားကပေးထားသော အခွင့်အရေးများနဲ့ တန်ပြန်သက်ရောက်မှုများကတော့ အားလုံးအတူတူပင် ဖြစ်ပါသည်။ လူတို့သည်လည်း သောက အပူအပင်များနဲ့ ကြုံတွေ့နေရစဉ်အခိုက်တွင်မူ မည်မျှပင်တုန်လှုပ် ချောက်ခြား၍ စိတ်အစဉ်သည် ပြင်းထန်စွာလှုပ်ရှားခဲ့စေကာမူ အရာရာပြီးဆုံးသွားသော အချိန်တွင်တော့ ပုံမှန်အတိုင်း ပြန်လည်ငြိမ်သက်သွားကြစမြဲပင်...။

အခန်း (၁)

" အစ်ကိုကြီး... ဘာတွေပြုံးပြီး သဘောကျနေတာလဲဗျ...။ ဟား..ဟား။ ကျွန်တော်တို့ သိနေတယ်နော်...။ အခုနောက်တန်း မပြန်ခင်လေး စစ်ပွဲတစ်ပွဲကလည်း အောင်မြင်လိုက်ပြန်ပြီဆိုတော့။ နောက်တန်းပြန်ရောက်ရင် ရင်ဆိုင်ရတော့မယ့် အချစ်စစ်မျက်နှာပြင်အတွက် ကြိုတင်ရင်ခုန်နေတာမလား...။ ဟား...ဟား"

"အစ်ကိုကြီး" ဆိုသော ခေါ်သံနှင့်အတူ အဆက်မပြတ်ပြောနေသော တပ်စု(၁) တပ်စုမှူး ဗိုလ်ရာဇာနှင့် သူ့အား ပြုံးစိစိဖြင့် ကြည့်နေသော တပ်စု (၂) တပ်စုမှူး ဗိုလ်မောင်မျိုး တို့၏ ခေါ်သံများကြောင့် သူ့အတွေးများ ရပ်တန့်သွားပါတော့တယ်။

" ဟာ..ဟ။ မင်းတို့က သိပ်သိနေကြပါလား။ အေးပေါ့ကွာ မင်းတို့က ဗေဒင်ဆရာထက်တောင် ပိုမှန်နေတော့ လည်း ငါက ဘာမှပြန်ပြောလို့မရတော့ဘူးပေါ့။"

" ဘာမှလာပြီး ရှက်ရမ်းတွေရမ်းမနေနဲ့ အစ်ကိုကြီး။ ကျွန်တော်တို့ကတော့ ပြောပြီးသားနော်။ နောက်တန်းပြန် ရောက်လို့ အစ်ကို, အစ်မနဲ့ မင်္ဂလာဆောင်တဲ့အခါကျရင်သာ ကျွန်တော်တို့ နှစ်ယောက်ကို သတို့သားအရံ လုပ်ခိုင်းဖို့မမေ့နဲ့...။ မေ့လို့ကတော့ အစ်ကို့ညီတွေ အကြောင်းသိတယ်မလား....။ အဲ့ဒီညတော့...တော်ပါပြီ မပြောတော့ပါဘူး" မောင်မျိုးသည် ကျွန်တော့်အားပြောရင်း ရာဇာအားအဖော်ညှိသည့် မျက်နှာဖြင့်လှမ်း ကြည့် ရင်း နှစ်ယောက်သား တ ဟား..ဟား နှင့်သာ အတောမသတ် ရယ်နေကြပါတော့တယ်...။

" ဟ... မင်းတို့ဟာက ပိုင်လှချည်လား? ကြည့်ရတာ ကာယကံရှင် ငါ့ထက်ပဲ မင်းတို့က ပိုရင်ခုန်နေသလိုပဲ။ အေး မင်းတို့လုပ်ချင်တယ်ဆိုလည်း လုပ်ကြပေါ့ကွာ...။ သတို့သမီးလောင်းတော့ကိုယ့်ဘာသာ ရှာကြ။ ငါမရှာပေးဘူး။ မင်းတို့ အစွမ်းအစရှိမယ်ဆိုရင်ပေါ့လေကွာ....ငါ့ညီမကိုတော့ မျက်စပြစ်မယ်မကြံနဲ့နော် ၉မမ အကြောင်းသိ တယ်မလား...? ဟား...ဟား။"

သူတို့၏ လူပျိုရည်အား မထိတထိလှောင်လိုက်သည့် တပ်ခွဲမှူး ဗိုလ်ကြီး အောင်ပြည့်၏ စကားနှင့်အတူ သုံးယောက်သား တဟား...ဟား ဖြင့်သာ အူမြူးလျက်ရှိနေပါတော့သည်။

" ကဲကွာငါတို့ ညီအစ်ကိုတွေ မနက်ဖြန် နောက်တန်းပြန်မဆင်းခင် နောက်ဆုံးအနေနဲ့ မှတ်တမ်းတင် ဓာတ်ပုံ အတူရိုက်ရအောင်" ဗိုလ်ကြီးအောင်ပြည့်သည် ပြောပြောဆိုဆိုနှင့် သူ၏ ပစ္စည်းအိတ်အတွင်းမှ သူ၏ ပါလေရာ ကင်မရာလေးအား ရဲဘော်တစ်ယောက်အားပေးကာ မှတ်တမ်းတင်ခိုင်းပါတော့သည်။

"ဗိုလ်ကြီး... နောက်တန်းက ဗိုလ်ကြီးအတွက် စာပေးလိုက်ပါတယ်" ဆိုသောအသံနှင့်အတူ သူတို့တပ်ခွဲအား ဗျူဟာမှ စစ်ကူပေးလိုက်သော တပ်ခွဲနှင့်အတူပါလာသည့် ဆက်သား( စာပို့သမား) ရဲဘော်သည် စာတစ်စောင်အား ဗိုလ်ကြီးအောင်ပြည့်အားပေး၍ ပြန်လည်ထွက်ခွာသွားလေတော့သည်။

"ဟာ...ဟ။ စာသာပြောတာ စာအိပ်က အကြီးသားပါလား? မဟုတ်မှလွဲရော နောက်တန်းမှာ အစ်မက အစ်ကိုကြီး ပြန်လာရင် မင်္ဂလာတန်းဆောင်နိုင်အောင် ဖိတ်စာပါတစ်ခါတည်း ရိုက်ပြီးသား ဖြစ်နေပြီထင်တယ်။ အစ်မကတော့ ပိုင်သကွာ...ဟာ...ဟ" ရာဇာမှ စ ဖောက်လေသည်။

"မင်းကလဲ အဲ့လောက်ဘယ်က မလဲ အစ်ကိုကြီးနောက်တန်းပြန်ရောက်တာနဲ့ တပ်ရင်းမှူးကြီး အဘလင်းထက် ကိုတောင် ခွင့်မတောင်းနိုင်ပဲ အခန်းအနားဝတ်စုံ ၀တ်ပြီးတစ်ခါတည်း မင်္ဂလာခန်းမတန်းပြေးရမှာ မြင်ယောင် သေးသဟေ့...။ ဟား...ဟား။" သကောင့်သား မောင်မျိုးမှလည်း အားကျမခံ ခွင်ထဲဝင်တုန်း တပ်ခွဲမှူးအား သမလေတော့သည်။

" အေးပါကွာ မင်းတို့ပြောတဲ့ အတိုင်းဖြစ်ပါစေလို့ ငါဆုတောင်းပါတယ်..။ ဟဲ..ဟဲ။ ကဲ ကဲ မင်းတို့လည်း ရဲဘော်တွေကို သေသေချာချာစစ်ဆေးပြီး အုပ်ချုပ်မှုကိစ္စနဲနဲ စစ်ဆေးလိုက်အုံး။ အကြောင်းထူး ရှိရင်သတင်းပို့"

" သွားပါ အစ်ကိုကြီးရာ သွားပါ။ ကိုယ့်ဘာသာကိုယ်သာ အေးအေးဆေးဆေး စာသွားဖတ်ပါ။ အခုမှ ကျွန်တော်တို့ကို အတင်းနှင်လွှတ်မနေပါနဲ့ ကျွန်တော်တို့က အကင်းပါးပါတယ်....။ ဟား...ဟား" အခုမှ ဒင်းတို့ နှစ်ကောင် တော်တော်အတိုက်အဖောက် ညီနေကြလေဟုသာ ဗိုလ်ကြီးအောင်ပြည့်တစ်ယောက် တွေးနေမိပါ တော့သည်။

" ဟာ...မင်းတို့ကပြောလေ ဆိုးလေပဲ လစ်တော့ကွာ ဟေ့ကောင်တွေ မြန်မြန်။" ဟုပြောရင်း ဗိုလ်ကြီးအောင်ပြည့်တစ်ယောက် သူ့အတွက် ပြင်ဆင်ပေးထားသည့် တဲငယ်လေး အတွင်းသို့ ၀င်ခဲ့လေသည်။

" ဟေ့ကောင်...ရာဇာ ...။ တို့အစ်ကိုကြီးကတော့ တော်တော်ပျော်နေပုံပဲဟေ့"

" သူပျော်တော့ ငါတို့လည်း ကြည်နူးရတာပေါ့ကွာ။ စစ်မြေမြင်မှာ အမြဲတမ်း ရွပ်ရွပ်ချွန်ချွန်နဲ့ အောင်ပွဲဆင်နိုင်ခဲ့ တဲ့ တို့အစ်ကိုကြီး ဒီတစ်ပွဲမှာလည်း အောင်မြင်မယ်ဆိုတာ ငါယုံကြည်ပါတယ် မောင်မျိုးရာ"

အခန်း (၂)

" ဒိုင်း...."

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တစ်ခုလုံးသည် ပြင်းထန်သော ကော်ဒိုက်ယမ်းအား ပေါက်ကွဲသံကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတော့သည်။ ငြိမ်သက်နေသော အခြေအနေသည် ပြန်လည်ရှုပ်ထွေးသွားလေတော့ သည်။ အချို့ ရဲဘော်များလည်း ဆိုင်ရာနေရာများတွင် အမြန်ဆုံးနေရာ ယူထားပြီး ဖြစ်လေသည်။ သို့သော် သေနတ်သံသည် တစ်ချက်သာကြားပြီး အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်လည် ငြိမ်သက်သွားပါတော့သည်။ အားလုံးမှင်တက်သွားရာမှ မကြာလိုက်သော အချိန်စက္ကန့်၏ သေးငယ်လွန်းသော အစိတ်အပိုင်းအတွင်း အားလုံး ပြန်လည် အသက်ဝင်သွားခဲ့ပါတယ်။

" ဆရာကြီး စောအယ်ဒို....။ " မောင်မျိုး အသံကုန်ဟစ်ခေါ်လေသည်။

တပ်ခွဲအရာခံဗိုလ် ဆရာကြီး စောအယ်ဒိုလည်း မောင်မျိုးနှင့် ရာဇာ ရှိရာသို့ ချက်ချင်းပင် ရောက်ရှိလာရာ...

"သေနတ်သံက စခန်းတွင်းကဗျ...။ ကျည်ရှင်းရင်း ကျည်ဆံထွက်သွားတာပဲ...။ ဘယ်ရဲဘော်လည်း ကျွန်တော့်ဆီ အခုခေါ်ခဲ့..."

တပ်ခွဲအရာခံဗိုလ်ကြီးမှာ အလွန်တုန်လှုပ်သောလေသံဖြင့်

" ဗိုလ်ကြီး ရဲဘော်တွေ ကျည်ရှင်းရင်း ကျည်ထွက်တာမဟုတ်ပါဘူး...။ ကျွန်တော့်အထင် သေနတ်သံထွက်လာတဲ့ နေရာက..." ဟု ဆိုရင်း သူ့မျက်လုံးများသည် စခန်းအတွင်းရှိနေရာ တစ်ခုသို့ရောက်ရှိသွားရာတွင် မောင်မျိုးနှင့် ရာဇာတို့လိုက်ကြည့်ရာ...။ ၎င်းတို့၏ ရင်ထဲတွင် "ဒိန်း" ဆိုသောစောင့်တက်လာသည့် ရင်ခုန်သံတစ်ချက်နှင့် အတူ တပ်ခွဲအရာခံဗိုလ်ကြီး၏ အကြည့်တို့ ရပ်တန့်ရာနေရာသို့ မည်သို့ရောက်ရှိမှန်း မသိရောက်ရှိပြီး ဖြစ်နေပါတော့သည်။

"ဟာ............!!!!!!!!!!!!!!!!!"

အခန်း (၃)

မင်္ဂလာနေ့ရက်ကား ရောက်ရှိပြီ ဖြစ်ပါသည်။ ကြီးမားထည်ဝါသော ဟိုတယ်တစ်ခု၏ရှေ့တွင် လူများ၊ ကားများ ဖြင့် ပြည့်နှက်လျှက်ရှိပါတော့သည်။ ယခုကဲ့သို့ မင်္ဂလာရှိသော အချိန်တွင် ကာယကံရှင်များ မပြောနှင့် ကြွရောက် ချီးမြှင့်ကြသော ပိရိတ်သတ်အပေါင်းနှင့် ဖြတ်သွားဖြတ်လာ မြင်မိသူတိုင်းပင် ပျော်ရွှင်မှုများကူးဆက် နိုင်သော အနေအထားဖြစ်ပါသည်။ ခန်းမအတွင်းတွင်လည်း သတို့သားနှင့် သတို့သမီးတို့သည် ပျော်ရွှင်ပြုံးချို သော မျက်နှာများဖြင့် တက်ရောက်လာကြည်သည့် ဧည့်သည် အပေါင်းအားလိုက်လံ ဧည့်ခံလျက်ရှိပါတော့ တယ်။ အဆက်မပြတ် ပေါ်လာလိုက်၊ တစ်ခါတစ်ရံ ပေါ်လာလိုက်ဖြစ်နေသာ တစ်ဖျက်ဖျက်ထနေသည့် ရာပေါင်းများစွာသော ကင်မရာတို့မှ အလင်းရောင်များသည် ပျော်ရွှင်နေသော သတို့သားနှင့် သတို့သမီးတို့ အား ဂုဏ်ပြုသည့်အနေဖြင့် ကောင်းကင်မှ ကြယ်များတဖြုတ်ဖြုတ် ကြွေကျပေးနေသည့်အလားပင် ရှိပါတော့ တယ်။

အချိန်ကာလ တစ်ခုတိုင်သောအခါတွင် ထိုတစ်ခမ်းတစ်နားရှိခဲ့သော ဧည့်ခံပွဲခန်းမကြီးသည်လည်း သဘာဝတ ရား တို့၏ထုံးစံအတိုင်း ပြန်လည်ငြိမ်သက်ကာ ခြောက်သွေ့သွားခဲ့ ပြန်လေပြီ...။ ဧည့်သည်များ တဖြေးဖြေးနှင့် ပြန်လည်ထွက်ခွာသွားခဲ့ရာ အားလုံးပြန်သွားချိန်တွင် သတို့သားနှင့် သတို့သမီးတို့၏ လိုက်လံ ဧည့်ခံပေးရခြင်း အစီအစဉ်သည်လည်း ဆုံးခန်းတိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အစီအစဉ်များအားလုံး ပြီးဆုံး၍ သတို့သား၊သတို့သမီးတို့သည် နှစ်ဖက်မိဘများ ခြံရံကာ ၎င်းတို့အား မင်္ဂလာခရီးဦး ကြိုဆိုကာပို့ဆောင်ပေးမည့် မော်တော်ကား ရပ်နားရာသို့ လျှောက်လှမ်းလာခဲ့ကြစဉ်...

"ခဏလောက် ခွင့်ပြုပါခင်ဗျာ" ယဉ်ကျေးစွာ ပြောဆိုလိုက်သော လူငယ်နှင့် ၎င်း၏ဘေးမှ ပါလာသော လူငယ် တစ်ယောက်အားကြည့်ရင်း အားလုံး အမှတ်မထင် ရပ်တန့်လိုက်ကြပါတယ်။

" ကျွန်တော်တို့ အစ်မတို့ရဲ့ မင်္ဂလာဆောင်အတွက် လက်ဖွဲ့ပစ္စည်းလာပေးတာပါ။ ဒီလက်ဆောင်ဟာ အစ်မတို့ နှစ်ယောက်ရဲ့ ရှေ့ဆက်လျှောက်ရမယ့် ဘ၀ခရီးအတွက် အထူးကို အမှတ်တရဖြစ်စေမယ့် လက်ဖွဲ့ ပစ္စည်းလေးပါ။ အင်း....။ တိတိကျကျပြောရမယ်ဆိုရင်တော့ အစ်မနဲ့အစ်ကိုတို့...အင်းလေ အထူးသဖြင့် အစ်မ အတွက် အရမ်းမျှော်လင့်ခဲ့၊ လိုချင်ခဲ့တဲ့ လက်ဖွဲ့ပစ္စည်းလေးလည်း ဖြစ်နိုင်ပါတယ်။ ရော့ပါအစ်မ...။ လက်ဆောင်လေးက သေးသေးလေးပါ။ ကျေးဇူးပြု၍ ဖြစ်နိုင်မယ်ဆိုရင် အခုဖွင့်ကြည့်ပေးစေချင်ပါတယ်။"

"ဟုတ်ကဲ့ ရပါတယ်...။ ကျွန်မဖွင့်ကြည့်လိုက်ပါမယ်...။ ဒါပေမယ့် ဒီလက်ဆောင်က မောင်လေးတို့ ပေးတာလား။ မောင်လေးတို့ ပေးတာဆိုရင်တော့ စိတ်မရှိပါနဲ့ အစ်မ မောင်လေးတို့ကို မသိတဲ့အတွက် ခွင့်လွှတ်ပါ။"

"ရပါတယ် အစ်မ။ ဒီလက်ဖွဲ့လေးဟာ ကျွန်တော်တို့ပေးတာ မဟုတ်ပါဘူး။ ဘယ်သူပေးတယ်ဆိုတာကို အစ်မဖွင့်ကြည့်ပြီးတဲ့အခါ သိပါလိမ့်မယ်။ သွားလိုက်ပါအုံးမယ် ခင်ဗျာ...။ ကျွန်တော်တို့ကို ခွင့်ပြုပါအုံး။"

ဇာတ်သိမ်း

"မေ" လည်း လူငယ်နှစ်ယောက်ပေးသွားသော လက်ဖွဲ့ဘူးလေးအား သူတို့ကျောခိုင်းသွားသည်နှင့် ဖြေးညှင်း စွာ ဖွင့်ကြည့်လိုက်မိပါတယ်။ တစ်ကယ်ပင် သူမတို့ သတို့သား၊ သတို့သမီးနှစ်ယောက်အတွက် အမှတ်တရ ဖြစ်စေလောက်ပါတယ်။ အထူးသဖြင့် သူမ၏သစ္စာမရှိမှုကို တစ်သက်စာ ဂုဏ်ပြုထားခြင်းကြောင့် ဖြစ်လေသည်။

"ခင်ဗျားလက်ထဲကို ဒီလက်ဆောင်လေးရောက်ရှိခဲ့ပြီ ဖြစ်တဲ့အတွက်
အခုချိန်မှာ တမလွန်ကိုရောက်ရှိနေပြီ ဖြစ်တဲ့ ကျွန်တော်တို့ အစ်ကိုကြီး
ဗိုလ်ကြီးအောင်ပြည့် တစ်ယောက် ကျေနပ်နိုင်လိမ့်မယ်လို့
ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အစ်ကိုကြီးအတွက်
နောင်ဘ၀များ ရှိခဲ့မယ်ဆိုရင်လည်း ယခုဘ၀လို ချစ်သူတစ်ယောက်၏ သစ္စာမဲ့စွာ
စွန့်ပြစ်ခြင်းခံရသော အဖြစ်မျိုးမကြုံတွေ့နိုင်ပါစေနဲ့လို့ ဆုတောင်းရင်း...။

ဗိုလ်ရာဇာ၊ ဗိုလ်မောင်မျိုး"

ဟူသောစာသားအား သူမ လွန်ခဲ့သော ၆ လခန့်က ရှေ့တန်းတွင်ရောက်ရှိနေသည့် သူမ၏ချစ်သူ ဗိုလ်ကြီးအောင်ပြည့်အား ပေးပို့ခဲ့သည့် ယခုကျင်းပသည့် သူမ၏မင်္ဂလာဆောင်ဖိတ်စာပေါ်တွင်ရေးထားသော မှတ်ချက်နှင့်အတူ.......

၉မမ (9 millimeter) ယူဂိုစလားဗီးယားနိုင်ငံထုတ် Para အမျိုးအစား ပစ္စတိုသေနတ်၏ ကျည်ခွံတစ်ခုသာ......။

p.s- စိတ်ကူးယဉ်မှု တစ်ခုသာဖြစ်ပါကြောင်း....။