Jan 1, 2008

နှစ်သစ်ကူးညနှင့် ဂစ်တာတစ်လက်ရဲ့ ရင်ခုန်သံ

အဲဒီ့ညမှာ…
ကြယ်တွေ ဆုံဆည်းကြတယ်
လူတွေ ဆုံဆည်းကြတယ်
အပျော်တွေ ဆုံဆည်းကြတယ်
နှလုံးသားတွေလည်း ဆုံဆည်းခဲ့ကြပါတယ်…..။

နားထောင်…
သေသေချာချာနားထောင်
သင့်ရဲ့နှလုံးသားတံခါးကို ခဏဖွင့်
မျက်ဝန်းတစ်စုံကို ဖြေးဖြေးလေး မှိတ်ပြီး
နားထောင်ကြည့်လိုက်ပါ
ကြားတယ်မလား??

မြောက်ပြန်လေအဝှေ့မှာ
သင်းပျံ့တဲ့ ဆောင်းရနံ့နဲ့အတူ
ကြေကွဲစွာ ပျံ့လွင့်လာတဲ့
ဂစ်တာလေးတစ်လက်ရဲ့ ညှင်းသဲ့သဲ့
ငိုညည်းသံကိုလေ……။

ပျော်ကြပါစေ…
သူတို့ပျော်ရွှင် စေနိုင်ဖို့
ငါ့ရင်ဘတ်ကို ဟောင်းလောင်းဖောက်……
ငါ့နှလုံးသွေးကြောတွေကို အဆက်မပြတ် တီးခတ်….
ငါ့မျက်ရည်တွေကို သံစဉ်လို့မှတ်ရမှ
သူတို့ပျော်နိုင်ကြမှာတဲ့လေ….။

မသိရင်မှတ်ထား……
ဂစ်တာတစ်လက်ကကျတဲ့
မျက်ရည်ကို
သံစဉ်လို့ခေါ်တယ်………။

ထားလိုက်ပါလေ…
ငါငိုလေ သူတို့ပျော်လေပဲမို့
ဒီညလေးအတွက်တော့
ငါပဲအလှဆုံး ငိုကြွေးပေးလိုက်ပါတော့မယ်….။ ။

2 comments:

Anonymous said...

ကဗျာလေး အတွက် ကျေးဇူးတင်တယ်
ခံစားပေးခဲ့ပါ တယ်။


ငါငိုလေ သူတို့ပျော်လေပဲမို့
အဲ့ဒီညလေးအတွက် ငါလည်းပဲ
အလှဆုံး ငိုကြွေးပေးလိုက်ရတယ်။

နင်ရော ငိုကြွေးလိုက်တယ်လား။

Anonymous said...

в итоге: мне понравилось!! а82ч