Oct 21, 2008

ချစ်...ချစ်....မင်းတို့ပဲချစ်ကြ...!

ကျွန်တော့်အစ်ကိုကြီးတွေ ဖြစ်တဲ့ ကိုလင်းထက်နဲ့ ကိုဟန်သစ်ငြိမတို့က အမှတ်တရ Tag ထားတာပါ...။

**********************************************************************************

02-Minn Doe Bel Chit Kya - Synergy

တကယ်တော့ အချစ်ဆိုတာ
မြန်မာသဒ္ဒါအလိုအရ
ဖမ်းဆုပ် ကိုင်တွယ်၍ မရသော
စိတ္တဇနာမ် တစ်ခုပါပဲ....။

အချစ်...။ တကယ်တမ်း ပြောကြကြေးဆို ဒီအကြောင်းက ဂျာအေးသူ့အမေရိုက်သလိုပါပဲ..။ ဘယ်ကစမှန်း မသိ သလို...။ ဘယ်မှာဆုံးမှန်းလည်း မသိနိုင်တဲ့ အရာတစ်ခုပါပဲ...။ မေးတဲ့သူတွေကလည်း ကမ္ဘာဦးအစ က တည်းက မေး လာလိုက်ကြတာ အခုထိကိုမေးလို့ မပြီးတော့ဘူး...။ ဖြေကြတဲ့သူတွေကလည်း ဖြေလိုက်ကြ တာ...။ အလုံက (အခု မရှိတော့တဲ့) အလုံအမှိုက်ပုံကြီးက အမှိုက်တွေလိုပဲ တောင်လိုပုံလို့။ ဒါပေမယ့် အခုချိန် အထိ ဘာမှ သေချာရေရာတဲ့ အဖြေတစ်ခုမှ မရရှိခဲ့ပါဘူး...။ နောက်လည်း ရလာမှာမဟုတ်ပါဘူး။ ဒါပေမယ့် ပေါ့ဗျာ...။

လူဆိုတဲ့ သတ္တ၀ါအမျိုးအစားတွေကလည်း ခက်တော့ခက်တယ်....။ သူတို့မှာ အဲ့ဒီ့အချစ်ဆိုတဲ့ အရာကြီးကို မခံ စားတတ်ရင် (သို့မဟုတ်) မရှိရင်...။ လူတန်းပဲ မစေ့တော့သလိုလို...။ လူပဲ မပီသတော့သလိုလို...။ ဟိုလိုလို...။ ဒီလိုလို...။ ဒီတော့ လူလို့ ကိုယ့်ကိုယ်ကို Copy Right ယူထားတဲ့ သူတွေထဲက သူလို ကိုယ်လိုတစ်ယောက် ဖြစ် တဲ့ ကျွန်တော်လည်း လူတန်းစေ့ ရလေအောင် ချစ်ပြရတော့မှာပေါ့...။ အမှန်က ကျွန်တော်ကိုယ်တိုင်လည်း တော်တော်ကို ချစ်တတ်တဲ့သူတစ်ယောက်ပါ...။ ယပင့်နဲ့လဲ ချစ်တတ်ပါတယ်...။ ယရစ်နဲ့လဲ ခြစ်တတ်ပါတယ်။ ကျွန်တော့် စိတ်လွှတ်တော်က အတည်ပြုတဲ့ ဖွဲ့စည်းပုံမူကြမ်းအရဆိုရင်တော့ ကျွန်တော် ယရစ်နဲ့ ပိုပြီး ခြစ်တတ် ပါတယ်...။ ဟုတ်တယ်လေ...။ ကျွန်တော်က ဆေးလိပ်သောက်တော့ တစ်နေ့ကို အနဲဆုံး အခါ ၂၀ တော့ခြစ်ရ တယ်။ (ဆေးလိပ်တစ်ဘူးမှာ အလိပ် ၂၀ ပါသည်။)

အချစ်ဆိုတာ
ယဉ်လုံအိမ်သာတစ်ခုလိုပဲ
ဘ၀မှာ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပေါ့....။
BLACK DREAM

ငြင်းလို့မရတာကလည်း အမှန်ပဲဗျာ...။ တစ်ကယ်ပါ...။ အချစ်ဆိုတာ တစ်ကယ်တမ်း သေသေချာချာ ပြီး, ပြီးရော တွေးကြည့်တော့လည်း တော်တော်ကို အရေးပါတာကို အရှင်းသားအထင်းသား တွေ့နိုင်လေရဲ့..။ အချစ်နဲ့ပတ် သတ်ပြီး ကျွန်တော် အလေးစားဆုံး အကြိုက်ဆုံး စကားတစ်ခုရှိပါတယ်...။ အပေါ်မှာ ရေးထားတဲ့ဟာပါ သူ့ရဲ့ တင်စားပုံက အရမ်းကိုလေးနက် လှပပြီး....တစ်ကယ်ကိုပဲ ဘ၀အတွက်မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုဖြစ် ကြောင်း ထင်ရှားစေပါတယ်..။ ယဉ်လုံအိမ်သာတွေသာ မရှိခဲ့ရင်...? ကျွန်တော်တို့ ပတ်ဝန်းကျင်ကြီး ညစ်ညမ်း မယ်...။ ရောဂါဘယတွေ ထူပြောမယ်...။ အနံ့အသတ်တွေဆိုးဝါးမယ်...။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို အကြီးအ ကျယ်အားပေးမယ်...။ ထားလိုက်ပါ အဲ့ဒီ့ စကားလုံးအကြီး ကြီးတွေ...။ အနဲဆုံးတော့ ယဉ်လုံအိမ်သာတွေမရှိရင် ကျွန်တော့တို့ရဲ့ တစ်နေ့တာ...။ အဲ့ဒီ့နောက်...။ တစ်ဘ၀တာ...။ ဘယ်လိုမှ အဆင်ပြေ လှပနိုင်စရာ မရှိ...။ အချစ်လည်း အဲလိုပဲပေါ့ဗျာ...။ တစ်ကယ်လို့ အချစ် (သို့မဟုတ်) ယဉ်လုံအိမ်သာများသာ လောကကြီးထဲမှာ မရှိဘူးဆိုရင်ပေါ့ဗျာ....

တစ်ကယ်တော့ အချစ်ဆိုတာ
ဖန်တီးလို့မရ၊ ဖျက်ဆီးလို့မရတဲ့
စွမ်းအင်တစ်ခုပေါ့...။
BLACK DREAM

(မှတ်ချက်။ ။ စွမ်းအင်တို့၏ သဘာဝအရ ဖန်တီး၊ ဖျက်ဆီးလို့မရပေမယ့် စွမ်းအင်တစ်မျိုးမှ နောက်တစ်မျိုးသို့ အသွင်ပြောင်းလဲသွားကောင်း ပြောင်းလဲနိုင်သည်။)

ရှိသေးတယ်...။ စစ်ပွဲတစ်ရာနွှဲလိုက်ချင်ပေမယ့် အချစ်တစ်ပွဲတော့ မနွှဲချင်ဘူးဆိုပြီး တွံ့တေးသိန်တန်လား မသိ ဘူးဆိုဖူးတယ်...။ အမှန်က သူစစ်မတိုက်ဖူးလို့...။ သူသာစစ်မျက်နှာပြင်တစ်ခုမှာ အသက်ကို တစ်ခါသုံးအိမ်သာ စက္ကူတစ်ခုလို သဘောထားရတဲ့ အချိန်မျိုးကြရင် အဲ့လိုစကားမျိုး ပြောနိုင်ပါ့အုံးမလားလို့...? မထင်! စစ်သား တစ်ယောက်အတွက်တော့ အချစ်ဟာ ကျည်ကုန်နေတဲ့ သေနတ်တစ်လက်....။ နေ့တိုင်းစားနေရတဲ့ ငှက်ပြောအူ ဟင်းတစ်ခွက်...။ ချစ်သူနဲ့ အတူရှိတဲ့ အချိန်ဆိုတာကတော့ လေးဖက်လေးတန် ရန်သူအ၀ိုင်းခံထားရတဲ့ အချိန် မျိုးနေမှာပေါ့...။ အချစ်နဲ့စစ်မှာ မတရားဘူးဆိုတာ မရှိဘူးလား ဘာလားတော့ ကျွန်တော်မသိဘူး..။ သေချာတာ တစ်ခုကတော့ အချစ်နဲ့စစ်မှာ တရားလိုနဲ့ တရားခံ မရှိဘူးဆိုတာပဲ...။ နှစ်ယောက်စလုံးနဲ့ သက်ဆိုင်တယ်..။ Aersomith ရဲ့ Crying ထဲက စာသားတစ်ခုကို ယူသုံးရမယ်ဆိုရင်တော့ Partners In Crime ပေါ့...။ (တွံ့တေးသိန်းတံ - သင့်အားတပ်မတော်မှ အလိုရှိသည်။ ဒီဘ၀မမှီရင် ရောက်ရာဘ၀က အမြန်ဆက်သွယ်ပါ။)

"ချစ်တယ်" ဆိုတဲ့စကားဟာ
စကားလုံးနှစ်လုံးထဲ ရှိသလိုပဲ
အဲ့ဒီစကားလုံး နှစ်လုံးကိုလည်း
လူနှစ်ဦးက ပြောမှသာပြည့်စုံနိုင်မှာပါ....။
BLACK DREAM

အချစ်ရဲ့ လှပမှုကို ပုံစံမျိုးစုံ...။ တင်စားကြသည်..။ ချစားကြသည်...။ ယူစားကြသည်...။ တွေ့တဲ့နေရာမှာ စားကြ သည်။ ကျွန်တော်လည်း စားချင်ပါသည်..။ အချစ်သည် အံဖတ်ထဲမှ လောက်ကောင်လေးများကဲ့သို့ လှပပါသည်။ အချစ်သည် ကွမ်းချေးတတ်နေသော သွားများကဲ့သို့လှပပါသည်။ အချစ်သည် ရေစိုနေသော ကြွက်စုတ်တစ် ကောင်ကဲ့သို့ လှပပါသည်။ အချစ်သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သောအခါ အာပုပ်ရည်များ ကျတတ်သော မိန်းကလေး တစ်ယောက်လိုလည်း လှပတတ် ပါသေးသည်။ အချစ်သည် နာမည်ကျော်သော မျက်လှည့်ဆရာ တစ်ယောက်လည်း ဖြစ်သည်။ လူစင်စစ်မှ ကောက်ရိုးစား ချိုထွက်သော သတ္တ၀ါတစ်ကောင် ဖြစ်အောင် ဖန်ဆင်း နိုင်သည်...။ လျှာတမြားမြား အမှီးတနှံ့နှံ့ အကောင်တစ်ကောင် ဖြစ်အောင် ဖန်ဆင်းနိုင်သည်။ ထူးဆန်းလှပေ သည်...။

ကျွန်တော် နိဂုံးချုပ်ပါမယ်...။ အချစ်ဆိုတာ....။ မဆုံးနိုင်သော မေးခွန်း...။ မပြည့်စုံသော ဖွင့်ဆိုမှု...။ မလိုလားအပ် သော လိုအပ်ချက်...။ မဖန်တီးခဲ့သင့်သော စကားလုံး...။ အလှပဆုံး ပိုးစိုးပက်စက် လှည့်စားမှု..။ မချိမဆန့် ဝေဒ နာတစ်ရပ်...။ စောက်ထိုး မိုးမျှော် ဘ၀တစ်ခု...။ မိမိကိုယ်ကို လုပ်ကြံမှု...။ ကျောချင်းကပ်နေသော ဆန့်ကျင် ဘက်..။ နောက်ဆုံး.....။

အချစ်ဆိုတာ....လူတို့ဖန်ဆင်းအပ်သော.........လုပ်ဇာတ်တစ်ခု။

မေတ္တာတရားသည်သာ လူသားအချင်းချင်း အေးချမ်းမှုကိုပေးနိုင်သော တစ်ခုတည်းသော စစ်မှန်မှုဖြစ်သည်။

p.s- ကျွန်တော့်စိတ်ထဲ အခုအချိန်မှာ အမှန်တကယ် ရှိနေသော ခံစားချက်များကို ချရေးထားခြင်း ဖြစ်ပါသည်။ အချိန်ရရင် အပေါ်မှာပေးထားတဲ့ Synergy ရဲ့ သီချင်းကိုနားထောင်ကြည့်စေချင်ပါတယ်...။ ဒီပို့စ်ခေါင်းစဉ်က လည်း သူတို့သီချင်းရဲ့ ခေါင်းစဉ်ပါပဲ...။ အေးအေးဆေးဆေးမှ နားထောင်မယ် ဆိုလည်း Download ချသွားလို့ ရပါတယ်။

Oct 19, 2008

မိသားစုနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း

ကျွန်တော်တို့ ဘလော့ဂါမောင်နှမတွေကြားမှာ အင်မတန်မှ အားတတ်သရောရှိပြီး...။ မောင်နှစ်မတွေအကြား အသစ်၊ အဟောင်းမရွေး...။ အရှိန်အ၀ါ မရွေးပဲ လိုက်လံအားပေး တတ်သော....။ ညီအစ်ကို မောင်နှမများ၏ ကြိုးစား ပမ်းစားရေးသားထားသော အကြောင်းအရာများနှင့် ပတ်သတ်၍ မည်သည့်အခါမှ ပြီးပြီးရော မှတ်ချက် များ ပေးလေ့မရှိပဲ...။ သေသေချာချာ ဖတ်ရှုဝေဖန်အားပေးတတ်သော ကျွန်တော်တို့၏ ဘလော့ဂါ ရောင်းရင်း ကြီး (သို့မဟုတ်) အစ်ကိုကြီး ကိုနုလုံးသားပြတိုက်၏ ဖခင် ကွယ်လွန်သွားခြင်းအတွက် မိသားစုနှင့်အတူ ထပ်တူ ထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်းပါ...။ ကျွန်တော့်လိုပဲ အခြားသော ဘလော့ဂါ ညီအစ်ကို၊ မောင်နှမများမှလဲ အလားတူ ၀မ်းနည်းကြေကွဲကြမည် ဖြစ်ကြောင်း ကျွန်တော် ယုံကြည်ပါကြောင်း.....။

p.s- မနက်ဖြန် (၁၉.၁၀.၂၀၀၈) တနင်္ဂနွေနေ့တွင် ရက်လည်ဆွမ်းကျွေး ပြုလုပ်မည်ဖြစ်သည်။

Oct 14, 2008

အမှတ်တမဲ့များမှ...အမှတ်တရများစွာ

မြန်မာဘလော့ရပ်ဝန်းလေးအကြောင်း လေ့လာကြမယ်ဆိုရင် ဘယ်လိုမှ ချန်လှပ်ထားလို့မရတဲ့သူတစ်ယောက်။ ဘလော့ဂါမောင်နှမတွေ အကြောင်းပြောကြမယ်ဆိုရင် မေ့ထားလို့မရတဲ့ သူတစ်ယောက်။ လေးစား၊ အတုယူဖို့ ကောင်းတဲ့ အစ်ကိုတစ်ယောက်အနေနဲ့ ဆိုရင်လည်း သူမပါလို့ မဖြစ်။ ခင်မင်ဖို့ကောင်းတဲ့ ရဲရဲရင့်ရင့် ယုံကြည် လို့ ရတဲ့ မိတ်ဆွေတစ်ယောက်ဆိုရင်လည်း မမှားနိုင်တဲ့သူ။ အမှောင်နဲ့ အလင်း၊ အမှားနဲ့အမှန်ကြား မှာအား လုံးကို အဆင်ပြေ ညီညွတ်စေချင်တဲ့စိတ်တွေလည်း ရှိတဲ့သူ။ ဒီရပ်ဝန်းလေးထဲမှာ သူ့ထက်ပဲ လူချစ်လူခင်ပေါ များနိုင်ကြပါ့ မလားလို့ သံသယထားစရာတောင်မလိုတဲ့သူ...။ အခြေအနေ အကြောင်းကြောင်းကြောင့် သူချစ် တဲ့သူတွေကို မခွဲ ချင်ပဲ ကျောခိုင်းခဲ့ရတဲ့သူတစ်ယောက်......သို့မဟုတ်......... ကိုစိုးထက်။

သူ့ကို ကျွန်တော်တို့တွေရဲ့ ဘလော့စာမျက်နှာအသီးသီးအပေါ်မှာ မတွေ့ရတာ တော်တော်ကိုကြာမြင့်ခဲ့ပြီလို့ ပြောလို့ရပါတယ်။ ဘလော့ပေါင်းများစွာတို့ရဲ့ ပထမဆုံးတွေကို ချရေးကြတော့မယ်ဆိုရင် ဘယ်လိုမှ ချန်ထား လို့မရနိုင်တဲ့ ဘလော့တွေကို ဈေးဦးဖောက်လေ့ရှိတဲ့သူပေါ့။ နောက်ပိုင်းမှာ ဖန်တီးခဲ့ကြတဲ့ အသစ်အသစ်သော ဘလော့ဂါ မောင်နှမများ အနေနဲ့ကတော့ သတိထားမိကောင်းမှ ထားမိပါလိမ့်မယ်။ ဒါကလည်း ငြင်းဆန်လို့မရ တဲ့ သဘာဝတရားပဲလေ။ ဘယ်လိုပဲ ဖြစ်ဖြစ်သူနဲ့ ရင်းနှီးခွင့် ခင်မင်ခွင့် ရလိုက်တဲ့သူတွေရဲ့ ရင်ထဲမှာတော့ ခင် မင်မှုအလိုက် သူ့အတွက် နေရာတစ်ခုတော့ရှိနေမှာသေချာပါတယ်..။

ကိုစိုးထက်လို့ ပြောလိုက်ရင် သူချစ်တဲ့ ချစ်ဇနီးကို လက်တစ်ဖက်ကဖက်၊ လက်တစ်ဖက်က ချစ်သမီးလေးကို ချီ ပြီး ရင်ကြီးကောင့်လို့ ပြုံးပြနေတဲ့ ပုံရိပ်တွေကို ဘယ်သူမှမေ့နိုင်မယ်မထင်ပါဘူး။ တစ်ခြားသူတွေ အတွက်တော့ မသိပါဘူး ကျွန်တော့်အတွက်ကတော့ တော်တော်လေးကို အမှတ်တရ ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ တည်ထောင်ထားတဲ့ မိသားစုလေးကို အားကျမိတာက တစ်ကြောင်း။ အဲ့ဒီပုံရိပ်တွေဟာ ကျွန်တော်ဘလော့ပတ် ၀န်းကျင်ထဲ စ၀င်ဝင်ချင်းကာလမှာပဲ မြင်တွေ့ခဲ့ရတဲ့ကာလရဲ့ မှတ်မှတ်ရရ ပုံရိပ်တွေဖြစ်ခဲ့လို့ပါပဲ...။ တွေးကြည့် ရင်တော့...။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကျော်လောက်ကပေါ့...။

၁ နှစ် ကျော်ဆိုတဲ့ကာလဟာ တစ်ချို့အတွက်တော့ ခက်ခက်ခဲခဲဖြတ်သန်းကြရပါတယ်။ တစ်ချို့အတွက်တော့ လည်း ပေါ့ပေါ့ပါးပါးပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ သေချာတာကတော့ ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြတယ်ဆိုတာ ဘယ်သူမှ ငြင်းဆန်လို့မရပါဘူး။ တစ်ချို့တစ်ချို့တွေကို ကျွန်တော်တို့ အမှတ်တမဲ့ ဖြတ်သန်းခဲ့ကြပါတယ်။ တစ် ချို့ကိုတော့ မှတ်မှတ်ရရ တစ်ဘ၀စာသိမ်းထားကြတာပေါ့။ တစ်ခါတစ်လေတော့လည်း အမှတ်တမဲ့လေးတွေက မထင်မှတ်ပဲ အမှတ်တရလေးတွေ ဖြစ်သွားတတ်တာလည်း ရှိတာပေါ့။ ကျွန်တော်လည်း ကိုစိုးထက်နဲ့ ပတ်သတ် တဲ့ အမှတ်တမဲ့လေးတွေထဲက အားလုံးအတွက် မှတ်မှတ်ထင်ထင်ရှိနေလောက်မဲ့ အရာလေးတစ်ခုကို ပြောပြချင် ပါတယ်။ အားလုံးလည်း မေ့ချင်မေ့နေပါလိမ့်မယ်...။ တစ်ခြားတော့မဟုတ်ပါဘူး ကျွန်တော်တို့ အစ်ကိုကြီးချစ်တဲ့၊ ကျွန်တော်တို့ ဘလော့ဂါမောင်နှမတွေလည်း ချစ်ကြတဲ့ ကိုစိုးထက်ကြီးရဲ့ ဆည်းလည်းလေး၊ ကျွန်တော်တို့ရဲ့ ညီမ အငယ်ဆုံးလေး သို့မဟုတ်....... "သံသာထက်"။

၁၅.၁၀.၀၈ ရက်နေ့ဟာ ကျွန်တော်တို့ရဲ့ အငယ်ဆုံးညီမလေးရဲ့ ၄ နှစ်မြောက်မွေးနေ့ပဲ ဖြစ်ပါတယ်။ ဒီလိုနေ့ မျိုးမှာ ကိုစိုးထက်ကြီးတစ်ယောက်တော့ ဘယ်လောက်တောင် မိသားစုအနားမှာ ရှိနေချင်နေမလဲဆိုတာ တွေး ကြည့်နေစရာတောင်မလိုပါဘူး။ ဒါပေမယ့်လည်းပေါ့ဗျာ....။

ဒီလိုနေ့မျိုးမှာ ကျွန်တော်တို့ရဲ့ ညီမလေးအတွက် ကျွန်တော် တတ်သလောက်မှတ်သလောက်ဆုတောင်းပေး ခြင်ပါတယ်။ အားလုံးလဲ ၀ိုင်းပြီးပျော်ပျော်ပါးပါး ဆုတောင်းပေးကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်....။

"ပျော်ရွှင်စရာ ၄ နှစ်ပြည့် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် တိုင်းပြည်နဲ့လူမျိုးအကျိုးကို တန်ဖိုး ရှိတဲ့ သမီးကောင်းရတနာလေးအဖြစ် ချစ်သောမိသားစုနဲ့အတူ ငြိမ်းချမ်းစွာ ထမ်းရွက်နိုင်သောသူဖြစ်ပါစေ ညီမလေး သံသာထက် ရေ.....။

p.s- အားလုံးပဲ ကျွန်တော်တို့ရဲ့ အစ်ကိုကြီးနဲ့ ညီမလေးအတွက် ပျော်ပျော်ပါးပါး ဆုတွေတောင်းပေးသွားကြပါ ဦးဗျို့ :)

Oct 5, 2008

ကျွန်တော်နှင့် တစ်နေ့တာ...

{{{{{{{{{{{{{{{ကလင်}}}}}}}}}}}}}}}}}

"သေဟဲ့ နန္ဒိယ... ငါနောက်ကျနေပြီ"

ဆိုတဲ့အသိနဲ့အတူ သူရုတ်တရက် အိပ်ယာမှ ကမန်းကတန်းကုန်းရုန်းထလိုက်မိပါတယ်။ ထင်တဲ့အတိုင်းပဲလေ..။

"(((((((((((ဒုံး))))))))))))))))"

ကျွန်တော့်ခေါင်းနဲ့ ကောင်းကင်နဲ့ ဆောင့်မိတာပါ...။

"အား...လား...လား... သေပါပြီ"

"သေပစေ! နဲတောင်နဲသေးတယ်...."

ကျွန်တော် ကိုယ့်ဘာသာကိုယ် စိတ်ထဲမှ ကြိမ်ဆဲနေမိပါတယ်...။ ဒါကြောင့် ကျွန်တော့်ကို အဖေခဏခဏပြော တာပေါ့ "မင်းခေါင်းကို သိပ်မမော့နဲ့ ကောင်းကင်ကနိမ့်နိမ့်လေးကွ..." တဲ့။ အခုတော့ အဖေ့စကားကို အလေးမ ထားမိလို့ ဆောင့်ပြီလေ ခေါင်းနဲ့ ကောင်းကင်နဲ့...။ ဆောင့်ချက်ကတော့ နဲနဲပြင်းတယ်...။ ဒါပေမယ့် တော်သေး တယ် ကျွန်တော့်ဘ၀ ကွဲမသွားဘူး...! ဘုလေးတော့ နဲနဲထွက်သွားတယ်။

" အင်း....။ နောက်တစ်ခါဆို ဘ၀မှာဒီလို ဘုတွေ မထွက်ရလေအောင် သတိထားမှ...။"

တွေးကောင်းကောင်းနဲ့ တွေးနေလိုက်တာ နာရီကိုသတိထားမိတော့... အချိန်က ၇ပေ လောက်ရှိနေပြီ။ သေချာ တယ်...။ နောက်ကျတော့မယ်...။ အဲ့ဒါနဲ့ ကျွန်တော်လည်း ရေချိုးခန်းထဲ မြန်မြန်ပြေးဝင် မျက်နှာတိုက်၊ သွားသစ် လုပ်...။ တစ်ညလုံး အိပ်မက်တွေပေနေတဲ့ ခန္ဓာကိုယ်ကြီးကို သန့်လိုသန့်ငြား အမြန်ရေချိုးပေးရတော့တာပေါ့။ ကျွန်တော် ရေချိုးပြီးတော့ အချိန်က ၇ ပေနဲ့ ၁၅ လက်မ လောက်ရှိပြီ။ ဒါတောင် တစ်ညလုံးပေနေတဲ့ အိပ်မက် တွေက သိပ်မပြောင်ချင်သေးဘူး။ ထားလိုက်ပါလေ လူတွေက အိပ်မက်တွေကို သိပ်ဂရုစိုက်ကြတာမှ မဟုတ် တာ။ ပြဿနာမရှိ...။ ရေချိုးပြီး အမှတ်တမဲ့ မေးစေ့ကို စမ်းကြည့်လိုက်မိတယ်...။ "ဟိုက်!" ဒီတော့မှ အလန့်တ ကြား သူ သတိရမိလိုက်တယ်။ သူ "အီစီကလီစီ" တွေမရိတ်ခဲ့ရဘူး...။ ဒါလည်းကိစ္စမရှိဘူး...။ ထားလိုက်ပါ...။ ယောက်ျားဆိုတာ "အီစီကလီစီ" လေးရှိမှ တင့်တယ် တယ်မလား??????

ဗီရိုကိုဖွင့်...။ ဒီနေ့ဝတ်ဖို့အတွက် "ကိုယ်ကျင့်တရား" တွေကိုရွေးတော့။ ကျွန်တော် တော်တော်ခေါင်းစားသွား တယ်..။ ပထမဆုံးထွက်လာတဲ့ ကိုယ်ကျင့်တရားက "သူများမကောင်းကြောင်း၊ ကိုယ့်ကောင်းကြောင်း" ဒီဝတ်စုံ က တော်တော်အခြေအနေဆိုးသည်။ ချဉ်စော်တွေကိုနံလို့...။ ဒါကြီးနဲ့သူ လူတောထဲ မသွားချင်........။ ထပ်ရှာ တော့...။ ထွက်လာပြန်တယ် နောက်တစ်မျိုး...။ ဘာတဲ့ "ရှဥ့်လဲလျှောက်သာ၊ ပျားလဲဆွဲသာ"ဆိုလား။ အဲ့ဒါကြီး ကလည်း မသုံးတာကြာတော့ မှိုတွေတက်လို့။ နောက်ဆုံး ဗီရိုထောင့်ထဲမှာကပ်နေတဲ့ ကိုယ်ကျင့်တရား တစ်ခု ကိုတွေ့လိုက်မိတယ်...။ "သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ" ဆိုလား။ သင်မကောင်းလျှင်တော့ ဆိုးမိမလားမသိ။ ဒါပေမယ့်လဲ မတတ်နိုင်ဘူးလေ။ ဒီလောက်လေးတော့ ၀တ်မှ။ ဒါတောင် အဲ့ဒီ့ကိုယ်ကျင့်တရားက တော်တော်ကို ကြေမွနေလေရဲ့။ ခြုံပြောရရင်တော့ ကိုယ်ကျင့်တရားတွေက တစ်ခုမှ ၀တ်ချင်စရာမရှိ!

"ဟာ...မထူးပါဘူး။ ဘယ်ကိုယ်ကျင့်တရားမှ မ၀တ်တော့ဘူး...။ ရှုပ်တယ်။ တစ်ချို့လူတွေဆို ရွေးစရာကိုယ်ကျင့် တရား မပြောနဲ့ ၀တ်စရာတောင်မရှိလို့ ကိုယ်ကျင့်တရားမပါပဲတောင် လူတွေကြားထဲ အာကျယ်အာကျယ်နဲ့ လူတွင်ကျယ် လုပ်နေကြသေးတာပဲ...။"

ဒီလိုတော့ တွေးလိုက်မိပါရဲ့။ ဒါပေမယ့်လည်း လူတောထဲသွားမှာ လူရိုသေရှင်ရိုသေဖြစ်အောင် ကိုယ့်ကျင့်တရား တစ်ခုခုတော့ဝတ်သွားမှ လူရာဝင်မှာပေါ့။ အနဲဆုံးတော့ လူရှိန်တယ်လေ။ ကျွန်တော်တော့ ကိုယ်ကျင့်တရား မပါ ပဲ လူတောထဲသွားရမှာ ရှက်တယ်။ မိမွေးတိုင်း ဖမွေးတိုင်းကြီး...........! ကိုယ်ကျင့်တရားမပါပဲ (သို့မဟုတ်) ကိုယ် ကျင့် တရားမရှိပဲ လူတွေကြားထဲ အာကျယ်အာကျယ်နဲ့ ဟိုလူဟိုဟာလုပ်၊ ဒီလူဒီဟာလုပ်ဆိုပြီး ဆရာကြီး လုပ် နေကြတဲ့သူတွေ မရှက်တတ်ကြဖူးလား မသိဘူး...။ ကျွန်တော်တော့ ရှက်တယ်...။

နောက်ဆုံးတော့ စောစောကပြောတဲ့ "သင်ဆိုးလျှင်၊ ကျွန်ုပ်ဆိုးမည်" အဲမှားလို့ "သင်ကောင်းလျှင်၊ ကျွန်ုပ်မဆိုး" ပါ ဆိုတဲ့ ခပ်နွမ်းနွမ်း ကိုယ်ကျင့်တရားကြီးကိုပဲ ခြုံလိုက်ရတာပေါ့။ အိုကေ....။ ဒါဆို တော်တော်လန်းသွားပြီ...။

"ရွှတ်...။ ရွှတ်...။ ဘာနံ့လဲဟ...?"

ဘာနံ့ရမလဲ...။ လုံးချေပြီး ဒီဗီရိုထဲ အကုန်စုထည့်ထားမှတော့...။ ကျွန်တော်အခုဝတ်ထားတဲ့ ဟာကြီးမှာလည်း တစ်ခြားဟာတွေဆီကနေ အနံ့တွေကူးကုန်ပြီပေါ့။ အနံ့က အောက်သက်သက်နဲ့...။ "တစ်ကိုယ်ကောင်း"စော် နံ့တယ်...။

"စဉ်းစား...စဉ်းစား...ဘယ်လိုလုပ်ရင် ကောင်းမလဲ...။ ဒီအနံ့ကြီးနဲ့ သွားလို့ကတော့ မဖြစ်ဘူး။ ဟား..! အကြံရ ပြီ..။"

"ရှူး...ရှူး....."

ဘယ်ရမလဲ...။ ကျွန်တော်ပဲဗျာ...။ တစ်ကိုယ်ကောင်းစော်နံနေတဲ့ ဒီ ကိုယ်ကျင့်တရားကြီးကို ကမ္ဘာကျော် Giorgio Armani က ထုတ်တဲ့ Acqua Di Gio ရေမွှေးအနံ့နဲ့ တစ်ထပ်တည်းတူတဲ့ "ဟန်ဆောင်မှု" တွေဖျန်း လိုက်တာပေါ့။ ဒီလောက်ဆို တော်တော်ကြီးကို အဆင်ပြေသွားပါပြီ...။ မှန်ရှေ့သွားပြီး အ၀တ်အစားကို သပ်သပ် ရပ်ရပ်ဖြစ်အောင်လုပ်၊ ခေါင်းကို ဆီထည့် (အများကြီးမဟုတ်ပါဘူး တစ်ဂါလံထဲပါ။ မှောင်ခိုဈေးတွေကလည်း ကြီး တော့ ကျွန်တော် အပြင်မှာဝယ်မထည့်နိုင်ပါဘူး)၊ ခေါင်းဖြီး...။ ရပြီ...။

"ဟင်..."

အားလုံးပြီးမှ သတိထားမိတယ် ကျွန်တော့်ရှေ့ကဟာကြီးပေါ့။ ဘာကြီးရမှာလည်း လူတွေပြောပြောနေတာ ကြား ရသလောက်တော့ "မှန်" ဆိုလားပဲ။ မှန်လည်း မမှန်ပဲနဲ့ဗျာ...။ အခုလည်းကြည့်လေ...။ ကျွန်တော်က ဘယ်ဘက် လက်မြှောက်ရင် သူက ညာဘက်မြှောက်ပြတယ်...။ ညာဘက်မျက်လုံးမှိတ်ရင် ဘယ်ဘက်မျက်လုံးပြန်မှိတ်ပြနေ တယ်။ ဒီဟာကြီးလည်း မထူးဘူး..။ အရင်တုန်းက ၀ယ်ခဲ့တဲ့ ဟာတွေအတိုင်းပဲ။ တစ်လွဲကြီးပေါ်တယ်...။ ကျွန် တော် တော်တော်ကို ဒေါသထွက်သွားပါတယ်။ အဲ့ဒီမှန်ဆိုတဲ့ ဟာကြီးကို စိတ်ရှိလက်ရှိသာ ကန်ပြစ်လိုက်ချင် တယ်။ အင်း...။ ပြောမယ့်သာပြောရတာ...။ မှန်ကန်ရင်လည်း ကွဲတာပဲ အဖတ်တင်ဦးမယ်...! မဖြစ်သေးဘူး....။ စိတ်နဲနဲလျော့မှ...။ နာရီကို ကြည့်တော့ အချိန်က ၇ပေ ၄၅လက်မ( ၁၀ ပေနဲ့ ၉ လက်မလို့ ဖတ်လည်းရပါတယ်) သေချာတာကတော့ တော်တော်လေးကို နောက်ကျနေပြီ ဆိုတာပါပဲ...။

ကိစ္စ၀ိစ္စတွေ ပြီးတယ်ဆိုရင်ပဲ...။ အိမ်ရှေ့ခန်းကို မြန်မြန်လာ...။ ဖိနပ်စင်ကို ကြည့်တော့...။ ဖိနပ်တွေက အမျိုးမျိုး။ "ငါ့လှေငါထိုး၊ ပဲခူးရောက်ရောက်...။ ရေလိုက်၊ ငါးလိုက်......။ ရုန်းကန်ခြင်း...။ မရေရာမှု...။" စသည်ဖြင့် ဖိနပ်တွေ က အမျိုးကိုစုံလို့။ အချိန်ကလည်း သိပ်မရတော့ လွယ်လွယ်ကူကူ အပေါ်နားမှာ တင်ထားတဲ့ ၀တ်နေကြ "ဖြစ်ချင်တာဖြစ်" ကိုပဲ အမြန်ယူဝတ်လိုက်ပါတယ်...။ အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင်ပဲ ဖိနပ်စင်ဘေးက ခုံပေါ် မှာ အဆင်သင့် တင်ထားတဲ့ လွယ်နေကြ "အတ္တ" ကိုလွယ်။ ဆောင်းနေကြ " ပြန်မပြော နားမထောင်" ဦးထုပ်ကို ဆောင်းပြီး တစ်နေ့တာ ခရီးကို စဖို့ ဟန်ပြင်လိုက်ပါတယ်....။ သြော်....! တော်သေးတယ်...။ မေ့တော့မလို့....။

ကျွန်တော်အပြင်သွားခါနီးတိုင်း ရွတ်နေကြ ဂုဏ်တော်တစ်ခု ရှိလေရဲ့...။ အစွမ်းလား...? ဘာထက်သလဲမပြောနဲ့ သိချင်ရင် ကိုယ်တိုင်သာ ရွတ်ကြည့်ကြတော့...။

လောဘ ဂုဏော အနန္တော၊
ဒေါသ ဂုဏော အနန္တော၊
မောဟ ဂုဏော အနန္တော..............။ ။ (သုံးကြိမ် သုံးခါရွတ်ပါ၊ သက်စေ့ရွတ်နိုင်ပါက ပိုအစွမ်းထက်၏)

အားလုံးပြီးတော့ အခန်းထဲကထွက်...။ တိုက်ပေါ်ကဆင်း...။ လမ်းပေါ်ကိုရောက်....။ လူတွေကြားထဲ သူလိုငါလိုပဲ ၀င်ရောလိုက်တော့.....။ မကြာပါဘူး.....။ ကျွန်တော့်လိုပဲ သင့်တော်ရာ သင့်တော်ရာ ကိုယ်ကျင့်တရားတွေဝတ်၊ အနံ့တထောင်းထောင်းထနေတဲ့ "ဟန်ဆောင်မှု" တွေ ဆွတ်ထားတဲ့လူတွေကြားထဲ....။ တစ်စ....တစ်စ......

တိုး
......၀င်......မှုန်ဝါး.....ကွယ်.....ပျောက်.....။

p.s- ထင်ရာမြင်ရာ လက်ဆော့ထားခြင်း ဖြစ်ကြောင်းပါ...။

Oct 1, 2008

လွင့်မြောသွားသော အပိုင်းအစများ...


နိဒါန်း

တကယ်တော့
"စကားလုံး" ဆိုတာ
နှုတ်ခမ်းတွေက ဖန်ဆင်းလိုက်တဲ့
"ကကွက်" တွေပဲပေါ့...။
BLACK DREAM

ပတ်ဝန်းကျင်သည် ဆိတ်ငြိမ်မှုအား ဖန်ဆင်းပေးခြင်းဖြင့် သူ့ရင်တွင်းမှ အံကျလာသော စကားလုံး များ၏ လမ်း ကြောင်းအား ကောင်းချီးပေးလေသည်။ ဒီလိုအချိန်မျိုးတွင် သူအလိုချင်ဆုံးအရာ ဖြစ်သော ဤဆိတ်ငြိမ်မှုများ အား ပေးသနားခြင်းကြောင့် ဘုရားသခင်အား ခဏဖြစ်ဖြစ်တော့ သူကျေးဇူးတင်လိုက်မိပါသည်။ သူအလွန်ပျော် နေမိသည်။ အခုလိုမျိုး သူ့ခန္ဓာကိုယ်တွင်းရှိ သွေးကြောများတွင် နှစ်ပေါင်းများစွာ စီးဆင်းခဲ့သော ခံစားမှုများ အား ယခုကဲ့သို့ စကားလုံးများအဖြစ် သွန်ချဖို့ အချိန်တော်တော်များများကို သူစိတ်ရှည်စွာ စောင့်စားခဲ့ရသည် မဟုတ်လား? အခုတော့ သူစောင့်စားရကျိုးနပ်ခဲ့လေပြီ...။ ဤပတ်ဝန်းကျင် တစ်ခုလုံးရှိ များစွာသောလူတို့ သည် သူ့နှုတ်ခမ်းမှ ဖန်တီးလိုက်သော ကကွက်တိုင်းကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြကြောင်းကို သူ ကောင်းစွာ သတိထားလိုက် မိပြီလေ...။

အခန်း (
)


တကယ်တော့

အနာဂတ်ဆိုတာ

အတိတ်ဆိုတဲ့ အလင်းတန်းတစ်ခု

ပစုပ္ပန်အပေါ် ကျရောက်မှုကြောင့်

ဖြစ်ပေါ်လာတဲ့

အရိပ်တစ်ခု ပါပဲ…။

BLACK DREAM

"
ကျွန်တော် ပထမဆုံးအနေနဲ့ အခုလိုစကားပြောခွင့်ရတဲ့ အတွက် အရမ်းကို ၀မ်းသာကြည်နူး မိကြောင်း ဦးစွာ ပြောပါရစေ။ အခုကျွန်တော်ပြောမယ့် အကြောင်းတွေ... အဲ...။ ကျွန်တော်ပြောမယ့် အကြောင်းတွေဆိုတာ ကျွန် တော် သိပ်ချစ်ခဲ့ရတဲ့ ကျွန်တော့်ချစ်သူအကြောင်းပါ။ ကျွန်တော်လေ...။ ကျွန်တော့်ချစ်သူ့ကို အရမ်းကို မြတ်နိုး တယ်ဗျာ...။ ကျွန်တော့်ဘ၀တစ်ရှောက်မှာ တစ်သက်နဲ့ တစ်ကိုယ် ဘယ်မိန်းကလေးကိုမှ သူ့လောက် ကျွန်တော် မချစ်ခဲ့ဖူးပါဘူး...။ ကျွန်တော်သူ့ကို ချစ်တဲ့ အချစ်မှာ ဘာမျှော်လင့်ချက်မှ ပါခဲ့ပါဘူး။ ကျွန်တော် ဘာကိုမှလည်း မလိုချင်ခဲ့ပါဘူး။ ကျွန်တော် လိုချင်သမျှ ကျွန်တော်မျှော်လင့်သမျှ အရာအားလုံးသာသူ ငြိမ်းချမ်းဖို့ပါ။ ဒီ့ထက်ပိုပြီး ကျွန်တော် ဘာမှ မလိုချင်ခဲ့ပါဘူး တကယ်လို့များဗျာ မနက်ဖြန်မှာသာ ကျွန်တော့်အတွက် ကျွန်တော်ဆို တဲ့ ဖြစ်တည်ခွင့်ရှိနေအုံးမယ်ဆိုရင် ကျွန်တော့်ချစ်သူဟာ ကျွန်တော့်ရဲ့ အရိပ်တွေအဖြစ် အမြဲရှိ နေ အုံးမှာပါ


အခန်း (၂)


ခုန်ချလိုက်တော့...
သတိရခြင်း ချောက်ကမ်းပါးက...
နုလုံးသားထိအောင်နက်လေရဲ့....။ ။
BLACK DREAM

သူပြောလက်စ စကားတွေကို ခဏဖြတ်ပြီးတော့ ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက် မိသည်။ တစ်ကယ်တော့ ပတ်ဝန်းကျင်ကို သူစိတ်ဝင်စားလို့တော့ မဟုတ်…။ သူအရှေ့မှာ ဆက်ပြော ရတော့မယ့် အကြောင်းအရာတွေအတွက် အားယူလိုက်ခြင်းသာ ဖြစ်ပါတယ်။ သူဆက်ပြောရမယ့် စကားတွေဟာ ပျော်စရာ၊ ဂုဏ်ယူစရာ (အထူးသဖြင့် သူ့ရဲ့ချစ်သူအတွက်ပေါ့) တွေ ဆိုပေမယ့် တော်ရုံနှင့် သူ့လည်ချောင်းဝမှ ဘယ်လို မှ ထွက်လာနိုင်မည် မဟုတ်ကြောင်း သူကောင်းကောင်း သိ နေပါတယ်…။ ရှေ့ဆက်ပြောရမည့် အကြောင်း များကို တွေးမိလိုက်ချိန်မှာ သူ့ရင်ထဲတွင် အမျိုးမည် မသိသော ခံစားချက်တစ်ခုကို သူသတိထားမိလိုက်သည်။ သေချာတာကတော့ သူ့လည်ချောင်းတွေ ဆို့နင့်နေခြင်းပါပဲ…။ ဘာပဲ ဖြစ်ဖြစ်လေ သူပြီးအောင်တော့ ဆက် ပြောရတော့မှာပေါ့…။ လွင့်မြော နေတဲ့သူ့ရဲ့ အာရုံတွေကို အမြန်ဆုံး စုစည်းလိုက်ပြီး ….

အခန်း (၃)

တကယ်တော့

မျက်ရည်ဆိုတာ

အငြင်သာဆုံး တောက်ခေါက်သံ တစ်မျိုးပေါ့...။

BLACK DREAM

“ မကြာလိုက်ပါဘူး…။ ကျွန်တော်တို့ရဲ့ ရွှေရောင်အတိတ်တွေဟာ ဝေးကွာခြင်းဆိုတဲ့ ဘ၀ရဲ့ အလှည့် အ ပြောင်းတစ်ခုမှာ တစ်ခန်းရပ် ပြဇာတ်တစ်ခုအဖြစ် ပြည်ဖုံးကား အချခံလိုက်ရတယ်ဗျာ…။ ကျွန်တော် မရှိတော့ တဲ့ နေ့ရက်တွေမှာ ကျွန်တော့်ချစ်သူ ဘယ်လောက်အထိ အထီးကျန်ဆန်မလဲဗျာ..။ ခင်ဗျား တို့ စဉ်းစားကြည့် ကြပေါ့…။ သူကရော ဒီဝေဒနာတွေကို ဘယ်အချိန်အထိ တောင့်ခံနိုင်မတဲ့လဲ? ကျွန်တော် အပြစ်မပြောပါဘူး…။ ဟုတ်တယ်…။ ကျွန်တော်သူ့ကို အပြစ်မတင်ရက်ခဲ့ပါဘူး…။ ကျွန်တော်သူ့ကို ပျော်ရွှင်အောင် မထားနိုင်တဲ့ အချိန်မှာ သူ့ဘေးမှာ ရှိတဲ့သူတစ်ယောက်က ပျော်ရွှင်အောင်ထားပေးခဲ့တယ်…။ ကျွန်တော်မပေးနိုင်တဲ့ နွေး ထွေးမှုတွေကို အဲ့ဒီ့လူကပေးနိုင်ခဲ့တယ်…။ ကျွန်တော်မပေးနိုင်တဲ့ ၂၁ရာစုရဲ့ မက်မောဖွယ်ရာ အိပ်မက်တွေကို သူမဘေးမှာ ရှိတဲ့လူက ပေးနိုင်ခဲ့ တယ်။ ဘာကြောင့်များ ကျွန်တော် သူ့ကို စိတ်နာရ၊ ဒေါသထွက်ရမှာလဲဗျာ။ ကိုယ်မရှိတဲ့ အချိန်၊ ကိုယ်မပေးနိုင်တဲ့ အချိန်တွေမှာ သူက ကျွန်တော့်ကိုယ်စားပေးတယ်…။ လစ်လပ်နေတဲ့ ကျွန်တော့်ချစ် သူရဲ့အထီးကျန်မှုတွေကို ဖြည့်ဆီးပေးခဲ့တဲ့ အဲ့ဒီလူကို ကျွန်တော်က ကျေးဇူးတောင် တင်ရမယ်။”


“ မပြောပါနဲ့ဗျာ…။ မပြောကြပါနဲ့…။ ကျွန်တော့်ချစ်သူကို သစ္စာမရှိတဲ့လူရယ်လို့ မစွတ်စွဲကြပါနဲ့။ ကျွန်တော့်အ တွက် သူမခံစားခဲ့ရတဲ့ ခံစားချက်တွေအတွက် ဒီလူတစ်ယောက်သူဘေးမှာရှိနေခြင်းဟာ သူမကို သနားညှာတာ သောအားဖြင့် ဘုရားသခင်ကပေးတဲ့ ဆုလာဒ်တစ်ခုပါ။ ကျွန်တော့်ချစ်သူ ဖောက်ပြန်တာမဟုတ်ရပါဘူး…။ ခင်ဗျားတို့မေ့သွားကြပြီလား..? သူပျော်ရင်၊ ကျွန်တော်ပျော်တယ်လေ..။ ဒါပေမယ့် ကျွန်တော် တစ်ခုတော့ စိတ်မကောင်းဘူးဗျာ..။ ကံကြမ္မာရဲ့ အလှည့်အပြောင်းတစ် ခုကြောင့် ကျွန်တော် သူမဘေးမှာ ပြန်နေခွင့်ရခြင်း ဟာ…။ သူမရဲ့ ပျော်ရွှင်သာယာနေတဲ့ လောကလေးကို ဖျက်ဆီးလိုက်သလိုဖြစ်သွားတယ်…။ ဒီလိုသာ သူမခံ စားရမယ်မှန်းသိရင် အစောကြီးကတည်းက ကျွန်တော်သူမဆီ ပြန်လာဖို့ မကြိုးစားခဲ့ပါဘူးဗျာ..။

အခန်း (၄)

သူပတ်ဝန်းကျင်ကို ဒုတိယအကြိမ်သတိထားမိလိုက်တော့ အရောင်အမျိုးမျိုးသော မျက်နှာတွေပေါ်မှာ ကြေကွဲမှု ဟု ယူဆလို့ရသော ခံစားချက်များကို တွေ့ရှိနေရလေသည်…။ သူ တကယ်ပင် အံ့သြသွားခဲ့လေသည်…။ သူ ပြောခဲ့တဲ့ အရာတွေထဲမှာ ၀မ်းနည်း၊ ကြေကွဲစရာတစ်ခုမှမရှိ…။ ဒီလူတွေ ဘာတွေများ ဖြစ်နေကြပါလိမ့်ပေါ့…။ သူခေါင်းတစ်ချက်မျှသာ ခါလိုက်မိပါတယ်…။ သူပြောနေတဲ့ အကြောင်း အရာတွေကို အပြီးအထိ နားထောင်ပြီး သွားရင်တော့ စစ်မှန်တဲ့ ပျော်ရွှင်မှုတစ်ခုရဲ့ အရသာကို သူတို့ သေချာပေါက် ခံစားကြရမယ်ဆိုတာကို သူယုံ ကြည်ပါတယ်…။


“အခုတော့ ကျွန်တော် သိပ်ငြိမ်းချမ်း စေချင်ခဲ့တဲ့ ကျွန်တော့်ချစ်သူဟာ ကျွန်တော့်ကြောင့် စိတ်ဆင်းရဲ ခဲ့ရပါပြီ။ ရွေးချယ်မှုဆိုတဲ့ စိတ်ဖိစီးမှုကြားမှာ ညပ်နေတဲ့ ကျွန်တော့်ချစ်သူ…။ ညပေါင်းများစွာထွက် ပေါက် မဲ့ခဲ့ရပါတယ်။ ကျွန်တော် တကယ်ကို ယူကြုံးမရ ဖြစ်ရတယ်ဗျာ…။ ကျွန်တော်သူမကို ဒီလိုပုံ မျိုးနဲ့ ဘယ်လိုမှ ကြည့်မနေနိုင်ပါ ဘူး...။ သူမရဲ့ ပူလောင်နေတဲ့ မျက်ဝန်းတွေဟာ ကျွန်တော့်ဘ၀ကို ပြာအတိ ဖြစ်သွားအောင် လောင်မြိုက်စေခဲ့ ပါတယ်…။ ကျွန်တော်ဘာလုပ်ရမလဲ? ရှင်းပါတယ် ကျွန်တော်က သူ့ကိုငြိမ်းချမ်းစေချင်တဲ့သူ၊ ပျော်ရွှင်စေချင်တဲ့ သူပဲဗျာ သူမအတွက် အကောင်းဆုံးဖြစ်အောင် ကျွန်တော် လုပ်ပေးရမှာပေါ့…။ အဲ့ဒီ့မှာ သူမအတွက် ဘာလို အပ်သလဲဆိုတာကို ကျွန်တော်စဉ်းစားတယ်။ သိပ်ကြာကြာမစဉ်းစားလိုက်ရပါဘူး…။ ကျွန်တော်သဘောပေါက် လိုက်တယ်…။ သူမအတွက် လိုအပ်နေတာ… “ လွတ်မြောက်မှု”။ ကျွန်တော်ဘာမှ တွေဝေနေစရာမလိုပါဘူး။ ဆုံးဖြတ်ချက်နဲ့ အတူ သူမရဲ့လွတ်မြောက်မှု၊ ငြိမ်းချမ်းမှုအတွက် ကျွန်တော် ချက်ချင်းလုပ်ဆောင်ပေးနိုင်ခဲ့ပါ တယ်...။ ကျွန်တော့် ဆုံးဖြတ်ချက်မှန်ကန်ခဲ့ပါတယ်…။ သူမ အမှန်တကယ်ကို ငြိမ်းချမ်းသွားခဲ့ပါ တယ်…။ အခု တော့ ကျွန်တော့်ချစ်သူ တစ်ကယ်ကို လွတ်….မြောက်…သွား ခဲ့ပြီပေါ့ဗျာ….။”

ဇာတ်သိမ်း

လေပြေ ကျီစယ်သောအခါတွင်

ချစ်သူတို့ ပြုံးပျော်ကြ၍

ကံကြမ္မာ ကျီစယ်သော အခါတွင်မူ...

“ဒုံး….”

စားပွဲအား တစ်စုံတစ်ခုနှင့် ထုလိုက်သောအသံနှင့်အတူ ထွက်ပေါ်လာသော စကား သံမှာကား…

“အမိန့်….”

“ တရားခံ၏ ထွက်ဆိုချက်များအား ကြားနာစစ်ဆေးပြီးနောက် အောက်ပါအမိန့်အား ချမှတ်လိုက် သည်”

“ တရားခံ အဘ ဦး မိုးမြင့်၏သား မိုးမြင့်ကျော်သည် သေဆုံးသူ ၎င်း၏ဇနီး မသက်ဇာနည် အား မသေမချင်း ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျ ခံစေ…”


p.s- အချစ်ကြီးသူများ အမျက်ကြီးခြင်းမှ ကင်းဝေးနိုင်ကြပါစေ။