Mar 31, 2008

ကျွန်တော်နှင့် ပျောက်ဆုံးသွားသော "ဦးခေါင်း" များ....

ထူးဆန်းတယ်ဗျာ…။ ညက ကျွန်တော်အိပ်မက် တစ်ခုမယ်တယ်….။ အိပ်မက်ထဲမှာတော့…..။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော်မနက်နိုးလို့ မျက်နှာသစ်၊ သွားတိုက်မယ်ဆိုပြီး ရေချိုးခန်းထဲ ၀င်ခဲ့ပါတယ်…။ အဲဒီ့နောက် ကျွန်တော့် ရှေ့မှာရှိတဲ့ မှန်ထဲကို ကြည့်လိုက်တဲ့ အခါမှတော့ ကျွန်တော် အရမ်းကို တုန်လှုပ် ခြောက်ခြားသွားခဲ့ရပါတယ်။ ကျွန်တော်သေသေချာချာ ထပ်ကြည့်ပါတယ်။ ဟုတ်တယ် သေချာတယ်။ ကျွန်တော့မှာ “ခေါင်း” မရှိတော့ဘူး။

ကျွန်တော်လည်း အရမ်းကို စိုးရိမ်သွားပြီး ဘေးမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော့်မှာ “ခေါင်း” မရှိ တော့ကြောင်း ပြောမယ်ဆိုပြီး ကြည့်လိုက်တော့…။ ဘုရား…ဘုရား…။ သူ့မှာလည်း ကျွန်တော့်လို့ဘဲ “ခေါင်း” မရှိတော့ကြောင်းကို ခြောက်ခြားဖွယ်ရာ တွေ့ရှိလိုက်ရပါတယ်…။

ကျွန်တော်လည်း အဲဒီ့အခါမှ ကမန်းကတန်း ရေချိုးခန်းထဲကပြေးထွက်ပြီး အဆောင်မှာရှိတဲ့ သူငယ်ချင်းတွေ အားလုံးကို လိုက်ကြည့်မိတယ်…။ ဟုတ်တယ်…။ တစ်ယောက်မှ “ခေါင်း” မရှိကြတော့ဘူး…။ ဒါပေမယ့် ထူးဆန်း တာက သူတို့အားလုံး ဘာမှမဖြစ်တဲ့ပုံ၊ နေသားကျနေတဲ့ ပုံစံတွေနဲ့ ကိုယ်လုပ်စရာရှိတာကို အေးအေးဆေး ဆေး လုပ်နေကြခြင်းပါဘဲ….။ ကျွန်တော် တော်တော်လေးကို အံ့သြသွား ပါတယ်...။ ကျွန်တော်လည်း ဒီအကြောင်းကို အားလုံးကိုသိအောင် ရှင်းပြမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ပြီး တစ်ယောက်ခြင်းကို သေသေ ချာချာ လိုက်ရှင်းပြ ပါတော့တယ်…။

အဲဒီ့အခါမှာတော့ ကျွန်တော်လူမျိုးမျိုးဆီက အဖြေမျိုးမျိုးကိုရရှိခဲ့ပါတယ်…။ ကျွန်တော်နဲ့ နဲနဲရင်းနှီးပြီး ဂရုဏာစိတ်ရှိတဲ့ သူငယ်ချင်းတစ်ချို့က “သူငယ်ချင်း မင်းဘာတွေ ဖြစ်နေတာလဲ စိတ်ကိုထိန်းပါကွာ” ဆိုပြီး သတိပေးကြပါတယ်…။ နဲနဲ ပေကပ်ကပ်ဖြစ်တဲ့သူတွေကတော့ “ဘာတွေလာပြော နေတာလဲကွာ ခေါင်းရှုပ်ရတဲ့ အထဲ” ဆိုပြီး မရှိတဲ့ “ခေါင်း” ကိုကုတ်ရင်းပြောကြပါတယ်…။ တကယ့်ကို ဘုကျကျ ဂလန့် ကောင်တွေကတော့ “ခေါင်းမရှိတော့ရော ဘာဖြစ်လဲကွာ ငါတို့ လွတ်လွတ်လပ်လပ် မတွေးခေါ်ရ၊ မစဉ်းစား ရတာ ဘယ်လောက်ကြာပြီလဲ…။ ခေါင်းဆိုတာ တွေးခေါ်ဖို့၊ စဉ်းစားဖို့ မရှိရင် မလိုအပ်ပါဘူးကွာ…လေးတာပဲ အဖတ်တင်တယ်”…။ ဆိုပြီး ဟောက်လွှတ်ကျပါတော့တယ်…။

မကြာပါဘူး…။ ကျွန်တော်ဖြစ်ပျက်နေတဲ့ အကြောင်းကို ကျွန်တော့်တို့ကို တာဝန်ယူတားတဲ့ အဆောင်မှူးကြီး သိရှိသွားပြီး (သူ့မှာလည်း “ခေါင်း” မရှိပါဘူး) ကျွန်တော့်အခြေအနေကို တာဝန်ရှိတဲ့ လူကြီးတွေကို အကြောင်း ကြားပြီး ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်…။ ကျွန်တော်လည်း အဲဒီ့သတင်းကိုကြားတော့ တော်တော်ကို ၀မ်း သာ သွားပါတယ်…။ လူကြီးတွေဆိုတာ စဉ်းစားတတ်တယ်…။ အမှန်တရားကို လက်ခံတတ်တယ်…။ အတွေ့ အကြုံရှိတယ်…။ ရင့်ကျတ် ကြတယ်လေ…။ အဲဒီ့လို အင်္ဂါရပ်တွေနဲ့ ပြည့်ဝပြီး ထူးချွန်နေကြလို့လဲ ကျွန်တော်တို့တွေကို ဦးဆောင် နေကြတာ မဟုတ်လား….????

ဒီလိုနဲ့ ကျွန်တော် သူတို့တွေနဲ့ တွေ့ဖို့နေ့ရက်ကို ရောက်ရှိလာခဲ့ပါတယ်…။ ကျွန်တော် သူတို့နဲ့ တွေ့ဖို့ သွားရာလမ်းတစ်လျှောက်မှာ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေနဲ့ ပျော်ရွှင်နေခဲ့ပါတယ်။ ကျွန်တော် သူတို့နဲ့တွေ့ပြီး အဖြစ်အပျက်နဲ့ အခြေအနေအားလုံးကို ပြည့်ပြည့်စုံစုံ ရှင်းပြရင် လက်ခံနားလည် သဘောပေါက်ပြီး အကောင်းဆုံး ဖြေရှင်းပေး နိုင်မယ်ဆိုတာလဲ ကျွန်တော်ယုံကြည် နေခဲ့မိတယ်…။ သူတို့ဟာ အခြေအနေတစ်ခုကို အသိဥာဏ်ရှိရှိ စဉ်းစားချင့်ချိန်ပြီး ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်၊ ဘာလုပ် သင့်တယ် စတာတွေကို အကောင်းဆုံး ဝေဖန်သုံးသပ်ပြီး အမှန်တရားကို လက်ခံအကောင်အထည် ဖော်ရဲကြမယ်လို့လည်း ကျွန်တော် ယုံကြည် မျှော်လင့်နေခဲ့မိတယ်လေ…။ ဒါပေမယ့်…

ကျွန်တော့် ပြသနာကို ဖြေရှင်းပေးမယ်ဆိုတဲ့ လူကြီးတွေကို ကျွန်တော်မြင်တွေ့လိုက်ရတဲ့ အချိန်မှာ တော့ ဒီတစ်ခါလည်း ကျွန်တော်ပဲ ထပ်မံကျဆုံး ပြန်ပြီဆိုတာကို သိလိုက်ရပါတော့တယ်…..။

အဲဒီ့ လူကြီးတွေမှာ လည်း “ခေါင်း” မရှိကျတော့ဘူးလေ….။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော်လည်း အဲဒီ့အချိန်မှာပဲ အိပ်မက်ထဲက လန့်နိုးလာခဲ့ပါတယ်…။ တစ်ကိုယ်လုံးလဲ ချွေးတွေကို ရွှဲလို့…။ တော်သေးတာပေါ့…။ အိပ်မက်မို့လို့….။ ကျွန်တော်လည်း အဲလိုစဉ်စားမိပြီး မျက်နှာမှာ စိုနေ တဲ့ချွေးတွေကို သုတ်မယ် လုပ်လိုက်တဲ့အခါမှတော့…..။

ကျွန်တော့်မှာ အမှန်တကယ်ကို “ခေါင်း” မရှိတော့ကြောင်းကို တုန်လှုပ်စွာတွေ့ ရှိလိုက်ရပါတော့ တယ်….။

p.s- ကျွန်တော် အဆာင်နေ ကျောင်းသားဘ၀တုန်းက မက်ခဲ့ဖူးတဲ့ အိပ်မက်လေးတစ်ခုကို မှတ်မှတ်ရရ ပြန် လည် ဖော်ပြခြင်း ဖြစ်ပါတယ်။

30 comments:

လင်းထက် said...

အိပ်မက်လေး က အပြင်မှာ တကယ် ဖြစ်နေ သလို ဘဲနော် တော်တော် လေး ပီပြင်တယ်..။

စိုးထက် - Soe Htet ! said...

ဒီညီလေးကတော့ တားမရပါလား ...
လာဖတ်သွားတယ် ဗျို့ :)

Anonymous said...

ထိချက်တွေပါလို့ တာအတော်သွားပါတယ်..။
ငါလည်းခဏခဏပျောက်ဖူးလို့ မနည်းထိန်းနေရတယ်။
ပြန်ရမှာပါ..။ အဲဒီတစ်နေ့ပေါ့ ..ငါတို့ အားပါးတရ ခေါင်းကုတ်ကြတာပေါ့...:)

နှင်းပွင့်ဖြူ said...

ခေါင်းမရှိတော့ဘူးပေါ့....း)
အိမ်မက်ဆိုတာတော့ သာမန်ထက်ပိုထူးခြားတာတွေ မက်လေ့ မက်ထ ရှိတယ်
ကိုယ့်အိမ်မက် ကိုယ်ဇာတ်ကောင်ပဲ ဟတ်ဟတ် ......
တကယ့်အပြင်နဲ့ ထပ်တူခံစားရတယ်
တစ်ခါတစ်ရံတော့ အိမ်မက်က နှစ်ခြိုက်စရာကောင်းတယ်

Anonymous said...

အော ဂလိုလား အိပ်မက်ကိုးးးကောင်းပကွာ တခါတလေ အကြောင်းအရာ တခုခုကိုစိတ်စွဲလို့ရှိရင်လဲ မက်တတ်တယ်နော် သတိ ဝေးးး သတိ ...:)

Anonymous said...

အိပ်မက်ကလဲ ထူး၂ဆန်း၂ ပါလား အစ်ကို ရာ ဖြစ်မှဖြစ်ရလေ ခေါင်းဆိုတာ တွေးခေါ်ဖို့  စဉ်းစားဖို့  မရျိရင် မလိုအပ်ပါဘူး လေးတာပဲ အဖတ်တင်တယ် ဒီစကားကို ရေလည်ထောက်ခံတယ်ဗျို့  တစ်ခါခါကျ စဉ်းစားစရာတွေ များလွန်းလို့  ကိုယ့်ခေါင်းကို ပေါက်ထွက်သွားမှာကြောက်လို့  ပြန်စမ်းကြည့်မိတယ်။ အိပ်မက်က တစ်ခါခါ ကြည်နူးစရာ ကောင်းပေမယ့် တစ်ခါခါလည်းကြောက်မက်ဖွယ်ကောင်းလွန်းတယ်။ မအိပ်ခင် ပျော်စရာကောင်းတဲ့ အတွေးပဲတွေးပေါ့ဗျာ ဒါဆို အိပ်မက်ထဲ ၀င်လာချင်ဝင်လာမှာပေါ့း)။

Anonymous said...

“ခေါင်း” မရှိတဲ့လူရဲ့စာကိုဖတ်ပြီး
ဘုရား…ဘုရား…အနော်လည်း
“ခေါင်း” မရှိတော့ဘူး
“ခေါင်း” မရှိတဲ့လူကို ကယ်ပါဦး
“ခေါင်း” မရှိတဲ့လူကြီးရေ...........
ဟူး.......အော်သာအော်နေရတယ်
ငါ့မှာ “ခေါင်း” လဲမရှိ D;
ဟိ..........

YeAungThu said...

ခေါင်းမရှိတော.တဲ. အိပ်မက်ပဲ ။။း)
ဘာမှ မဆိုးရိမ်နဲ. သူငယ်ချင်း....
ခေါင်းမရှိလဲ .... ပဲာပဲာ....ပြောတော.ပါဘူးကွာ ...
ကျော်ထူးရေ ... ပြန်ရအောင်... ပာက်ပာက်

Chilli Chocolate said...
This comment has been removed by the author.
Chilli Chocolate said...

What a nightmare!!!
"Head" is the most important part of the body so as for a human being. YOur dream pictured for those people who can't be bother without having a "Head" and still acting normal. Sure...... this will remind everyone to be conscioused themself and to be a normal being.

PS. I wish u escape from those bad Dreams soon.....

Apprenticeship said...

I like this one the most from your posts so far. What a great dream huh? Keep dreaming...we need more dreamers like you. Hopefully, you would find your head and ours in your next dreamss... Da kal a yan kaung tal di ta hku taw. 100% vote tal:)Kudos to you brother....

ညမီးအိမ် said...

အစ်ကိုရေခံစားချက်တွေပွင့်ထွက်လာပြန်ပြီလားဗျ။ ဘယ်လိုဖြစ်တာလဲ???

မင်းကျန်စစ်။ said...

အင်း............ ခေါင်းမရှိတဲ့ ငါ့သယ်ရင်း ရေးထားတာကို ငါက ခေါင်းမပါပဲ ဖတ်နေပေမယ့် အရေးအသား ကောင်းတယ်လို့တော့ ခံစားပြီး သိသွားတယ်ကွ။ ပျောက်သွားတဲ့ ခေါင်းကို ရှာတွေ့ရင် သတင်းပို့ ဒါပဲ ဂလောက် :P

Pinkgold said...

အင်ူ ဒီစာကို ရေးနေတဲ့ နင်ကတော့ ခေါင်းရှိသေးတယ်ဆိုတာ ဒီစာကြောင့်တင် ငါသဘောပေါက်သွားပြီ

Unknown said...

သူငယ်ချင်း... ပျောက်ဆုံးသွားသောဦးခေါင်းများ လာဖတ်သွားပါတယ်ကွာ.. ဖတ်ရင်း ဖတ်ရင်း ခေါင်းပျောက်မသွားအောင် မနည်းထိန်းနေရတယ်.. ခေါင်းဆိုတာကလည်း ခက်သားကွ မကြာခဏပျောက်ပျောက်နေတယ်..။

emayarKhin said...

ခေါင်းမရှိပေမယ့်
ရင်ဘတ်ရှိတယ်ဟုတ်......
တကယ်ဆိုရင်တောင်
ဘယ်လောက်ကောင်းလိုက်မလဲ
လူထူးဆန်းလေးဆိုပြီး
လူတွေက ပိုစိတ်ဝင်စားကြမှာပေါ့...။

BarNyar said...

ဒီဘလောက်ပေါ်မှာ မတင်ခင် တစ်ခါဖတ်ရတယ်၊ အခုတင်ပြီးတော့လည်း ထပ်ဖတ်သွားတယ်။ U got talent and guts bro! =) Keep it up.

Soe Mya Nandar Thet Lwin (Borros Roxo) said...

I like to get the number of 19 in comments. So here i am to give you my thoughts..,

No matter how you dont have head.., u still alive and know morally how to live in life. What is right and wrong how to conduct it. That very important in life for us as we all are human....,

Good job!! I applause your dare to put on that post in public. Weldone!!

SMNTL

Soe Mya Nandar Thet Lwin (Borros Roxo) said...

Happy April Fool's Day, BlackDream.

SMNTL
2008

Mhaw Sayar said...

ကိုယ်တော့ ခေါင်းမရှိမှာထက် မျက်လုံးတွေ ကောင်းကောင်း မမြင်မှာ၊ နားတွေ ကောင်းကောင်း မကြားတော့မှာကိုပဲ ပိုကြောက်တယ်ကွာ။ :)

Yan said...

အတွေးအခေါ် ကောင်းတယ်ဗျာ. တင်ပြသွားပုံလည်း သပ်ရပ်တယ်. ဂွတ်ဂျော့ဘ် ဘရားသားရေ....

နွေမုန်တိုင်း said...

စကားလုံးတွေ တော်တော်ကို ပြောင်မြောက်တယ်ဗျာ။ ဟုတ်တယ်ဗျ အဲဒီခေါင်းဆိုတာ မရှိရင်သိပ်ကောင်းမှာ တစ်ခါတစ်ခါအဲဒီခေါင်းက စဉ်းစားပါများလို့အငွေ့ တောင်ထွက်မတတ်ပဲ။ တစ်ခါတစ်လေကျတော့လည်း အဲဒီခေါင်းကြောင့်ပဲ မဖြစ်သင့်တာတွေကို ကျော်လွှားနိုင် ခဲ့တယ် ။ ခုတော့ ဒီစာတွေဖတ်ပြီး ခေါင်းကိုက်နေတယ် :D

Anonymous said...

ဧပရယ်ဖူးမှာလာဖတ်လို့လားတော့မသိဘူး၊တော်တော်
လေးကိုတွေးသွားတယ်...စိတ္တဇပန်းချီကားတစ်ချပ်ကို
ကြည့်ပြီးခံစားတတ်တဲ့သူတွေလိုပါပဲ။ဒီနေ့ခေါင်းတော်
တော်အလုပ်လုပ်သွားတယ်...........

Ka Daung Nyin Thar said...

ခေါင်းမရှိတဲ့ ခန္ဓာကိုယ်ကို ပြန်စမ်းကြည့်တော့ လက်တွေပါ လှုပ်လို့ မရတော့ဘူး။
ကယ်ကြပါဦးဗျို့။

မြန်မာပြည်ကိုလွမ်းတယ် said...

သယ်ရင်းရေ..နာလဲဖတ်ပြီးပြီးခြင်း၊ခုနာ့ခေါင်း
ရှိနေသေးရဲ့လားလို. တွေးမိတယ်။အရင်က
ကောရှိနေခဲ့ရဲ့လားလို. သံသယလဲဖြစ်မိတယ်။
ခေါင်းရှိတဲ့ကိုယ်တစ်ခုကိုပိုင်ဆိုင်ဖို.တကယ်
လိုအပ်နေပြီ....တွေးမိတယ်။

Mhaw Sayar said...

ဒါ့ထက်. ကိုယ့်ညီက ခေါင်းမပါပဲနဲ့ တောင် အိပ်မက် မက်လိုက်သေး သကိုးကွ. :D

ပန်းခရေ said...

ဝိုးး
များပြားလိုက်တဲ့ ကွန်းမန့်တွေ

အားပါးး အားကျလိုက်တာ
ကိုယ်မိုက်လို့ကိုယ်ခံဆိုတဲ့
စကားလုံးကိုကြိုက်တယ်

ခေါင်းမရှိတော့ဘူးပေါ့
ကြောက်စရာကြီးပဲနော်
း)
ကောင်းတယ် အိမ်မက်နက်ရေ
ဆက်ရေးပါအုံး

Unknown said...

hahahaha
you are fucking smart
that's why we are brother
ako

Unknown said...

comment ပေးတဲ့လူတွေက အများကြီးဘဲနော်..ဘာပြောရမလဲတောင် မသိတော့ဘူး၊၊အရမ်းရမ်းရမ်းရမ်းရမ်း မိုက်တယ်၊၊ခေါင်းပျောက်သူတွေ ရှာတွေ.နိုင်ကြပါစေ။

အဲ..စာရေးရင်းနဲ. ငါခေါင်းဘယ်ပျောက်သွားပါလိမ့်။ကယ်ကြပါ အုံး ခေါင်းပျောက်သွားလို.

Anonymous said...

ကြိုက်တယ်ဗျို.