Jun 17, 2008

၁ ... ၂ ... ... ၃၄ !

ခဏတော့လွင့်သွားတာပေါ့
ဒါပေမယ့်….
မကြာပါဘူး…. ငါ့ကိုယ်ငါ ပြန်ဖမ်းမိခဲ့တယ်။


အဝေးကို မျှော်ကြည့်တော့ သူ့မျက်ဝန်းတစ်လျောက် အဆုံးမရှိတဲ့ အစိမ်းရောင်…။ နောက်..အပြာ ရောင်…။ တဖြေးဖြေးပိုဝေးသွားတော့ အနက်ရောင်…။ အတိမ်အနက်ကို လိုက်ပြီးပြောင်းလဲနေတဲ့ အဆုံးအစ မရှိတဲ့ သမုဒ္ဒရာတစ်ခု…။ သူ့မျက်ဝန်းတွေနဲ့ မမြင်နိုင်တဲ့ တစ်နေနေရာမှာတော့ ကမ်းခြေ တစ်ခုခုရှိကောင်းပါရဲ့…။ အဲ့ဒီ ကမ်းခြေတစ်ခုပေါ်မှာ သူချစ်တဲ့….. များ သူ့ကိုတမ်းတနေကြမလား..? သူအခု သူတို့ကို တမ်းတနေ သလိုပဲပေါ့…။

ဒီနေရာ ဒီဒေသ…။ ဘယ်လောက်ပဲ ရုပ်ဝတ္ထုပစည်းတွေ ပြည့်စုံနေပါစေ…။ သူ့ရင်ထဲက ကွက်လပ် တစ်ခုကိုတော့ ဘယ်လိုမှ သာယာလာအောင် မဖြည့်ဆည်းပေးနိုင်ခဲ့ပါ။ အထူးသဖြင့် ဒီလိုနေ့မျိုးဆို ရင် သူ့ရင်ထဲက ဆွဲအားမဲ့ လေဟာနယ်ဟာ ပုံမှန်လည်ပတ်နေခဲ့တဲ့ အချိန်တွေထက် ပိုပြီးအဓိပါယ်မဲ့ နေခဲ့တယ်။ ဘ၀မှာ ဖြစ်သင့်တာတွေ ဖြစ်လာဖို့အတွက် ဖြစ်ချင်တာတွေကို အတိုင်းတာ တစ်ခုအထိ မြိုသိပ်ပြီး ဖြစ်နေတဲ့ လက်ရှိကို အတည်ငြိမ်ဆုံး ထုဆစ်နိုင်ဖို့ သူ့ကိုယ်သူ အမြဲတမ်းအားပေးခဲ့တယ်။ ဒါပေမယ့် သူလည်း လူသားတစ်ယောက်ပဲလေ…။ တစ်ခါတစ်လေတော့ ခံစားချက်တွေက ခဏခဏ သူ့ကို တရားစွဲဖို့ ကြံစည်ကြတာပေါ့။

သူပြုံးထားတယ်…။ လူတွေအားလုံးကို သူတတ်နိုင်သလောက် ပြုံးပြခဲ့တယ်…။ ဒါပေမယ့် အဲ့ဒီအပြုံး တွေရဲ့နောက်မှာ လူသားတစ်ယောက်ပီပီ ဘ၀ရဲ့ဖိအားပေးမှုတွေ ရှိနေမယ်ဆိုတာကို ဘယ်သူသိနိုင် မလဲ..? မလိုပါဘူးလေ သူ့အတွက်တော့…! အခုဆို သူများတွေပျော်ရင် သူလည်းပျော်တတ်နေပါပြီ။ တစ်ခြားသူတွေကို အမြဲနှစ်သိမ့်အားပေးခဲ့တယ်သူ…။ အခုလိုအချိန်မျိုးမှာ ဘယ်သူကများ သူ့ကို အကောင်းဆုံး နှစ်သိမ့်ပေးနိုင်လေမလဲ…? ရင့်ကျတ်တဲ့ လူသားတစ်ယောက်အဖြစ် အားလုံးရှေ့မှာ ရပ်တည်ပြနိုင်ဖို့ ရင်နဲ့မမျှ တဲ့ ခံစားချက်တွေ အလင်းနှစ်တွေနဲ့ချီ်ပြီး စတေးခဲ့ရတာ ဘယ်သူသိနိုင် မလဲ..? သူခေါင်းကို ငုံကြည့်လိုက် တယ်…။ ထူးဆန်းစွာပဲ ကောင်းကင်ဟာ သူ့ခြေဖျားအောက်မှာ ငြိမ် သက်စွာ အိပ်စက်နေလေရဲ့…..။ သူပြုံးထားတုန်းပဲလေ….။

လောကကို ခဏလောက်ဖြစ်ဖြစ်
မျက်မှန်တစ်လက်လောက် ပေးတပ်ကြည့်လိုက်ပါ
အထီးကျန်နေသူတွေရဲ့ ခံစားချက်တွေကို မြင်တွေ့နိုင်အောင်ပေါ့….။


မွေးဖွားခြင်း၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့သည် အဆက်မပြတ်လည်ပတ်နေသာ စက်ဝန်းတစ်ခု ဆိုပါက သူသည် ထိုစက်ဝန်းအတွင်း လူသန်းပေါင်းများစွာနှင့် အတူ ခရီးသွားနေသော သာမန်ခရီး သည် တစ်ဦးသာဖြစ်ပေလိမ့်မည်။ ဖြစ်တည်ခြင်းနှင့် ပျက်သုန်းခြင်းကြား အသက်ရှုသံများ မရေမ တွက်နိုင်အောင် ပွင့်ဖူးခဲ့ပေလိမ့်မည်။ သူ, မိမိကိုယ်ကို အကြိမ်ပေါင်းများစွာ စမ်းစစ်ခဲ့သည်။ အသက်ရှုသံ အရေအတွက် ဘယ် လောက်ကို သိမ်းဆည်းနိုင်ခဲ့ သလဲလို့ပေါ့…။ သူသည် စက္ကန့်ပေါင်းများစွာ အပေါ်နင်းဖြတ်ပြီး ခရီးဆက်ခဲ့ဖူးသည်။ မကြာခဏ အရောင်များပြောင်းလဲလေ့ရှိသော ကောင်းကင် အောက်တွင် ခရီးဆက်ခဲ့ဖူးသည်။ အကြိမ်ကြိမ်ဖူးပွင့်ခဲ့သော ဥယျာဉ်များကို ဖြတ်သန်းပြီးလည်း ခရီးဆက်ခဲ့ဖူးသည်။ ထိုခရီးသည် ဝေးပါသည်။ သို့သော် တစ်နေ့တော့ ပန်းတိုင်ကို ရောက်ရမည် ဖြစ်သည်။

ခပ်ဝေးဝေးက ရထားဥသြသံတစ်ခုကို သူအမှတ်မထင်ကြားလိုက်ရတယ်…။ ဒီလိုအသံတွေကို သူ့ဘ၀တစ်လျောက် အကြိမ်ပေါင်းများစွာ ကြားခဲ့ရဖူးပေမယ့်…။ ဒီတစ်ခါတော့ သူ့ရဲ့ဝိဥာဉ် များသည် အဲ့ဒီ့ရထား ဥသြသံနှင့်အတူ မိုင်ပေါင်းများစွာသို့….။ လူသားတစ်ယောက်အတွက် ဒီလောကတွင် အနွေးထွေးနိုင်ဆုံးသော နေရာသည် “ မိသားစု” ဆိုသော နေရာတစ်ခုသာရှိသည်ကို သူ့လို ထိုစကား လုံးနှင့် အဝေးဆုံးတွင် ရောက်ရှိနေသောသူများသာ အကောင်းဆုံး ဘာသာပြန်နိုင်ပေမည်။ အထူးသဖြင့် အခုလို သူ့ဘ၀အတွက် အမှတ်တရရှိလှသောနေ့မျိုးတွင်မူ သူ့ရဲ့ခံစားချက်များသည် မကြာခဏ အတိတ် နှင့် ပခုံးချင်း ၀င်တိုက်မိလေ့ ရှိလေသည်။

မည်သို့ပင် ဖြစ်နေပါစေ သူကျေနပ်ပါသည်။ သူ့ဘ၀တစ်လျောက် ရှူရှိုက်ခဲ့ရတဲ့ အချိန်တော်တော် များများကို အောင်မြင်မှု မှတ်တိုင်များဖြင့် တံဆိပ်ခတ်နိုင်ခဲ့သည်။ သူ့ဘ၀ကို လှပစွာဖန်တီးနိုင်ခွင့် ပေးခဲ့သော ဥယျာဉ်မှူးတစ်စုံ၊ လောကရဲ့ အကျဉ်းတန်မှုများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရတိုင်း ပင်ပန်းခဲ့ရ သော သူ့ရဲ့ နှလုံးသားတစ်ခုကို အနမ်းတွေနဲ့ ငြိမ်းချမ်းစေခဲ့တဲ့ ပါရမီဖြည့်ဘက်တစ်ယောက်၊ မနက်ဖြန်အတွက် ရှင်သန်ဖို့ အင်အားတွေကို ဖြူစင်တဲ့အပြုံးလေးတစ်ခုနဲ့ ဖန်ဆင်းနိုင်စွမ်းရှိတဲ့ ဆည်းလည်းလေးတစ်လုံး….။ သူ့ဘ၀ဟာ ပြည့်စုံခဲ့ပြီ ဖြစ်သည်။ စစ်မှန်သော မေတ္တာတရားသည် အချိန်နှင့်နေရာအား ကျော်လွှားကာ သူ့ရင်ကို ငြိမ်းချမ်းနိုင်စွမ်း ရှိပါသည်။

“ ငါတစ်ယောက်ထဲပါလား…” ဆိုတဲ့သူ့ရဲ့ အတွေးတို့သည် နူးညံ့ပြင်းထန်သော စစ်မှန်သည့် မတ္တော တရား တစ်ခုရဲ့ အင်အားကြောင့် အဝေးဆုံးကို လွင့်ထွက်သွားခဲ့ပြီ ဖြစ်သည်။ ဟုတ်တယ်…။ အားလုံး ရဲ့ အမြင်မှာတော့ သူတစ်ယောက်ထဲ ဘယ်သူမှမပါတဲ့ အထိမ်းအမှတ်နေ့ တစ်ခုကိုကျင်းပနေတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်ကူးထဲမှာတော့ ဒီနေ့ရက်လေးနဲ့ ဒီအချိန်လေးဟာ လှပသောခံစားချက်တွေနဲ့ အတူ ပြီးပြည့်စုံနေပြီ ဖြစ်သည်။ ဒီလိုပြည့်စုံဖို့အရာ သူ့မှာလုပ်ဆောင်စရာ တစ်ခုသာရှိခဲ့သည်။ သူ့ရဲ့ တလက်လက် တောက်ပနေတဲ့ မျက်မှန်အောက်က မျက်ဝန်းတစ်စုံကို ခေတ္တမျှ မှိတ်ထားဖို့သာ လိုပေ သည်။ အဘယ့်ကြောင့်ဆိုသော် လောကရှိ အချို့သောအရာများသည် ကျွန်ုပ်တို့၏ မျက်ဝန်းများကို မှိတ်ထားမှသာလျှင် မြင်နိုင်စွမ်း ရှိသောကြောင့် ဖြစ်ပေသည်။

ကြယ်တွေ ကောင်းကင်ပေါ်ကို
တစ်စင်းပြီး တစ်စင်းကြွေကျ
ငါဆုတောင်းတယ်…
ငြိမ်းချမ်းရပါစေလို၏…..။ ။

p.s- ပျော်ရွှင်ဖွယ်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်သောမိသားစုနှင့်အတူ နေထိုင်နိုင်ပါ စေ အကိုကြီး ကိုစိုးထက် ရေ။

Jun 15, 2008

ကျွန်တော်နှင့် ဖန်ဆင်းရှင်

သူသည် ကျွန်တော့်ဘ၀တွင် တစ်ဦးတည်းသာ ဖြစ်တည်ပိုင်ခွင့် ရှိသောသူဖြစ်သည်။

ကျွန်တော့်၏ ပျော်ရွှင်မှုသည် သူ့အတွက်အားဆေးဖြစ်သည်။ ကျွန်တော့်၏ အပြုံးတို့ဖြင့် သူအသက် ဆက် သည်။ ကျွန်တော့်၏ ဗိုလ်ကျမှုတို့ဖြင့် သူ့ဘ၀ကို အပန်းဖြေသည်။ တစ်နည်းအားဖြင့် သူသည် ကျွန်တော့် စိတ်ချမ်းသာမှုကို သူ့အသက်ထက်ပင် တန်ဖိုးထားသူလည်း ဖြစ်ပါသည်။ ကျွန်တော့် အတွက်တော့သူသည် ဒီတစ်သက်တွင် ဘယ်တော့မှ မနိုင်, နိုင်သော၊ ကျွန်တော်လွန်စွာလေးစား အားကျရပါသော ကျွန်တော့်ဘ၀၏ စစ်တုရင် ချန်ပီယံတစ်ယောက်လည်းဖြစ်လေသည်။

သူသည် ကျွန်တော့်ဘ၀အတွက် ဖန်ဆင်းရှင်တစ်ပါးဖြစ်သည်။ လောက၏ အကောင်းနှင့် အဆိုး၊ အမှန်နှင့် အမှား စသည့် ဆန့်ကျင်ဖက်များ၏ တန်ဖိုးများကို နားလည်အောင် သင်ကြားပေးခဲ့သော၊ ကျွန်တော့်၏ ရွေးချယ်မှုတိုင်းသည် ကျွန်တော့်တွင်သာ တာဝန်ရှိကြောင်းကို ကြိမ်ဖန်များစွာ သင်ကြားပေးခဲ့သော၊ အချိန်နှင့် နေရာ၏ တန်ဖိုးကို လေ့လာသိရှိစေခဲ့သော၊ လောက၏ မြင့်မြတ်မှု အလုံးစုံသည် ကျွန်တော့်၏ လောကအပေါ် ထားရှိသော စိတ်နှလုံးအပေါ်တွင်သာ ရှင်သန်ပေါက်ဖွား နိုင်ကြောင်း ရှင်းလင်းသွန်သင်ခဲ့ဖူးသော၊ အသစ် အသစ်သော မျှော်လင့်ချက်နှင့် ယုံကြည်ခွင့်တို့သည် မနက်ဖြန်တိုင်းတွင် တည်ရှိကြောင်းလည်း သင်ပြခဲ့ဖူး သော ကျွန်တော့်ဘ၀၏ ကိုယ်ပိုင်ဆရာ တစ်ဆူ လည်းဖြစ်သည်။

သူသည် ကျွန်တော့်ဘ၀အတွက် ဗိသုကာ တစ်ယောက်ဖြစ်သည်။ သူသည် ကျွန်တော့်ဘ၀၏ ခိုနားရာ အမိုးတစ်ခု ဖြစ်သလို တစ်ခါတစ်ရံ သူသည် ကျွန်တော့်ဘ၀၏ လုံခြုံမှုကိုပေးစွမ်းရာ နံရံတစ်ခုလည်း ဖြစ်လေ သည်။ ကျွန်တော့်အတွက် စစ်မှန်သော ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းသော ဘ၀တစ်ခုကို မည်သို့ တည်ဆောက် ရမည်ကို ပုံကြမ်းရေးဆွဲပေးခဲ့သူလည်းဖြစ်သည်။ သူကိုယ်တိုင် တည်ဆောက်ခဲ့သော ဘ၀တစ်ခုကို လည်း ကျွန်တော့် အတွက်လက်ဆောင်ပေးခဲ့ဖူးသည်။ သူရေးဆွဲပေးခဲ့သော ဘ၀အိမ်ပုံစံသည် လောကဓံ ရှစ်ပါး၏ ဒဏ်ကို ကောင်းမွန်စွာ အံတုနိုင်ခဲ့သည်။ သူသည် အိမ်၏အမိုးအား မေတ္တာတရားဖြင့် ပြုလုပ်ကာ ယောက်ျား ကောင်းတစ်ယောက်၏ သတ္တိမျိုးဖြင့် နံရံများကို ဖွဲ့စည်း၊ ကာကွယ်ပေးခဲ့လေသည်။

တစ်ခါတစ်ရံသူသည် ကျွန်တော့်အတွက် အိပ်စက်ရာ ပန်းမွေ့ယာတစ်ခုဖြစ်၍ တစ်ခါတစ်ရံသူသည် ကျွန်တော့် အတွက် လျောက်လှမ်းရာ ပန်းခင်းလမ်း တစ်ခုဖြစ်လေသည်။ ကျွန်တော်လျှောက်လှမ်းရာ လမ်းတစ်လျှောက် တွင် သူ့ကို တံတားတစ်စင်းအဖြစ် မကြာခဏ မြင်တွေ့နိုင်ပေသည်။ သူသည် ကျွန်တော်နင်းဖို့အတွက် သူ့ကျောကို ခင်းပေးသည်။ သူသည် သူ့၏ချွေးစက်များဖြင့် ကျွန်တော့်ဘ၀အတွက် အလင်းတန်းများကို ထွန်းညှိခဲ့သည်။ သူသည် ကျွန့်တော့်ဘ၀အတွက် စစ်သူကြီးတစ်ပါးအဖြစ် အန္တာရယ်ပေါင်းများစွာကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖြေရှင်းပေးခဲ့သည်။ သူ့၏ ဘယ်ဘက်လက်ဖြင့် ကျွန်တော့်အားနွေးထွေးစေကာ၊ ညာဘက်လက်ဖြင့် လောက၏အကြီးတန်မှုများကို ဖယ်ရှားခဲ့လေသည်။

အောင်မြင်မှုမှုတိုင်း၏ အမြင့်မားဆုံး နေရာတစ်ခုတွင် ကျဆုံးမှုသည် ထာဝရရပ်တည်နေကြောင်းလည်း သတိ ပေးခဲ့ဖူးသည်။ ဘ၀၏အခက်အခဲများသည် အောင်မြင်မှု တစ်ခုအတွက် လှေခါးထစ်များဖြစ် သောကြောင့် ကြောက်ရွံ့ရန်မလိုပဲ နင်းဖြတ်ရဲဖို့သာလိုကြောင်းလည်း ပြောပြခဲ့ဖူးသည်။ လောက၏ စိန်ခေါ်မှုများသည် ကျွန်တော့်ဘ၀အတွက် အရည်အချင်းစမ်းစစ်ရာ စာမေးပွဲများ ဖြစ်ကြောင်း ကိုလည်း မှတ်သားစေခဲ့သည်။ “မင်းရဲ့ခေါင်းကို သိပ်မမော့နဲ့ ကောင်းကင်က နိမ့်နိမ့်လေး” ဟူသော သူ့ရဲ့ သတိပေးမှုသည် ကျွန်တော့်ဘ၀ အတွက် ဒဏ်ရာများစွာမှ ကင်းလွတ်ခွင့်ရခဲ့သည်။ လူတော်တစ်ယောက်ဖြစ်ဖို့ထက် လူကောင်းတစ်ယောက် ဖြစ်ဖို့ကို သူသည် ကျွန်တော့်အား အဓိကထား သင်ကြားပေးခဲ့သည်။ “Everything You Want Is Not, Everything You Need!” ဆိုတဲ့သူ့ရဲ့ စကားဟာ ကျွန်တော့်ဘ၀အတွက် ထွက်ပေါက်များစွာကို လမ်းဖွင့်ပေးခဲ့ ဖူးလေသည်။

သူရဲ့အကြောင်းကိုဖွဲ့ဆိုပါက မည်သည့်အခါမျှ ပြီးပြည့်စုံနိုင်မည်မဟုတ်ပေ။ မည်သို့သော စကားလုံးမျှဖြင့် လည်း လုံလောက်စွာ တင်စားနိုင်မည်မဟုတ်ပေ။ မည်သို့ပင် ဖြစ်စေ..။ သူသည် ကျွန်တော့်လိုပင် အားလုံးရဲ့ ဘ၀ထဲမှာ တစ်ဦးတည်းသာ ဖြစ်တည်ပိုင်ခွင့်ရှိသောသူ ဖြစ်လေသည်။

သူ (သို့မဟုတ်) ကျွန်တော့် ဖခင်သည် ကျွန်တော့်ဘ၀တွင် တစ်ဦးတည်းသာ ဖြစ်တည်ပိုင်ခွင့် ရှိသည့် သူအဖြစ် ထာဝရရှင်သန်သွားမည်ဖြစ်သည်။


p.s-လောက၏ အမြင့်မြတ်ဆုံးသောလူသားများထဲမှာ အပါအ၀င်ဖြစ်သည့် "ဖခင်" များအား ဂုဏ်ပြုအပ်ပါသည်။

Jun 11, 2008

မှတ်တိုင် အမှတ် - ၃၅

တစ်ယောက်ထဲပဲ…။ ဟုတ်တယ် သူတစ်ယောက်ထဲပဲ…။ မဟုတ်သေးဘူး တစ်ယောက်ယောက်များ ရှိနေအုံး မလား…။ မရှိ…။ သူနဲ့တူတာဆိုလို့ သူ့အရိပ်တောင်မရှိဘူး…။ သူ့ရှေ့က စားပွဲတစ်လုံးပေါ်ကို ကြည့်လိုက် တော့ ရွှေဝါရောင်ပင်လယ်တစ်ခု 1 Liter ခန့်သာရှိတဲ့ ပုလင်းတစ်လုံးထဲမှာ အသက်မဲ့စွာ ပိတ်မိနေတယ်…။ “ဟား… ဒီပင်လယ်လည်း ငါ့လိုပါပဲလား…? ဒါမှမဟုတ် ဒီပုလင်းထဲက ပင်လယ်ဟာ ငါကိုယ်တိုင်ပဲလား…?” ။ “ချွင်…” ။ လက်ထဲက ငွေရောင် တစ်လက်လက် အရာဝတ္ထုလေးတစ်ခုသည် သူ့တာဝန်သူထမ်းဆောင်ဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ သူလေးထောင့်ဘူးလေးထဲ ပိတ်မိနေတဲ့ အဖြူရောင်နတ်သမီးတစ်ပါးကို သာယာစွာထုတ်ယူ နမ်းရှိုက်လိုက်တယ်…။ “အား…” နောက်ကျိနေတဲ့အာရုံတွေကို နတ်သမီးရဲ့ကိုယ်ငွေ့ များနဲ့အတူ သူ့အဆုတ်ထဲ အားရပါးရ ရှိုက်သွင်းလိုက်တယ်…။ ပြီးတော့ နွမ်းလျမှုတွေ၊ စိတ်အလို ကိုယ်မလိုက် နိုင်မှုတွေနဲ့အတူ ဖြေးညှင်းစွာ လေဟာနယ်ထဲ ပြန်လွတ်လပ်ခွင့် ပေးလိုက်တယ်…။ အရာရာဟာ ခဏတော့ ဆွဲငင်အားမဲ့သွားခဲ့တယ်…။ အဲဒီ့ "ခဏတွေ" ပေါ့ သူနှစ်ပေါင်းများစွာ အဖော်လုပ်ခဲ့ရတာ အခုဆို နာရီတွေ တောင် သိန်းနဲ့ချီ ခဲ့ပြီလေ...။

“အင်း… တကယ်တော့ ဘ၀ဆိုတာလဲ စီးကရက် တစ်လိပ်လိုပါပဲ…။ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ မီးတွေနဲ့ လောင်မြိုက်ရင်း လောင်မြိုက်ရင်း နောက်ဆုံးတော့ ဖင်စီခံမှာ ကပ်ပြီးကျန်ခဲ့တဲ့ သောကတွေနဲ့ အဆုတ်ထဲကို ရောက်သွားတဲ့ အကုသိုလ်တွေပဲ ကျန်ခဲ့တယ်…။”

မျက်စိကိုမှိတ်..။ ထိုင်ခုံကိုမှီ…။ ခေါင်းကို မျက်နှာချက်ပေါ်မော့…။ သက်ပြင်းတစ်ခုကို ဖြေးဖြေးချင်းချ။ ရပြီ...။ ငါ့ရဲ့ စိတ်ရထား အတိတ်ကို ခရီးထွက်ဖို့ အဆင်သင့် ဖြစ်ပြီ…။ တစ်ရေးရေးနဲ့ ပေါ်လာတဲ့ အာရုံတွေကို မမိနိုင် မှန်းသိပေမယ့် မျှော်လင့်ချက်ဆိုတဲ့ ပိုက်ကွန်နဲ့သူ လိုက်ဖမ်းနေခဲ့မိတယ်။ ခဏလေးဆိုပေမယ့် သူသေသေချာ ချာ သတိထားမိလိုက်တာ တစ်ခုတော့ရှိတယ်…။ သူ့ဘ၀ထဲမှာ အရေးအကြီးဆုံး ပုံရိပ်တစ်ခု…။ မဟုတ်ဘူး…။ နှစ်ခု…။ သူ့ဘ၀ရဲ့မျှော်လင့်ချက်…။ သူ့ဘ၀ရဲ့ အနာဂတ်…။ သူ့ဘ၀ရဲ့ ခွန်အား…။ သူ့ဘ၀ရဲ့ တေးသီငှက်…။ သို့မဟုတ်..။ သူ့ဝိဥာဉ်မှာ ခိုနားတဲ့ ကောင်းမြတ်ခြင်း အလုံးစုံနဲ့ အုတ်မြစ်ချထားတဲ့ ဘ၀သေးသေးလေးတစ်ခု။ သို့မဟုတ် သူမြတ်နိုးရပါ သော ဇနီးနှင့် သမီး။

ဘယ်လို ၀ိဥာဉ်လဲ ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ့်ဘ၀မှာတောင် ခိုနားခွင့်မရတာ…? ညနဲ့အတူ အတွေးတွေ ကလည်း နက်သထက်နက်…။ “အင်း… အနည်းဆုံးတော့ အာရုံတက်ဆိုတာ ဘ၀တိုင်းမှာ ရှိပါသေး တယ်…။” သူအရမ်း တန်ဖိုးထားသော ကြည်နူးဖို့ကောင်းတဲ့ ခပ်သဲ့သဲ့ ရယ်သံနှစ်ခု အချိန်နဲ့ နေရာကို ဖြတ်ကျော်ပြီး သူ့နှလုံးသား ကို လာရိုက်ခတ်တော့ သူ့ခံနိုင်ရည်တွေ သွက်သွက်ခါအောင် လှုပ်ရှားသွားတယ်…။ သွေးကြောတွေက တဆစ်ဆစ်…။ နှလုံးသားက ဖြစ်ညှစ်လိုက်တဲ့ တမ်းတခြင်းတွေ ခန္ဓာကိုယ်အနှံ့ ခြေဆန့်ကြလေပြီ…။ စိတ်မြင်းရိုင်းတစ်ကောင် သူ့အတွေးတွေထဲ ကစုန်ပေါက်ပြီး ပြေးလွှားနေလိုက်တာ အခုဆို သူ့ခံစားချက်တွေ ရစရာမရှိအောင် ပျက်ဆီးကုန်ပေါ့….။ ဆုံဆည်းခြင်းဆိုတဲ့ မနက်ဖြန်တစ်ခုရောက်ဖို့ သူခရီးဆက်ခဲ့တာ အခုဆို မှတ်တိုင်ပေါင်း ၃၄ ခုကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည်…။ အခုလည်းသူ တစ်ခုခုကို စောင့်နေမိသည်…။ မကြာခင် ရောက်လာတော့မည်..။ ရောက်…………လာ…………..တော့……………မည်။

“ဒေါင်..ဒေါင်…ဒေါင်…!!!” ၁၂ ချက်တိတိ။ ၃၅ ခုမြောက် မှတ်တိုင်ကို သူရောက်ရှိပြီ ဖြစ်သည်…။

ပုလင်းလေးတစ်လုံးထဲမှာ ပိတ်လှောင်ခံထားရတဲ့ နောက်ဆုံးကျန်ရှိနေတဲ့ ရွှေဝါရောင်ပင်လယ်ရဲ့ အစိတ်အပိုင်း အချို့ကို သူထွက်ပေါက်ပေးလိုက်တယ်။ သူ့ရှေ့က လေးထောင့်ဘူးလေးကို သတိတရ လှမ်းကြည့်လိုက်တော့ “သြော်….အဖြူရောင်နတ်သမီးတွေအားလုံးလဲ လွတ်လပ်သွားကြပြီပဲ…” ဘာမှမရှိတော့တဲ့ ပုလင်းခွံနဲ့လေး ထောင့်ဘူးလေးကိုကြည့်ရင်း သူတစ်ခုခုကို သတိထားမိလိုက်တယ်။ စောစောက သူလွတ်မြောက်သွားပြီလို့ ထင်ထားသော ရွှေဝါရောင်ပင်လယ်တစ်ခုနဲ့ အဖြူရောင်နတ်သမီးများ အခုဘယ်ရောက်သွားကြပြီလဲ…? “တကယ်ကော လွတ်မြောက်သွားကြရဲ့လား…? ဟား…! မဟုတ်ဘူး…။ မဟုတ်သေးဘူး...။ သူတို့တွေ ငါ့ခန္ဓာကိုယ်ထဲကို စီးဆင်းသွားတာပဲ”။ သူလွတ်မြောက်ခွင့် ပေးလိုက်သူများမှာ အမှန်တကယ် လွတ်မြောက် မသွားကြောင်း သူသေသေချာချာ သိလိုက်ပြီ ဖြစ်သည်။ ခပ်ပါးပါးအပြုံးတစ်ခု သူ့နှုတ်ခမ်းပေါ်မှာ ဖြတ်သန်း သွားတယ်။ စကြာဝဋ္ဌာထဲက အဆုံးအစမသိတဲ့ တွင်းနက်ထဲကို ခုန်ချတော့မဲ့ လူတစ်ယောက်ရဲ့ အပြုံးမျိုးပေါ့။


ရွှေဝါရောင်ပင်လယ်နဲ့ အဖြူရောင်နတ်သမီးတွေလိုပဲပေါ့.....


တစ်ကယ်တော့ စိတ်ဆိုတာ အချုပ်အနှောင်တစ်ခုက လွတ်မြောက်သွားပြီလို့ ထင်ရပေမယ့် ကိုယ်သတိမထား မိလိုက်တဲ့ အချိန်မှာပဲ နောက်ထပ်လှောင်အိမ် တစ်ခုထဲကို ရောက်နှင့်နေပြီးသား ဖြစ်နေတတ်သော လိပ်ပြာတစ်ကောင် ဖြစ်လေသည်။


p.s- (၉.၆.၂၀၀၈) ခုနေ့တွေ ရောက်ရှိခဲ့သော ကျွန်တော့်အစ်ကိုကြီး ကိုလင်းထက် အတွက် အမှတ်တရ လက်ဆောင်အဖြစ် ခံစားရေးဖွဲ့သည်။

Jun 8, 2008

ကြော်ငြာချက်


ု
ကျွန်တော့်ရဲ့ Blog အား ယနေ့မှစ၍ စာဖတ်သူများ (အထူးသဖြင့် မြန်မာနိုင်ငံမှ စာဖတ်သူများနှင့် သူငယ်ချင်း မိတ်ဆွေများ) ပိုမိုလွယ်ကူစွာ ဖတ်ရှုအသုံးပြုနိုင်စေရန်အတွက် www.blackdream21.com အားဝယ်ယူ အသုံးပြု လိုက်ပြီ ဖြစ်ပါသည်။ ယခင် Link ပေးသူများအနေဖြင့် ယခု Link အသစ်အား ပြောင်းလဲပေးရန် မလိုအပ်ပဲ ယခင် Link အား Access လုပ်ပါက အလိုလျောက် Redirect ပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

p.s- Ebook များကိုလည်း Download လွယ်ကူစွာ ပြန်လည်ပြုလုပ်နိုင်စေရန်အတွက် မကြာခင် Hosting အသစ်တစ်ခုပေါ်သို့ ပြောင်းရွှေ့၍ Upload လုပ်ပေးသွားမည် ဖြစ်ကြောင်း...။

Jun 4, 2008

ရံပုံငွေ ဘောလုံးပြိုင်ပွဲ

ကျွန်တော်တို့ မြန်မာပြည် မုန်တိုင်းဒဏ် ခံစားခဲ့ရသော ပြည်သူများအတွက် (ဒုတိယအကြိမ်) မြောက် ထပ်မံ လှူဒါန်းနိုင်ရန် ကျင်းပပြုလုပ်ခဲ့သော ရံပုံငွေဘောလုံးပြိုင်ပွဲသည် (၃၁.၅.၂၀၀၈) သောကြာ နေ့တွင် အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ပါသည်။ ကျွန်တော်တို့ရဲ့ ဒီပြိုင်ပွဲကို ကျင်းပရခြင်း အဓိကရည်ရွယ်ချက်မှာ မြန်မာ ပြည်သူပြည်သားများအတွက် ကိုယ်ထိလက်ရောက် ကိုယ်တိုင်လုပ်အားပေးကူညီ လိုသော်လည်းမည် သို့မျှ မတတ်နိုင်သည့်အတွက် ကျွန်တော်တို့ရဲ့ ခွန်အား၊ ချွေး စသည်တို့ဖြင့် အင်အားစိုက်ထုတ်ကာ သွယ် ၀ိုက်သောနည်းဖြင့် ရင်းနှီးပြီး လှူဒါန်းလိုသောကြောင့် ဖြစ်ပါသည်။

အခန်းအနားတွင် မြန်မာပြည် မုန်တိုင်းဒဏ်ခံစားခဲ့ရသော ပြည်သူများအတွက် ၀မ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် (၂) မိနစ် ငြိမ်သက်ကာ ဆုတောင်းမေတ္တာများပို့သပြီးနောက် ရံပုံငွေဘောလုံးပြိုင်ပွဲအား စတင် ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်း (၇)၊ ဒုတိယပိုင်း (၁၅) မိနစ်နှင့် တတိယပိုင်း မိနစ် (၃၀) တို့တွင် မြန်မာ ကျောင်းသားအသင်းမှ ရုရှားကျောင်းသားအသင်းအား ဂိုးများသွင်းယူကာ သုံးဂိုး ဂိုးမရှိ ဖြင့် အနိုင်ရခဲ့ပါသည်။

ရံပုံငွေပွဲမှရရှိသော အလှူငွေများအားလုံးကိုလည်း ယခင်အတိုင်းပင် မြန်မာနိုင်ငံသို့ အမြန်ဆုံး (တိုက်ရှိက်) လှူဒါန်း သွားမည် ဖြစ်ပါသည်။

ယခုကဲ့သို့ ရံပုံငွေပွဲဖြစ်မြောက်ရေးအတွက် ကိုယ်အား၊ အကြံဥာဏ်အားများဖြင့် ၀ိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ကြသော Russian New University နှင့် Moscow State Technology University, Bauman (BMSTU) မှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများအား၎င်း၊ မိမိတတ်နိုင်သည့်နည်း လမ်းများဖြင့် အားကျိုးမာန်တက် ကူညီပေးခဲ့ကြသော နောင်တော်များ၊ သူငယ်ချင်းများနှင့် ညီငယ်များအား၎င်း၊ ကျောင်းအသီးသီးမှ ရံပုံငွေ လက်မှတ်များအား တာဝန်ယူရောင်းချပေးခဲ့သော သူငယ်ချင်းများအား၎င်း၊ ရံပုံငွေလက်မှတ်များအား (လူကိုယ် တိုင်မလာနိုင်သည့်တိုင်) ၀ယ်ယူအားပေးခဲ့ကြသော စေတနာရှင်များနှင့် သီးခြား အလှူငွေထည့်ဝင်ခဲ့ကြသော စေတနာရှင်များအား လွန်စွာကျေးဇူးတင်ရှိ ပါသည်။

အထူးသဖြင့် စာမေးပွဲများဖြေဆိုနေသည့် ကာလဖြစ်သည့်တိုင် မိမိချစ်သော ပြည်သူပြည်သားများ အတွက် အားကျိုးမာန်တက် လေ့ကျင့်၊ ကြိုးစားကစားပေးခဲ့ကြသော မြန်မာကျောင်းသားလက်ရွေးစင် အသင်းအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ ။
















p.s- ပြိုင်ပွဲအမှတ်တရ ဓာတ်ပုံများအား စုဆောင်းရရှိမှု အခက်အခဲကြောင့် Post တင်ခြင်းနောက်ကျခဲ့သည်ကို နားလည် ခွင့်လွှတ်ပေးကြပါရန်နှင့် ကောက်ခံရရှိသော အလှူငွေစာရင်းနှင့် လှူဒါန်းမှုများကို မကြာမှီ ဖော်ပြ ပေးသွားမည် ဖြစ်ကြောင်း။ ။