Dec 21, 2008
အချစ်ကို ခိုးယူစားသုံးကြသူများ...
ငါ့ကို ခဏလောက်တော့
စစ်ပြင်ဆင်ခွင့်ပေးပါ
နှလုံးသား စစ်မြေပြင်မှာ
ပိုးစိုးပက်စက် ငါကျရှုံးချင်လို့...။
BLACK DREAM
သူမရဲ့စကားတွေ နားထောင်ရင်း သူရင်တွေ တဖြေးဖြေးပိုခုန်လာခဲ့သည်။ သူအချိန်ကာလ ကြာရှည်စွာစောင့် စား ခဲ့ရတဲ့အချိန်တစ်ခု သူ့ရှေ့မှောက်ကို ဆိုက်ဆိုက်မြိုမြိုက်ရောက်ရှိနေပြီ ဆိုတဲ့အသိက သူ့ရဲ့အတွေးတွေကို အတော်လေးကို နေမထိထိုင်မသာ ဖြစ်စေခဲ့ပါတယ်...။ လက်ထဲမှာကိုင်ထားတဲ့ Hand Phone ကိုသူကျစ်ကျစ်ပါ အောင်ဆုပ်ထားပုံမှာ မသိပါက နားထဲသို့ထို Hand Phone အား, အလုံးလိုက်ထိုးသွင်းတော့မဲ့ ပုံပါပဲ...။ တစ် ဘက်မှ တစ်လုံးခြင်းပြောနေတဲ့ သူမရဲ့စကားသံတွေကို နားထောင်ရင်း ဖုန်းကိုင်ထားတဲ့လက်ရော ကျန်နေတဲ့ အခြား လက်တစ်ဘက်ရော လက်နှစ်ဘက်စလုံးမှာ ဇောချွေးတွေ ပြန်နေပြီဆိုတယ်ဆိုတာ သူအသေအချာကို သတိထားမိ လိုက်ပါတယ်...။
"မြတ်သော် နင်...ငါပြောနေတာတွေကို သေသေချာချာကြားရဲ့လား...?"
တစ်ဘက်မှ စကားသံကိုကြားလိုက်မှ သူ့အတွေးတွေ ပြတ်တောက်သွားပြီး မိမိခန္ဓာကိုယ်ကိုရှုနေတဲ့ တရားတွေ သူမထံကို ပြန်လည်ရောက်ရှိသွားပါတယ်....။
"သြော်...အင်း...။ ကြားပါတယ် မေနှင်းစက်...။ ငါကြားပါတယ်...။ သေသေချာချာလဲ နားထောင်နေပါတယ်"
သူအလန့်တကြား ကမန်းကတမ်း ပြန်ဖြေလိုက်ပါတယ်...။
"အေး ကြားရင်ပြီးရော...။ သေသေချာချာနားထောင်...။ ငါနှစ်ခါထပ်မပြောဘူးနော်...။"
ထုံးစံအတိုင်းပါပဲ သူမရဲ့ အမိန့်ပေးသံတွေက အဆက်မပြတ် မြတ်သော်ပေါ်ကျရောက်လို့သာ နေပါတယ်...။
သူ ကလည်းသူပဲလေ...။ သူမရဲ့နှုတ်ခမ်းကထွက်တဲ့ စကားဆို မြေ၀ယ်မကျနားထောင်တတ်ပုံများ...။ မိဘတွေ သာ သိရင် ရင်ကျိုးလောက်တယ်...။ ဒီလောက် အလျော့ပေး သီးခံနေတဲ့သူ့ကို သူမကအမြဲတမ်း အနိုင်ကျင့်၊
အထက်စီးက ဆက်ဆံခဲ့တာလည်း တကယ်တမ်းဆို ဆန်းတော့ မဆန်းလောက်ပါဘူး...။
"အေးပါဟာ...ငါနင့်စကားဆို အမြဲတမ်း အလေးအနက်ထားနားထောင်ခဲ့တယ်ဆိုတာ နင်သိပါတယ်...။ အထူးသ ဖြင့် အခုလိုငါ့ဘ၀အတွက်အရေးကြီးတဲ့ စကားမျိုးပြောမယ့် အချိန်မျိုးမှာ ငါဘယ်လောက်ထိ နင့်စကားသံတွေကို
အာရုံစိုက်တန်ဖိုးထားနေမယ်ဆိုတာ နင်သိသင့်ပါတယ်....။"
"တော်...တိတ်...။ စကားကြောလာမရှည်နဲ့...။ ငါပြောတာပဲနားထောင်....။"
"အင့်...။ အေးပါ..။ ဟုတ်ပါပြီ...။ ပြောမှာသာ ပြောပါဟာ...။ ငါဒီမှာ ရင်တွေခုန်လွန်းလို့ သေတော့မယ်....။"
"အေး.. ဒါဆိုပြောမယ်.။ နင်နဲ့ငါနဲ့ အလောင်းအစားတစ်ခုလုပ်မယ် နင်နိုင်ရင် နင်လိုချင်တဲ့ အဖြေကိုငါပေးမယ်။
ငါနိုင်ရင် နင်တောင်းထားတဲ့ အဖြေကို ပြန်ရုပ်သိမ်းပေးရမယ်....။ ဘယ်လိုလဲ...?"
"ဘာ!!!!!!!!!!!!!!!!!!!!!!!!!!!!!"
မြတ်သော် အလန့်တကြား ထအော်မိပါတယ်...။ သူမျှော်လင့်ထားတာက ဒီစကားမဟုတ်ဘူးလေ...။ ဒီစကားအ တွက်ဆို သူဒီလောက်ရင်ခုန်နေစရာမှ မလိုတာ...။ တော်တော်လည်း ကျွဲမြှီးတိုသွားပါတယ်....။ ဒါသူ့ကို သက် သက် ပညာပြတာပဲ...။ ဒီအခြေအနေအထိ ရောက်အောင်ဆွဲခေါ်လာပြီး ...။ အနားရောက်မှ ကပ်ဖြုတ်တာပဲ ...။
သူတစ်ယောက်ထဲ ဒေါသတွေနဲ့ တဆတ်ဆတ်တုန်ခါနေပါတော့တယ်....။
"နင်ငါ့ကို မအော်ပါနဲ့....။ အခုလိုအချိန်ကတည်းက နင်ကငါ့ကို ဒီလိုပုံစံမျိုးနဲ့ ဆက်ဆံနေရင် ငါနင့်ကိုငါ့ဘ၀ အ တွက် ဘယ်လိုယုံကြည်ရမလဲ...။ ဘယ်လိုအားကိုးရမလဲ...။"
တစ်ဘက်မှ စကားသံကြောင့် ဒီဘက်မှာခုန်ပေါက်ဒေါသထွက်နေတဲ့ မြတ်သော်ချက်ခြင်းကို ပြန်လည် ငြိမ်ကြ သွားပါတယ်...။ ဒါမျိုးတွေက ဖြစ်နေကြလေ...။ သူမစကားကို အမိန့်တစ်ခုလို နားထောင်နေကြ မြတ်သော်အ တွက် ပေါက်ကွဲဖို့ အချိန်ကြာကြာမရလိုက်ပဲ...။ သမိုင်းအစဉ်အလာကြီးခဲ့သော သူမရဲ့ စကားလုံးများအောက်မှာ သူ့နှလုံးသားကို ပြန်လည်ပြီး ဒူးထောက်အခစားသွင်းရပါတော့တယ်....။
အခန်း(၂)
ငါ့ခေါင်းအုံးကို
ခြေသုတ်ခုံတစ်ခုနဲ့လဲခွင့်ပြုပါ
စိတ်ကူးထဲမှာ ငါကနင့်နုလုံးသားပေါ်
ခေါင်းအုံးထားတယ်လို့ ယူဆခြင်လို့...။
BLACK DREAM
"အေးပါဟာ..။ ငါ...ငါ တောင်းပန်ပါတယ်....။ ငါစိတ်တွေနဲနဲလွတ်ထွက်သွားလို့ပါ...။ နောက် မဖြစ်စေရပါဘူးဟာ ငါထင်ထားက ဟိုလေ.... နင်... နင်က ငါ့ကို....။"
"ဟိုလေတွေ ဒီလေတွေ လုပ်မနေနဲ့...။ နင်ငါပြောတာကို သဘောတူလား မတူဘူးလား ဒါပဲပြော...။"
မြတ်သော် သက်ပြင်းကို ဖြေးညှင်းစွာချရင်းနဲ့ပဲ.....
"အေး...တူပါတယ်ဟာ....။ ဘယ်လို အလောင်းအစားမျိုးလဲ ဆိုတာကိုပဲ ငါ့ကိုပြောပါတော့"
"ဟဲ..ဟဲ.. နင်က လိမ္မာတယ်....။ အဲ့ဒါကြောင့် ငါကနင့်ကို...."
"ဟင်...နင်က ငါ့ကို ဘာဖြစ်လဲ ဘာဖြစ်လဲ...ဆက်ပြောပါအုံး"
"ဟဲ့..အရူး..။ ဘာတွေလျှောက်ပြောနေတာလဲ...။ အဲ့ဒါတွေကြောင့် နင့်ကို ငါခိုင်းလို့ကောင်းတာလို့..ဟိ"
သူမစကားလုံးကို မြတ်သော်သာရှက်တတ်မယ်ဆိုရင် နေရာမှာတင် လဲသေသွားနိုင်ပါတယ်...။ သို့သော်လည်း..။ သို့သော်လည်းပေါ့ဗျာ....။
"အေးပါ...နင်စိတ်ချမ်းသာတယ်ဆို ငါကြေနပ်ပါတယ်....။ ကဲပြောပါအုံးနင်က ဘယ်လို လောင်းကစားမျိုးလုပ်ချင် တာလဲ....?။
"ဒီလိုဟာ...။ ငါနင့်ဆီကနေအခု ဖုန်းပြောနေတဲ့အချိန်အတွင်း...။ အင်းဘယ်လောက်ကြာအုံးမယ်တော့ ငါလဲမသိ ဘူးပေါ...။ ထားပါ...။ အေး အဲ့ဒီ့အချိန်အတွင်းမှာ နင့်ဆီကနေ တစ်စုံတစ်ခုရအောင် နင်မသိပဲ ငါ ခိုး....။ အဲ....။ ယူပြမယ်...။ အဲ့လိုမျိုးငါယူတာကို နင်သိသွားတယ်ဆိုရင် နင်နိုင်တယ်...။ အဲ့ဒီ့အတွက် နင်လိုချင်တဲ့ အဖြေကို ငါပေးမယ်...။ အေး ...။ နင်မသိလိုက်ဖူးဆိုရင်တော့....။ နင်ကြားချင်တဲ့ စကားကို ငါ့ဆီကနေ နောက်ထပ် ဘယ် တော့မှ ထပ်မတောင်းရတော့ဘူး....။ တောင်းထားတဲ့ အဖြေကိုလဲ ပြန်ရုပ်သိမ်းပေးရမယ်....။ ကဲ ဘယ်လိုလဲ?"
မြတ်သော် တစ်ချက်ငိုင်သွားပါတယ်...။ နောက်....။ တစ်ဖြေးဖြေးချင်း ပြုံးလာတယ်...။ သေချာပြီ...။ ဒါဆိုသေချာ ပြီ...။ သူမ သူ့ကိုတည့်တည့်ကြီး အဖြေပေးရမှာရှက်လို့ အခုလို မလှိမ့်တပတ်လုပ်တာပဲ ဖြစ်မယ်....။ စဉ်းစား ကြည့်လေ...။ ဘယ်လိုဖြစ်နိုင်မှာလဲ မေနှင်းစက်က လက်ရှိနေတာ မန္တလေးမှာ....။ သူက ရန်ကုန်မှာ...။ မိုင် ၄၀၀ ကျော်ကွာတယ်...။ ဒါကိုပဲ ဒင်းက အချိန်တစ်ရက်တောင်မဟုတ်ဘူး...။ အခု ဖုန်းပြောနေတဲ့အချိန်အတွင်း မှာပဲ သူမသိအောင် သူ့ဆီကတစ်ခုခုကို ခိုး...။ အဲလေ...။ ယူပြမယ်ဆိုတော့....။ ဒီပွဲကြီးက သူသေချာပေါက် နိုင်မယ့်ပွဲ ကြီးဆိုတာ ထင်ရှားနေပါတယ်..။ ဟဲ..ဟဲ...။ ဒါမျိုးဆိုတာက တစ်ဘက်က စိတ်မပြောင်းခင် အချိန်ဆွဲလို့မဖြစ်လေ တော့.....။
"အိုကေ မေနှင်းစက်...။ ငါသဘောတူတယ်...။ တစ်ခုတော့ရှိတယ်...။ ငါ့ဆီကို တစ်စုံတစ်ခုကို ငါမသိအောင် နင် ကိုယ်တိုင်ယူရမှာနော်...။ ငါ့ညီမနဲ့ပေါင်းပြီး...။ ငါဖုန်းပြောနေတုန်း အလစ်ယူခိုင်းတာမျိုးမဟုတ်ဘူးနော်...။"
"ဟဲ့..အရူး...။ ငါ့စကားကရှင်းရှင်းလေး...။ ငါကိုယ်တိုင်ယူမှာ....။ မပူနဲ့ နင်သာ သတိထား...။ ကဲဒါဆို အခုချိန်ကစ ပြီး ပြိုင်ပွဲကိုဖွင့်လှစ်လိုက်ပြီ...."
အခန်း(၃)
ဒီညဆိုး...
ငါ အိပ်မက်နိုးတော့...
သူခိုးဗျို့....သူခိုး......။
BLACK DREAM
သြကာသ လောကတစ်ခုလုံး ပန်းရောင်စုံများ တစ်ပြိုင်နက်ပွင့်လန်းခဲ့ကြလေပြီ....။ သာယာချိုမြိန်သော အသံတို့ ကိုပိုင်ဆိုင်တဲ့ ကျေးငှက်များ တစ်ပြိုင်နက် တေးသီချင်းများသီဆိုကြလေသည်...။ နူးညံ့ညင်သာသော လေပြေတို့ နှင့်အတူ ပျော့ပြောင်း စိမ်းလန်းသော ကွင်းပြင်တစ်လျှောက်ရှိ မြက်ပင်ငယ်တို့သည်လည်း သီဆိုရာစည်းချက်နဲ့ အညီ လှပစွာ ယိမ်းနွဲ့ကခုန်ကြလေသည်....။ စီးဆင်းလျှက်ရှိသော အသွင်သွင်သော ရေတို့သည်လည်း ယခင် ကထက်ပိုမို ကြည်လင်ခြင်း၊ အေးမြခြင်းတို့ဖြင့် လောက၏ အလှကို တတက်တအား ပါဝင်အားဖြည့်ကြလေတော့ သည်...။ ဟုတ်ပါသည်....။ ဒါတွေဟာ မကြာခင်ကာလမှာ မေနှင်းစက်၏ ချစ်သူအဖြစ် အသိအမှတ်ပြုခြင်းခံရ တော့မည့် သူ့ကိုဂုဏ်ပြုခြင်းမှ မဟုတ်လျှင် မည်သူ့အတွက် ဖြစ်ပါဦးမည်လော အသင်စာဖတ်သူအပေါင်းတို့...?
"ဟဲ့...။ မြတ်သော်....။ ငါတို့ဖုန်းပြောနေတာ တော်တော်ကြာသွားပြီ...။ ငါအာတွေလဲ ညောင်းနေပြီ...။ အိပ်လဲ အိပ်ချင်ပြီ....။ ငါတို့ကစကားပွဲကို သိမ်းပြီး အနိုင်အရှုံးထုတ်ပြန်မယ်...။ အဲ့ဒီ့တော့ နင်ငါမေးမယ့် မေးခွန်းတစ်ကို နောက်ဆုံးအနေနဲ့ ဖြေ...။"
"အင်းလေ ဖြေဆိုတော့လဲ...မကြာခင်မှာ ကိုယ့်ရဲ့ ဘ၀လက်တွဲဖော် ချစ်သူလေးဖြစ်တော့မယ့် သူအလိုကျ ဖြေပေးရတာပေါ့...။ မေးစေဗျား..."
"သိပ်အူမြူးမနေနဲ့ ပဏာလည်းစွတ်ယူမနေနဲ့ ပွဲကပြီးသေးတာမဟုတ်ဘူး...။ ငါမေးခွန်းမေးပြီးမှ ပွဲပြီးမှာ..။"
"ဘယ်လိုပဲ ဖြစ်ဖြစ်လေ အခုချိန်ထိနင်ငါ့ဆီက ဘာကိုမှ ငါမသိအောင်မယူနိုင်သေးပဲ...။ ဟဲ ဟဲ အရှုံးကို ရိုးရိုး သားသား ၀န်ခံဖို့သာ ပြင်ထားစမ်းပါကောင်မလေးရာ...."
" တော်ဟာ...။ ငါစကားအကောင်းပြောမလို့...။ နင်သေသေချာချာဖြေရမယ်နော်..."
" အင်း ဖြေမယ်...။ မေး...."
" နင်ငါ့ကို တကယ်ပဲ အရမ်းချစ်တာပဲလား မြတ်သော်....?"
"ဟာ နင်ဘယ်လိုမေးလိုက်တာလဲ မေနှင်းစက်ရာ ချစ်တာပေါ့...။ ငါနင့်ကိုချစ်လွန်းလို့ပဲ နင့်ဘေးမှာ သူငယ်ချင်း တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာနေပြီး နင့်အချစ်ကိုစောင့်စားခဲ့တာပေါ့...။ ဒါတွေကိုနင်အသိဆုံးပါဟာ..."
"ဒါဆိုနင့်အချစ်တွေ ဘယ်တုန်းကတည်းက ငါ့ဆီရောက်နေခဲ့တာလဲ ဆိုတာပြောပြနိုင်မလား မြတ်သော်...?"
"အမှန်အတိုင်းပြောရရင် ငါကိုယ်တိုင်တောင် မသိလိုက်ခံပါဘူး မေနှင်းစက်ရယ်....။ ငါသတိထားမိလိုက်တဲ့ အချိန်မှာ ငါနင့်ကိုအရမ်းမြတ်နိုးမိသွားပြီဆိုတာကိုပဲ ငါသိတော့တယ်....။ ငါလေ နင့်ကိုအရမ်းချစ်တာပဲ မေနှင်းစက်ရယ်...။ ငါလေ..."
"တော်တော့ မြတ်သော်...ရပြီ....။ ငါတို့ကစားပွဲပြီးသွားပြီ....။ ဒီပွဲမှာနင်ရှုံးသွားပြီ..."
"ဘာ!!!!!"
"မဖြစ်နိုင်တာ ငါစကားပြောနေတာလေ...။ စကားပြောနေရာကနေ ဘယ်လိုလုပ်ပြီးငါ ရှုံးသွားရတာလဲ...။ တစ်ခြား အချိန်မှာနောက်ရင် နောက်ပါဟာ...။ ငါ့ရင်ထဲက ခံစားချက်တွေကို လေးလေးနက်နက် ထုတ်ပြနေတဲ့ အချိန်မှာတော့ ငါ့ကိုမနောက်ပါနဲ့ မေနှင်းစက်ရယ်..."
" ငါနောက်နေတာမဟုတ်ဘူး မြတ်သော်...။ ငါနိုင်သွားပြီ...။ နင်လည်း တကယ်ကိုဒီပွဲမှာရှုံးသွားပြီ...။"
"မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး...။ နင်က ဘာလို့နိုင်ပြီး...။ ငါကဘာလို့ရှုံးသွားရတာလဲ..."
တစ်ဘက်တွင် မြတ်သော်သွေးရူးသွေးတမ်းဖြစ်နေသလောက် တစ်ဘက်မှာတော့ မေနှင်းစက် မျက်နှာတစ်ခုလုံး ကြေနပ်တဲ့အပြုံးတွေနဲ့ ရွှံ့ရှာဖွယ်ကောင်းလောက်အောင်ကို ဝေဆာ လှပနေပြီ ဖြစ်ပါတယ်..။
"ပြောပါ...ပြောစမ်းဘာ...။ ငါက ဘာလို့နင့်ကိုရှုံးသွားရတာလဲ...။ နင်ကငါ့ဆီက ဘာကိုငါမိသအောင် ယူလိုက် နိုင်လို့လဲ..."
တစ်ဘက်မှာ မေနှင်းစက် ပြုံးနေမှာသေချာပါသည်...။
"နင်မသိဘူးလား...။ အချစ်လေ....။ ငါနင့်ဆီက အချစ်ကို နင်မသိခင် ငါရအောင်ယူလိုက်နိုင်ပြီ....။ နင်ကိုယ်တိုင်ပဲ စောစောက၀န်ခံသွားတာလေ...။နင့်အချစ်တွေ ငါ့ဆီဘယ်တုန်းကရောက် သွားလိုက်လဲ ဆိုတာနင်ကိုယ်တိုင် တောင် မသိလိုက်ရပါဘူးဆို...။ ကဲဒါဆို နင်သဘောပေါက်လောက်ပါပြီ...။ နင်တောင်းတားတဲ့ အဖြေကို ပြန် ရုပ်သိမ်းဖို့ ပြောရင်း ငါတို့နှစ်ယောက်ရဲ့ ပတ်သတ်မှုကိုဒီမှာပဲ အဆုံးသတ် လိုက်ကြစို့လို့ပဲ ငါပြောပါရစေ...။ ဒါပဲ မြတ်သော်...။ ငါဖုန်းချက်လိုက်ပြီ....။ ငါလည်းနင့်ဆီကို နောက်ထပ် ဘယ်တော့မှထပ်မဆက်သွယ်တော့ဘူး။ ရှက်တတ်မယ်ဆို နင်လည်းင့ါဆီကို နောက်ထပ် ဘယ်တော့မှ ထပ်ပြီး မဆက်သွယ်ပါနဲ့လို့...။ ငါနှုတ်ဆက်ခဲ့ပါ တယ်....။
ဇတ်သိမ်း
ခဏလောက် ပြန်ခေါက်သိမ်းထားလိုက်
ဒီ မျှော်လင့်ချက်တွေ
မနက်ဖြန်မှ အတူကြိုးစင်တက်ကြတာပေါ့...။
BLACK DREAM
မေနှင်းစက် လှပစွာပြုံးလိုက်ပါတယ်...။ သူ့ခေါင်းထဲမှာလဲ တွေးနေမိတာတစ်ခုပဲ ရှိပါတယ်...။ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ အရုပ်တစ်ရုပ် အမြန်ဆုံး ထပ်မံရှာ ဖွေရပေဦးမယ်....။
Dec 10, 2008
အမည်မဲ့ည
ငါလေ နင့်နှုတ်ခမ်းကို
တိတ်တိတ်လေး ခိုးနမ်းချင်လို့ပါ....။
BLACK DREAM
ပတ်ဝန်းကျင်တစ်ခုလုံးတွင် တိတ်ဆိတ်မှုများ ဆူညံစွာ ဖုန်းလွှမ်းနေပါတယ်...။ စည်းချက်မှန်မှန် မြည်နေသော နာရီ လက်တံတစ်ခု၏ စက္ကန့်သံတစ်ချက်တိုင်းမှာ ကျွန်တော့် ခံနိုင်ရည်တွေ တစ်စစီ ကြွေကြနေလေရဲ့။ တစ်ချိန် က အဲ့ဒီ့စက္ကန့်သံတွေကို ရေတွက်ရင်း ကျွန်တော်ရင်ခုန် ကြည်နူးစွာ စောင့်ကြည့်ခဲ့ဖူးတယ်...။ ဒီတစ်ခါလည်း ကျွန်တော် ဒီစက္ကန့်သံတွေကို ရင်ခုန်စွာ စောင့်ကြည့်နေရ ပြန်ပါပြီ...။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ကြေကွဲစွာ နဲ့ပေါ့...။ ကျွန်တော် တယုတယ ထုစစ်ခဲ့ရတဲ့ ရင်ခွင်ကမ်းပါးတစ်ခု...။ အခု...။ စက္ကန့်တွေရဲ့ တိုက်စားခြင်း ခံရလေပြီ။
ဘာကြောင့်လဲ..? ဘာကြောင့်လဲ...? တစ်ချိန်တစ်ခါတုန်းက ကျွန်တော်မျှော်လင့်ခဲ့ရဖူးတဲ့ စက္ကန့်တံတွေရဲ့ လားရာတွေနဲ့ အခု တရွေ့ရွေ့ စီးမြောနေတဲ့ စက္ကန့်တံတွေရဲ့ လားရာတွေ တူနေပါလျှက် ဘာကြောင့်များ ကျွန်တော့်ရဲ့ ခံစားချက်တွေ ပြောင်းပြန်စီးဆင်းနေကြရပါသလဲ...? ဒါဟာလောကရဲ့ မတည်မြဲခြင်းများစွာထဲက ခပ်ပါးပါး မတည်မြဲခြင်း တစ်ခုပဲလား? ဒါမှမဟုတ် မိမိကိုယ်ကို လှည့်စားထားသော အပေါစား မျက်လှည့်ပွဲ တစ်ခုလား? အနဲဆုံးတော့ ရွက်ကြားရေကြို ခံစားချက်တစ်ခုအဖြစ် ကျေးဇူးပြု၍ အသိအမှတ်ပြုပေးဖို့ ဘုရား သခင်ထံမှာ ကျွန်တော် အယူခံဝင်ခြင်ပါတယ်။
တစ်ရိပ်ရိပ်ပြေးလွှားနေတဲ့ အာရုံတွေကို ကျွန်တော် ဖမ်းဆုပ်ဖို့ ကြိုးစားတယ်...။ ခဏရပ်..။ ပြန်စဉ်းစားတယ်...။ ထားလိုက်ပါလေ...။ ဒီအတိုင်းလေးပဲ လွတ်လွတ်လပ်လပ် ပြေးလွှားကြပါစေ..။ မိပြီးသား ရင်ခုန်သံတစ်ချို့ကိုပါ ကျွန်တော် ပြန်လွှတ်ပေးလိုက်တယ်...။ လွတ်လပ်ခြင်းကို မြတ်နိုးတဲ့သူတစ်ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ပေါ့။ ပျံသန်းပါစေ...။ သူအတောင်တွေညောင်းလို့ နားခိုမယ် ကြံတဲ့နေရာတိုင်းမှာ ကျွန်တော့်ရင်ခွင် ရှိနေရင်ပြီးတာပါ ပဲလေ...။ ပျံသန်းချင်တဲ့ အချိန်ကြရင်လည်း မစိုးရိမ်ကြပါနဲ့...။ ကျွန်တော် ကောင်းကင် တစ်ခုအဖြစ် ရှိနေပေးဦး မှာပါ...။
နင်စိုက်ပျိုးခဲ့တဲ့ အိပ်မက်တွေလေ
ဒီရင်ဘတ်ထဲမှာ အလျှံ့အပယ်ပဲ
နင့်လက်နဲ့ ပြန်နှုတ်မယ့် အချိန်ကို စောင့်နေကြလေရဲ့...။
BLACK DREAM
ကျွန်တော် အတတ်နိုင်ဆုံး စကားလုံးတစ်လုံးကို အသက်သွင်းဖို့ ကြိုးစားမိတယ်...။ တစ်ညလုံးပဲ...။ ဟုတ်တယ်။ တစ်ညလုံးပဲ...။ ဒီစကားလုံးကို ကျွန်တော် မနက်ဖြန်မှာ အပြီးတိုင် အသက်သွင်းပြီး ဖြစ်ဖို့ အရေးတကြီးလိုအပ် တယ်...။ အဲ့ဒီ့စကားလုံးထဲမှာ ကျွန်တော့်ရင်ဘတ်ထဲကို မြင်နိုင်တဲ့ မှန်တစ်ချပ်ပါရမယ်။ ကျွန်တော့်နှုတ်ခမ်းက မပြောဖြစ်လိုက်တဲ့ အသံတွေကို ကြားနိုင်ဖို့ ကြားခံလေဟာနယ်တစ်ခုပါရမယ်။ မရေမတွက်နိုင်သော အကြင် နာတရားတွေနဲ့ နွေးထွေးတဲ့ အနမ်းတွေအတွက် ဂုဏ်ထူးဆောင် တံဆိပ်တစ်ခုပါရမယ်။ ပြန်လည် ဝေးကွာရ တော့မယ့် အချိန်တွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့အတွက် ဖိနပ်တစ်ရံ ပါရမယ်။ ကျွန်တော့်ရဲ့ မျှော်လင့် ချက်တွေကို အမှန်ကန်ဆုံး အတိကျဆုံး တိုင်းတာပြနိုင်မယ့် ပေတံတစ်ချောင်းပါရမယ်...။ နောက်ဆုံး ကျွန်တော့် အချစ်တွေကို တိုင်တည်ဖို့ သူမသိပ်မြတ်နိုးတဲ့ အဖြူရောင် နှင်းဆီ တစ်ပွင့်ပါရမယ်။
သူမရဲ့ အငွေ့အသက်တွေ...။ စကားသံတွေ....။ ပုံရိပ်တွေ ပြည့်နှက်နေတဲ့ ဒီအခန်းကျဉ်းလေးထဲက ရုန်းထွက်ဖို့ ကျွန်တော်မကြိုးစားချင်ပါ...။ ဖြစ်နိုင်ရင် ဒီအရာတွေအားလုံးကို တယုတရ လိုက်ကောက်ပြီး ကျွန်တော့် အိပ်ယာရဲ့ အပေါ်တည့်တည့် မျက်နှာချက်လေးမှာ ချိတ်ဆွဲထားချင်ပါတယ်။ အတူလက်တွဲ လျှောက်လှမ်းခဲ့ဖူး တဲ့ မြောက်များလှစွာသော လမ်းတို့မှ ခြေရာများကို ကျွန်တော် နံရံတွေနဲ့ အပြည့်ချိတ်ဆွဲ အလှဆင်ထားခြင်ပါ တယ်...။ မရေမတွက်နိုင်အောင် လှပခဲ့ဖူးသော အပြုံးများနဲ့ အနမ်းတွေကိုတော့ ကျွန်တော့် ကော်ဖီခွက်လေးထဲ မှာ ထာဝရအတွက် ဖွက်ထားချင်ပါတယ်...။ လွမ်းတဲ့အခါတိုင်း ကျွန်တော် ထုတ်သောက်နိုင်အောင်ပေါ့....။
တရိပ်ရိပ်ပေါ်နေတဲ့ ဒီအတိတ်ပုံရိပ်တွေကို မျက်ဝန်းတစ်စုံ မှိတ်ရုံနဲ့ ကျွန်တော်မပိတ်ပြစ်နိုင်တာကတော့ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့်ပဲ ဆိုကြပါတော့...။ ဒီလိုဆိုလဲ ကျွန်တော် အလင်းနှစ် တစ်သန်းစာလောက် မိုက်မဲ လိုက်ချင်ပါတယ်...။ ကျွန်တော့် အိပ်ယာတစ်လျှောက် ကျွန်တော့်အိပ်မက်တွေ လူးလိုက်လွန့်လိုက်နဲ့ ကျွန်တော့် ချစ်သူရဲ့ အရိပ်တွေကို လိုက်ရှာနေပုံများ...။ ထားလိုက်ပါလေ...။ တစ်နေ့တော့ သူတို့သခင်မရဲ့ အရိပ်တွေကို သူတို့ နမ်းရှိုက်ရ ကောင်းပါရဲ့....။ အိပ်မက်မှာလည်း မျှော်လင့်ချက်နဲ့လေ.....။
မနက်ဖြန်ပေါင်းများစွာထဲကမှ
ငါအမုန်းဆုံးက မနက်ဖြန်က
မနက်ဖြန်ပဲ....။
BLACK DREAM
အကောင်းဆုံးကိုမျှော်လင့်ဖို့ထက် အဆိုးဆုံးအတွက် ကျွန်တော် ပိုပြီးအချိန်ပေး ပြင်ဆင်ခဲ့ပါလျှက်....။ တစ်ကယ် တမ်း ရင်ဆိုင်ရပြန်တော့လဲဗျာ...။ ရင်ထဲနင့်လှပါတယ်...။ ဆို့တက်လာတဲ့ အမည်မဲ့ခံစားချက်တွေကို အရင်က လို ကော်ဖီခါးခါးတွေနဲ့ ကျွန်တော်မမြိုချနိုင်တော့ပါဘူး...။ မီးခိုးငွေ့တွေ အဖြစ်လောင်တိုက်သွင်း ပြာချဖို့လည်း ကျွန်တော် မအောင်မြင်တော့ပါဘူး...။ စကားလုံးတွေအဖြစ် အသွင်ပြောင်းဖို့အတွက်လည်း ကျွန်တော့်လက် ချောင်းတွေ အင်အားမဲ့ခဲ့ရပါပြီ...။ ကျွန်တော်လေ...။ ကျွန်တော်..... သူမကို အရမ်းမြတ်နိုးမိပါသည်။
" နင်သိလားချစ်သူ...ငါလေ တိတ်တဆိတ်ရူးသွပ်နေလေရဲ့...။ နင်မရှိနိုင်တော့တဲ့ ငါ့ရဲ့နံနက်ခင်းတွေဟာ ဘယ်လိုနည်းနဲ့မှ အရင်လို အကြင်နာတွေပြည့်နေတဲ့ ကော်ဖီနံ့သင်းသင်းတွေ မရှိနိုင်တော့ဘူး ဆိုတာ နင်သိပါ လေရဲ့... နောက်ဆုံး အလွမ်းတွေပဲ ပွင့်လာရမယ်မှန်းသိရက်နဲ့ ငါကြည်ဖြူသဘောတူစွာနဲ့ပဲ ဒီပန်းတစ်ပွင့်ကို စိုက်ပျိုးခဲ့တာပါ...။ ခဏတာအတွက်ပဲ ခွဲရတာဆိုရင်တောင် အဲ့ဒီ့ခဏတွေကို ငါနောက်ဘ၀ကျမှ အတိုးနဲ့ ပြန် ဆပ်လိုက်ခြင်ရဲ့...။ နင်မသိလို့ပါ ချစ်သူ...။ ငါ့ခန္ဓာကိုယ်တစ်ခုလုံးဟာ နင်ပေးတဲ့ အနမ်းတွေနဲ့ လည်ပတ်နေခဲ့ ရတယ်ဆိုတာကိုပေါ့...."
ဒီအာရုဏ်တက်ဟာ ကျွန်တော့်ဘ၀အတွက်တော့ အကျည်းတန်ဆုံး ပန်းချီကား တစ်ချပ်ပါပဲ...။ အခွင့်ရှိသေးရင် ကျွန်တော့်ရဲ့ လစ်ဟင်းမှုတွေ၊ အသုံးမကျမှုတွေ၊ မှားယွင်းမှုတွေအတွက် သူမရဲ့ ခြေဖမိုးထက်က ယဇ်စင်မှာ ကျွန်တော့် ၀ိဥာဉ်ကို ကားစင်တင်ပြီး ပေးစပ်ခြင်ပါသေးတယ်...။ ကျွန်တော့်ကြောင့် ခံစားခဲ့ရတဲ့ သူမရဲ့ အလိုမကျမှုတွေ၊ ဒေါသတွေ၊ နာကြည်းမှုတွေ၊ အနစ်နာခံ ပေးဆပ်မှုတွေအတွက် သူမရဲ့ ခြေဖမိုး ယဇ်စင်ကို ကျွန်တော့ မျက်ရည်တွေနဲ့ ဆေးကြော သုတ်သင်ပေးချင်ပါသေးတယ်...။
အခွင့်ရှိသေးရင်ပေါ့ဗျာ...
................နောက်ထပ် အခွင့်ရှိသေးမယ် ဆိုရင်ပေါ့....
.....................................ကျွန်တော်လေ.....
..................................................သူမရဲ့ နဖူးလေးကို နောက်တစ်နေ့မှာ ထပ်မံ နမ်းရှိုက်ခွင့် ရှိချင်ပါသေးသည်။
နင်သိလား....ချစ်သူ
နင့်ရဲ့ အနမ်းတစ်ချက်တိုင်းမှာလေ...
ငါ့ ခံနိုင်ရည်တွေ တစ်စစီ ပဲ့ကြွေခဲ့ ဖူးတယ်ဆိုတာကိုပေါ့...။
BLACK DREAM
p.s- အချိန်အကြာဆုံး ဖန်တီးခဲ့ရတဲ့ စည်းချက်တစ်ခုပါပဲ...။
Nov 8, 2008
ပေးစာ....
..............အတိတ်
ငါသတိရခြင်းများစွာနဲ့ စာရေးလိုက်တယ်ကွာ...။ မင်း အရာရာအဆင်ပြေမယ်လို့ ငါထင်ပါတယ်...။ ငါလား? ငါက တော့ ထုံးစံအတိုင်း ပြောရရင်တော့ "ဒီလိုပါပဲ".... ပေါ့ကွာ ! ဘာလိုလိုနဲ့ မင်းနဲ့ငါတောင် မတွေ့တာ တော်တော်ကြာ ခဲ့ပြီပဲ...။ အတိအကျဆိုရင် ငါတို့ ဗဟိုအမျိုးသမီးဆေးရုံမှာ စပြီးလမ်းခွဲခဲ့ကတည်းကပေါ့...။ အင်း ၂၄ နှစ်လောက် တော့ ရှိပြီထင်တာပဲ...။ အမှန်က ငါမင်းကို သတိရနေတာကြာပါပြီ...။ စာလည်းရေးချင်နေတာ ကြာပြီ...။ ဒါပေမယ့် ကွာ...။ အဲ...။ ဒါပေမယ့်ဆိုလို့...။ အရာရာတိုင်းမှာ ဒါပေမယ့်ဆိုတာ ရှိတယ်ဆိုတဲ့ ငါပြောခဲ့ ဖူးတဲ့စကား ကိုကြားပြီး သက်သက် ဆင်ခြေပေးနေတာပါဆိုတဲ့ အပြုံးမျိုးနဲ့တော့ မပြုံးလိုက်နဲ့ဦး...။ တကယ်ကို မအားဘူးကွာ...။ လက်ရှိအချိန်မှာ ငါ, ကနေရတဲ့ ဘ၀ရဲ့ဇာတ်ကွက်တွေက တစ်ကွက်ထက် တစ်ကွက်ပိုပိုပြီး ရှုပ် ထွေး ဆန်းကျယ်လာနေတော့ ခက်သားလားကွာ...။ ဒါတွေကို မင်းလည်း သိသင့်သလောက်တော့ သိမယ်လို့ ငါထင်ပါတယ်...။
ခုန်ချလိုက်တော့
သတိရခြင်း ချောက်ကမ်းပါးက
နှလုံးသားထိအောင် နက်လေရဲ့...။
BLACK DREAM
ဒါတွေထားလိုက်ပါကွာ...။ ငါအဓိက ပြောချင်တာက အဲ့ဒီ့အကြောင်းတွေ မဟုတ်ဘူး...။ တကယ်ပါကွာ...။ မင်းနဲ့ ငါ အတူတူရှိခဲ့တဲ့ အချိန်တွေကို ငါအရမ်းသတိရတယ်...။ မင်းဟာ ငါ့အတွက်တော့ ဘ၀မှာ ဘယ်လိုမှ ဖျောက် ဖျက်ပြစ်လို့မရနိုင်တဲ့ အမှတ်တရများစွာကို ပေးခဲ့တဲ့ကောင်ပါ။ မင်းနဲ့အတူရှိခဲ့တဲ့ အချိန်အချို့မှာ ငါမျက်ရည် တွေကျတဲ့အထိ ငိုခဲ့ဖူးတယ်...။ တစ်ခါတစ်လေတော့လည်း မျက်ရည်တွေ ထွက်တဲ့အထိ အားရပါးရ ရယ်မောခဲ့ ကြဖူးတယ်...။ ငါမေ့ပါဘူးကွာ...။ တစ်ခါတစ်လေတော့လည်း ငါပြန်စဉ်းစားမိတယ်...။ မျက်ရည်တွေကျခဲ့တာခြင်း အတူတူ လူတွေဘာကြောင့်များ နာကြည်းချက်တွေနဲ့ ၀မ်းနည်းစရာတွေကိုပဲ ပိုပို သတိရမိနေကြလဲမသိပါဘူး? အင်းလေ...။ ဒါကလည်း လူတွေရဲ့ ပင်ကိုယ် မွေးရာပါ အဆိုးမြင်တတ်တဲ့ စိတ်တစ်ခုကြောင့်ပဲ ဖြစ်မှာပါ...။ ဘာပဲ ဖြစ်ဖြစ် ငါတို့တစ်တွေ အတူတကွ ခံစားချက်အစစ်တွေကို ထုလုပ်ခဲ့ကြတယ်ဆိုတာကတော့ ဘယ်သူမှ ငြင်းလို့ မရပါဘူး...။
တကယ်တော့
သတိဆိုတာ...
ဘ၀နဲ့ရင်းပြီး အာမခံထားရတဲ့
မျက်မှန် တစ်လက်ပေါ့...။
BLACK DREAM
အရင်တစ်နေ့ကတောင် မင်းရဲ့ ညီအငယ်ဆုံးကောင်တွေ ဖြစ်တဲ့ "မနေ့က" နဲ့ "ဟိုတစ်နေ့က" ကို ငါ အမှတ် တမဲ့တွေ့လိုက်သေးတယ်...။ ဒီကောင်တွေလည်း တော်တော်ပြောင်းလဲ သွားကြပြီနော်...။ ငါတို့တွေ စတွေ့ တုန်းက ဒီကောင်တွေ မွေးတောင် မမွေးသေးဘူး...။ အခုတော့လည်း တော်တော်တောင် အရွယ်ရောက်နေကြ ပြီ..။ ဟုတ်တော့လည်း ဟုတ်ပါတယ်ကွာ...။ စက္ကန့်နဲ့အမျှ ပြောင်းလဲနေတဲ့ ဒီလောကကြီးထဲမှာ ဘယ်တော့မှ မပြောင်းလဲတာ ဆိုလို့ ပြောင်းလဲခြင်းတစ်ခုပဲ ရှိတယ်မလား...။ ထုံးစံအတိုင်း တစ်ခုတော့ရှိတယ် "ဒါပေမယ့်" ပေါ့ကွာ...။ အဲ့ဒီ့ ပြောင်းလဲခြင်းကိုယ်တိုင်ကရော တစ်နေ့နေ့မှာ မပြောင်းလဲနိုင်ဘူးလို့ မင်းအာမခံနိုင်ပါ့မလား? ငါကတော့ ဒီကောင့်ကို သတိလက်လွှတ်နဲ့ လွှတ်မထားပဲ နဲနဲတော့စောင့်ကြည့်ဖို့ လိုမယ်လို့ထင်တယ်...။
တစ်ကယ်တော့ (လွမ်းဆွတ်) သတိရခြင်းဆိုတာ
အတိတ်နဲ့ ပစ္စုပ္ပန်
တစ်ထပ်တည်းကျသွားတဲ့
ခပ်ပါးပါး အချိန်ကာလလေး တစ်ခုပေါ့...။
BLACK DREAM
ပြောင်းလဲခြင်းအကြောင်း ပြောတော့ ငါတစ်ခုသတိရမိတယ်..။ မင်းမှတ်မိဦးမလားတော့ မသိဘူး...။ မင်းနဲ့ ငါနဲ့ အကြီးအကျယ် ငြင်းခုံခဲ့ကြရတဲ့ဟာတစ်ခုလေ...။ မှတ်မိမှာပါ...။ အနိစ္စ သဘောတရားနဲ့ ပတ်သတ်ပြီးတော့လေ။ အဲ့ဒီ့တုန်းက ငါကပြောတယ်...။ "လောကမှာ ရှိတဲ့အရာတွေဟာ ဘယ်အရာမှ မမြဲဘူး..။ အားလုံးဟာ ဖြစ်ပြီးရင်၊ ပျက်တယ်...။ ပျက်ပြီးရင်... လွှင့်ပြစ်တယ်...( အဲမှားလို့) ပျက်ပြီးရင်.....ပြန်ဖြစ်တယ်။ ဒီလိုတွေ အဖြစ်နဲ့အပျက် ဆိုပြီး အမြဲတမ်း လည်ပတ်နေလို့ အနိစ္စသဘော တရားဆိုတာ တည်ရှိနေတာ" ........ လို့ပြောတော့ မင်းက "ဟုတ်တယ်လေ" လို့ ပြန်ပြောတယ်။ ဒါနဲ့ ငါက ဆက်ပြောတယ်..။ "ဟုတ်ပြီ ဒါဆို...။ လောကမှာ အဲ့ဒီ့အရာတွေ အမြဲတမ်း ဖြစ်၊ ပျက်နေသရွေ့ ဒီအနိစ္စ သဘောတရားကြီးက အမြဲတမ်းတည်ရှိနေမှာပေါ့...။ သူများတွေကြတော့ ဖြစ်လိုက်၊ ပျက်လိုက်နဲ့ သူကြတော့ သူများတွေ ဖြစ်၊ ပျက်နေသမျှ ဘယ်တော့မှ မပျက်စီးတော့ဘူးပေါ့ ? ဒါဆို သူကိုယ်တိုင်က နာမည်ယူပြီး ခေါင်းခံထားတဲ့ ဒီသဘောတရား(သဘာဝကြီး) ကို သူကိုယ်တိုင်ကြ လိုက်မလုပ်ပဲ ဖောက်ဖျက်ရာ ရောက်မနေဘူးလား?"
"မင်းလည်း ငယ်ငယ်တုန်းက သိပ္ပံဘာသာတွဲမှာ အမှား၊ အမှန် ရွေးရတဲ့ ဓမ္မဓိဌာန် မေးခွန်းတွေ ဖြေခဲ့ဖူးမှာပေါ့...။ ဆိုလိုတာက သိပ္ပံသဘောတရားနဲ့ ကြည့်မယ်ဆိုရင် ၉၉ ခုသောအရာ တွေ အတွက်မှန်နေပါစေ။ ကျန်တဲ့ တစ်ခု အတွက်မှားနေတယ် ဆိုတာနဲ့ ငါတို့ အမှားလို့ သတ်မှတ်ပြီး အဖြေနေရာမှာ အမှားကို ထည့်ရတယ်မလား...? ဒါဆိုရင် တစ်လောကလုံးအတွက် မှန်ပါတယ်ဆိုတဲ့ ဒီအနိစ္စ သဘော တရားကြီးက သူကိုယ်တိုင်အတွက် ကျ တော့ မှားမနေဘူးလား? ဒီလိုဆို ဒီသဘောတရားကြီးက အပြည့်အ၀မှန်တယ်လို့ ငါတို့ ပြောနိုင်ကြပါအုံးမလား? ဒါဆို ငါတို့ ထည့်ရမယ့် အဖြေက.....?" မှတ်မိပါသေးတယ် အဲ့ဒီ့တုန်းက မင်းပြန်ပြောတဲ့စကား "ဒိဌိ! မြေမြိုမဲ့ ကောင်တဲ့" ...။ ငါပြန်ပြောတာရော မှတ်မိလား? "ဟကောင်မှားနေတယ်...။ ဒိဌိ ဆိုတာ မြန်မာလို အမြင်လို့ပဲ အဓိပ္ပါယ်ရတယ်...။ မိစ္ဆာဒိဌိ ဆိုမှ မင်းပြောချင်တဲ့ ဆိုလိုရင်းကို ရောက်မှာကွ...!" ဆိုပြီးတော့လေ။
မင်းနဲနဲ ခေါင်းရှုပ်သွားပြီထင်တယ်...။ ထားလိုက်ပါကွာ...။ အဲ့ဒီ့အနိစ္စသဘောတရားကြီးက ဒီဘက်ခေတ်ကြီးထဲ မှာ ကုန်ဈေးနှုန်းလောက် အရေးပါတော့တာမှ မဟုတ်တာ...။ ငါက သတိရလို့ အမှတ်တရ ပြန်ပြောပြတာပါ...။ တစ်ခါတစ်လေတော့လဲ ဒီလိုပဲပေါ့ အဟောင်းတွေ ပြန်ပြောရင်...။ အစုတ်တွေ ဖြစ်သွားတာပေါ့...။ အံမယ်...။ ဟေ့ကောင် မင်းမရယ်နဲ့..! ငါ အကောင်းပြောတာ...။ အဟောင်းတွေကို ပြန်ပြော၊ ပြန်သုံးမှတော့ ဘယ်လိုလုပ် အသစ်ဖြစ်လာနိုင်စရာ အကြောင်းရှိတော့လို့လဲ...။ ဖြစ်ခြင်းဖြစ် ဟောင်းရာကနေ စုတ်သွားဖို့ပဲ ရှိတော့တယ် မလား..? အဲ့ဒါ ခက်တာ တစ်ခါတစ်လေ ငါတို့ ခေါင်းတွေနဲ့ စဉ်းစားမဲ့အစား ခြေထောက်တွေနဲ့ ပြောင်းပြီးတွေး သင့်တယ်...။ အဲ့ဒီ့လို ခြေထောက်တွေနဲ့ ငါတို့ရဲ့ အတွေးအခေါ်တွေက အောက်ခြေကစပြီးတွေးတတ်လာမယ် ဆိုရင် အခုလက်ရှိ ထက်ပိုပြီး အခြေခိုင်မာ၊ တန်ဖိုးရှိတဲ့ အတွေးအခေါ်တွေ ထွက်မလာနိုင်ဘူး လို့ မင်းပြောနိုင် မလား? မယုံမရှိနဲ့ ဒီခေတ်ကြီးမှာ ခြေထောက်နဲ့တွေးတဲ့ကောင်တွေက ခေါင်းနဲ့တွေးတဲ့ ကောင်တွေကို အုပ်ချုပ် နေပြီကွ! မင်းဘာသိလို့လဲ...? အဲ့ဒီ့လူတွေက တော်ရုံပညာရှင်တွေ မဟုတ်ဘူး...။ တော်တော်လေးစား ဖို့ ကောင်းတဲ့သူတွေကွ...။ ဟွန်း!
တကယ်တော့ ဘ၀ဆိုတာ
"ကွက်လပ်ဖြည့်ပါ" ဆိုတဲ့ ခေါင်းစဉ်အောက်က
အပေါက်ပေါင်းများစွာနဲ့ မေးခွန်းတစ်ခုပေါ့...။
BLACK DREAM
ငါလည်း စာရေးချင်လွန်းလို့သာ ရေးနေရတာဆိုတော့ စိတ်တွေက တောင်ရောက်လိုက်၊ မြောက်ရောက်လိုက် နဲ့ စာတွေက အဆီအလျှော်တည့်ချင်မှလည်း တည့်မယ်...။ ကိုယ့်ဘာသာကိုယ်သာ ဖြည့်တွေးလိုက်ကွာ...။ လောကမှာ ဖြည့်တွေးပေးနိုင်တဲ့ ပညာရပ် (သို့မဟုတ်) အသိတရား (သို့မဟုတ်) အသိဥာဏ် (သို့မဟုတ်) အရည်အချင်း တစ်ရပ်ဆိုတာလည်း မဖြစ်မနေ ရှိကိုရှိနေသင့်တဲ့ အရာတစ်ခုပဲ မဟုတ်လား...။ နားရှုပ်သွားသ လား? မင်းနားလည်အောင် အလွယ်ဆုံးနဲ့ အရှင်းဆုံး ဥပမာတစ်ခုပေးမယ်ကွာ...။ ဥပမာ...။ ဖြည့်တွေးပေးတတ် တဲ့ စိတ်သာမရှိဘူးဆိုရင် ဟိုနိုင်ငံကွာ..။ ဘယ်နိုင်ငံလဲမသိဘူး..။ ငါ့နှယ် ပါးစပ်ဖျားလေးတင်...။ အေးကွာ..။ ထားလိုက်...။ အဲ့ဒီ့နိုင်ငံရဲ့ ရုပ်ရှင်လောက ဆိုတာ တိမ်မြုပ်သွားတာ ကြာရောပေါ့...! ဒီလောက်ဆို မင်းသဘော ပေါက်ပါပြီ...။
ငါတို့လည်း ဘ၀တစ်လျှောက်လုံး ဖြည့်လိုက်ရတဲ့ အပေါက်တွေကွာ...။ ငါတို့က အပေါက်တွေ လိုက်ဖြည့်လိုက်။ အပေါက်တွေက ငါတို့ကို လိုက်ဖြည့်လိုက်...။ ဒီလိုနဲ့ပဲ ငါတို့နဲ့ ဘ၀တွေနဲ့...။ ဘ၀တွေနဲ့ အပေါက်တွေနဲ့....။ အပေါက်တွေနဲ့ ငါတို့နဲ့....။ ဘယ်သူက ဘယ်သူ့ကို ဖြည့်နေမှန်းတောင် မသိတော့ပါဘူး ကွာ...။ တစ်ခါတစ် လေတော့လည်း ငါတို့ ခံစားချက်တွေနဲ့ ဖြည့်ကြတယ်။ တစ်ခါတစ်လေတော့ အသိတရားတွေနဲ့ ဖြည့်ကြတယ်။ တစ်ခါတစ်လေတော့ ထင်ရာမြင်ရာ နံကြားထောက်ပြီး ဖြည့်တာလည်း ရှိတာပေါ့...။ တတ်နိုင်ဖူးလေ...။ အရေး ကြီးတာက အပေါက်တွေ ပြည့်သွားဖို့ပဲ မဟုတ်လား...? သေချာတာ တစ်ခုကတော့ မနက်ဖြန်တိုင်းမှာ ငါတို့ ဖြည့်ရမယ့် အသစ်အသစ်သော အပေါက်တွေ ရှိနေအုံး မယ်ဆိုတာပဲ....။
သြော်...။ ဒါနဲ့ အခုမှ သတိရတယ်...။ မနက်ဖြန်ဆိုလို့....! ငါမင်းကို "မနက်ဖြန်" အကြောင်းပြောပြရအုံးမယ်..။ ဒီကောင်ကြီးလဲ မင်းနဲ့ငါ့လိုပါပဲ...။ ငါတို့စပြီးလမ်းခွဲခဲ့ကြတဲ့ နေ့ကတည်းက မတွေ့တာ...။ ဒီကောင်ကြီးနဲ့ဆို ပို တောင် ဆိုးဦးမယ်...။ ငါတို့လမ်းမခွဲခင် ထက်တစ်ရက်တောင် ပိုစောပြီး ဒီကောင်ကြီးနဲ့ ခွဲခဲ့ရတာလေ...။ ဒီကောင်ကြီးအကြောင်းတော့ ပြောမနေပါနဲ့ကွာ...။ အခုဆို ဒီကောင်က လောကကြီးထဲမှာ တော်တော်ကို အရေးပါ အရာရောက်တဲ့ ဆရာကြီး ဖြစ်နေပြီကွ...။ လူတွေရဲ့ နှုတ်ဖျားတိုင်း၊ အိပ်မက်တိုင်းမှာ ဒီကောင်ကြီးက တကယ့် ဆရာကြီးပဲ...။ ဘာကြောင့်မှန်းတော့ မသိပါဘူးကွာ အားလုံးက သူ့ကိုဆို တော်တော်ရှိန်ကြတယ်ကွ။ အလကားပါ...။ အဲ့ဒီ့ ရှိန်တယ်ဆိုတဲ့ စကားက ဒီကောင်သူ့ဘာသာ မာန်တက် လို့ပြောတာ...။ အမှန်က လူတွေ က ဒီကောင့်ကို ရွှံ့ကြောက်ကြီး ဖြစ်နေတာကွ...။
တစ်ကယ်တော့ ကံကြမ္မာဆိုတာ
လူတွေ ကိုယ့်အပြစ်ကိုယ် ၀န်မခံချင်လို့
စွန့်ပြစ်လိုက်တဲ့ အပြစ်တွေ စွန့်ပြစ်ရာ
အမှိုက်ကျင်းကြီး တစ်ခုပေါ့...။
BLACK DREAM
သိတယ်မလား...။ ဒီကောင့်မှာက လူတွေသေမတတ်ကြောက်ပါတယ်ဆိုတဲ့ ကံကြမ္မာဆိုတဲ့ အရာကြီးကို ချုပ်ကိုင် နိုင်ခွင့်ရှိနေတယ်လေ...။ ဒီတော့လည်း လူတွေက ဒီကောင့်ကို ကြောက်ပြီပေါ့ကွာ...။ လူတွေက နဂိုကတည်းက အားငယ်တတ်ရတဲ့ကြား...။ သူရောက်လာတော့မယ်ဆိုတာနဲ့...။ ဘာတွေများ ဖြစ်လာမလေလဲဟဲ့ ဆိုတဲ့ အတွေးတွေနဲ့တင် သူ့ကို တော်တော် ကြောက်နေကြပြီ...။ ဒီကောင်ကလည်း သိတဲ့အတိုင်းပဲ...။ ငယ်ငယ်က အကျင့်ပျောက်တာမဟုတ်ဖူး...။ ကြောက်ပါတယ်ဆိုလေ...။ ဖြဲချောက်လေပဲလေ...။ ဘယ်သူသင်ပေးလိုက်မှန်းမ သိတဲ့ မျက်လှည့်ပညာ ဒီကောင်တတ်နေတာကိုက လူတွေ ငါးပါးပေါက်ဖို့ ဖြစ်ကုန်တာပေါ့...။ လူတွေခမြာ သနား စရာကွာ...။ ဒီကောင်လုပ်သမျှ မျက်လုံးလေး ကလယ်...ကလယ်နဲ့...။ ငါဖြင့် တစ်ခါတစ်လေကြည့်ပြီး သနားတောင် သနားတယ်...။ အမှန်အတိုင်း ပြောရရင် တစ်ခါတစ်လေတော့လည်း အဲ့ဒီ့ လူတွေကိုကြည့်ပြီး ရယ် ချင်တယ်ကွာ...။
အမှန်က လူတွေ ဒီကောင့်ကို ကြောက်တယ်ဆိုတာ သူတို့ကိုယ် သူတို့ မယုံကြည်ကြလို့ကွ..။ တစ်ကယ်တမ်း သာ လူတွေကိုယ့်ကိုယ်ကို ယုံကြည်ကြမယ်ဆိုရင် ဒီကောင့်ကို ကြောက်စရာမလိုဘူး..။ ကိုယ့်ကိုယ်ကို ယုံကြည် တဲ့သူတွေကတော့ သူ့လိုကောင်ကို ဘယ်ကြောက်ကြလိမ့်မတုန်းကွာ...။ ဒီကောင့်အတင်းသာ အုပ်နေရတာ...။ ပြောရင်း ဒီကောင်ကြီးကိုတော့ တွေ့ချင်သားကွာ...။ ငါဒီကောင်ကြီးရှိတဲ့ နေရာကို နေ့တိုင်းရောက် အောင်သွား ပြီး တွေ့ဖို့ကြိုးစားတယ်...။ ဒါပေမယ့် ဒီကောင့်ကို အခုချိန်ထိ ငါမတွေ့ခဲ့ရသေးဘူးကွာ...။ ဒီကောင်က နေ့တိုင်း လိုလို ငါ့ထက် ခြေတစ်လှမ်းသာနေခဲ့တယ်ကွ...။
ထားလိုက်ပါကွာ...။ ငါ့စာလည်းတော်တော်ရှည်နေပြီ...။ မင်းနဲ့ငါလည်း မတွေ့ဖြစ်တာ တော်တော်ကြာခဲ့ပြီ...။ နောက်လည်း ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူးဆိုတာ ငါသိပါတယ်...။ သတိရတယ် အတိတ်ရာ...။ ငါတို့ ငယ် ငယ်က ပြောခဲ့သလိုပေါ့...။ အဖြစ်အပျက်တွေအားလုံးဟာ မနေ့ကဖြစ်ခဲ့တယ်ဆိုရင်တောင် ငါတို့အတွက်တော့ နောက်ကျလွန်းပါတယ်...။
မှတ်ချက်။ ။ ငါတို့ သုံးယောက် (မင်းရယ်၊ ငါရယ်၊ မနက်ဖြန်ရယ်ပေါ့ကွာ) နေ့ရက်တစ်ခုမှာတော့ အသေအချာ ပြန်ဆုံမှာပဲ...။ အဲ့ဒီ့နေ့ကို မင်းသိပါတယ်...။ ငါတို့အဲ့ဒီ့နေ့ကြမှ မတွေ့ခဲ့ကြရတဲ့ ကာလတွေမှာ ကြုံတွေ့ခဲ့ရတာ တွေကို အတိုးချပြီး စားမြုံ့ပြန်ကြတာပေါ့ကွာ...။
သတိရခြင်းများစွာဖြင့်
မင်းရဲ့အချစ်ဆုံးသူငယ်ချင်း
ဒီနေ့
p.s- ကျွန်တော် ခံစားမိသောကြောင့် ခံစားမိသောအရာကို ခံစားရသလို ရေးထားပါသည်။ စာဖတ်သူများလည်း ဖတ်ချင်လျှင်ဖတ်ပြီး တွေးချင်ရာတွေး၍ ထင်ချင်ရာ ထင်နိုင်ကြပါကြောင်း....။
Oct 21, 2008
ချစ်...ချစ်....မင်းတို့ပဲချစ်ကြ...!
**********************************************************************************
တကယ်တော့ အချစ်ဆိုတာ
မြန်မာသဒ္ဒါအလိုအရ
ဖမ်းဆုပ် ကိုင်တွယ်၍ မရသော
စိတ္တဇနာမ် တစ်ခုပါပဲ....။
အချစ်...။ တကယ်တမ်း ပြောကြကြေးဆို ဒီအကြောင်းက ဂျာအေးသူ့အမေရိုက်သလိုပါပဲ..။ ဘယ်ကစမှန်း မသိ သလို...။ ဘယ်မှာဆုံးမှန်းလည်း မသိနိုင်တဲ့ အရာတစ်ခုပါပဲ...။ မေးတဲ့သူတွေကလည်း ကမ္ဘာဦးအစ က တည်းက မေး လာလိုက်ကြတာ အခုထိကိုမေးလို့ မပြီးတော့ဘူး...။ ဖြေကြတဲ့သူတွေကလည်း ဖြေလိုက်ကြ တာ...။ အလုံက (အခု မရှိတော့တဲ့) အလုံအမှိုက်ပုံကြီးက အမှိုက်တွေလိုပဲ တောင်လိုပုံလို့။ ဒါပေမယ့် အခုချိန် အထိ ဘာမှ သေချာရေရာတဲ့ အဖြေတစ်ခုမှ မရရှိခဲ့ပါဘူး...။ နောက်လည်း ရလာမှာမဟုတ်ပါဘူး။ ဒါပေမယ့် ပေါ့ဗျာ...။
လူဆိုတဲ့ သတ္တ၀ါအမျိုးအစားတွေကလည်း ခက်တော့ခက်တယ်....။ သူတို့မှာ အဲ့ဒီ့အချစ်ဆိုတဲ့ အရာကြီးကို မခံ စားတတ်ရင် (သို့မဟုတ်) မရှိရင်...။ လူတန်းပဲ မစေ့တော့သလိုလို...။ လူပဲ မပီသတော့သလိုလို...။ ဟိုလိုလို...။ ဒီလိုလို...။ ဒီတော့ လူလို့ ကိုယ့်ကိုယ်ကို Copy Right ယူထားတဲ့ သူတွေထဲက သူလို ကိုယ်လိုတစ်ယောက် ဖြစ် တဲ့ ကျွန်တော်လည်း လူတန်းစေ့ ရလေအောင် ချစ်ပြရတော့မှာပေါ့...။ အမှန်က ကျွန်တော်ကိုယ်တိုင်လည်း တော်တော်ကို ချစ်တတ်တဲ့သူတစ်ယောက်ပါ...။ ယပင့်နဲ့လဲ ချစ်တတ်ပါတယ်...။ ယရစ်နဲ့လဲ ခြစ်တတ်ပါတယ်။ ကျွန်တော့် စိတ်လွှတ်တော်က အတည်ပြုတဲ့ ဖွဲ့စည်းပုံမူကြမ်းအရဆိုရင်တော့ ကျွန်တော် ယရစ်နဲ့ ပိုပြီး ခြစ်တတ် ပါတယ်...။ ဟုတ်တယ်လေ...။ ကျွန်တော်က ဆေးလိပ်သောက်တော့ တစ်နေ့ကို အနဲဆုံး အခါ ၂၀ တော့ခြစ်ရ တယ်။ (ဆေးလိပ်တစ်ဘူးမှာ အလိပ် ၂၀ ပါသည်။)
အချစ်ဆိုတာ
ယဉ်လုံအိမ်သာတစ်ခုလိုပဲ
ဘ၀မှာ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပေါ့....။
BLACK DREAM
ငြင်းလို့မရတာကလည်း အမှန်ပဲဗျာ...။ တစ်ကယ်ပါ...။ အချစ်ဆိုတာ တစ်ကယ်တမ်း သေသေချာချာ ပြီး, ပြီးရော တွေးကြည့်တော့လည်း တော်တော်ကို အရေးပါတာကို အရှင်းသားအထင်းသား တွေ့နိုင်လေရဲ့..။ အချစ်နဲ့ပတ် သတ်ပြီး ကျွန်တော် အလေးစားဆုံး အကြိုက်ဆုံး စကားတစ်ခုရှိပါတယ်...။ အပေါ်မှာ ရေးထားတဲ့ဟာပါ သူ့ရဲ့ တင်စားပုံက အရမ်းကိုလေးနက် လှပပြီး....တစ်ကယ်ကိုပဲ ဘ၀အတွက်မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုဖြစ် ကြောင်း ထင်ရှားစေပါတယ်..။ ယဉ်လုံအိမ်သာတွေသာ မရှိခဲ့ရင်...? ကျွန်တော်တို့ ပတ်ဝန်းကျင်ကြီး ညစ်ညမ်း မယ်...။ ရောဂါဘယတွေ ထူပြောမယ်...။ အနံ့အသတ်တွေဆိုးဝါးမယ်...။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို အကြီးအ ကျယ်အားပေးမယ်...။ ထားလိုက်ပါ အဲ့ဒီ့ စကားလုံးအကြီး ကြီးတွေ...။ အနဲဆုံးတော့ ယဉ်လုံအိမ်သာတွေမရှိရင် ကျွန်တော့တို့ရဲ့ တစ်နေ့တာ...။ အဲ့ဒီ့နောက်...။ တစ်ဘ၀တာ...။ ဘယ်လိုမှ အဆင်ပြေ လှပနိုင်စရာ မရှိ...။ အချစ်လည်း အဲလိုပဲပေါ့ဗျာ...။ တစ်ကယ်လို့ အချစ် (သို့မဟုတ်) ယဉ်လုံအိမ်သာများသာ လောကကြီးထဲမှာ မရှိဘူးဆိုရင်ပေါ့ဗျာ....
တစ်ကယ်တော့ အချစ်ဆိုတာ
ဖန်တီးလို့မရ၊ ဖျက်ဆီးလို့မရတဲ့
စွမ်းအင်တစ်ခုပေါ့...။
BLACK DREAM
(မှတ်ချက်။ ။ စွမ်းအင်တို့၏ သဘာဝအရ ဖန်တီး၊ ဖျက်ဆီးလို့မရပေမယ့် စွမ်းအင်တစ်မျိုးမှ နောက်တစ်မျိုးသို့ အသွင်ပြောင်းလဲသွားကောင်း ပြောင်းလဲနိုင်သည်။)
ရှိသေးတယ်...။ စစ်ပွဲတစ်ရာနွှဲလိုက်ချင်ပေမယ့် အချစ်တစ်ပွဲတော့ မနွှဲချင်ဘူးဆိုပြီး တွံ့တေးသိန်တန်လား မသိ ဘူးဆိုဖူးတယ်...။ အမှန်က သူစစ်မတိုက်ဖူးလို့...။ သူသာစစ်မျက်နှာပြင်တစ်ခုမှာ အသက်ကို တစ်ခါသုံးအိမ်သာ စက္ကူတစ်ခုလို သဘောထားရတဲ့ အချိန်မျိုးကြရင် အဲ့လိုစကားမျိုး ပြောနိုင်ပါ့အုံးမလားလို့...? မထင်! စစ်သား တစ်ယောက်အတွက်တော့ အချစ်ဟာ ကျည်ကုန်နေတဲ့ သေနတ်တစ်လက်....။ နေ့တိုင်းစားနေရတဲ့ ငှက်ပြောအူ ဟင်းတစ်ခွက်...။ ချစ်သူနဲ့ အတူရှိတဲ့ အချိန်ဆိုတာကတော့ လေးဖက်လေးတန် ရန်သူအ၀ိုင်းခံထားရတဲ့ အချိန် မျိုးနေမှာပေါ့...။ အချစ်နဲ့စစ်မှာ မတရားဘူးဆိုတာ မရှိဘူးလား ဘာလားတော့ ကျွန်တော်မသိဘူး..။ သေချာတာ တစ်ခုကတော့ အချစ်နဲ့စစ်မှာ တရားလိုနဲ့ တရားခံ မရှိဘူးဆိုတာပဲ...။ နှစ်ယောက်စလုံးနဲ့ သက်ဆိုင်တယ်..။ Aersomith ရဲ့ Crying ထဲက စာသားတစ်ခုကို ယူသုံးရမယ်ဆိုရင်တော့ Partners In Crime ပေါ့...။ (တွံ့တေးသိန်းတံ - သင့်အားတပ်မတော်မှ အလိုရှိသည်။ ဒီဘ၀မမှီရင် ရောက်ရာဘ၀က အမြန်ဆက်သွယ်ပါ။)
"ချစ်တယ်" ဆိုတဲ့စကားဟာ
စကားလုံးနှစ်လုံးထဲ ရှိသလိုပဲ
အဲ့ဒီစကားလုံး နှစ်လုံးကိုလည်း
လူနှစ်ဦးက ပြောမှသာပြည့်စုံနိုင်မှာပါ....။
BLACK DREAM
အချစ်ရဲ့ လှပမှုကို ပုံစံမျိုးစုံ...။ တင်စားကြသည်..။ ချစားကြသည်...။ ယူစားကြသည်...။ တွေ့တဲ့နေရာမှာ စားကြ သည်။ ကျွန်တော်လည်း စားချင်ပါသည်..။ အချစ်သည် အံဖတ်ထဲမှ လောက်ကောင်လေးများကဲ့သို့ လှပပါသည်။ အချစ်သည် ကွမ်းချေးတတ်နေသော သွားများကဲ့သို့လှပပါသည်။ အချစ်သည် ရေစိုနေသော ကြွက်စုတ်တစ် ကောင်ကဲ့သို့ လှပပါသည်။ အချစ်သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သောအခါ အာပုပ်ရည်များ ကျတတ်သော မိန်းကလေး တစ်ယောက်လိုလည်း လှပတတ် ပါသေးသည်။ အချစ်သည် နာမည်ကျော်သော မျက်လှည့်ဆရာ တစ်ယောက်လည်း ဖြစ်သည်။ လူစင်စစ်မှ ကောက်ရိုးစား ချိုထွက်သော သတ္တ၀ါတစ်ကောင် ဖြစ်အောင် ဖန်ဆင်း နိုင်သည်...။ လျှာတမြားမြား အမှီးတနှံ့နှံ့ အကောင်တစ်ကောင် ဖြစ်အောင် ဖန်ဆင်းနိုင်သည်။ ထူးဆန်းလှပေ သည်...။
ကျွန်တော် နိဂုံးချုပ်ပါမယ်...။ အချစ်ဆိုတာ....။ မဆုံးနိုင်သော မေးခွန်း...။ မပြည့်စုံသော ဖွင့်ဆိုမှု...။ မလိုလားအပ် သော လိုအပ်ချက်...။ မဖန်တီးခဲ့သင့်သော စကားလုံး...။ အလှပဆုံး ပိုးစိုးပက်စက် လှည့်စားမှု..။ မချိမဆန့် ဝေဒ နာတစ်ရပ်...။ စောက်ထိုး မိုးမျှော် ဘ၀တစ်ခု...။ မိမိကိုယ်ကို လုပ်ကြံမှု...။ ကျောချင်းကပ်နေသော ဆန့်ကျင် ဘက်..။ နောက်ဆုံး.....။
အချစ်ဆိုတာ....လူတို့ဖန်ဆင်းအပ်သော.........လုပ်ဇာတ်တစ်ခု။
မေတ္တာတရားသည်သာ လူသားအချင်းချင်း အေးချမ်းမှုကိုပေးနိုင်သော တစ်ခုတည်းသော စစ်မှန်မှုဖြစ်သည်။
p.s- ကျွန်တော့်စိတ်ထဲ အခုအချိန်မှာ အမှန်တကယ် ရှိနေသော ခံစားချက်များကို ချရေးထားခြင်း ဖြစ်ပါသည်။ အချိန်ရရင် အပေါ်မှာပေးထားတဲ့ Synergy ရဲ့ သီချင်းကိုနားထောင်ကြည့်စေချင်ပါတယ်...။ ဒီပို့စ်ခေါင်းစဉ်က လည်း သူတို့သီချင်းရဲ့ ခေါင်းစဉ်ပါပဲ...။ အေးအေးဆေးဆေးမှ နားထောင်မယ် ဆိုလည်း Download ချသွားလို့ ရပါတယ်။
Oct 19, 2008
မိသားစုနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း
p.s- မနက်ဖြန် (၁၉.၁၀.၂၀၀၈) တနင်္ဂနွေနေ့တွင် ရက်လည်ဆွမ်းကျွေး ပြုလုပ်မည်ဖြစ်သည်။
Oct 14, 2008
အမှတ်တမဲ့များမှ...အမှတ်တရများစွာ
သူ့ကို ကျွန်တော်တို့တွေရဲ့ ဘလော့စာမျက်နှာအသီးသီးအပေါ်မှာ မတွေ့ရတာ တော်တော်ကိုကြာမြင့်ခဲ့ပြီလို့ ပြောလို့ရပါတယ်။ ဘလော့ပေါင်းများစွာတို့ရဲ့ ပထမဆုံးတွေကို ချရေးကြတော့မယ်ဆိုရင် ဘယ်လိုမှ ချန်ထား လို့မရနိုင်တဲ့ ဘလော့တွေကို ဈေးဦးဖောက်လေ့ရှိတဲ့သူပေါ့။ နောက်ပိုင်းမှာ ဖန်တီးခဲ့ကြတဲ့ အသစ်အသစ်သော ဘလော့ဂါ မောင်နှမများ အနေနဲ့ကတော့ သတိထားမိကောင်းမှ ထားမိပါလိမ့်မယ်။ ဒါကလည်း ငြင်းဆန်လို့မရ တဲ့ သဘာဝတရားပဲလေ။ ဘယ်လိုပဲ ဖြစ်ဖြစ်သူနဲ့ ရင်းနှီးခွင့် ခင်မင်ခွင့် ရလိုက်တဲ့သူတွေရဲ့ ရင်ထဲမှာတော့ ခင် မင်မှုအလိုက် သူ့အတွက် နေရာတစ်ခုတော့ရှိနေမှာသေချာပါတယ်..။
ကိုစိုးထက်လို့ ပြောလိုက်ရင် သူချစ်တဲ့ ချစ်ဇနီးကို လက်တစ်ဖက်ကဖက်၊ လက်တစ်ဖက်က ချစ်သမီးလေးကို ချီ ပြီး ရင်ကြီးကောင့်လို့ ပြုံးပြနေတဲ့ ပုံရိပ်တွေကို ဘယ်သူမှမေ့နိုင်မယ်မထင်ပါဘူး။ တစ်ခြားသူတွေ အတွက်တော့ မသိပါဘူး ကျွန်တော့်အတွက်ကတော့ တော်တော်လေးကို အမှတ်တရ ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ တည်ထောင်ထားတဲ့ မိသားစုလေးကို အားကျမိတာက တစ်ကြောင်း။ အဲ့ဒီပုံရိပ်တွေဟာ ကျွန်တော်ဘလော့ပတ် ၀န်းကျင်ထဲ စ၀င်ဝင်ချင်းကာလမှာပဲ မြင်တွေ့ခဲ့ရတဲ့ကာလရဲ့ မှတ်မှတ်ရရ ပုံရိပ်တွေဖြစ်ခဲ့လို့ပါပဲ...။ တွေးကြည့် ရင်တော့...။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကျော်လောက်ကပေါ့...။
၁ နှစ် ကျော်ဆိုတဲ့ကာလဟာ တစ်ချို့အတွက်တော့ ခက်ခက်ခဲခဲဖြတ်သန်းကြရပါတယ်။ တစ်ချို့အတွက်တော့ လည်း ပေါ့ပေါ့ပါးပါးပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ သေချာတာကတော့ ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြတယ်ဆိုတာ ဘယ်သူမှ ငြင်းဆန်လို့မရပါဘူး။ တစ်ချို့တစ်ချို့တွေကို ကျွန်တော်တို့ အမှတ်တမဲ့ ဖြတ်သန်းခဲ့ကြပါတယ်။ တစ် ချို့ကိုတော့ မှတ်မှတ်ရရ တစ်ဘ၀စာသိမ်းထားကြတာပေါ့။ တစ်ခါတစ်လေတော့လည်း အမှတ်တမဲ့လေးတွေက မထင်မှတ်ပဲ အမှတ်တရလေးတွေ ဖြစ်သွားတတ်တာလည်း ရှိတာပေါ့။ ကျွန်တော်လည်း ကိုစိုးထက်နဲ့ ပတ်သတ် တဲ့ အမှတ်တမဲ့လေးတွေထဲက အားလုံးအတွက် မှတ်မှတ်ထင်ထင်ရှိနေလောက်မဲ့ အရာလေးတစ်ခုကို ပြောပြချင် ပါတယ်။ အားလုံးလည်း မေ့ချင်မေ့နေပါလိမ့်မယ်...။ တစ်ခြားတော့မဟုတ်ပါဘူး ကျွန်တော်တို့ အစ်ကိုကြီးချစ်တဲ့၊ ကျွန်တော်တို့ ဘလော့ဂါမောင်နှမတွေလည်း ချစ်ကြတဲ့ ကိုစိုးထက်ကြီးရဲ့ ဆည်းလည်းလေး၊ ကျွန်တော်တို့ရဲ့ ညီမ အငယ်ဆုံးလေး သို့မဟုတ်....... "သံသာထက်"။
၁၅.၁၀.၀၈ ရက်နေ့ဟာ ကျွန်တော်တို့ရဲ့ အငယ်ဆုံးညီမလေးရဲ့ ၄ နှစ်မြောက်မွေးနေ့ပဲ ဖြစ်ပါတယ်။ ဒီလိုနေ့ မျိုးမှာ ကိုစိုးထက်ကြီးတစ်ယောက်တော့ ဘယ်လောက်တောင် မိသားစုအနားမှာ ရှိနေချင်နေမလဲဆိုတာ တွေး ကြည့်နေစရာတောင်မလိုပါဘူး။ ဒါပေမယ့်လည်းပေါ့ဗျာ....။
ဒီလိုနေ့မျိုးမှာ ကျွန်တော်တို့ရဲ့ ညီမလေးအတွက် ကျွန်တော် တတ်သလောက်မှတ်သလောက်ဆုတောင်းပေး ခြင်ပါတယ်။ အားလုံးလဲ ၀ိုင်းပြီးပျော်ပျော်ပါးပါး ဆုတောင်းပေးကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်....။
"ပျော်ရွှင်စရာ ၄ နှစ်ပြည့် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် တိုင်းပြည်နဲ့လူမျိုးအကျိုးကို တန်ဖိုး ရှိတဲ့ သမီးကောင်းရတနာလေးအဖြစ် ချစ်သောမိသားစုနဲ့အတူ ငြိမ်းချမ်းစွာ ထမ်းရွက်နိုင်သောသူဖြစ်ပါစေ ညီမလေး သံသာထက် ရေ.....။
p.s- အားလုံးပဲ ကျွန်တော်တို့ရဲ့ အစ်ကိုကြီးနဲ့ ညီမလေးအတွက် ပျော်ပျော်ပါးပါး ဆုတွေတောင်းပေးသွားကြပါ ဦးဗျို့ :)
Oct 5, 2008
ကျွန်တော်နှင့် တစ်နေ့တာ...
"သေဟဲ့ နန္ဒိယ... ငါနောက်ကျနေပြီ"
ဆိုတဲ့အသိနဲ့အတူ သူရုတ်တရက် အိပ်ယာမှ ကမန်းကတန်းကုန်းရုန်းထလိုက်မိပါတယ်။ ထင်တဲ့အတိုင်းပဲလေ..။
"(((((((((((ဒုံး))))))))))))))))"
ကျွန်တော့်ခေါင်းနဲ့ ကောင်းကင်နဲ့ ဆောင့်မိတာပါ...။
"အား...လား...လား... သေပါပြီ"
"သေပစေ! နဲတောင်နဲသေးတယ်...."
ကျွန်တော် ကိုယ့်ဘာသာကိုယ် စိတ်ထဲမှ ကြိမ်ဆဲနေမိပါတယ်...။ ဒါကြောင့် ကျွန်တော့်ကို အဖေခဏခဏပြော တာပေါ့ "မင်းခေါင်းကို သိပ်မမော့နဲ့ ကောင်းကင်ကနိမ့်နိမ့်လေးကွ..." တဲ့။ အခုတော့ အဖေ့စကားကို အလေးမ ထားမိလို့ ဆောင့်ပြီလေ ခေါင်းနဲ့ ကောင်းကင်နဲ့...။ ဆောင့်ချက်ကတော့ နဲနဲပြင်းတယ်...။ ဒါပေမယ့် တော်သေး တယ် ကျွန်တော့်ဘ၀ ကွဲမသွားဘူး...! ဘုလေးတော့ နဲနဲထွက်သွားတယ်။
" အင်း....။ နောက်တစ်ခါဆို ဘ၀မှာဒီလို ဘုတွေ မထွက်ရလေအောင် သတိထားမှ...။"
တွေးကောင်းကောင်းနဲ့ တွေးနေလိုက်တာ နာရီကိုသတိထားမိတော့... အချိန်က ၇ပေ လောက်ရှိနေပြီ။ သေချာ တယ်...။ နောက်ကျတော့မယ်...။ အဲ့ဒါနဲ့ ကျွန်တော်လည်း ရေချိုးခန်းထဲ မြန်မြန်ပြေးဝင် မျက်နှာတိုက်၊ သွားသစ် လုပ်...။ တစ်ညလုံး အိပ်မက်တွေပေနေတဲ့ ခန္ဓာကိုယ်ကြီးကို သန့်လိုသန့်ငြား အမြန်ရေချိုးပေးရတော့တာပေါ့။ ကျွန်တော် ရေချိုးပြီးတော့ အချိန်က ၇ ပေနဲ့ ၁၅ လက်မ လောက်ရှိပြီ။ ဒါတောင် တစ်ညလုံးပေနေတဲ့ အိပ်မက် တွေက သိပ်မပြောင်ချင်သေးဘူး။ ထားလိုက်ပါလေ လူတွေက အိပ်မက်တွေကို သိပ်ဂရုစိုက်ကြတာမှ မဟုတ် တာ။ ပြဿနာမရှိ...။ ရေချိုးပြီး အမှတ်တမဲ့ မေးစေ့ကို စမ်းကြည့်လိုက်မိတယ်...။ "ဟိုက်!" ဒီတော့မှ အလန့်တ ကြား သူ သတိရမိလိုက်တယ်။ သူ "အီစီကလီစီ" တွေမရိတ်ခဲ့ရဘူး...။ ဒါလည်းကိစ္စမရှိဘူး...။ ထားလိုက်ပါ...။ ယောက်ျားဆိုတာ "အီစီကလီစီ" လေးရှိမှ တင့်တယ် တယ်မလား??????
ဗီရိုကိုဖွင့်...။ ဒီနေ့ဝတ်ဖို့အတွက် "ကိုယ်ကျင့်တရား" တွေကိုရွေးတော့။ ကျွန်တော် တော်တော်ခေါင်းစားသွား တယ်..။ ပထမဆုံးထွက်လာတဲ့ ကိုယ်ကျင့်တရားက "သူများမကောင်းကြောင်း၊ ကိုယ့်ကောင်းကြောင်း" ဒီဝတ်စုံ က တော်တော်အခြေအနေဆိုးသည်။ ချဉ်စော်တွေကိုနံလို့...။ ဒါကြီးနဲ့သူ လူတောထဲ မသွားချင်........။ ထပ်ရှာ တော့...။ ထွက်လာပြန်တယ် နောက်တစ်မျိုး...။ ဘာတဲ့ "ရှဥ့်လဲလျှောက်သာ၊ ပျားလဲဆွဲသာ"ဆိုလား။ အဲ့ဒါကြီး ကလည်း မသုံးတာကြာတော့ မှိုတွေတက်လို့။ နောက်ဆုံး ဗီရိုထောင့်ထဲမှာကပ်နေတဲ့ ကိုယ်ကျင့်တရား တစ်ခု ကိုတွေ့လိုက်မိတယ်...။ "သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ" ဆိုလား။ သင်မကောင်းလျှင်တော့ ဆိုးမိမလားမသိ။ ဒါပေမယ့်လဲ မတတ်နိုင်ဘူးလေ။ ဒီလောက်လေးတော့ ၀တ်မှ။ ဒါတောင် အဲ့ဒီ့ကိုယ်ကျင့်တရားက တော်တော်ကို ကြေမွနေလေရဲ့။ ခြုံပြောရရင်တော့ ကိုယ်ကျင့်တရားတွေက တစ်ခုမှ ၀တ်ချင်စရာမရှိ!
"ဟာ...မထူးပါဘူး။ ဘယ်ကိုယ်ကျင့်တရားမှ မ၀တ်တော့ဘူး...။ ရှုပ်တယ်။ တစ်ချို့လူတွေဆို ရွေးစရာကိုယ်ကျင့် တရား မပြောနဲ့ ၀တ်စရာတောင်မရှိလို့ ကိုယ်ကျင့်တရားမပါပဲတောင် လူတွေကြားထဲ အာကျယ်အာကျယ်နဲ့ လူတွင်ကျယ် လုပ်နေကြသေးတာပဲ...။"
ဒီလိုတော့ တွေးလိုက်မိပါရဲ့။ ဒါပေမယ့်လည်း လူတောထဲသွားမှာ လူရိုသေရှင်ရိုသေဖြစ်အောင် ကိုယ့်ကျင့်တရား တစ်ခုခုတော့ဝတ်သွားမှ လူရာဝင်မှာပေါ့။ အနဲဆုံးတော့ လူရှိန်တယ်လေ။ ကျွန်တော်တော့ ကိုယ်ကျင့်တရား မပါ ပဲ လူတောထဲသွားရမှာ ရှက်တယ်။ မိမွေးတိုင်း ဖမွေးတိုင်းကြီး...........! ကိုယ်ကျင့်တရားမပါပဲ (သို့မဟုတ်) ကိုယ် ကျင့် တရားမရှိပဲ လူတွေကြားထဲ အာကျယ်အာကျယ်နဲ့ ဟိုလူဟိုဟာလုပ်၊ ဒီလူဒီဟာလုပ်ဆိုပြီး ဆရာကြီး လုပ် နေကြတဲ့သူတွေ မရှက်တတ်ကြဖူးလား မသိဘူး...။ ကျွန်တော်တော့ ရှက်တယ်...။
နောက်ဆုံးတော့ စောစောကပြောတဲ့ "သင်ဆိုးလျှင်၊ ကျွန်ုပ်ဆိုးမည်" အဲမှားလို့ "သင်ကောင်းလျှင်၊ ကျွန်ုပ်မဆိုး" ပါ ဆိုတဲ့ ခပ်နွမ်းနွမ်း ကိုယ်ကျင့်တရားကြီးကိုပဲ ခြုံလိုက်ရတာပေါ့။ အိုကေ....။ ဒါဆို တော်တော်လန်းသွားပြီ...။
"ရွှတ်...။ ရွှတ်...။ ဘာနံ့လဲဟ...?"
ဘာနံ့ရမလဲ...။ လုံးချေပြီး ဒီဗီရိုထဲ အကုန်စုထည့်ထားမှတော့...။ ကျွန်တော်အခုဝတ်ထားတဲ့ ဟာကြီးမှာလည်း တစ်ခြားဟာတွေဆီကနေ အနံ့တွေကူးကုန်ပြီပေါ့။ အနံ့က အောက်သက်သက်နဲ့...။ "တစ်ကိုယ်ကောင်း"စော် နံ့တယ်...။
"စဉ်းစား...စဉ်းစား...ဘယ်လိုလုပ်ရင် ကောင်းမလဲ...။ ဒီအနံ့ကြီးနဲ့ သွားလို့ကတော့ မဖြစ်ဘူး။ ဟား..! အကြံရ ပြီ..။"
"ရှူး...ရှူး....."
ဘယ်ရမလဲ...။ ကျွန်တော်ပဲဗျာ...။ တစ်ကိုယ်ကောင်းစော်နံနေတဲ့ ဒီ ကိုယ်ကျင့်တရားကြီးကို ကမ္ဘာကျော် Giorgio Armani က ထုတ်တဲ့ Acqua Di Gio ရေမွှေးအနံ့နဲ့ တစ်ထပ်တည်းတူတဲ့ "ဟန်ဆောင်မှု" တွေဖျန်း လိုက်တာပေါ့။ ဒီလောက်ဆို တော်တော်ကြီးကို အဆင်ပြေသွားပါပြီ...။ မှန်ရှေ့သွားပြီး အ၀တ်အစားကို သပ်သပ် ရပ်ရပ်ဖြစ်အောင်လုပ်၊ ခေါင်းကို ဆီထည့် (အများကြီးမဟုတ်ပါဘူး တစ်ဂါလံထဲပါ။ မှောင်ခိုဈေးတွေကလည်း ကြီး တော့ ကျွန်တော် အပြင်မှာဝယ်မထည့်နိုင်ပါဘူး)၊ ခေါင်းဖြီး...။ ရပြီ...။
"ဟင်..."
အားလုံးပြီးမှ သတိထားမိတယ် ကျွန်တော့်ရှေ့ကဟာကြီးပေါ့။ ဘာကြီးရမှာလည်း လူတွေပြောပြောနေတာ ကြား ရသလောက်တော့ "မှန်" ဆိုလားပဲ။ မှန်လည်း မမှန်ပဲနဲ့ဗျာ...။ အခုလည်းကြည့်လေ...။ ကျွန်တော်က ဘယ်ဘက် လက်မြှောက်ရင် သူက ညာဘက်မြှောက်ပြတယ်...။ ညာဘက်မျက်လုံးမှိတ်ရင် ဘယ်ဘက်မျက်လုံးပြန်မှိတ်ပြနေ တယ်။ ဒီဟာကြီးလည်း မထူးဘူး..။ အရင်တုန်းက ၀ယ်ခဲ့တဲ့ ဟာတွေအတိုင်းပဲ။ တစ်လွဲကြီးပေါ်တယ်...။ ကျွန် တော် တော်တော်ကို ဒေါသထွက်သွားပါတယ်။ အဲ့ဒီမှန်ဆိုတဲ့ ဟာကြီးကို စိတ်ရှိလက်ရှိသာ ကန်ပြစ်လိုက်ချင် တယ်။ အင်း...။ ပြောမယ့်သာပြောရတာ...။ မှန်ကန်ရင်လည်း ကွဲတာပဲ အဖတ်တင်ဦးမယ်...! မဖြစ်သေးဘူး....။ စိတ်နဲနဲလျော့မှ...။ နာရီကို ကြည့်တော့ အချိန်က ၇ပေ ၄၅လက်မ( ၁၀ ပေနဲ့ ၉ လက်မလို့ ဖတ်လည်းရပါတယ်) သေချာတာကတော့ တော်တော်လေးကို နောက်ကျနေပြီ ဆိုတာပါပဲ...။
ကိစ္စ၀ိစ္စတွေ ပြီးတယ်ဆိုရင်ပဲ...။ အိမ်ရှေ့ခန်းကို မြန်မြန်လာ...။ ဖိနပ်စင်ကို ကြည့်တော့...။ ဖိနပ်တွေက အမျိုးမျိုး။ "ငါ့လှေငါထိုး၊ ပဲခူးရောက်ရောက်...။ ရေလိုက်၊ ငါးလိုက်......။ ရုန်းကန်ခြင်း...။ မရေရာမှု...။" စသည်ဖြင့် ဖိနပ်တွေ က အမျိုးကိုစုံလို့။ အချိန်ကလည်း သိပ်မရတော့ လွယ်လွယ်ကူကူ အပေါ်နားမှာ တင်ထားတဲ့ ၀တ်နေကြ "ဖြစ်ချင်တာဖြစ်" ကိုပဲ အမြန်ယူဝတ်လိုက်ပါတယ်...။ အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင်ပဲ ဖိနပ်စင်ဘေးက ခုံပေါ် မှာ အဆင်သင့် တင်ထားတဲ့ လွယ်နေကြ "အတ္တ" ကိုလွယ်။ ဆောင်းနေကြ " ပြန်မပြော နားမထောင်" ဦးထုပ်ကို ဆောင်းပြီး တစ်နေ့တာ ခရီးကို စဖို့ ဟန်ပြင်လိုက်ပါတယ်....။ သြော်....! တော်သေးတယ်...။ မေ့တော့မလို့....။
ကျွန်တော်အပြင်သွားခါနီးတိုင်း ရွတ်နေကြ ဂုဏ်တော်တစ်ခု ရှိလေရဲ့...။ အစွမ်းလား...? ဘာထက်သလဲမပြောနဲ့ သိချင်ရင် ကိုယ်တိုင်သာ ရွတ်ကြည့်ကြတော့...။
လောဘ ဂုဏော အနန္တော၊
ဒေါသ ဂုဏော အနန္တော၊
မောဟ ဂုဏော အနန္တော..............။ ။ (သုံးကြိမ် သုံးခါရွတ်ပါ၊ သက်စေ့ရွတ်နိုင်ပါက ပိုအစွမ်းထက်၏)
အားလုံးပြီးတော့ အခန်းထဲကထွက်...။ တိုက်ပေါ်ကဆင်း...။ လမ်းပေါ်ကိုရောက်....။ လူတွေကြားထဲ သူလိုငါလိုပဲ ၀င်ရောလိုက်တော့.....။ မကြာပါဘူး.....။ ကျွန်တော့်လိုပဲ သင့်တော်ရာ သင့်တော်ရာ ကိုယ်ကျင့်တရားတွေဝတ်၊ အနံ့တထောင်းထောင်းထနေတဲ့ "ဟန်ဆောင်မှု" တွေ ဆွတ်ထားတဲ့လူတွေကြားထဲ....။ တစ်စ....တစ်စ......
တိုး......၀င်......မှုန်ဝါး.....ကွယ်.....ပျောက်.....။
p.s- ထင်ရာမြင်ရာ လက်ဆော့ထားခြင်း ဖြစ်ကြောင်းပါ...။
Oct 1, 2008
လွင့်မြောသွားသော အပိုင်းအစများ...
နိဒါန်း
တကယ်တော့
"စကားလုံး" ဆိုတာ
နှုတ်ခမ်းတွေက ဖန်ဆင်းလိုက်တဲ့
"ကကွက်" တွေပဲပေါ့...။
BLACK DREAM
ပတ်ဝန်းကျင်သည် ဆိတ်ငြိမ်မှုအား ဖန်ဆင်းပေးခြင်းဖြင့် သူ့ရင်တွင်းမှ အံကျလာသော စကားလုံး များ၏ လမ်း ကြောင်းအား ကောင်းချီးပေးလေသည်။ ဒီလိုအချိန်မျိုးတွင် သူအလိုချင်ဆုံးအရာ ဖြစ်သော ဤဆိတ်ငြိမ်မှုများ အား ပေးသနားခြင်းကြောင့် ဘုရားသခင်အား ခဏဖြစ်ဖြစ်တော့ သူကျေးဇူးတင်လိုက်မိပါသည်။ သူအလွန်ပျော် နေမိသည်။ အခုလိုမျိုး သူ့ခန္ဓာကိုယ်တွင်းရှိ သွေးကြောများတွင် နှစ်ပေါင်းများစွာ စီးဆင်းခဲ့သော ခံစားမှုများ အား ယခုကဲ့သို့ စကားလုံးများအဖြစ် သွန်ချဖို့ အချိန်တော်တော်များများကို သူစိတ်ရှည်စွာ စောင့်စားခဲ့ရသည် မဟုတ်လား? အခုတော့ သူစောင့်စားရကျိုးနပ်ခဲ့လေပြီ...။ ဤပတ်ဝန်းကျင် တစ်ခုလုံးရှိ များစွာသောလူတို့ သည် သူ့နှုတ်ခမ်းမှ ဖန်တီးလိုက်သော ကကွက်တိုင်းကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြကြောင်းကို သူ ကောင်းစွာ သတိထားလိုက် မိပြီလေ...။
အခန်း (၁)
တကယ်တော့
အနာဂတ်ဆိုတာ
အတိတ်ဆိုတဲ့ အလင်းတန်းတစ်ခု
ပစုပ္ပန်အပေါ် ကျရောက်မှုကြောင့်
ဖြစ်ပေါ်လာတဲ့
အရိပ်တစ်ခု ပါပဲ…။
BLACK DREAM
"ကျွန်တော် ပထမဆုံးအနေနဲ့ အခုလိုစကားပြောခွင့်ရတဲ့ အတွက် အရမ်းကို ၀မ်းသာကြည်နူး မိကြောင်း ဦးစွာ ပြောပါရစေ။ အခုကျွန်တော်ပြောမယ့် အကြောင်းတွေ...။ အဲ...။ ကျွန်တော်ပြောမယ့် အကြောင်းတွေဆိုတာ ကျွန် တော် သိပ်ချစ်ခဲ့ရတဲ့ ကျွန်တော့်ချစ်သူအကြောင်းပါ။ ကျွန်တော်လေ...။ ကျွန်တော့်ချစ်သူ့ကို အရမ်းကို မြတ်နိုး တယ်ဗျာ...။ ကျွန်တော့်ဘ၀တစ်ရှောက်မှာ တစ်သက်နဲ့ တစ်ကိုယ် ဘယ်မိန်းကလေးကိုမှ သူ့လောက် ကျွန်တော် မချစ်ခဲ့ဖူးပါဘူး...။ ကျွန်တော်သူ့ကို ချစ်တဲ့ အချစ်မှာ ဘာမျှော်လင့်ချက်မှ မပါခဲ့ပါဘူး။ ကျွန်တော် ဘာကိုမှလည်း မလိုချင်ခဲ့ပါဘူး။ ကျွန်တော် လိုချင်သမျှ…။ ကျွန်တော်မျှော်လင့်သမျှ အရာအားလုံးသာ… သူ ငြိမ်းချမ်းဖို့ပါ။ ဒီ့ထက်ပိုပြီး ကျွန်တော် ဘာမှ မလိုချင်ခဲ့ပါဘူး…။ တကယ်လို့များဗျာ…။ မနက်ဖြန်မှာသာ ကျွန်တော့်အတွက် “ကျွန်တော်” ဆို တဲ့ ဖြစ်တည်ခွင့်ရှိနေအုံးမယ်ဆိုရင်…။ ကျွန်တော့်ချစ်သူဟာ ကျွန်တော့်ရဲ့ အရိပ်တွေအဖြစ် အမြဲရှိ နေ အုံးမှာပါ…။
အခန်း (၂)
သတိရခြင်း ချောက်ကမ်းပါးက...
နုလုံးသားထိအောင်နက်လေရဲ့....။ ။
BLACK DREAM
သူပြောလက်စ စကားတွေကို ခဏဖြတ်ပြီးတော့ ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက် မိသည်။ တစ်ကယ်တော့ ပတ်ဝန်းကျင်ကို သူစိတ်ဝင်စားလို့တော့ မဟုတ်…။ သူအရှေ့မှာ ဆက်ပြော ရတော့မယ့် အကြောင်းအရာတွေအတွက် အားယူလိုက်ခြင်းသာ ဖြစ်ပါတယ်။ သူဆက်ပြောရမယ့် စကားတွေဟာ ပျော်စရာ၊ ဂုဏ်ယူစရာ (အထူးသဖြင့် သူ့ရဲ့ချစ်သူအတွက်ပေါ့) တွေ ဆိုပေမယ့် တော်ရုံနှင့် သူ့လည်ချောင်းဝမှ ဘယ်လို မှ ထွက်လာနိုင်မည် မဟုတ်ကြောင်း သူကောင်းကောင်း သိ နေပါတယ်…။ ရှေ့ဆက်ပြောရမည့် အကြောင်း များကို တွေးမိလိုက်ချိန်မှာ သူ့ရင်ထဲတွင် အမျိုးမည် မသိသော ခံစားချက်တစ်ခုကို သူသတိထားမိလိုက်သည်။ သေချာတာကတော့ သူ့လည်ချောင်းတွေ ဆို့နင့်နေခြင်းပါပဲ…။ ဘာပဲ ဖြစ်ဖြစ်လေ သူပြီးအောင်တော့ ဆက် ပြောရတော့မှာပေါ့…။ လွင့်မြော နေတဲ့သူ့ရဲ့ အာရုံတွေကို အမြန်ဆုံး စုစည်းလိုက်ပြီး ….
အခန်း (၃)
တကယ်တော့
မျက်ရည်ဆိုတာ
အငြင်သာဆုံး တောက်ခေါက်သံ တစ်မျိုးပေါ့...။
BLACK DREAM
“ မကြာလိုက်ပါဘူး…။ ကျွန်တော်တို့ရဲ့ ရွှေရောင်အတိတ်တွေဟာ ဝေးကွာခြင်းဆိုတဲ့ ဘ၀ရဲ့ အလှည့် အ ပြောင်းတစ်ခုမှာ တစ်ခန်းရပ် ပြဇာတ်တစ်ခုအဖြစ် ပြည်ဖုံးကား အချခံလိုက်ရတယ်ဗျာ…။ ကျွန်တော် မရှိတော့ တဲ့ နေ့ရက်တွေမှာ ကျွန်တော့်ချစ်သူ ဘယ်လောက်အထိ အထီးကျန်ဆန်မလဲဗျာ..။ ခင်ဗျား တို့ စဉ်းစားကြည့် ကြပေါ့…။ သူကရော ဒီဝေဒနာတွေကို ဘယ်အချိန်အထိ တောင့်ခံနိုင်မတဲ့လဲ? ကျွန်တော် အပြစ်မပြောပါဘူး…။ ဟုတ်တယ်…။ ကျွန်တော်သူ့ကို အပြစ်မတင်ရက်ခဲ့ပါဘူး…။ ကျွန်တော်သူ့ကို ပျော်ရွှင်အောင် မထားနိုင်တဲ့ အချိန်မှာ သူ့ဘေးမှာ ရှိတဲ့သူတစ်ယောက်က ပျော်ရွှင်အောင်ထားပေးခဲ့တယ်…။ ကျွန်တော်မပေးနိုင်တဲ့ နွေး ထွေးမှုတွေကို အဲ့ဒီ့လူကပေးနိုင်ခဲ့တယ်…။ ကျွန်တော်မပေးနိုင်တဲ့ ၂၁ရာစုရဲ့ မက်မောဖွယ်ရာ အိပ်မက်တွေကို သူမဘေးမှာ ရှိတဲ့လူက ပေးနိုင်ခဲ့ တယ်။ ဘာကြောင့်များ ကျွန်တော် သူ့ကို စိတ်နာရ၊ ဒေါသထွက်ရမှာလဲဗျာ။ ကိုယ်မရှိတဲ့ အချိန်၊ ကိုယ်မပေးနိုင်တဲ့ အချိန်တွေမှာ သူက ကျွန်တော့်ကိုယ်စားပေးတယ်…။ လစ်လပ်နေတဲ့ ကျွန်တော့်ချစ် သူရဲ့အထီးကျန်မှုတွေကို ဖြည့်ဆီးပေးခဲ့တဲ့ အဲ့ဒီလူကို ကျွန်တော်က ကျေးဇူးတောင် တင်ရမယ်။”
“ မပြောပါနဲ့ဗျာ…။ မပြောကြပါနဲ့…။ ကျွန်တော့်ချစ်သူကို သစ္စာမရှိတဲ့လူရယ်လို့ မစွတ်စွဲကြပါနဲ့။ ကျွန်တော့်အ တွက် သူမခံစားခဲ့ရတဲ့ ခံစားချက်တွေအတွက် ဒီလူတစ်ယောက်သူဘေးမှာရှိနေခြင်းဟာ သူမကို သနားညှာတာ သောအားဖြင့် ဘုရားသခင်ကပေးတဲ့ ဆုလာဒ်တစ်ခုပါ။ ကျွန်တော့်ချစ်သူ ဖောက်ပြန်တာမဟုတ်ရပါဘူး…။ ခင်ဗျားတို့မေ့သွားကြပြီလား..? သူပျော်ရင်၊ ကျွန်တော်ပျော်တယ်လေ..။ ဒါပေမယ့် ကျွန်တော် တစ်ခုတော့ စိတ်မကောင်းဘူးဗျာ..။ ကံကြမ္မာရဲ့ အလှည့်အပြောင်းတစ် ခုကြောင့် ကျွန်တော် သူမဘေးမှာ ပြန်နေခွင့်ရခြင်း ဟာ…။ သူမရဲ့ ပျော်ရွှင်သာယာနေတဲ့ လောကလေးကို ဖျက်ဆီးလိုက်သလိုဖြစ်သွားတယ်…။ ဒီလိုသာ သူမခံ စားရမယ်မှန်းသိရင် အစောကြီးကတည်းက ကျွန်တော်သူမဆီ ပြန်လာဖို့ မကြိုးစားခဲ့ပါဘူးဗျာ..။
အခန်း (၄)
သူပတ်ဝန်းကျင်ကို ဒုတိယအကြိမ်သတိထားမိလိုက်တော့ အရောင်အမျိုးမျိုးသော မျက်နှာတွေပေါ်မှာ ကြေကွဲမှု ဟု ယူဆလို့ရသော ခံစားချက်များကို တွေ့ရှိနေရလေသည်…။ သူ တကယ်ပင် အံ့သြသွားခဲ့လေသည်…။ သူ ပြောခဲ့တဲ့ အရာတွေထဲမှာ ၀မ်းနည်း၊ ကြေကွဲစရာတစ်ခုမှမရှိ…။ ဒီလူတွေ ဘာတွေများ ဖြစ်နေကြပါလိမ့်ပေါ့…။ သူခေါင်းတစ်ချက်မျှသာ ခါလိုက်မိပါတယ်…။ သူပြောနေတဲ့ အကြောင်း အရာတွေကို အပြီးအထိ နားထောင်ပြီး သွားရင်တော့ စစ်မှန်တဲ့ ပျော်ရွှင်မှုတစ်ခုရဲ့ အရသာကို သူတို့ သေချာပေါက် ခံစားကြရမယ်ဆိုတာကို သူယုံ ကြည်ပါတယ်…။
“အခုတော့ ကျွန်တော် သိပ်ငြိမ်းချမ်း စေချင်ခဲ့တဲ့ ကျွန်တော့်ချစ်သူဟာ ကျွန်တော့်ကြောင့် စိတ်ဆင်းရဲ ခဲ့ရပါပြီ။ ရွေးချယ်မှုဆိုတဲ့ စိတ်ဖိစီးမှုကြားမှာ ညပ်နေတဲ့ ကျွန်တော့်ချစ်သူ…။ ညပေါင်းများစွာထွက် ပေါက် မဲ့ခဲ့ရပါတယ်။ ကျွန်တော် တကယ်ကို ယူကြုံးမရ ဖြစ်ရတယ်ဗျာ…။ ကျွန်တော်သူမကို ဒီလိုပုံ မျိုးနဲ့ ဘယ်လိုမှ ကြည့်မနေနိုင်ပါ ဘူး...။ သူမရဲ့ ပူလောင်နေတဲ့ မျက်ဝန်းတွေဟာ ကျွန်တော့်ဘ၀ကို ပြာအတိ ဖြစ်သွားအောင် လောင်မြိုက်စေခဲ့ ပါတယ်…။ ကျွန်တော်ဘာလုပ်ရမလဲ? ရှင်းပါတယ် ကျွန်တော်က သူ့ကိုငြိမ်းချမ်းစေချင်တဲ့သူ၊ ပျော်ရွှင်စေချင်တဲ့ သူပဲဗျာ သူမအတွက် အကောင်းဆုံးဖြစ်အောင် ကျွန်တော် လုပ်ပေးရမှာပေါ့…။ အဲ့ဒီ့မှာ သူမအတွက် ဘာလို အပ်သလဲဆိုတာကို ကျွန်တော်စဉ်းစားတယ်။ သိပ်ကြာကြာမစဉ်းစားလိုက်ရပါဘူး…။ ကျွန်တော်သဘောပေါက် လိုက်တယ်…။ သူမအတွက် လိုအပ်နေတာ… “ လွတ်မြောက်မှု”။ ကျွန်တော်ဘာမှ တွေဝေနေစရာမလိုပါဘူး။ ဆုံးဖြတ်ချက်နဲ့ အတူ သူမရဲ့လွတ်မြောက်မှု၊ ငြိမ်းချမ်းမှုအတွက် ကျွန်တော် ချက်ချင်းလုပ်ဆောင်ပေးနိုင်ခဲ့ပါ တယ်...။ ကျွန်တော့် ဆုံးဖြတ်ချက်မှန်ကန်ခဲ့ပါတယ်…။ သူမ အမှန်တကယ်ကို ငြိမ်းချမ်းသွားခဲ့ပါ တယ်…။ အခု တော့ ကျွန်တော့်ချစ်သူ တစ်ကယ်ကို လွတ်….မြောက်…သွား ခဲ့ပြီပေါ့ဗျာ….။”
ဇာတ်သိမ်း
လေပြေ ကျီစယ်သောအခါတွင်
ချစ်သူတို့ ပြုံးပျော်ကြ၍
ကံကြမ္မာ ကျီစယ်သော အခါတွင်မူ...
“ဒုံး….”
စားပွဲအား တစ်စုံတစ်ခုနှင့် ထုလိုက်သောအသံနှင့်အတူ ထွက်ပေါ်လာသော စကား သံမှာကား…
“အမိန့်….”
“ တရားခံ၏ ထွက်ဆိုချက်များအား ကြားနာစစ်ဆေးပြီးနောက် အောက်ပါအမိန့်အား ချမှတ်လိုက် သည်”
“ တရားခံ အဘ ဦး မိုးမြင့်၏သား မိုးမြင့်ကျော်သည် သေဆုံးသူ ၎င်း၏ဇနီး မသက်ဇာနည် အား မသေမချင်း ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျ ခံစေ…”
p.s- အချစ်ကြီးသူများ အမျက်ကြီးခြင်းမှ ကင်းဝေးနိုင်ကြပါစေ။
Sep 28, 2008
ကျွန်တော့်ရဲ့ "ဆုံး" ခဲ့ဖူးသော "ပထမ" များ....
အဲ့လိုပို့စ်ကြွေးတွေထဲကနေမှ အခု ကျွန်တော့်အစ်ကိုကြီး ကိုလင်းထက် Tag ထားတဲ့ "ပထမဆုံးများ" ဆိုတဲ့ ပို့စ်ကိုအရင် အကြွေးဆပ်လိုက်ပါတယ်..။ နောက်ပိုင်းမှာ မီးလေး ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကလည်း ထပ် ပြီး Tag ပါတယ်...။ ကဲ...။ "ပထမ" .....ဆုံးလိုက်ကြစို့...။
ပထမဦးဆုံးနေခဲ့သည့်ကျောင်း~~~~~~~~အ.လ.က (၅) ရန်ကင်း (သူငယ်တန်းနဲ့ ပထမတန်း) အဲ့ဒီနောက်မှာတော့ ဒုတိယတန်းမှ နောက်ဆုံး ဆယ်တန်းအောင်တဲ့ အထိ St.Augustine မှာ ပညာသင်ကြားခဲ့ ပါတယ်။
ပထမဦးဆုံး ရခဲ့သည့်မုန့်ဖိုး~~~~~~~~~ ၁၀ကျပ်။ မုန့်ဟင်းခါးတစ်ပွဲ အကြော်နဲ့ ကျောင်းမှာစားရင် ၅ ကျပ် သာပေးရတဲ့အချိန်ကပါ...။
ပထမဦးဆုံး စီးဘူးသည့် ဘက်စ်ကား~~~~~ မထသ (၅၁) ကျွန်တော်နေတဲ့နေရာကနေ ကျောင်းကိုသွားတဲ့ အခါစီးပါတယ်...။
ပထမဦးဆုံးကျောင်းပြေးဖူးသည့်အချိန်~~~~~~တကယ်ပြောတာပါ...။ ကျွန်တော် တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ ကျောင်းမပြေးဖူးပါဘူး...။ ကျူရှင်တော့ ခဏခဏလစ်တယ်...။ ဟဲ..ဟဲ။
ပထမဦးဆုံး ဂစ်တာတီး သင်ရင်းဆိုခဲ့သည့် သီချင်း~~~~~~ Okra ရဲ့ "မ မရှိတဲ့နေ့ရက်များ" ပါ G, Em, C, D ဆိုတော့လည်း သိတဲ့အတိုင်းပဲ Round လိုက်ရုံပဲလေ။ :)
ပထမဦးဆုံး ထိုင်ဖူးသည့် လဘ္ဘက်ရည်ဆိုင်~~~~~ ငယ်ငယ်တုန်းကတော့ ကျောက်မြောင်းမှာနေတုန်း ဦးလေးတွေနဲ့ ပါပါသွားဖူးတာတွေ ရှိပါတယ်..။ မှတ်မှတ်ရရတော့ သိပ်မရှိပါဘူး...။ ဒါပေမယ့် သိတတ်တဲ့အရွယ် ကျောင်းသားဘ၀မှာ စထိုင်ဖူးတဲ့ဆိုင်ကတော့ ကျွန်တော်တို့ကျောင်းဘေးမှာ ရှိတဲ့ "လပြည့်ဝန်း" ဆိုတဲ့ဆိုင်ပါ။ အခုတော့ ပိတ်သွားတာကြာပါပြီ...။
ပထမဦးဆုံးသောက်ဖူးသည့် စီးကရက်~~~~~~ 555 ပါ၊ ကျွန်တော် ၉ တန်းဖြေပြီးတဲ့နှစ် သင်္ကြန်လည်တုန်း 555 Promotion အဖွဲ့က Tiger Beer ဗူးပုံလေးထဲမှာ ဆေးလိပ်တွေထည့်ပြီး ကျွန်တော့် ကောင်မလေး (အဲ့ဒီတုန်းက :P) လည်ပင်းမှာ လာဆွဲသွားပေးတာကို ယူသောက်ခဲ့တာပါ။ အဲ့ဒီ့နေ့က စပြီးဆေးလိပ်စသောက် ဖူးတာပါ...။ ဘ၀ပေးကကောင်းတော့ အဲ့ဒီ့ပထမဆုံးအကြိမ်မှာပဲ တစ်ခါထဲ ဆေးလိပ်သောက်တက်သွားပါတော့ တယ်။ ဒါပေမယ့် တစ်ကယ်တန်း လုံးဝဆွဲဆွဲလမ်းလမ်းသောက်ခဲ့တာကတော့ ကျွန်တော် ရှေ့တန်းစစ်မျက်နှာ ပြင်ရောက်တဲ့ အချိန်ကမှ စတာပါ။( ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်)
ပထမဦးဆုံးသောက်ဖူးသည့် ဆေးပေါ့လိပ်~~~~~~~ငွေတောင်.....။ ကျွန်တော်အရမ်းချစ်တဲ့ ဦးလေးရဲ့ ဆေးလိပ်ကို ယူသောက်တာပါ။
ပထမဦးဆုံးရည်းစားထားဖူးသည့် အချိန်~~~~~~~~ ၁၉၉၉ ခုနှစ် ဇန်န၀ါရီ ၃၀။
ပထမဦးဆုံးဖတ်ဖူးသည့်ဝတ္တုစာအုပ်~~~~~~~~ "လရောင်ချို" ရေးသားတဲ့ "ကျောင်းခေါင်းလောင်းသံ" ဆိုတဲ့ ၀တ္ထုပါ။ ကျွန်တော် ၈ တန်းလောက်ကမှ ၀တ္ထုကိုစဖတ်ခဲ့ဖူးတာပါ။ ပထမဆုံး ပြင်ပစပေအနေနဲ့ ထိတွေ့ခဲ့ ရတဲ့စာအုပ်ကတော့ (ငယ်ငယ်တုန်းကဖတ်တဲ့ တေဇ၊ မိုးသောက်ပန်း၊ ရွှေသွေး နှင့် ကာတွန်းစာအုပ်များမပါ) ကျွန်တော် ၅ တန်းနှစ်တုန်းက အတန်းထဲမှာ လာရောင်းလို့ ၀ယ်ခဲ့တဲ့ "ဆရာဖေမြင့်" ရဲ့ " နှလုံးသားအဟာရ" စာအုပ်ပဲ ဖြစ်ပါတယ်။ ပထမဆုံး မော်ဒန်စာပေအနေနဲ့ကတော့ "မင်းခိုက်စိုးစန်" ရဲ့ ၀တ္ထုတိုများ စုပေါင်းထားတဲ့ "ကောင်းကင်နှင့် မလွတ်တဲ့အတောင်ပံ တစ်စုံ" ဖြစ်ပါတယ်။
ပထမဦးဆုံး ဖတ်ဖူးသည့် ဘာသာရေးကျမ်း ~~~~~~ " ဒေါက်တာ မင်းတင်မွန်" ရေးသားတဲ့ "သိပ္ပံနယ်လွန် ဗုဒ္ဓဘာသာ" ဆိုတဲ့ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ရေးထားတဲ့ စာအုပ်ပါ။ ဒီစာအုပ်မှာ ဗုဒ္ဓဘာသာအကြောင်းကို အနောက်တိုင်းနဲ့ ဘာသာခြားတို့မှ ထောက်ပြခဲ့ဖူးသည့် အားနည်းချက်များကို သိပ္ပံနည်းကျကျ၊ ယုတ္တိရှိရှိ ပြန်လည် ရှင်းပြထားခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ပြည်မနိုင်ငံမှာရောက်ရှိနေတဲ့ ဗုဒ္ဓဘာသာများ လေ့လာသင့် ပါတယ်။ မိမိတို့ ဘာသာအား ပညာစမ်းလာပါက မှန်ကန်ပြီး ယုတ္တိကျသောနည်းများဖြင့် ပြန်လည် တုံ့ပြန်နိုင် အောင်ပါ။
ပထမဦးဆုံး အရက်မူးဖူး သည့်အချိန်~~~~~~~~~ ကျွန်တော် ၇နှစ်သားလောက်ရှိမယ်ထင်တယ်။ ကျွန်တော့် အဖွားက ခရစ်ယာန်ဘာသာဝင်ဆိုတော့ အိမ်မှာ လုပ်တဲ့ ခရစ်စမတ်ပွဲမှာ ကျွန်တော်နဲ့ ကျွန်တော့်ဦး လေး သောက်ဖို့ဆိုပြီးတော့(အမှန်က ဦးလေးအတွက် အဓိကဖြစ်ပါလိမ့်မယ်) အဖွားက Chivas တစ်လုံးထောင် ပေးပါတယ်။ အဲ့ဒါ ဘယ်လိုသောက်လိုက်လဲတော့ မသိဘူး ( ကျွန်တော့်ဦးလေးပဲ သောက်တာနေမှာပါ :P) ပုလင်းလည်းလဲ လူလည်းလဲ။ အိမ်မှာရှိတဲ့လှေခါးကို လေးဘက်ထောက်ပြီး တက်ခဲ့ရဖူးပါတယ်။
ပထမဦးဆုံး ပစ်ဖူးသည့် သေနတ်~~~~~~~~ G-4 ပါ။ ဗိုလ်လောင်းဘ၀က စတင်ပစ်ခတ်ခဲ့ဖူးခြင်းဖြစ်ပါ တယ်။ အခုတော့ တော်တော်စုံနေပါပြီ။ လက်ကတော့ တော်တော်လေးကိုဖြောင့်ပါတယ်...။ လှလေးစိန်နဲ့ နင်လား ငါလားပါပဲ။ :P
ပထမဦးဆုံး ရောက်ခဲ့ဖူးသော နိုင်ငံခြား~~~~~~ Singapore ပါ။ ကျွန်တော် ၉၄ နွေရာသီကျောင်းပိတ်ရက် မှာ ကျွန်တော့်အဖိုးနဲ့အတူ ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ အလည်သက်သက်ပါပဲ။
ပထမဦးဆုံး ရေးခဲ့သော ဘလော့ဂ် ပိုစ့်~~~~~~~~ The Reason ဆိုတဲ့ ကဗျာ အတိုလေးတစ်ပုဒ်ပါ။
p.s- ကဲ ကိုလင်းထက်ရေ အစ်ကိုချဲပေးထားတဲ့ လိုင်းတွေနဲ့ အမှတ်တရဖြစ်အောင် အစ်ကို Tag ထားတဲ့ပို့စ်ကို အရင်ဆုံး စတင်လိုက်ပြီ။ ကျေးဇူးပဲ အစ်ကိုရေ Idea ခမ်းခြောက်နေတဲ့ကာလမှာ ကုန်ကြမ်းပေးတဲ့အတွက်ရော။ စာကြောင်းတွေ ချဲပေးတဲ့အတွက်ရော :)
Sep 22, 2008
ခေတ်သစ် မင်းနန္ဒာ...
အချိန်ကာလများသည် အလင်း၏ အရှိန်နှုန်းထက် လျှင်မြင်စွာ လှုပ်ရှားခဲ့ပြီ ဖြစ်သည်။ စက္ကန့်နှင့်အမျှ ပြောင်းလဲ နေသော ကျွန်တော်တို့၏ လူ့ပတ်ဝန်းကျင်သည်လည်း မည်မျှလောက်သေးငယ်သော အချိန်အပိုင်း အစလေးကိုမှ အလွတ်မပေးပဲ မျက်ချည်မပြတ်စောင့်ကြည့်လျှက်ရှိနေပြီ ဖြစ်ပါတယ်။ ကမ္ဘာ၏ လည်ပတ်မှု သည်ပဲ နှေးကွေး သွားသလား၊ နာရီနှင့် အချိန်တို့၏ ပညတ်များကပဲ လျှင်မြန်သွားကြလေသလား မပြောတတ် ပြောင်းလဲမှုများသည် တမဟုတ်ခြင်း လျှင်မြန်လွန်းလှပေသည်။ လူသားတို့၏ လိုအပ်ချက်များနှင့် စိတ်ဆန္ဒအား ဖြည့်ဆည်းဖို့ ကြိုးစားနေရသည့် ပညာရှင်များအဖို့ ယားလို့ပင် မကုတ်အားပဲ...၊ ခေတ္တမျှ ထုံးတို့ထားရသည့် အနေအထား ဖြစ်နေလေသည်။ ဥပမာ လူသားတို့၏ ကျန်းမာရေး အတွက် ညစ်ငြမ်းလာသော ပတ်ဝန်းကျင် လေထု၏ အန္တာရယ်အား ကာကွယ်ရန်အတွက် "လေသန့်ဘူး" များအား ဈေးကွက်အတွင်း ကျယ်ပြန့်စွာ တင်သွင်းရောင်းချလာခြင်း၊ စဉ်းစားတွေးတောမှုများ ပိုမိုပြုလုပ်နိုင်ရန် "ဦးနှောက်များ သို့မဟုတ် ဦးခေါင်း" အပိုများအား သာမန်လူသုံးကုန် ပစ္စည်းရောင်းသောဆိုင်များတွင် အလွယ်တကူ ၀ယ်ယူရရှိလာနိုင်ခြင်း စသည်တို့မှာ အသေးစားပြောင်းလဲမှုများလောက်ပင် ဖြစ်ပေသည်။
ဒီနှစ်ပိုင်းအတွင်း ကျွန်တော်တို့၏ ကမ္ဘာလောကကြီးအတွင်းတွင် ကြီးမားသော ပြောင်းလဲမှုကြီးများ အမြောက် အများ ပေါ်ပေါက်လာခဲ့သည်။ ကြောက်မက်ဖွယ် ပညာရပ်နှင့် သဘောတရားတော်လှန်ရေးကြီးများ ဖြစ်ပွားသွား ခဲ့သည်။ ၂၃ နှစ်ပိုင်းတစ်ပိုင်း တိမ်းစောင်းလျက်ရှိသော ကမ္ဘာမြေကြီးအား ရေပြင်ညီအတိုင်း ပြန်လည်တည့် မတ်လိုက်နိုင်ပါက လူသားတို့၏ တစ်ယောက်အပေါ်တစ်ယောက် တိမ်းစောင်းနေသော အမြင်များ ပြန်လည် တည့်မတ်လာကာ (လူသားအချင်းချင်း အထင်အမြင်လွဲမှားမှုများသည် ကျွန်ုပ်တို့၏ ကမ္ဘာကြီး ၂၃ နှစ်ပိုင်းတစ် ပိုင်း ဒီဂရီတိန်းစောင်းနေသောကြောင့် ဟူသောအယူအဆမှာ အင်မတန်မှပင် လေးစားလောက်ပါတယ်) လူလောကကြီး ပိုမိုသာယာဖွံ့ဖြိုးလာနိုင်သည်ဆိုကာ ကမ္ဘာမြေညီအား ရေပြင်ညီဖြစ်သည့် (၀) သို့မဟုတ် (၁၈၀) ဒီဂရီသို့ တည့်မတ်နိုင်ရင် အပြင်းအထန်ကြိုးစားနေသည့် သုတေသန လုပ်ငန်းကြီးများမှာလည်း မရေမတွက်နိုင်လောက်အောင်ပင် ဖြစ်ပါတယ်။
သတင်းစာများတွင်လည်း နေ့စဉ်နှင့်အမျှ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြိုင်အဆိုင် တီထွင်ဖန်တီးမှုများကို အများအပြားပင်တွေ့နိုင်ပါတယ်။ လွန်ခဲ့သည့် တစ်ပတ်ခန့်ကပင် လူသားတို့၏ ခန္ဓာကိုယ်အတွင်းမှ ထုတ်လွှင့် နေသည့် မမြင်နိုင်သော ရောင်ချည်တစ်မျိုး ( ၎င်းတို့အခေါ်အဝေါ်အရ H-Ray) အား ဖမ်းယူနိုင်သော အထူးပြု လုပ်ထားသည့် "ကြည့်မှန်" တစ်မျိုးအား အောင်မြင်စွာ ထုတ်လုပ်လိုက်ပြီ ဖြစ်ရောင်း။ ထိုကဲ့သို့ လူ့ခန္ဓာကိုယ်မှ ထုတ်လွှင့်သော H-Ray များအား ၎င်းမှန်ဖြင့် ဖမ်းယူနိုင်ခဲ့ခြင်းကြောင့်၊ ထိုမှန်အတွင်း အထူးတီထွင်တပ်ဆင်ထား သော နည်းပညာများ၏ အကူအညီဖြင့် ကျွန်တော်တို့၏ အရင်ဘ၀များကို မှန်အတွင်း ရှင်းလင်းစွာ ပြန်လည် ကြည့်ရှုနိုင်ပြီ ဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ ၎င်းတို့အသုံးပြုခဲ့သော နည်းပညာမှာ စိတ်၊ စေတသိတ်နှင့် နာမ်တို့၏ အဆက်မပြတ် ဖြစ်ပေါ်နေမှုအား စွမ်းအင်အဖြစ်သို့ အသွင်ပြောင်းလဲစေခဲ့ခြင်းဖြစ်ပါတယ်။
ထိုကဲ့သို့ အင်မတန်ထူးခြားဆန်းပြားသည့် သတင်းနှင့်နည်းပညာများ အဆက်မပြတ်ပေါ်ထွက်နေရာမှ ယခု (၂၆) ရာစုအတွက် အထူးချွန်ဆုံးသော သိပ္ပံပညာရှင်ဘွဲ့ကို ရရှိခဲ့သော တီထွင်မှုတစ်ခုသည် ကမ္ဘာတစ်ခုလုံး အား တုန်လှုပ်စေခဲ့ပါတယ်...။ " Combination Atom " လို့အမည်ရတဲ့ အစိတ်အစိတ် အပိုင်းပိုင်း ဖြစ်နေသော အမျိုးတူ Atom များအား ပြန်လည်ပေါင်းစပ်ဖွဲ့စည်းပေးနိုင်ခဲ့သော နည်းပညာပင်ဖြစ်ပါတယ်။ Atom များကို ခွဲစိတ်နိုင်ခဲ့သော နည်းပညာမှာ ကမ္ဘာပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကျော် ၆၀၀ နီးပါးခန့် ကတည်းက ပေါ်ပေါက်ခဲ့ပြီး Atomic Bomb များပြုလုပ်ကာ စစ်ပွဲများတွင် အသုံးချခြင်းများနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ခြင်းများတွင်ပင် အသုံးချခဲ့ပြီး ဖြစ်ပါတယ်။ ထိုစဉ်ကတည်းက ထိုကဲ့သို့ ခွဲစိတ်လိုက်သော၊ သို့မဟုတ် သဘာဝအလျှောက် တစ်စစီဖြစ်နေသော Atom အပိုင်းအစများအား မည်သို့မည်ပုံ ပြန်လည်ပေါင်းစပ်၍ မည်သည့်နေရာများတွင် အသုံးချနိုင်မည်နည်းဆိုသော မေးခွန်းမှာ သိပ္ပံပညာရှင်များ၏ ညများစွာကို တံခါး ခေါက်စေခဲ့ပါတယ်....။ ယခုတော့ ထိုနည်းပညာကို တွေ့ရှိ၍ အောင်မြင်စွာ အသုံးချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
မည်သည့်နေရာတွင် အသုံးချခဲ့ ပါသနည်း ဆိုသော်......
အထူးပင် ပြောင်မြောက်၍ ဂုဏ်ပြုထိုက်သော တီထွင်မှုကြီး တစ်ခုတွင် အသုံးပြုနိုင်ခဲ့ပါတယ်။ ထိုတီတွင်နိုင်ခဲ့မှု ကြောင့် ကမ္ဘာလောကကြီးသည် ယခင်က အသုံးပြုခဲ့ကြသော "ကမ္ဘာ့ရွာကြီး" ဆိုသောစကားလုံးထက်ပင် သေး ငယ်သွားကာ "ကမ္ဘာ့ အိမ်သာကြီး" ဖြစ်သွားပါတော့တယ်။ ၎င်းတီထွင်မှုကြောင့် လူသားများ၏ ဆက်သွယ်ရေး၊ ပို့ဆောင်ရေးလုပ်ငန်းများသည် မယုံနိုင်လောက်အောင်ပင် လွယ်ကူ၊ မြန်ဆန်သွားခဲ့ပါတယ်။ အာကာသယာဉ်၊ မော်တော်ယာဉ်၊ လေယာဉ်၊ လှည်းယာဉ် စသည့်မည်သည့်ယာဉ်မျှ အသုံးပြုရန်မလိုလောက် အောင်ဖြစ်သွား ခဲ့ပါတယ်။ ယာဉ်များအသုံးပြုစရာ မလိုတော့သောကြောင့် ဓာတ်ဆီနှင့် ရေနံဈေးများ အလကား အလှူကြီးပေးရ မတတ် ဈေးနှုန်းများကျဆင်းသွားခဲ့ပါတယ် (လောင်စာဆီကြောင့် ဖြစ်ပွားရသော ကျူးကျော်စစ်များလည်း ထပ်မံဖြစ်ပွားခြင်း မရှိတော့ကြောင်းလည်း တွေ့ရှိရပါတယ်)။ ထိုကဲ့သို့ စက်သုံးဆီ ဈေးနှုန်းများကျဆင်းမှု ကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဈေးသက်သာသွားပြီး ကုန်ဈေးနှုန်းများ ကမ္ဘာနှင့်အ၀ှမ်း ခွေးကျ၊ ၀က်ကျ ပြုတ်ကျကုန်ပါတော့တယ်။ ကမ္ဘာပြည်သူအပေါင်းလည်း စားဝတ်နေရေးများချောင်လည်လာပြီး၊ လူနေမှုအဆင့် အတန်းများသည်လည်း အလင်း၏ အလျှင်ကဲ့သို့ လျှင်မြန်စွာတိုးတက် ပြောင်းလဲလာခဲ့ပါ တော့တယ်။ အလွန်ကို အကျိုးရှိလှတဲ့ တီထွင်အောင်မြင်မှုကြီး ပါပဲ....။
မည်သို့ မည်ပုံ အသုံးပြုသနည်း ဆိုသော်.....
ထို Atom များကို ပြန်လည်ပေါင်းစပ်ပေးနိုင်သော နည်းပညာကြီးအား Open Source အဖြစ် ကမ္ဘာ့ဈေးကွက် သို့ တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ လူသားများ၏ အကျိုးအတွက် အခကြေးငွေမယူပဲ လှူဒါန်းခဲ့ခြင်း ဖြစ်ပုံရပါတယ်။ ထိုနည်းပညာအားအသုံးချပုံမှာ အလွန်တရာမှ ရိုးရှင်းလှပါသည်။ ထိုနည်းပညာအား အသုံးပြုရန် ကွန်ပျုတာတစ် လုံးနှင့် Atom များကို (Divide, Emit, Receive နှင့် Combine) ခွဲထုတ်ပေး၊ ထုတ်လွှင့်ပေး၊ လက်ခံပေး ပြီးတော့ ပြန်လည်ပေါင်းစပ်ပေးမည့် Program များဖြင့် ပြုလုပ်ထားသည့် ရေခဲသေတ္တာတစ်လုံးမျှသာ ပမာဏရှိ သည့် စက်တစ်လုံးသာလိုအပ်မည် ဖြစ်ပါတယ်...။ ၎င်းစက်နှင့် ကွန်ပျူတာအားတွဲဖက်ပြီး အသုံးပြုရမည် ဖြစ်ပြီး....။ အသုံးပြုပုံမှာ တစ်နေရာမှ တစ်နေရာသို့ ပို့လိုသော ပစ္စည်းများ (လူကိုယ်တိုင်သွားလိုပါကလည်း ရပါသည်။) ကို ထိုစက်အတွင်းသို့ ထည့်လိုက်ရုံသာဖြစ်ပါသည်။ လူဖြစ်ပါက ထိုစက်ထဲသို့ဝင်ကာ ထိုင်ခုံတွင် ထိုင်ရန်သာ လိုအပ်ပါသည်။ ထိုကဲ့သို့ လူ (သို့) ပစ္စည်းသည် စက်အတွင်းသို့ ရောက်ရှိသွားပါက ကွန်ပျူတာမှ တစ်ဆင့် Run လိုက်ပါက စက်အတွင်းရှိ အထူးပြုလုပ်ထားသော ရောင်ခြည်များနှင့် နည်းပညာများ၏ အကူအညီဖြင့် ပို့လိုသောဖက်မှ လူ(သို့) ပစ္စည်း၏ Atom များကို အပိုင်း အစများဖြစ်သွားအောင် ပြုလုပ်အာ Internet လမ်းကြောင်းမှတစ်ဆင့် သွားလိုရာသို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး၊ တစ်ဖက်မှလက်ခံရရှိသည်နှင့် တစ်ပြိုင်နက် Atom များကို ပြန်လည် ပေါင်းစပ်ပေးလိုက်ခြင်းဖြင့် လူဖြစ်စေ၊ အရာဝတ္ထုဖြစ်စေ အကောင်းပကတိ အတိုင်း အလိုရှိရာသို့ အောင်မြင်စွာ ရောက်ရှိသွားပြီဖြစ်ပါတော့တယ်...။
ထိုကဲ့သို့၎င်းနည်းပညာ၏ အကျိုးကျေးဇူးကြောင့် ကမ္ဘာအ၀ှမ်းမှလူများ ပျော်ရွှင်နေချိန်တွင်ပင် အလွန်ပင် ၀မ်းနည်းဖွယ်ကောင်းသော သတင်းတစ်ခု ကမ္ဘာပေါ်သို့ ပျံ့လွင့်သွားခဲ့လေသည်။ ဖြစ်ပုံမှာ အလွန်ပင် အံသြဖွယ် ကောင်း၍ ကြေကွဲဝမ်းနည်းဖွယ်ရာလည်း ကောင်းလှပေသည်။ လူငယ်တို့ သဘာဝအရ ချစ်ကြိုက် နေသော ချစ်သူနှစ်ဦးနှင့် ပတ်သတ်၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ကောင်လေးနှင့် ကောင်မလေးသည် ကမ္ဘာပေါ်ရှိ သီးခြားနိုင်ငံ တစ်ခုစီတွင်တည်ရှိနေကြသော်လည်း ထိုနည်းပညာကြီး၏ အကူအညီဖြင့် နေ့စဉ် နေ့တိုင်း လွယ်ကူအစဉ်ပြေစွာ ဆုံတွေ့နိုင်ခဲ့ကြပါတယ်။ (လူကြီးများက ၎င်းတို့နှစ်ဦးအား သဘောမတူကြသော ကြောင့် Internet နှင့် ၎င်းနည်းပညာ အကူအညီဖြင့် ထိုကဲ့သို့ခိုးတွေ့နေကြခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။) ထိုကဲ့သို့ နေ့စဉ်တွေ့ဆုံနေရာမှ တစ်နေ့တွင် ကောင်လေးသည် မိဘများသဘောထားတင်းမှာမှကြောင့် ကောင်မလေး အား သွားရောက်ခိုးယူရန်အတွက် စက်အတွင်းသို့ဝင်ကာ တစ်ဖက်နိုင်ငံသို့အသွားတွင် ၎င်းနေထိုင်ရာ နိုင်ငံဘက်အခြမ်း၌ ထုံးစံအတိုင်း မီးပျက်သွားရာမှ (နောက်ပိုင်းသတင်းများအရ ၎င်းကောင်လေးမှ ကောင်မလေးအား သွားရောက်ခိုးယူရန် သွားသောနေ့သည် ၎င်းတို့မြို့နယ် နေ့လည်မှစ၍ မီးပျက်မည့် အလှည့်ဖြစ်ကြောင်း သိရှိရ) လိုရာခရီးသို့ရောက်ရှိခြင်း မရှိတော့ပဲ Internet လမ်းကြောင်းအတွင်း Atom များအပိုင်းပိုင်းအစစဖြစ်ကာ သေဆုံးသွားခြင်းပင် ဖြစ်ပါတော့သည်။
p.s- ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ သိပ္ပံဇာတ်လမ်းထဲမှ အပိုင်းအစအချို့အား တစ်ချို့တစ်ချို့ ကျွန်တော်ပြောချင် သော (လက်ရှိဖြစ်ပျက်နေသည့်အရာများနှင့် စိတ်ကူး) အရာများ ပေါင်းစပ်ကာ ရေးသားထားခြင်း ဖြစ်ပါသည်။
Sep 20, 2008
ကျွန်တော်နှင့် အပျော်ဆုံးအချိန်
အခန်း(၁)
တကယ်တော့ ဘ၀ဆိုတာ
ဖမ်းချုပ်ဆုပ်ကိုင်လို့ မရတဲ့
အရိပ်တစ်ခုပါပဲ.....။
(Black Dream)
လူတိုင်းမှာ သူတို့အတွက် အပျော်ဆုံးအချိန်ဆိုတာ ရှိတတ်ကြစမြဲပါ...။ လူထဲက လူတစ်ယောက်ဖြစ်တဲ့ (မိမိ ကိုယ်ကို သတ်မှတ်ထားခြင်းမျှသာဖြစ်သည်) ကျွန်တော့်မှာလည်း အပျော်ဆုံး အချိန်ဆိုတာရှိပါတယ်။ တစ်ခြား သူတွေနဲ့ နဲနဲကွာခြားမယ်ထင်တာ တစ်ခုတော့ ရှိပါတယ်။ သူများတွေက ဖြစ်ခဲ့ပြီးတဲ့ အတိတ်၏ ဖြစ်ရပ်များထဲ မှသာ အပျော်ဆုံးအချိန်ဆိုတာကို သတ်မှတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အပျော်ဆုံး အချိန်က တော့ အနာဂတ်မှာပါ။ မရောက်သေးပါဘူး..။ ကျွန်တော်စောင့်ရအုံးမှာပါ...။ ဘယ်နေ့လဲ..? ဘယ်လောက် စောင့်ရမလဲ...? ကျွန်တော်ကိုယ်တိုင် သေသေချာချာမသိသေးပါဘူး။ ဘယ်လိုပဲ ဖြစ်နေပါစေ သေချာတာ တစ်ခုကတော့ အဲ့ဒီ့နေ့ဟာ ကျွန်တော့်အတွက် အပျော်ဆုံးနေ့ တစ်ခု ဖြစ်လာမယ်ဆိုတာပါပဲ။ ကျွန်တော့်ရဲ့ အယူအဆအရ အဲ့ဒီ့နေ့ရက်ကို ကျွန်တော်ဘ၀တစ်လျှောက်လုံးမှာ ဖြတ်သန်းခဲ့တဲ့နေ့ရက်တွေထဲမှာ အမြင့် မြတ်ဆုံးလို့ သတ်မှတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ အပျော်ဆုံးနေ့အဖြစ်သတ်မှတ်ထားတဲ့ အဲ့ဒီ့ နေ့မှာ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ အောင်မြင်ခြင်း၊ ကျဆုံးခြင်း စတဲ့ ဘ၀တစ်လျှောက်မှာ လူသားတိုင်း မလွဲမသွေ ကြုံတွေ့ကြရမယ့် အစွန်းတရားတွေကနေ လွတ်မြောက်စွာ ရုန်းထွက်သွားနိုင်ခြင်းကြောင့်ပါပဲ။ စကားလုံးလှလှလေးနဲ့ ပြောရမယ်ဆိုရင်တော့ "သေခြင်းတရားဆိုတဲ့ တံခါးတစ်ချက်ကို ဖွင့်ခွင့်ရမယ့်နေ့" ပေါ့။
အခန်း (၂)
ရှင်သန်ခြင်းဆိုတာ
တကယ်တော့
သေခြင်းတရားရဲ့ အဓိက တရားခံပါပဲ....။
(Black Dream)
ကျွန်တော် ငယ်ငယ်လေးကတည်းက ကျွန်တော့်ရဲ့ အပျော်ဆုံးနေ့လေးကို ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ဆင်နွဲ မယ်ဆိုတာကို စဉ်းစားခဲ့ဖူးပါတယ်။ ကျွန်တော်အဲ့ဒီ့နေ့လေးမှာ ဘာမှထွေထွေထူးထူး မတောင်းဆိုချင်ပါဘူး။ လိုလည်းမလိုချင်ပါဘူး...။ ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်တော့ (လူသားတို့ရဲ့သဘာဝအရ) နဲနဲတောင်းဆိုချင်ပါ တယ်။
ကျွန်တော့်၏ ပျော်ရွှင်ခြင်း အခမ်းအနားသို့....
၁။ မျက်ရည်ကျတတ်သူများ မတက်ရောက်ရ၊
၂။ ဟန်ဆောင် ပူလောင်ပြသူများ မတက်ရောက်ရ၊
၃။ လူမှုရေး အမြတ်ထုတ်လိုသူများ မတက်ရောက်ရ၊
၎။ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ပြောသူများ မတက်ရောက်ရ၊
၅။ "အနိစ္စ" စကားလုံးအား စာလုံးမပေါင်းတတ်သူများ မတက်ရောက်ရ။
အခမ်းအနားအတွက်...
၁။ သတင်းစာအတွင်း ထည့်သွင်းကြော်ငြာခြင်းမပြုရ၊
၂။ ယပ်တောင်များ၊ ရေသန့်ဘူး ဝေခြင်းများမပြုရ၊
၃။ နေကြာစေ့၊ ကွာစေ့၊ ဖရုံစေ့ အစရှိသော မည်သည့် အစေ့မှ စားသောက်ခြင်းမပြုရ၊
၎။ ဖဲဝိုင်းမထောင်ရ၊
၅။ မုန့်ဟင်းခါးမကြွေးရ။
ကျွန်တော်တောင်းဆိုချင်တာ ဒီလောက်ပါပဲ...။ ကျန်တာတော့ထွေထွေထူးထူးမရှိပါဘူး။
အခန်း (၃)
လူ့ဘ၀ဆိုတာ
တကယ်တော့...
အကုသိုလ် အကြွေးဝယ်တဲ့နေရာတစ်ခုပေါ့...။
(သစ္စာနီ)
ကျွန်တော့်ရင်ခုန်ခဲ့တဲ့ ကျွန်တော့်ရဲ့ အပျော်ဆုံးနေ့ရက်အတွက် ကျွန်တော်ပြင်ဆင်မှု တစ်ချို့ကို ငယ်စဉ်က စိတ်ကူးထားခဲ့တဲ့အတိုင်း ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ပထမဆုံး ပြင်ဆင်မှုအနေနဲ့ ကျွန်တော့်ရဲ့ အသက် (၁၈) နှစ်ပြည့်မွေးနေ့မှာ ရန်ကုန်မျက်စိ၊ နား၊ နှာခေါင်း ဆေးရုံကြီးမှာ ကျွန်တော်မျက်ကြည်လွှာလှူဒါန်းခဲ့ပါတယ်။ ကျွန်တော့်အတွက်မှ အသုံးမ၀င်တော့တာဗျာ...။ ဒါကြီးဘာသွားလုပ်မှာလဲ...။ တကယ်တော့ အာရုံငါးပါးဆိုတာ (အဆိုးမြင်နဲ့ ကြည့်မယ်ဆိုရင်) သတ္တ၀ါတွေရဲ့ သံသရာကိုမရှည်ရှည်အောင်ဆွဲဆန့်ပေးနေတဲ့၊ အကုသိုလ်တွေ ကို အလုံးလိုက် အရင်းလိုက် ကျွန်တော်တို့ရဲ့ ဘ၀အတွင်းဝင်ခွင့်ပေးနေတဲ့ အရာတွေပါပဲ။
ကျွန်တော့်အသက် (၂၀) ပြည့်နှစ် မွေးနေ့မှာတော့ ကျွန်တော် သက်ဆိုင်ရာ ဆရာဝန်ကြီးများနဲ့ စမ်းသပ်အစစ် ဆေးခံခြင်းများ၊ သဘောတူညီချက်များရယူ၍ ကျွန်တော့်ရဲ့ (ရှိနေသောလည်း ပိုင်ဆိုင်ခွင့်မရတဲ့ အကြီးစား အရိပ်ကြီး ဖြစ်တဲ့) ဒီခန္ဓာကိုယ်ကြီးကို ကျွန်တော့်ရဲ့ နာမ်က နောက်ထပ်ဘ၀တစ်ခုသို့ အကုသိုလ်များအကြွေး ယူဖို့ သွားတဲ့အခါ ဆေးပညာကိုလေ့လာနေကြတဲ့ ကျောင်းသား၊ ကျောင်းသူများနဲ့ ပညာရှင်များ အသုံးပြုဖို့ အတွက် Dead Body အဖြစ် လှူဒါန်းခဲ့ပါတယ်။ ကျွန်တော်စဉ်းစားခဲ့ဖူးတယ်လေ ဒီဘာမှသုံးစားမရတော့တဲ့ ခန္ဓာကြီးကို မြေမြှုပ်ဖို့နေရာပေးမယ့်အစား လောကကို သာယာလှပစေမယ့် သစ်ပင်၊ ပန်းမန်တွေစိုက်မယ်။ ဒါမှမဟုတ် လူသားနဲ့ သတ္တ၀ါတွေ အတွက်ခွန်အားဖြစ်စေမယ့် ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးတွေ စိုက်ရင် ပိုများ အကျိုးရှိမလားလို့...။ အဲ...။ မီးရှို့လိုက်တော့ရော....။ အင်း....။ မီးရှို့လိုက်တော့ လူတွေနဲ့ သဘာဝပတ်ဝန်း ကျင်ကို ဒုက္ခပေးမယ့် မီးခိုးငွေ့တွေနဲ့ Carbon Dioxide တွေပဲ ထွက်လာမယ်လေ...။ ဟုတ်တယ်မလား...?
ကဲ....။ ဒီလိုဆို ကိစ္စအားလုံးတော်တော်လေးကို ရှင်းသွားပြီ မဟုတ်လားဗျာ...?
ဇာတ်သိမ်း
သေခြင်းတရားဆိုတာ
အလှပဆုံး
နေ၀င်ချိန် ပန်းချီကား တစ်ချပ်ပါပဲ....။
(Black Dream)
ဒါတွေကတော့ ကျွန်တော်ရဲ့ ပြင်ဆင်မှုတစ်ချို့တစ်ဝက်ပဲ ဖြစ်ပါတယ်။ ဘာပဲ ပြောပြောကျွန်တော့်ရဲ့ ဆန္ဒတွေ ကို သဘောထားကြီးစွာ နားလည် လက်ခံပေးခဲ့ကြတဲ့ ကျွန်တော့်ရဲ့ မိဘနှစ်ပါးကိုတော့ ကျွန်တော်အလွန်တရာ ကျေးဇူးတင် ဦးညွတ်ပါတယ်။ တစ်ခုတော့ရှိတာပေါ့ဗျာ....။
ကျွန်တော် (တို့) က သူများတွေ ပြောပြောနေကြ သလိုပေါ့ဗျာ...။ " လူမဟုတ်တဲ့ လူတွေ" ဆိုတော့ ကိုယ့်ကိုယ်ကိုတော့ (မပိုင်တာခြင်းအတူတူ) သူများတွေလို မပိုင်ဘူးပေါ့...။ ဘယ်နေရာမှာသေမယ်...။ ဘယ်အချိန်မှာသေမယ်....။ ဘယ်လိုနည်းနဲ့ သေမယ်....။ မရေရာ လှပါဘူး...။ ရှေ့တန်းတစ်နေရာမှာပဲ တစ်ယောက်နဲ့ တစ်ယောက် ပျော်ပျော်ပါးပါး အသေသတ်တမ်းကစားရင်း အသက်ထွက်ချင် ထွက်သွားမယ် ၊ ခန္ဓာကိုယ်တစ်ခုလုံး ရစရာမရှိအောင်စုတ်ပြတ်ပြီး သေမယ်ဆိုရင်လည်း မတတ်နိုင်ဘူးပေါ့ဗျာ။ ဆေးရုံပေါ်က မျက်စိအလင်းမရတဲ့ လူတစ်ယောက် (သို့မဟုတ်) နှစ်ယောက်နဲ့၊ ဆေးကျောင်းနဲ့ ဆေးရုံက ပညာရှင်နဲ့ ကျောင်းသားတွေအတွက် "Sorry ပါ" ပေါ့...။
အကယ်၍များ ကံကြမ္မာဆိုတဲ့ (မြေနိမ့်ရာ လှံအမြဲစိုက်စေတတ်တဲ့၊ ရေနစ်သူကို ၀ါးအမြဲကူထိုးတတ်တဲ့) အူကြောင်ကြားကောင်ကများ သက်ညှာစွာ စဉ်းစားပေးလို့ ကျွန်တော့်ရဲ့ အခန်းအနားလေးကို ကျွန်တော် စိတ်ကူး၊ အကောင်အထည်ဖော်ခဲ့လို ပုံစံမျိုးနဲ့ ကျင်းပခွင့်ရမယ်ဆိုရင်တော့.....။ အတိုင်းထက်အလွန်ပေါ့ဗျာ...။
p.s- မောင်မျိုး Tag ထားတဲ့ " ၁၀ ရက်သာကျန်တော့မယ်ဆိုရင်" ဆိုတဲ့ခေါင်းစဉ်လေးကို ကျွန်တော့်ရဲ့ အမြင်၊ လုပ်ဆောင်ချက်အချို့နဲ့ ဖြည့်စွက်ထားကြောင်းပါ...။ ရေးသားဖော်ပြခဲ့ရာ အမြင်များသည် ကျွန်တော့်၏ သီးသန့် အမြင်များသာဖြစ်သောကြောင့် အပြည့်အ၀မှန်ကန်သည်ဟု မဆိုလိုကြောင်းပါ......။ ။
Sep 11, 2008
လွန်လေပြီးသော ၃၆၅ ရက်သို့...
Blogspot နှင့် စတင် မိတ်ဆက်ခြင်း
Blogspot ဆိုတဲ့ ရပ်ဝန်းလေးတစ်ခုမှာ Black Dream ဆိုတဲ့အညတရတစ်ယောက်ရဲ့ ဖြစ်တည်ပုံကို စပြောရ မယ်ဆိုရင်တော့ ကျွန်တော့်ကို ဆရာ ကိုအောင် ကိုအရင်ဆုံး ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ သူက Gtalk မှာ သူလုပ်ထားတဲ့ Blog Link လေး တင်ထားလို့ ဘာများပါလိမ့်ဆိုပြီး သွားကြည့်ခဲ့ရာမှ ကျွန်တော့်ထံသို့ Blogging ဆိုတဲ့ ချစ်စရာ ရောဂါပိုးမွှားလေးတစ်ကောင် စတင်ကူးစက်ခဲ့ပါတော့တယ်။ အဲ့ဒီမှာပဲ...။ ကျွန်တော် ပူဆာတာနဲ့ ကျွန်တော့်သူငယ်ချင်း ကိုအောင်က သူ့မှာရှိတဲ့ Saturn God ရေးသားတဲ့ ဘလော့လုပ်နည်း စာအုပ်လေးကို Online ကနေပို့ပေးပါတယ်။ အဲ့ဒီ့နောက်မှာတော့ သူပေးထားတဲ့ စာအုပ်လေးထဲမှာ ပါတဲ့အတိုင်း ဟိုလုပ်ဒီလုပ်၊ ဟိုစမ်းဒီစမ်းနဲ့ ကျွန်တော့်ရဲ့ Black Dream ဟာ တဖြေးဖြေးရုပ်လုံးပေါ်လာခဲ့ပါ တော့တယ်။ ကိုအောင်၊ Saturn God ရဲ့စာအုပ်ပြီးရင် ကျွန်တော့်အတွက် မြင်ဆရာတွေ စုစည်းခဲ့ရာ နေရာတစ် ခုကတော့ HelpDesk ပဲ ဖြစ်ပါတယ်။ ကျွန်တော် အထက်မှာဖော်ပြခဲ့တဲ့ လူပုဂ္ဂိုလ်များအားလုံးနှင့် နေရာ၊ အရာဝတ္ထုများအားလုံးအား ကျွန်တော့်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ များအဖြစ် ဒီနေရာလေးကနေ ရှေးဦးစွာ ဂုဏ်ပြုလိုပါတယ်။
စတင်ခြင်း
Blog စလုပ်ပြီးတော့ ဘာစရေးလို့ရေးရမှန်း ကျွန်တော်မသိခဲ့ပါဘူး။ အဲ့ဒါနဲ့ပဲ ကျွန်တော် အရင်က ခံစားရတိုင်း (အားယားနေတိုင်း) ရေးထားခဲ့ဖူးတဲ့ ကျွန်တော့်ကဗျာစာအုပ်လေးထဲမှ ကဗျာများကို စတင်ကူးယူပြီး ရေးသားခဲ့ ပါတယ်။ မြန်မာလက်ကွက်ကို အရင်ကရိုက်ဖူးပေမယ့် အသုံးမပြုတာ အချိန်တော်တော်ကို ကြာခဲ့တာကြောင့် ကဗျာတစ်ပုဒ်ပြီးဖို့ကို တော်တော်ကိုအားတင်းပြီး ရေးသားခဲ့ရပါတယ်။ ရေးသာ ရေးခဲ့တာပါ...။ ဘလော့လောက အကြောင်း နကန်းတစ်လုံးမှ မသိလေတော့ သူများဘလော့တွေ သွားလည်ခြင်း၊ ကိုယ့်ဘလော့ကို လာလည်ဖို့ ဖိတ်ခေါ်ခြင်း စတာတွေကို ကျွန်တော် မလုပ်တတ်ခဲ့ပါဘူး။ အဲ့ဒီ့တော့ အကျိုးဆက်က ရှင်းပါတယ်။ ပို့စ် ၁၀ ခုလောက်တင်လို့မှ ကွန်မန့်တစ်ခု မရခဲ့ပါဘူး။ ဘာပြောကောင်းမလဲ ဟွန်း....။ ဘာမှမရေးပဲ ပြစ်ထားလိုက် တာပေါ့။ အမှန်အတိုင်းပြောရရင် ဘာမှဆက်လုပ်ချင်စိတ် မရှိတော့လို့ပါ။ အဓိက ကတော့ Blogger များအားလုံး တူညီစွာလက်ခံထားတဲ့ Comment နဲ့ Cbox ဆိုတဲ့အားဆေးတွေ မရရှိခဲ့လိုပဲ ဖြစ်ပါတယ်။ (ကျွန်တော့်လို အဖြစ်မျိုးတော့ နောက်ပိုင်းမှာ အသစ်အသစ် ပေါ်ပေါက်လာတဲ့ Blogger တွေခံစားရခြင်း မတွေ့ တဲ့အတွက် ၀မ်းသာမိပါတယ်)
ပြန်လည် အသက်သွင်းခြင်း
ဒီလိုနဲ့ ကျွန်တော်ပြစ်ထားခဲ့ရာက... အဲ့ဒီ့အချိန်မှာ ကျွန်တော့်ဘေးမှာ ရှိနေခဲ့တဲ့ ကျွန်တော့်သူငယ်ချင်း (သူငယ်ချင်းဆို သူငယ်ချင်းပဲ ဘာမှထပ်မမေးနဲ့ :P ) တစ်ယောက်က ဆက်ရေးဖို့အားပေးပါတော့တယ်။ အကြောင်းက ၂ ခုပါ...။ (၁) ကျွန်တော့်ကို အားပေးတဲ့အနေနဲ့ ရေးခိုင်းပါတယ် (၂) တစ်ချိန်က သူသိပ်ချစ်ခဲ့တဲ့ သူ့ ချစ်ချစ် အစ်ကိုကြီးက ယခုလက်ရှိ မြန်မာ ဘလော့ဂါလောကမှာ Pioneer တစ်ဆူ အဖြစ်ရှိနေသေးတဲ့ သူတစ်ယောက်လိုပဲ အောင်မြင်စေချင်တဲ့ ဆန္ဒကြောင့် ရယ်ပါ။ ကျွန်တော် ပြင်သမျှ (ကလိသမျှ) Template တွေကို တစ်ညလုံး ကျွန်တော်နှင့်အတူ အိပ်ရေးပျက်ခံပြီး ဟိုဟာဖျက်၊ ဒီဟာမထည့်နဲ့၊ ဒီဘက်နဲနဲတိုး၊ အပေါ်ကို နဲနဲတင် စသည်ဖြင့် အမျိုးမျိုး ဝေဖန်အကြံပေး၍ လည်းကောင်း၊ ဟိုပို့စ်မကောင်းဘူး၊ ဒီပို့စ်ညံ့တယ်၊ အဲ့ဒီစကားလုံး အားမပါဘူး စသည်ဖြင့် အားပေးအားမြှောက် ဂုဏ်ပြု၍လည်းကောင်း ကျွန်တော့်ရဲ့ ရောဂါပိုးကို ပြန်လည် အသက်သွင်းခဲ့ပါတော့တယ်။ နောက်ဆုံး ကျွန်တော် အခုချိန်ထိ ကျွန်တော့် Blog မှတင်ထားတဲ့ ဆောင်ပုဒ်ဟာ သူနဲ့အတူ စဉ်းစားရင်း ရခဲ့တဲ့ ဆောင်ပုဒ်တစ်ခုပဲ ဖြစ်ပါတယ်...။ သူဟာ ကျွန်တော့်ရဲ့ ပထမဆုံး နဲ့ အမြဲတမ်း တည်ရှိနေမဲ့ အမာခံ ပရိတ်သတ်တစ်ယောက်အဖြစ် ကျွန်တော် တကယ်ကို လေးလေးနက်နက် အသိအမှတ်ပြုမိပါတယ်။ (နင့်နာမည်ကိုတော့ ထည့်ရင် ကြိုက်မှန်းမသိ၊ မကြိုက်မှန်းမသိမို့ မထည့်တော့ဘူး ဟေ့ :P )
အပေါင်းအသင်းများ
သူမရဲ့ ညွှန်ကြားချက် (အဲလေမှားလို့) အကြံပေးချက်အတိုင်း ဘလော့ စရေးပြီဆိုတာနဲ့ ရန်ကုန်မှာ ကားအသစ်များ ၀ယ်ရင် ရွှေညောင်ပင်မှာ ကားဦးတိုက်ရသလိုပဲ မသွားမဖြစ်သွား ဦးတိုက် (အဲလေ မှားပြန်ပြီ) သွား လည်ရမယ့် ကျွန်တော်တို့ရဲ့ ဘလော့ သဘာပတိကြီး ကိုစိုးထက် ကြီးဆီကို စတင် ရောက်ရှိခဲ့ပါတော့ တယ်။ အခုလည်ပြီးတယ်ဆိုရင်ပဲ မကြာလိုက်ခင်မှာ ကျွန်တော့် ဆီဗုံးထဲမှာ Link လိုက်ပြီဗျို့ ဆိုတဲ့စာသားလေး ရောက်ရှိလာပါတော့တယ်။ အဲ့ဒီစာသားလေးဟာ ကျွန်တော့် ဘလော့သက်တမ်းမှာ ပထမဆုံးအကြိမ် ဘလော့ဂါ တစ်ယောက်ဆီက စတင်ရရှိခဲ့တဲ့ အားဆေးတစ်ခွက် ဖြစ်စေခဲ့ပါတော့တယ်။ ဒီလိုနဲ့ ကျွန်တော် တဖြေးဖြေးချင်း လည်ပတ်လာခဲ့ရာမှ ကျွန်တော်အသက်သွင်းခဲ့တဲ့ Black Dream လေးဟာ တစ်ဖြေးဖြေး လမ်းလျှောက်တတ်စ အရွယ်ကိုရောက် ရှိလာပါတော့တယ်။ အပေါင်းအသင်းနဲ့ သူငယ်ချင်းတွေလည်း (အထူးသဖြင့် ကျွန်တော်နဲ့ ယခုအချိန်မှာ နေရတစ်ခုတည်းမှာ ပညာသင်ကြားနေတဲ့ သူငယ်ချင်းအကောင်းစားကြီးတွေဖြစ်တဲ့ ငြိမ်းညို၊ မျှားပြာ၊ ဖြိုးငယ်၊ တင့်ထူးရွှေ၊ နတ်ရှင်နောင် တို့ ဖြစ်ပါတယ်)။ ကျွန်တော် စတင်ရေးတဲ့ အချိန်တုန်းက ရှိခဲ့တဲ့လူတွေကိုပြောတာပါ။ ပြင်ပသူငယ်ချင်း တစ်ယောက်အနေနဲ့ ကျွန်တော်စတင် ရင်းနှီးခဲ့တာတော့ ကျွန်တော် ပထမဆုံးအကြိမ်အဖြစ် မွေးနေ့ပို့စ် စတင်ရေးပေးခဲ့ဖူးတဲ့ မဗေဒါ ပဲ ဖြစ်ပါတယ်။
အရှိန်ရလာခြင်း
ကျွန်တော် တကယ်ပြောတာပါ။ ကျွန်တော့်ရဲ့ Senior ဆရာကြီးများ ဖြစ်ကြတဲ့ ညိမ်းငြို၊ ဖြိုးငယ်၊ တင့်ထူးရွှေ၊ မျှားပြာတို့ရဲ့ ကဗျာတွေကို ဖတ်ပြီးတဲ့အချိန် မှာတော့ ကျွန်တော့်ရဲ့ ချောက်တီးချောက်ချက် ကဗျာတွေကို ဆက်လက်ရေးသားဖို့ တော်တော်ကြီးကို စိတ်ကုန် သွားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော် Essay တွေကို စတင်ရေးသားခဲ့ပါတယ်။ ရေးသားရေးရတယ် အဲ့ဒီအချိန်တုန်းက ကျွန်တော်နဲ့ အတူတူလောက် ပေါ်လာခဲ့တဲ့ ကိုမင်းတစေ ရဲ့ Essay တွေက ကျွန်တော့်အပေါ်အများကြီး လွှမ်းမိုးမှုတွေရှိနေပြီး (အခုချိန်အထိလဲ ကျွန်တော် သူ့အရေးအသားနဲ့ အတွေးအခေါ်တွေကို သဘောကျလျက်ရှိပါတယ်) ငါရေးရင် ဖြစ်ပါ့မလားဆိုတဲ့ အတွေးတွေ တပွေ့တစ်ပိုက်ကြီးရှိနေခဲ့ပါတယ်။ ဒါပေမယ့်နောက်ဆုံးမှာတော့ ဖြစ်ချင်တာဖြစ်ဟာ..။ ဘယ်သူမှ မဖတ်လဲ ငါ့ဘာသာဖတ်မယ်ဆိုပြီး စတင် ဖော်ရှော (မှားလို့..ဟီး) ရေးသားခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်ရေးခဲ့တဲ့ စာတွေနဲ့ စာဖတ်သူအပေါင်းကို ဒုက္ခပေးခဲ့တာလည်း အချိန်ကာလ တစ်ခုအရ ကြာညောင်းခဲ့ပါပြီ။ ကျွန်တော် ထင်ရာ မြင်ရာ လက်ဆော့သမျှကို အခုချိန်အထိ ခွင့်လွှတ်အားပေးခဲ့တဲ့ ကျွန်တော့် ဘလော့ဂါ ညီအစ်ကို မောင်နှမများနဲ့ စာဖတ်ပရိတ်သတ်ကိုလည်း ကျွန်တော်အလွန် လေးစားမြတ်နိုးမိပါတယ်။
အတွေ့အကြုံလေးများ
ကျွန်တော် အက်ဆေးတွေ စရေးပြီးမကြာခင်မှာပဲ ကျွန်တော့် ဘလော့ကို လူသိများစေမဲ့ ပို့စ်တစ်ခု ရေးသားဖြစ် ခဲ့ပါတယ်။ ကျွန်တော့် ဘလော့အပါအ၀င် ကျွန်တော်သိသလောက် ဘလော့ ၅ ခုခန့်မှ ပြန်လည်ကူးယူဖော်ပြ ခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီ့ပို့စ်ကြောင့်ပဲ ကျွန်တော်လူသိများလာခဲ့သလို၊ အဲ့ဒီ့ပို့စ်ကြောင့်ပဲ အတိုက်အခိုက်တွေ ကျွန်တော်ခံခဲ့ရပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲ တိုက်ခိုက်ပါစေ ကျွန်တော့်လိပ်ပြာ ကျွန်တော်လုံတဲ့ အတွက် ကျွန်တော်ထူးထူးထွေထွေ ဘာမှမခံစားခဲ့ရပါဘူး။ (စေတနာနဲ့ သတိပေးတဲ့သူတွေကို ကျွန်တော်ဆိုလိုခြင်း မဟုတ်ပါ။) ၎င်းအတိုက်အခိုက်တွေကြားမှပင် ထိုပို့စ်နှင့်ခပ်ဆင်ဆင်တူသော ပို့စ်များကျွန်တော်ဆက်လက် ရေးသားခဲ့ပါတယ်။ ၎င်းတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အကုန်ခံပြီးကျွန်တော့် ဘလော့ကို Visitor တက်အောင် တိုက်ခိုက်ကြတဲ့သူတွေအတွက် ၀မ်းနည်းစရာတစ်ခုကတော့ ကျွန်တော့်မှာ သူတို့ထင်သလို ပြန်လည်တိုက် ခိုက်ဖို့ အတွက် ထိုက်တန်တဲ့အချိန်နဲ့ ၎င်းတို့အား နားလည်အောင် ရှင်းပြနိုင်မယ့် စကားလုံးများ မရှိခြင်းပဲ ဖြစ်ပါတယ်။ သူ့ဆန်စားရဲရပါတယ်....။ ကျွန်တော်စားနေသောဆန်သည် အမိမြန်မာပြည်နဲ့ ပြည်သူများမှ ကျွေးသော ဆန်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်ရဲပါသည်။
ညီအစ်ကိုများ
ဒီလိုနဲ့ ကျွန်တော် ဘလော့ရပ်ဝန်းလေးထဲမှာ အချိန်ကာလတစ်ခုကြာ အရှိန်ရလာတဲ့အခါမှာတော့ ကျွန်တော့် အလွန်တန်ဖိုးထားတဲ့၊ ချစ်ခင်ဖို့ကောင်းတဲ့ ညီအစ်ကိုတွေ ရရှိလာခဲ့ပါတယ်။ ဘယ်သူတွေလဲ သိချင်လား? (မြှောက်ပြီဟေ့...)။ သူတို့ကတော့ ကျွန်တော့်အစ်ကိုတွေ ဖြစ်တဲ့ ကိုလင်းထက်၊ ကိုစိုးထက်နဲ့ ကျွန်တော့် ကျောင်းတော်ကြီး (St. Augustine) မှ Senior ကြီးဖြစ်တဲ့ ကို Zerotrash ကြီးတို့ပဲ ဖြစ်ပါတယ်။ ညီတွေကလား? ဘယ်သူတွေရှိမလဲ.... ညမီးအိမ်နဲ့ မောင်မျိုးပေါ့။ ကျွန်တော်နဲ့ နင်လား၊ငါလားပေါင်းတဲ့ သူတွေထဲက ဆိုရင်တော့ မင်းတစေ၊ နွေမုန်တိုင်း၊ ပေါက်ရ၈၀၊ နှလုံးသားပြတိုက် (နောက်ပိုင်း ကကြီးဒေါင်း လဲပါတယ် :P) တို့ပဲ ဖြစ်ပါတယ်။ မောင်နှမ သူငယ်ချင်းတွေအနေနဲ့ကတော့ နှင်းပွင့်၊ အိမ်လေး၊ ညီမလေး ၀င်္ကဘာ၊ မဗေဒါ၊ ပန်းခရေ၊ နန္ဒာ၊ Apprenticeship၊ မရွှေပြည်သူ၊ မှူးဒါရီ တို့ပဲဖြစ်ပါတယ်။ (ကျန်နေသူတွေ စိတ်မဆိုးနဲ့ဗျို့။ ချက်ချင်း စဉ်းစားလို့ ရသမျှထည့်ရေးတာ။ သတိရရင် ထပ်ဖြည့်ပေးမယ် :P) သူတို့အပြင် နောက်ထပ် ပြောမနာဆိုမနာ အစ်ကိုတွေ ညီတွေ၊ အစ်မတွေ၊ ညီမတွေနဲ့ သူငယ်ချင်းတွေများစွာ ကိုလည်း ကျွန်တော်ရရှိခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ သူငယ်ချင်းကောင်းဆိုတာ ကျွန်တော်မဟုတ်တဲ့ ကျွန်တော့် ကိုယ်ပွားတွေပါပဲ။
အမာခံပရိတ်သတ်များ
ဒီနေရာမှာ Black Dream ရယ်လို့ဖြစ်လာဖို့ အဓိက အားပေးခဲ့ကြတဲ့ ကျွန်တော့်ရဲ့ ကျေးဇူးရှင် ဘလော့ဂါ မဟုတ်သော ပရိတ်သတ် (မောင်နှမတွေပါပဲ) ကိုလည်း ကျွန်တော် မချွင်းမချန်ဖော်ပြလိုပါတယ်။ သူတို့ကတော့ Watery၊ မအိ တို့ပဲဖြစ်ပါတယ်။ နောက်ထပ်လဲ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် မသိနိုင်တဲ့အတွက် ခွင့်လွှတ်စေချင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်ရေးသမျှ ရောက်တတ်ရာရာများကို အမြဲတမ်း Comment ပေး၍ ဖြစ်စေ၊ ဆီဗုံးမှာပဲ အော်၍ဖြစ်စေ၊ ဘာမှအသိမပေးပဲနှင့် ဖြစ်စေ အားပေးနေကြသော ကျွန်တော်ချစ်တဲ့ ညီအစ်ကို မောင်နှမ ပရိတ်သတ်အားလုံးအား ကျွန်တော် ကျေးဇူးတင်၊ လေးစားမိပါတယ်။
ကျွန်တော်နှင့် လက်တွဲဖော်များ
ကျွန်တော်ပွားခဲ့တာတွေလည်း တော်တော်များနေပါပြီ။ အခုနောက်ဆုံးကျွန်တော့် ပို့စ်ကို အဆုံးမသတ်ခင်မှာ Black Dream ရယ်လို့ ဖြစ်လာဖို့ရာမှာ ဘယ်လိုမှ ချန်ထားလို့မရတဲ့ ကျွန်တော့်ရဲ့ လက်တွဲဖော် ရဲဘော်ရဲဘက်များကို ကျွန်တော် ဂုဏ်ပြုရပါလိမ့်မယ်။ သူတို့တွေသာမရှိခဲ့ရင် ကျွန်တော့်ရဲ့ Black Dream ဆိုတဲ့ နာမည်တစ်ခုဟာ ဘယ်လိုမှ ဖြစ်တည်လာစရာ အကြောင်းမရှိခဲ့ပါဘူး။ ကျွန်တော်ပျော်ရင် ကျွန်တော်နဲ့ အတူလိုက်ပျော်ကြတယ်၊ ကျွန်တော်ကြေကွဲရင် ကျွန်တော်နဲ့အတူ ခံစားပေးကြတယ်၊ ဘယ်တော့မှ ကျွန်တော့်ကို ကောင်းသည်ဆိုးသည် မပြောပဲ ကျွန်တော့်ရဲ့ ဆန္ဒအားလုံးကို မညီးမငြူဖြည့်ဆီးပေးခဲ့ကြတဲ့ သူတွေပေါ့။ သူတို့ကတော့
(၁) ကျွန်တော့်ရဲ့ ၆ နှစ်ကြာအသုံးပြုခဲ့တဲ့ ကျွန်တော့်ရဲ့ Compaq Laptop။
(၂) ကော်ဖီခွက်နှင့် အပြည့် ဘလက်ကော်ဖီများ
(၃) Zippo မီးခြစ်နှင့် အဖြူရောင် နတ်သမီးများ
(၄) ပို့စ်တစ်မျိုးနဲ့တစ်မျိုးမရိုးရအောင် ကျွန်တော့်အား ကုန်ကြမ်းတွေပေးခဲ့သောသူများ :P နှင့်
(၅) ကျွန်တော့်ဘေးမှာ အမြဲတမ်းရပ်တည် အားပေးခဲ့တဲ့ ကျွန်တော့်ချစ်သူတို့ပဲ ဖြစ်ပါတော့တယ်။
p.s- အမှန်က ကျွန်တော့် တစ်နှစ်ပြည့်က စက်တင်ဘာ ၉ ရက်နေ့ကပါ။ အကြောင်းအမျိုးမျိုးကြောင့် အခုမှရေး တင်ဖြစ်ခြင်းဖြစ်ပါတယ်။
Sep 7, 2008
မှန်ကြည့်ခြင်း...
နောက်တစ်ချက်က အခုလို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် Tag ကြချင်းဖြင့် ဘလော့ဂါ ညီအစ်ကို မောင်နှမများအကြားမှာ ရင်းနှီးမှု၊ ယုံကြည်မှုပိုမိုခိုင်မာ လာနိုင်တယ်လို့လဲ ကျွန်တော်ထင်ပါတယ်။ အမြဲတမ်း ကြီး ဆိုရင်တော့လည်းမကောင်းဘူးပေါ့။ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခုလို ဖြစ်သွားနိုင်ပါတယ်။
ကျွန်တော်အမှန်အတိုင်း ၀င်ခံရရင် အခု ကျွန်တော့်အစ်ကိုကြီး zeRoTrash လုပ်လိုက်တဲ့ Tag Game လေးကို တစ်ခြားဘလော့တွေမှာတွေ့နေတာ ကြာပါပြီ။ ဘာရယ်တော့မဟုတ်ဘူး တစ်ချို့ကလည်း အပျော်သဘောရေး ကြတယ် တစ်ချို့ကြတော့လည်း အတည်တကျကို ရေးကြတာတွေ့တော့ ကြည်နူးမိပြီး ငါ့ကိုလည်း Tag ခံရရင် ကောင်းမှာပဲလို့တွေးမိတာတော့ အမှန်ပါပဲ။
နောက်တစ်ခု...။ အခုကျွန်တော် ဒီ Tag လေးကိုသဘောကြမိတာ တစ်ခုရှိပါတယ်....။ ဘာလို့လဲဆိုတော့...။ အခု ကျွန်တော်ရေးမယ့် Tag Game လေးဟာ ကျွန်တော့်ရဲ့ စိတ်တွေကို လွန်ခဲ့သောနှစ်ပေါင်းများစွာမှာ ကျန်ရှိနေခဲ့ပြီဖြစ်တဲ့ ဖြူစင်ငြိမ်းချမ်းလှတဲ့ ကျောင်းသားဘ၀ရဲ့ နောက်ဆုံး နှုတ်ဆက်ပွဲလုပ်တဲ့နေ့လေးတွေမှာ သူငယ်ချင်းအချင်းချင်း အမှတ်တရရေးခိုင်းခဲ့ကြဖူးတဲ့ အပြုအမူလေးများကို ပြန်လည်တမ်းတ မိစေပြီး ကျွန်တော့်ရင်ကို နွေးထွေး ငြိမ်းချမ်းစေခြင်းကြောင့်ပါပဲ....။
ကိုယ့်ရဲ့နာမည်............ Black Dream
ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် ………… မဲကြီး၊ Black ကြီး၊ မဟူရာအိပ်မက်
ကိုယ်ဒီမှာနေတယ်………… ခေတ္တ မော်စကို
ကိုယ့်ဆီဖုန်းဆက်ချင်ရင်………… ဖုန်းနံပါတ်များကို နှိပ်ပါ :P
အရောင်ဆိုရင်………… အနက်ရောင်၊ အဖြူရောင်၊ မီးခိုးရောင်၊ အပြာရောင်။
အ၀တ်အစားဆိုရင်………… T-Shirt ( Especially- Black T-Shirt)
အစားအစာဆိုရင်………… စားလို့ရတာ အကုန်စားတယ်။
ပစ္စည်းဆိုရင်………… နာရီ၊ Zippo၊ မျက်မှန်၊ ခါးပတ်၊ Wallet
သီချင်းဆိုရင်………… (Hard Rock- Scorpion, Aerosmiths, Bonjovi, Mr.Big, GNR, Metallica) (Alternative/Modern Rock- Green Day, Vertical Horizon, Offspring, Sugar Ray, Staind, Linkin Park)
စာရေးစာဆရာ………… မင်းခိုက်စိုးစန်၊ သစ္စာနီ၊ ဇော်ဇော်အောင်၊ နီကိုရဲ၊ မင်းလူ၊ တာရာမင်းဝေ။
စာအုပ်………… သုည၊ ကျွန်တော်နှင့် နမ်မီးစစ် (မင်းခိုက်စိုးစန်)
Life style………… လေးနက်စွာခံယူပြီး ပေါ့ပါးစွာဖြတ်သန်းခြင်း။
ကိုယ့်ရဲ့ဝါသနာ………… ၀ါသနာတွေလိုက်ပါရတာကိုက ကျွန်တော့်ရဲ့ဝါသနာ။
အလိုချင်ဆုံးလက်ဆောင်………… သံသရာကူး လက်မှတ်တစ်စောင်။
ကိုယ့်ရဲ့ အချစ်ဆုံးသူက………… မြန်မာပြည်။
ကိုယ့်ရဲ့ အလေးစားဆုံးသူက………… အနန္တောအနန္တငါးပါးနှင့် တိုင်းပြည်နှင့်လူမျိုးအတွက် အနစ်နာခံခဲ့ကြသော ခေါင်းဆောင်ကောင်းများအားလုံး
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက………… အမေ။
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက………… အဖေ။
ကိုယ့်ရဲ့ အမုန်းဆုံးသူက………… Me, Myself and I!
ရင်အခုန်ဆုံးအချိန်………… မရိုးသားမှုတစ်ခုအား ဖုံးကွယ်ထားရသောအချိန်။
အကြောက်ဆုံးအချိန်………… မှန်ထဲပြန်ကြည့်မိတဲ့အချိန်တိုင်း တော်တော်တုန်လှုပ်မိတာတော့ အမှန်ပဲ။
အပျော်ဆုံးအချိန်………… ဒီဘ၀အတွက် နောက်ဆုံးထွက်သက်ကို ထုတ်လွှတ်ခွင့်ရမယ့်အချိန်။
အမှတ်တရနေ့………… သူ့နည်းသူ့ဟန်နဲ့သူ တော်တော် များတယ်။
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု………… ငြိမ်းချမ်းရပါလို၏။
အချစ်ဆိုတာ………… မြန်မာသဒ္ဒါအလိုအရတော့ "စိတ္တဇနာမ်" ပေါ့။
အမုန်းဆိုတာ………… ကိုယ့်ကိုယ်ကိုယ် မညှာတာ၊ မသနားတတ်တဲ့သူတွေရဲ့ ညံ့ဖျင်းမှုပြ ဂုဏ်ပုဒ်တစ်ခု။
အလွမ်းဆိုတာ………… ရင်မှာပွင့်သော ပန်းတစ်မျိုး။
သံယောဇဉ်ဆိုတာ………… မရှိမကောင်း၊ ရှိမကောင်း။
ဘ၀ဆိုတာ………… နေတတ်ရင်ကျေနပ်စရာကြီးပါ။ တစ်ခုတော့ရှိတယ်...။ နေတတ်ဖို့တော့ နဲနဲအနေခက်လိမ့်မပေါ့။
သူငယ်ချင်းဆိုတာ………… ကျွန်တော့်အတွက်တော့ ကျွန်တော်မဟုတ်တဲ့ ကျွန်တော်ပါပဲ။ ကိုယ်ပွားတစ်ခုပေါ့။
ချစ်သူဆိုတာ………… ကိုယ်တန်ဖိုးထား၊ မြတ်နိုးသောသူ။
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်………… လူ့အန္ဓ
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က………… I'm Changing! You Are Changing! Everything Are Changing! There's Only One Thing Which Will Never Change, It's.......... CHANGING!
အပြောချင်ဆုံးစကားတစ်ခွန်း………… ငြိမ်းချမ်းချင်တယ်။
************************************************************************************
ဟုတ်ကဲ့...။ သူများ Tag တာတော့ရေးပြီးပါပြီ။ ဒီတစ်ခါကျွန်တော် ဆက် Tag ပါမယ်။ ရေးချင်စိတ်ရှိရင်ရေးပါ...။ ရေးချင်စိတ်မရှိရင်တော့......................................................................ဇွတ်မှိတ်ပြီး ပြီးအောင်ရေးပါ။ :P
ကိုလင်းထက်
ညမီးအိမ်
ပေါက်ကရ ၈၀
ကဒေါင်းညင်သာ
မင်းတစေ
အမရာ
အိုင်လွယ်ပန်
မှူးဒါရီ
နွေမုန်တိုင်း (သူမရေးနိုင်ဘူးဆိုတာသိပေမယ့် ရင်ထဲမှာရှိနေတဲ့အတွက် အမှတ်တရ Tag ပါတယ်)
Apprenticeship
စိုးမြနန္ဒာသက်လွင်
p.s- ဆယ့်တစ်မီးငြိမ်းအောင် ဆယ့်တစ်ယောက် Tag လိုက်ပါတယ်။ :P