Mar 9, 2008

အဝေးရောက် ဆုတောင်း...!


ဒီနေ့ဟာ March 9, 2008 ဖြစ်ပါတယ်။ တခြားသူတွေ အတွက် သာမန် နေ့ရက်တစ်ခုပါဘဲ။ ကျွန်တော့် အတွက်ရော…????? ကျွန်တော့အတွက်တော့…..

ကျွန်တော်ဒီနေ့မှာ တစ်စုံတစ်ယောက်ရဲ့ ဘေးနားမှာ ရှိချင်ပါတယ်…။ တစ်စုံတစ်ယောက်ရဲ့ ပန်းနုရောင် ပါးပြင်တစ်ခြမ်းကို ခပ်ဖွဖွအနမ်းလေး တစ်ခုလောက် ပေးချင်ပါတယ်။ ကျွန်တော့်ဘ၀နဲ့ အပြည့်စိုက်ပျိုးခဲ့သော ကျွန်တော့်ချစ်သူ အရမ်းမြတ်နိုးတဲ့ အဖြူရောင်နှင်းဆီ ပန်းခင်းထဲက အလှဆုံး ပန်းပွင့်တွေကို ရွေးပြီး မြတ်နိုးခြင်း အထိမ်းအမှတ်အဖြစ် ပန်းစည်းလေးတစ်ခုလောက် လက်ဆောင် ပေးချင်ပါတယ်။ ဘုရားရှင်ရဲ့ မေတ္တာရိပ်အောက်မှာ သူနဲ့အတူ ဆုံစည်းစေကြောင်း တောင်းဆုတွေ ခြွေရင်း လှပတဲ့ နံနက်ခင်းတစ်ခုကို ကျွန်တော် ဖန်တီးချင်ပါတယ်…။

ငြိမ်းချမ်းမှုတွေနဲ့ လှပနေတဲ့ ညနေခင်းလေးတစ်ခုကိုတော့….ကိတ်မုန့် သေးသေး တစ်လုံး…။ သူ့အတွက် Cappuccino တစ်ခွက် ကျွန်တော့်အတွက် Espresso Double တစ်ခွက်…ပြီးတော့ Phil Collins ရဲ့ Another Day In Paradise သီချင်းကို တိုးတိုးလေးဖွင့်ပြီး… ခပ်မှိန်မှိန် Candle Light အခန်းငယ်လေး တစ်ခုထဲမှာ အထိမ်းအမှတ်နေ့လေး တစ်ခုလောက်ကျင်းပ ချင်ပါတယ်…။ ပြီးရင် “ပျော်ရွှင် ကြည်နူးစရာ ကောင်းတဲ့ မွေးနေ့လေးတစ်ခု ဖြစ်ပါစေ ချစ်သူ” လို့ ကျွန်တော်ဆုတောင်း ပေးချင်တယ်…။ အကယ်၍ ကံကြမ္မာ ဆိုတဲ့ ဇာတ်ဆရာကသာ အခွင့်အရေးပေးခဲ့ရင်ပေါ့ဗျာ…။

ကျွန်တော် သူ့ကိုဒီနေ့မှာ စကားတွေ အများကြီး ပြောပြချင်တယ်ဗျာ…။ သူ့ကို ကျွန်တော် ဘယ် လောက်တန်ဖိုးထား မြတ်နိုးကြောင်း…။ သူ့အတွက် အိပ်မက်တွေ ကျွန်တော့အနာဂတ်ထဲမှာ ဘယ်လို ဖန်ဆင်းထားကြောင်း…။ ကောင်းကင်က ကြွေကျသွားတဲ့ ကြယ်တွေအကြောင်း…။ စိမ်းလန်း တဲ့ မြက်ခင်းပြင်တစ်ခု ပေါ်ကဖြတ်သန်းသွားလေ့ရှိတဲ့ လေနုအေးတွေ အကြောင်း…။ နေ၀င်ချိန်မှာ အိပ်တန်းပြန်လေ့ရှိတဲ့ မျော်လင့်ခြင်း ငှက်ငယ်တွေ အကြောင်း…။ ပြီးတော့…. အခုလို ခွဲခွာနေရတဲ့ အချိန်မှာ ကျွန်တော် သူ့ကိုဘယ်လောက် တမ်းတ၊ သတိရမိကြောင်းပေါ့.။ အဲဒီ့အခါကျရင် ကျွန်တော့် ချစ်သူရဲ့ မျက်ဝန်း တွေမှာ ၀မ်းနည်းမှု ကြောင့်လား….၀မ်းသာမှုကြောင့်လား ဘယ်လိုမှ ခွဲခြားမရနိုင်မဲ့ နားလည်မှု မျက်ရည် လှလှတွေ မြစ်ဖျားခံ နေလေမလား….???

ဝေးနေရမယ့် အချိန်တွေအကြောင်း သူ့ကိုကျွန်တော် မတွေးစေချင်ပါဘူး…။ ကျွန်တော်တို့ ဘယ်လောက် ဝေး ကွာတဲ့ အချိန်တွေကို အတူတကွ ဖြတ်သန်းခဲ့ပြီးကြောင်းကိုပဲ သူ့ကို သတိရစေချင်ပါတယ်…။ ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့ အပေါစားပြသနာတွေ အကြောင်း သူ့ကို မတွေးစေချင်ပါဘူး…။ ကျွန်တော်တို့ ဘယ်လိုရင်ဆိုင် ဖြေရှင်းခဲ့ကြတယ် ဆိုတဲ့အကြောင်းကိုပဲ သတိရစေချင်ပါတယ်…။ ယုံကြည်မှုကို အုတ်မြစ်ချ…။ နားလည်မှုကို အခြေတည်…။ သစ္စာတရားကို ပန္နက်ရိုက်…။ သံယောဇဉ်နဲ့ ချည်နှောင်…။ မေတ္တာတရားနဲ့ ခိုင်ခံစေတဲ့ ဘ၀တစ်ခုကို ကျွန်တော်တို့ တည်ဆောက် ခဲ့ကြ ပြီးပြီဘဲ…။ ကျွန်တော်တို့ ခံတပ်ဟာ လမ်းခွဲခြင်း ဆိုတဲ့ ရန်သူတွေကို ကြံ့ကြံ့ခံ တိုက်ခိုက်နိုင်မယ် ဆိုတာ ကျွန်တော် ယုံကြည်ရင်း ပြန်ဆုံမဲ့နေ့ ရက်တွေကို စောင့်မျှော်နေကြောင်းလည်း သူ့ကို ပြောပြ ချင်ပါတယ်….။

ပြီးရင် ကျွန်တော့်ရဲ့ နိုင်ငံခြားသား ဆရာမ တစ်ယောက်က ကျွန်တော်တို့ကို Valentine’s Day အမှတ်တရ အဖြစ်ပြောခဲ့ဖူးတဲ့ ဒီဆိုရိုး စကားလေးတစ်ခွန်း သူ့ကိုပြောပြရင်း မေးခွန်းလေး တစ်ခုလောက် မေးချင်တယ်ဗျာ….။

“အချစ်ဟာ မီးတောက်တစ်ခုနဲ့ တူတယ် ဆိုကြပါစို့ ချစ်သူ…။ သေးငယ်တဲ့ ချစ်ခြင်းမေတ္တာ တရားတစ်ခုဟာ….ဝေးကွာခြင်းဆိုတဲ့ လေပြင်းတွေ တိုက်ခတ်တာနဲ့ မကြာခင်မှာပဲ ချုပ်ငြိမ်း အဆုံး သတ်သွားပါလိမ့်မယ်…။ ဒါပေမယ့် ကြီးမားခိုင်ခံ့တဲ့ ချစ်ခြင်းမေတ္တာ တရားတွေကတော့ ဒီလိုမဟုတ်ဘူး ချစ်သူ။ ဝေးကွာခြင်းဆိုတဲ့ လေပြင်းတွေ တိုက်ခတ်လေ သူတို့တွေရဲ့ မေတ္တာတရား သံယောဇဉ် တွေဟာ ပိုမိုအားကောင်း ရှင်သန်လာလေ….။ ပိုမိုတောက်ပလာလေပဲလေ….။ ဒီတော့ ချစ်သူ… မီးတောက်ခြင်း အတူတူ… တို့တွေရဲ့ မေတ္တာတရားကို ဘယ်လိုမီးတောက်မျိုး အဖြစ်ခံကြမလဲ ချစ်သူ…..???”


p.s- ငြိမ်းချမ်း ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ ချစ်သူ...။

5 comments:

Anonymous said...

Very touching post indeed as i can feel through how u felt for your someone special on these special day that you are away from home. All the words came out from the bottom of your heart, i suppose..,

This is obvious and very clear reason why you feel losing your mind in these days. I got the points and understand why you blank at someone and put that someone in misery!!

Hope the person you dedicated in the post can feel the same for you.

All the best, Blackdream21..,

Winkabar said...

ကိုယ့်အတွက် အဲလိုဆုတောင်းပေးမယ့်လူရှိတာ အစ်ကို့ချစ်သူကုသိုလ်ကံကောင်းတာပေါ့။ သူသိရင်တော့ဝမ်းသာမှာပါ။ မသိရင်လည်း ဒီလိုလူတစ်ယောက်ရှိတာ သူကံကောင်းပါတယ်။ အစ်ကို့အတိုင်းပဲဆုတောင်းပေးလိုက်ပါတယ်နော် .... ငြိမ်းချမ်း ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ လို့။

စိုးထက် - Soe Htet ! said...

Phil Collins ရဲ့ Another Day In Paradise သီချင်းရှိရင် မျှပါ နားထောင်ချင်လို့ :D

အမြဲ အဆင်ပြေ ပျော်ရွှင် ခိုင်မြဲပါစေ

Anonymous said...

I understand how it is feel like. Being away from your love and missing deadly. But what about them??? anyway, keep yourself up and be happy.

Anonymous said...

ကျွန်တော်လည်းလုပ်ပေးချင်တယ်၊အဲဒီလိုဘဲစိတ်ထဲမှာသူ့အတွက်စိတ်ကူးယဉ်တာတွေအများကြီးရှိပါတယ်။ဒါ ပေမယ့်ဝမ်းနည်းချင်တိုင်းက၀မ်းနည်းလို့မရဖြစ်နေ တယ်လေ။သူ့အတွက်အဲဒီလိုလုပ်ပေးဖို့တွေးလိုက်တိုင်း ကုတင်ပေါ်မှာပဲလူးလိမ့်နေရတယ်။ဘာဖြစ်လို့လဲတော့ မမေးနဲ့တော့။.........................................သိတဲ့အတိုင်းပဲလေ။........................... ........... အဲလိုပဲဖြစ်နေတာ။..........................