May 30, 2008

ကျွန်တော်နှင့် ပြည်တွင်းစစ်

တိုက်ပွဲကား စလေပြီ။ စစခြင်းမှာပင် တိုက်ပွဲ၏အရှိန်သည် မယုံကြည်နိုင်လောက်အောင် ပြင်းထန်လှပါတယ်။ တစ်ဖက်နှင့် တစ်ဖက် ပြင်းပြင်းထန်ထန် သဲသဲမဲမဲ အငြိုးတကြီးဖြင့် တိုက်ခိုက်ကြလေသည်…။ တိုက်ပွဲ ဖြစ်ရခြင်း၏ အကြောင်းအရင်းသည် ကြီးမားသလောက် ထိုတိုက်ပွဲ၏ ပြင်းထန်မှုသည်လည်း ကြောက်မက် ဖွယ်ရာ ကောင်းလှပါတယ်…။ ထူးဆန်းသည်မှာ ယခုတိုက်ပွဲဖြစ်ပွားနေသည့် နှစ်ဘက်သော ပြိုင်ဘက် (သို့) ရန်သူများသည် အတူတကွ မွေးဖွားရှင်သန်လာခဲ့ကြသော၊ ငယ်ပေါင်းကြီးဖော်များ ဖြစ်ကြခြင်းပင်ဖြစ်သည်…။ ၎င်းတို့ကား….

“ဖြစ်ခြင်တာ”နှင့်“ဖြစ်သင့်တာ” တို့ဖြစ်ကြလေသည်….။ တိုက်ပွဲဖြစ်ပွားရာ စစ်မြေပြင်ကား “ဘ၀” ဖြစ်ပေသည်။

တိုက်ပွဲစစခြင်းမှာပင် "ဖြစ်သင့်တာ" ဘက်မှနေ၍ ယုတ္တိဗေဒ၊ လက်တွေ့ဆန်ခြင်း၊ အကျိုးအကြောင်း စသည့် လက်နက်ကြီးများဖြင့် စတင်ပြစ်ခတ်လေသည်။ ၎င်းလက်နက်များသည် လူသားဆန်စွာရှင်သန်ခွင့် အဖွဲ့အစည်း မှ “လူသားမဆန်သော လက်နက်များ” အဖြစ်သတ်မှတ်ထားခြင်းခံရသော လက်နက်များဖြစ်ပါတယ်။ သို့သော် အချစ်နှင့်စစ်တွင် မတရားတာမရှိဟူသော သဘောတရားအရ မိမိတို့ဘက်မှ ပြတ်ပြတ်သားသား အနိုင်ရရှိစေ ရန်အတွက် သူတို့ ထုတ်သုံးကြခြင်းဖြစ်ပါတယ်။ ထိုသို့လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ကြရုံသာမက ရန်သူဘက်မှ တပ်သားများ ထင်ယောင်ထင်မှား ဖြစ်စေရန် “ရာထူးဂုဏ်ရှိန်၊ အောင်မြင်ကျော်ကြားမှု၊ ပြည့်စုံ ကြွယ်ဝမှု” အစရှိသော လူအများ အလွန်တရာနှစ်သက်သည့် ၀ါဒများကို အဆက်မပြတ်ထုတ်လွှင့်ကာ (Propaganda Warfare) ဆင်နွှဲခြင်း၊ (Emotion Killer) ဟု စကားဝှက်ပေးထားသော ရန်သူတပ်သားများ၏ ခံယူချက်နှင့် စိတ်ဓာတ်များအား အနီးကပ်ဖျက်ဆီး တိုက်ခိုက်မည့် အထူးကွန်မွန်ဒိုတပ်ဖွဲ့များကို စေလွှတ်ပြီး တိုက်ခိုက် စေခြင်းများကိုလည်း ပြုလုပ်ပါတော့တယ်…။

"ဖြစ်ခြင်တာ" ဘက်မှလည်း တစ်ဘက်က ပစ်ခတ်သမျှ လက်နက်ကြီးများအား မျှော်လင့်ခြင်းခံတပ်များဖြင့် ရွပ်ရွပ်ချွန်ချွန် ခုခံကြပါတယ်။ ရံဖန်ရံခါ အခွင့်အရေးသာသောအခါများတွင်မူ ၎င်းတို့ဘက်မှလည်း နှစ်ပေါင်း များစွာ သိမ်းဆည်းထားသော အင်အားပြင်းထန်သည့် မြိုသိပ်မှုများ၊ အကြိမ်ကြိမ် စောင့်စည်းခဲ့ရသော လိုက်လျောညီထွေစွာ နေထိုင်ရခြင်းဆိုသည့် လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ကြပါတယ်။ ရန်သူဘက်မှ အပစ်အခတ်ကျဲသွားသော အခါများတွင်မူ ခံစားချက် လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်ကာ ရန်သူအား ခေါင်းမထောင်နိုင်စေရန် ဦးနှိမ်ပစ်ခတ်ကြပါတယ်။ ရန်သူဘက်မှ တိုက်ခိုက်လာသော (Propaganda Warfare) အား (Counter Attack) ပြုလုပ်သည့် အနေဖြင့် “ လူသားဆန်ခြင်း၊ စစ်မှန်သော ငြိမ်းချမ်းမှု၊ ကိုယ်ပိုင် ယုံကြည်ခံစားခွင့်” အစရှိသော လွတ်လပ်ခြင်း ၀ါဒများကိုဖန်တီးကာ ပြန်လည်တိုက်ခိုက်ကြပါတယ်…။ ရန်သူ့ဘက်မှ တိတ်တဆိတ် စေလွှတ်လိုက်သော မိမိ၏အားထားရသော ခံယူချက် စစ်သားများအား အနီးကပ် လုပ်ကြံမည့် သူလျိုများ၏ရန်မှ ကာကွယ်ရန်အတွက် သတိဟူသော အချက်ပြ Sensor ပစ္စည်းများကို မိမိနယ် မြေအတွင်း တပ်ဆင် ကာကွယ်ခဲ့ကြပါတော့တယ်…။

ဤသို့ဖြင့် တိုက်ပွဲ၏ ပြင်းထန်မှု အရှိန်သည်လည်း အချိန်ကြာလာသည်နှင့်အမျှ ပိုမိုပြီးတော့သာ ပြင်းထန်လာခဲ့ ပါတော့တယ်…။

တိုက်ပွဲဖြစ်ပွားရာ ဘ၀စစ်မျက်နှာပြင်မှာလည်း ကြည့်ရက်စရာ၊ ရစရာမရှိအောင်ကို ပျက်ဆီးယိုယွင်း နေပြီဖြစ်ပါ တယ်..။ တိုက်ပွဲဖြစ်ပွားရာ ဒေသတစ်လျောက် စစ်ပွဲတွင် အသုံးပြုသော လက်နက်များ၏ ဘေးထွက်ဆိုးကျိုးများ ကြောင့် ပျော်ရွှင်ခြင်း သစ်ပင်ပန်းမန်များ အစရှာမရအောင် မျိုးတုန်းပျောက်ကွယ်ခဲ့ရပါတယ်..။ စစ်ပွဲတစ်ခု ဖြစ်ပြီဆိုပါကလည်း စစ်တို့၏ထုံးစံအတိုင်း စစ်ရဲ့ဒဏ်ကို အဆိုးရွားနဲ့ အပြင်းထန်ဆုံးခံစားရသူများမှာ အပြစ်မဲ့ သော ကြည်နူးခြင်းဆိုတဲ့ ပြည်သူများ ပဲဖြစ်ပါတယ်…။ ကြည်နူးခြင်း၊ သာယာဖွယ်ကောင်းခြင်း အစရှိသော တိုင်းရင်းသား ပြည်သူအပေါင်းတို့သည်လည်း စစ်ပွဲဖြစ်ပွားရာနေရာကို တစ်စစနဲ့ စွန့်ခွာခဲ့ကြခြင်း၊ တိုက်ပွဲများ ကြောင့် သေကြေပျက်ဆီးခဲ့ရခြင်း အစရှိသော အကြောင်းအရာများကြောင့် စစ်ပွဲဖြစ်ပွားရာ ဒေသတစ်ခုလုံးမှာ သုတ်သန်တစ်စပြင်ကဲ့သို့ပင်ဖြစ်ခဲ့ရ ပါတော့တယ်…။ ယခင်က နွေးထွေးမှု နေရောင်ခြည်ဖြင့် စိမ်းလန်းစွာ လှပ ခဲ့ဖူးသော နှလုံးသားမြက်ခင်းပြင်များ သည်လည်း ယခုဆိုလျှင် အနီရောင်နာကြည်းချက်သွေးများဖြင့် ဖုန်းလွှမ်း ခဲ့ပြီဖြစ်ပါတယ်...။

မည်သို့ပင်ဖြစ်စေ တိုက်ပွဲကား မည်သူ့မျက်နှာကိုမှမထောက် ဆက်လက်ဖြစ်ပွားဆဲ၊ တိုက်ခိုက်နေဆဲ ပင်ဖြစ် ပါတယ်…။ နောင်နှစ်ပေါင်းများစွာအထိ အနိုင်အရှုံး မသဲကွဲသေးသမျှ ဆက်လက်တိုက်ခိုက် နေကြအုံးမှာလည်း ဖြစ်ပါတယ်…။ ဒီတိုက်ပွဲကို ဘယ်သူတွေစခဲ့တာလဲ…? ဘယ်သူတွေမှန်လဲ…? ဘယ်သူတွေမှားလဲ….? ဘယ်အချိန်ကစခဲ့တာလဲ…? ဘယ်အချိန်မှာ ပြီးဆုံးမလဲ…? အရာရာဟာ မှုန်ဝါးဝါးနဲ့ မပြတ်မသားရှိနေဆဲပါ…။

"ယောနိသော မနသိကာရ" ဆိုတဲ့ ငြိမ်းချမ်းရေးဖန်ဆင်းရှင်တစ်ယောက်ကို ကျွန်တော်တို့ ကိုယ်ပိုင်ဘ၀တွေ ထဲမှာ မမွေးဖွားနိုင်သ၍ ဒီတိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေအုံးမှာပဲ ဖြစ်ပါတော့တယ်….။

p.s- နေရာဒေသ အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနေကြသည့် လက်နက်ကိုင်သော၊ လက်နက်မကိုင်သော အစရှိသည့် ပုံစံအမျိုးမျိုးနှင့် ဆင်နွှဲနေကြသည့်စစ်ပွဲများ အမြန်ဆုံး ချုပ်ငြိမ်းနိုင်ကြပါစေ..။

May 28, 2008

ခွဲခွာသွားသူနှင့် အလွဲတစ်ခု

“ပလုံ..ပလုံ”

ကျွန်တော် Gtalk ထဲကို ၀င်ဝင်ခြင်း ပလုံ ပလုံနဲ့ Gtalk က Message တွေ ချက်ခြင်းတက်လာလို့ ဘယ်သူများ လဲ ကြည့်လိုက်တော့ ကျွန်တော့် အစ်ကိုတစ်ယောက်ဖြစ်တဲ့ လူမိုက်ကြီး ဖြစ်နေပါတယ်..။ ကျွန်တော်သိလိုက် ပါတယ်…။ ကျွန်တော်တော့ ဒီနေ့ညနေ ထမင်းငတ်ပြီဆိုတာကို…။ :P

“ EOT လုပ်ပေးမယ်ဆိုပြီး ပျောက်သွားတာ ဘယ်လောက်ကြာနေပြီလဲ.. ပုံပြောတာလား..?”
“မဟုတ်ပါဘူး အစ်ကိုရာ..။ ကျွန်တော် မအားလို့ပါ..။ ကျွန်တော် အွန်လိုင်းလာခဲတာလဲ အစ်ကို သိရဲ့သားနဲ့ ကျွန်တော် အခုလုပ်ပေးပါ့မယ်…။ အိုကေလား? Blog ရဲ့ Email နဲ့ Password ပေး”
“ အိုကေ…ရော့”
“ပလုံ…”
“ရပြီ...ခဏစောင့် အခုလုပ်မယ်..ငြိမ်ငြိမ်နေ အမှီးမလှုပ်နဲ့ နားရွက်မခတ်နဲ့.. :P”

ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ EOT စစ်ဆင်ရေးစပါတော့တယ်…။ ကျွန်တော့်စက်ထဲမှာက လုပ်ပြီးသားရှိ တော့ သူ့အကောင့်နာမည်နဲ့ Googlpage ထဲဝင် File တွေ Upload လုပ်ပြီး Code တွေ ကို Blog ရဲ့ HTML ထဲထည့်…။ အထဲမှာ ပြင်စရာ ရှိတဲ့ Font တွေကို သေသေချာချာ လိုက်ပြင်လိုက်ပါတယ်…။ သူကလည်း EOT ရမရကို စစ်ဖို့အတွက် သူ့စက်မှာ ရှိတဲ့ GtalkMyanmar Font တွေကို Uninstall လုပ်ပြီး အသင့်ထိုင်စောင့် နေပါတယ်..။

“ အိုကေ..ရပြီ။ ကြည့်လိုက်တော့”
“ မပေါ်ဘူးဟ…”
“ဟာ…. သေသေချာချာ ကြည့်ပါအုံး အစ်ကိုရာ…။ ကျွန်တော်သေသေချာချာ လုပ်လိုက်တာပါ”
“ သြော်…ငါက မင်းကိုနောက်မလားကွ တကယ်မရသေးလို့ မရဘူး ပြောတာပေါ့”
“ ဟုတ်သေးဘူးနော်.. တစ်ခုခုမှားနေပြီ။ နေအုံးဗျာ နောက်တစ်မျိုး ထပ်စမ်းကြည့်မယ်…”
“ အေး..လုပ်ကြည့်ပါအုံးကွ…”

ကျွန်တော်နဲ့ ကျွန်တော့်အစ်ကို တစ်ယောက် (စုစုပေါင်း နှစ်ယောက်) တော်တော်ကို ခေါင်းစား နေကြပါ တယ်..။ မရှိမဲ့ရှိမဲ့ တတ်သမျှ ပညာလေးတွေနဲ့ တစ်မျိုးပြီး တစ်မျိုးလုပ်ကြည့်တာ ပညာသာ ကုန်သွားတယ်.. Blog က ဘာမှမထူး..။ လေးထောင့်ကွက်တွေက လွဲပြီးဘာမှ မပေါ်ဘူး..။ တစ်ဘက်မှာ EOT စစ်ပွဲကို ဆင်နွှဲ နေသလို တစ်ဖက်မှာလည်း ၀မ်းတွင်း ပြည်တွင်းစစ်က ဖြစ်နေပါပြီ..။ “ အာ...မထူးပါဘူးကွာ ပြီးမှပဲ စားတော့ မယ်”။ ခေါင်းတင်မကဘူး ကျွန်တော့် အစာအိမ်ထဲမှာလည်း မီးတောက် နေပါပြီ…။ မီးတောက်ရုံမကလို့ ပြာသာ ကျသွားမယ် EOT ကတော့ ဘယ်လိုမှမရ…။

“အစ်ကို ဒီလိုလုပ် ကျွန်တော်ဒီဘက်ကနေ စာတစ်ပုဒ် စမ်းတင်ကြည့်လိုက်မယ်…။ ပေါ်လားမပေါ်ဘူး လားသာ ပြော.. အိုကေလား”
“ပလုံ…အိုကေ”
“တင်လိုက်ပြီ…”
“ဟင်… မင်းဘာတင်လိုက်တာလဲ ဒီမှာ ဘာမှလည်းမပေါ်ပါလား..”
“အာ..တင်လိုက်ပါပြီဆို ဘာလို့မပေါ်ရမှာလဲ…ဒီမှာလေးဗျာ Mike Kan ဆိုတဲ့ ခေါင်းစဉ် Header အောက်မှာစာ ပိုဒ်ကြီးက ပြူးတူးပြဲတဲနဲ့တောင် ပေါ်နေတာကို”
“အမ်..? ဘာ…? မိုက်ကန်း…? ဟုတ်လား….?”
“ဟ….နေပါအုံး…ဟင်….!!!”

ကျွန်တော့်တအံ့တသြ ဖြစ်နေလို့မဆုံးခင်မှာပင် တစ်ဖက်က သူ့အသံဗြဲကြီးနဲ့ တဟားဟား ရီနေတဲ့ အမောင် လူမိုက်ရဲ့ ရယ်သံတွေဟာ စကားလုံးတွေ အဖြစ်နဲ့ ကျွန်တော့် Gtalk Message Box ထဲကို တပလုံ ပလုံနဲ့ တက်လာပါတော့တယ်…။ ကျွန်တော်လည်း ကောင်းကောင်းကြီးကို သဘောပေါက် လိုက်ပါပြီ…။ ကျွန်တော် လုပ်ထားတဲ့ EOT ဘာလို့ အဆင်မပြေလဲဆိုတာ…။ ဟိုဘက်က လူမိုက်ကြီးလဲ ရီနေတာ အသက်တောင် ပါသွားမလား အောက်မေ့ရပါတယ်…။

“ဂါါါါါါါါါါါါါါါါါါါါါါါါါါါ….ဒီလူကြီးတော့ နာ တော့မယ်..”

စဉ်းစားကြည့်ကြပါအုံးဗျာ…။ သူ့ Blog မှာ ဘယ်လိုလုပ် ကျွန်တော်လုပ်ပေးထားတဲ့ EOT က အဆင် ပြေပြီး မြန်မာစာလုံးတွေ ဘယ်ပေါ်မလဲ…။ သူကြည့်နေတာက သူ့ရဲ့အဓိက နွေမုန်တိုင်း ဆိုတဲ့ Blog။ သူကျွန်တော့်ကို ယောင်ပြီးပေးလိုက်တာက (တမင်များ ပညာပြသလား မသိ :P ) သူအကြမ်းလုပ်နေ တဲ့ Mike Kan ဆိုတဲ့ Blog ရဲ့ Email..။ အဲဒီတော့ဗျာ ခုတ်ရာတစ်ခြား ရှရာတစ်ခြား..။ ဘယ်ပေါ်ပါ တော့မလဲ..။

ကဲ …. ကောင်းကြသေးရဲ့လား အရပ်ကတို့ရယ်…။
p.s-ကျွန်တော်တို့ကို ခွဲခွာသွားတဲ့ အစ်ကိုလို သူငယ်ချင်းလို ခင်ရတဲ့ နွေမုန်တိုင်း အတွက် အမှတ်တရပါ။

May 27, 2008

ကျွန်တော်နှင့် သူ

အဲဒီ့ကောင်ပေါ့ ကျွန်တော်နဲ့အခုချိန်ထိ ဘယ်လိုမှ အစေးမကပ်ခဲ့တာ…။ မွေးကတည်းက အတူတူ ကြီးပြင်းလာ တော့လည်း အတူတူ…။ မွေးဖွားခဲ့တဲ့မိဘချင်းတူတာတောင်မှ သဘာဝချင်းက ဘယ်လိုမှ ဆက်စပ်မရခဲ့ဖူး…။ လူတွေအားလုံးက ကျွန်တော်တို့ နှစ်ယောက်ကို အမြဲတမ်း တစ်ယောက်ထဲလို့ပဲ မြင်တယ်..။ တစ်ယောက်ထဲ လို့ပဲ ထင်ကြတယ်…။ ဒါပေမယ့် ကျွန်တော်တို့ နှစ်ယောက်ဟာ ဘယ်တုန်းကမှ သူတို့တွေ ထင်ခဲ့သလို တစ် ယောက်ထဲ မဖြစ်ခဲ့ပါဘူး…။ တစ်ခါတစ်လေ ဒီကောင်နဲ့ ကျွန်တော် တူညီတာလေးတွေ ရှိခဲ့ကြဖူးပါတယ်…။ ဒါပေမယ့် ထုံးစံအတိုင်း အနည်းဆုံး လျှောက်လှမ်းတဲ့ လမ်းကြောင်းခြင်းကတော့ ဘယ်တော့မှ မတူညီခဲ့ကြပါ..။

အဲဒီ့ကောင်နဲ့ ကျွန်တော်ရဲ့ အဓိက ကွာခြားချက်ကတော့ ဒီကောင်က လူရေတစ်အားလည်တယ်…။ ပါးနပ် တယ်…။ အထူးသဖြင့် ဒီကောင့်မျက်လုံးတွေက စူးရှတယ်…။ ဒီကောင်က လောကဆိုတဲ့ အရာကို အပေါစား ကဗျာတစ်ပုဒ်လောက်တောင်မှ စိတ်ဝင်စားဖို့ မကောင်းဘူးလို့ ထင်ထားတဲ့ကောင်…။ သူ့ကိုကြည့်ရတာ လူသားတစ်ယောက်နဲ့ မတူဘူး…။ အရာရာကို အမြဲတမ်းအေးတိအေးစက်နဲ့…။ သူက သူ့ဘ၀မှာ ကြုံတွေ့ခဲ့ရ ဘူးတဲ့ အခက်အခဲတွေနဲ့ ပြသနာတွေအားလုံးကို အမြဲတမ်း လူသေတစ်ကောင်ရဲ့ အေးစက်တဲ့ အပြုံးမျိုးတွေနဲ့ တုန့်ပြန်ခဲ့တယ်…။ ပြီးတော့ ပြောသေးတယ် “အဆင်မပြေမှု တစ်ခုကြုံတွေ့ခဲ့လို့ တစ်စုံတစ်ယောက်ကို အပြစ် တင်ချင်တယ် ဒဏ်ခတ်ချင် တယ်ဆိုရင် အရင်ဆုံး ကိုယ့်ခေါင်းကို တိုင်နဲ့ပြေးစောင့်လိုက်” တဲ့..။ တော်တော် ကြီးကြီးကျယ်ကျယ် တွေပြောပြီး လောကကြီးကို အမြဲတမ်းကန့်လန့် တိုက်နေတဲ့ကောင်။ ဒီကောင်ဟာ ဘယ်တုန်းကမှ အရာရာကှို အလေးအနက်မထားပဲ အမြဲတမ်းပေါ့ပျက်ပျက်နဲ့…။ သူပြောနေကြစကားတောင် ရှိသေးတယ် “ လောကကို ဖြတ်သန်းတဲ့အခါမှာ အရာရာကို လေးလေးနက်နက်စဉ်းစားပြီး ပေါ့ပေါ့ပါးပါး ဖြတ်သန်းရမယ်” ဆိုပဲ..။ အလကားပါ..။ အမှန်က သူ့ရဲ့ ပေါ့ရွှတ်ရွှတ် အတွေးအခေါ်တွေနဲ့ ဂလေဂချေစရိုက် တွေကို စကားလုံးတွေနဲ့ လှည့်စားထားတာပါ…။

အဲဒီ့ကောင်ပေါ့ ၂၄ နာရီပတ်လုံး ပါးစပ်ထဲကနေ စကားလုံးတွေ မဆန့်မပြဲ အမြဲတမ်း အံချနေခဲ့တာ..။ သူပြောပြောနေကြ စကားတစ်ခုရှိသေးတယ် “တကယ်တော့ လူသားတွေရဲ့ ခံစားချက်ကို ဘယ်လို စကားလုံး မျိုးကမှ ပြီးပြည့်စုံအောင် မပြောပြနိုင်ပါဘူး” ဆိုပဲ။ ဒီကောင့်ကို ကျွန်တော်ကြည့်မရတဲ့ အချက်တွေ တော်တော် ကိုများပါတယ်…။ ဘာသာရေးဆိုတာလဲ ဒီကောင်က ဘာမှန်းသိတဲ့ကောင်မဟုတ်ဘူး..။ တကယ့်ကို အရိုင်း အစိုင်းကောင်ပါ…။ သူ့ကို ဘာသာတရားကိုင်းရိုင်းဖို့ ဘုရားရှိခိုးဖို့ ပြောတဲ့သူတိုင်းကို သူက စကားတစ်ခွန်း ပြန်ပြောလေ့ရှိပါတယ် “ ခင်ဗျားတို့ကို မေးပါရစေအုံး…။ အခုခင်ဗျားတို့ ပါးစပ်ကနေ စက်သေနတ်ပြစ်သလို ရွတ်နေတဲ့ ဘုရားစာဆိုတဲ့ ပါဠိစကားလုံးတွေကို ခင်ဗျားတို့ ရွတ်သာရွတ်နေကြတယ် အဓိပ္ပါယ်ရော သိကြရဲ့လား? သြကာသ ကနေစပြီး ရွတ်လိုက်တာ အာမဘန္တေ သာရောက်သွားတယ်…။ ခင်ဗျားတို့ ဘာသိ လိုက်လဲ…။ အနှစ်သာရကိုရော သိလိုက်ရဲ့လား? ကိုယ်တိုင်ကျတော့ ဘာမှမသိပဲ ကြက်တူရွေး နှုတ်တိုက် ချ ပေးထားသလို လိုက်ဆိုနေမှ ဗုဒ္ဓဘာသာလို့ ခေါ်ရမှာလား” တဲ့။ “မင်းကို ငါတို့က ဖြစ်သင့်တာကို ပြောပြတာ” လို့ ကျွန်တော်သူ့ကို ပြောတိုင်း “လူဆိုတာ ဖြစ်သင့်တာတွေချည်းပဲ လုပ်နေရအောင် စက်ရုပ်မှ မဟုတ်တာကွ…မသိရင်ထပ်ပြောပြမယ်..။ လောကမှာ “ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ” နှစ်မျိုးပဲ ရှိတယ် ဆိုတာ လည်း မှားတယ်…။ အဲဒီ့နှစ်မျိုးအပြင် “ဖြစ်နေတာ” ဆိုတဲ့အရာလည်း ရှိနေသေးတယ်” တဲ့ ။ သေချာတယ် ဒီကောင်ကတော့ ဘယ်လိုမှကို ဆေးမမှီတော့ပါဘူး…။

တော်တော်ကို ရိုင်းစိုင်းတဲ့ကောင်ပါ…။ အဲ..။ ကျွန်တော် အဲလိုကြီးပြောရင် မတရားရာတော့ကျမယ်…။ ဒီကောင် ကတော့ အဲဒီ့အဓိပ္ပါယ်တွေကို သေသေချာချာလေ့လာပြီး သိတယ်ဗျ…။ သူက လုပ်သာမလုပ်တာ…။ သူအမြဲ တမ်း စွဲစွဲမြဲမြဲရွတ်ဆိုတာ တစ်ခုတော့ ရှိတယ်..။ သူအကျင့်ဖြစ်နေတာ ၁၀ နှစ်ကျော်ပြီ။ ဘာလဲဆိုတော့ သူ မျက်လုံးနှစ်လုံးဖွင့်လိုက်တိုင်းနဲ့ ပိတ်လိုက်တိုင်းမှာ သရဏဂုံသုံးပါး တော့အမြဲရွတ်တယ်ဗျ..။ အဲဒီ သရဏဂုံ သုံးပါးရဲ့ အနှစ်သာရကို သူအရမ်း တန်ဖိုးထား နှစ်သက်တယ် လို့လဲပြောခဲ့ဖူးတယ်…။ ဒီကောင့်ရဲ့ အဲဒီ့ရိုက် ပေါက် စကားလုံးတွေကို ကျွန်တော် အမြင်တော်တော် ကပ်လာတာနဲ့ “ မင်းဆိုတဲ့ကောင်ကလေ တကယ်ကို ဒိဌိပဲ” လို့ပြောတော့ “ဟား..ဟား..မင်းဟာက မှားနေတယ် ငါ့ကောင်ရ မပြည့်စုံဘူး ဒိဌိ ဆိုတာ မြန်မာလို အမြင်လို့ပဲ အဓိပ္ပါယ်ရတယ်…။ အပြည့်အစုံပြောချင်ရင် မိစ္ဆာဒိဌိ လို့ပြောရတယ်ဟ…အဲဒါမှ မှန်မှာ မင်းကပြောလဲ ပြောချင်သေးတယ်…ကိုယ်ပြောနေတာ ကိုယ်လုပ်နေတာ ဘာမှန်းလဲမသိဘူး..ဟား…ဟား” ဆိုပြီး ပြန်လှောင်တယ်လေ။ အဲလိုကောင်ဗျ…။ ကျွန်တော်လည်း ဒီလိုကောင်နဲ့ ယှဉ်ပြီး ဘာမှပြောနေ စရာမ လိုတာနဲ့ပဲ ငြိမ်နေလိုက်တော့တယ်…။

ဘယ်လိုကောင်လဲ မသိပါဘူးဗျာ…။ သူ့ကိုသူ ဘာကောင်များထင်နေလဲ မသိပါဘူး…။ နိုင်ငံကိုချစ်တဲ့ အကြောင်းဆိုရင်လဲ သူ့လောက်ပြောတာသူပဲရှိတယ်…။ တစ်ခြားသူတွေတောင် ကိုယ့်နိုင်ငံကိုယ်မှ ချစ်တတ် ကြသေးရဲ့လို့လား ထင်ရအောင်ကို အဲဒီ့သကောင့်သားကပြောတယ်…။ သူမရှိရင်ပဲ နိုင်ငံက ဘယ်လိုမှ ရပ် တည်လို့မရတော့သလိုလို…။ စိတ်ဓာတ်ပြင်းတယ်ပဲ ပြောရမလား ဘာလားတော့ မသိဘူး တော်တော်ကို အစွန်း ရောက်တဲ့ကောင်ဗျ…။ သူ့ဘ၀ဦးစားပေးထဲမှာ မိဘတွေကတောင် နိုင်ငံပြီးမှ နံပါတ် (၂)အဆင့်မှာပဲ ရှိတယ်။ တစ်နေ့တစ်နေ့ ကျွန်တော့်နားတွေ ကွဲထွက်မတတ်အောင် သူစဉ်းစား ထားတာတွေလာလာ ပြော တယ်..။ ဘာတွေမှန်း ကျွန်တော်လည်းနားမလည်ပါဘူးဗျာ..။ ရှုပ်ရှက် ခတ်နေတာပဲ…။ ကိုယ့်အပူကိုယ်ရှာ တယ်ဆိုတာ ဒီလိုကောင်မျိုးပဲနေမှာပါ…။ တန်ရာ တန်ရာတွေး တန်ရာ တန်ရာ လုပ်ပေါ့ဗျာ…။ မဟုတ်ဘူးလား? အခုတော့ဗျာ မပြောချင်ပါဘူး..။

ဒီကောင်က အလုပ်တစ်ခုကို လုပ်ရင်တော့ တော်တော်စေ့စပ်သေချာတယ်ဗျ…။ သူပြောပြောနေကြ စကားအတိုင်း တကယ်ကိုလည်း အရှေ့ကိုတော်တော် လေးလေးနက်နက် ကြိုစဉ်းစားထားပုံရတယ်။ အဲဒါတော့ ကျွန်တော်သိတယ်..။ နောက်ပြီး အလုပ်တစ်ခုကို လုပ်ရင် စိတ်ရောကိုယ်ရောနှစ်ပြီး လုပ်တယ်..။ အလုပ်တစ်ခု မပြီးရင် ထိုင်ရာကမထဘူး..။ တစ်လောကလုံးကိုမေ့ပြီး အဲဒီ့အထဲကိုမြောနေရော...။ တစ်ခါတစ်လေ ဒီကောင် တစ်ယောက်ထဲ သူရှိုက်သွင်းပြီး မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့(အဆိပ်ငွေ့) တွေကို ကြည့်ပြီး စကားပြော နေတာများ ရူးသွားပြီလားတောင်ထင်ရတယ်..။ ဟုတ်တယ်..။ ဒီကောင် ဆေးလိပ်လည်း တော်တော်သောက် တယ်…။ တားလို့လဲမရပါဘူးဗျာ…။ သူ့ဘေးမှာ Mild Seven ဘူး၊ သူအမြတ်တနိုး ၀ယ်ထားတဲ့ Zippo မီးခြစ်နဲ့ အတူ အမြဲတမ်းတွေ့နိုင်တဲ့ နောက်ထပ်အရာ တစ်ခုကတော့ သူ့ရဲ့လက်ထဲက ဘယ်တော့မှ မချတဲ့ သူ့အချစ် တော် Coffe ခါးခါးတစ်ခွက်ပေါ့…။

ဒီကောင့်အကြောင်းပြောရတာ (အတင်းတုတ်တယ်ပဲ ပြောပြောဗျာ) တော်တော်လည်းများသွားပြီ။ ဆက်ပြော ရင်လဲ ကုန်အုံးမှာ မဟုတ်ဘူး။ သေချာတာ တစ်ခုကတော့ ဒီကောင်နဲ့ ကျွန်တော်ဘာပဲ ယှဉ်လုပ်လုပ် သူ့ကို ကျွန်တော် ဘယ်တော့မှ မနိုင်ဘူး…။ ကျွန်တော်လည်း ဘယ်လိုမှကို စဉ်းစားလို့မ ရဘူး..။ ကိုယ့်ကိုယ်ကိုလည်း အားမရဘူး။ ဘာမဟုတ်တဲ့ ဒီလိုပေါ့ရွှတ်ရွှတ် ဂွကျကျကောင်ကို..။ အဲဒီ့ကောင်ကို ကျွန်တော် တော်တော်ကို အမြင်ကပ်ပါတယ်..။ တော်တော်လေးကိုလည်း ချဉ်ပါတယ်..။ သေသေချာချာထပ်ပြောရရင် ကျွန်တော် ဒီလောကမှာ တစ်ဦးတည်းသောနဲ့ အမုန်းဆုံးသူဟာ အဲဒီ့ကောင်ပဲ..။ ဟုတ်တယ် အဲဒီ့ကောင်..။ အဲ့ဒီကောင်..။

မှန်ထဲမှာ ကျွန်တော့်ကို မခိုးမခန့်နဲ့ လူသေတစ်ကောင်လို ပြုံးပြနေတဲ့ အဲဒီ့ ကျွန်တော်နဲ့ အဝေးဆုံး ဖြစ်တဲ့ ကျွန်တော့် သွေးသားထဲမှာ အမြဲတမ်း လှည့်ပတ်နေတဲ့ “ ကျွန်တော်” ဆိုတဲ့ ကောင်ပေါ့ဗျာ…။

p.s- အမြင်မတော်တာများရှိလျင် အဲဒီ့ကောင်ကို တွေ့တဲ့နေရာမှာ ကြိုက်သလိုဆုံးမနိုင်ပါသည်။

May 24, 2008

သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြစေရန်

ရုရှားနိုင်ငံရောက် မြန်မာကျောင်းသားများထံမှ ကောက်ခံရရှိသော မုန်တိုင်းဒုက္ခသည် အလှူငွေများအနက်မှ ဗုဒ္ဓကလျာနယုဝအသင်း (YMBA-MEPHI)မှလက်ခံရရှိသော အလှူငွေ US$2500 အား (ပထမအကြိမ်) အဖြစ် မြန်မာနိုင်ငံရှိ ဒုက္ခသည်များထံသို့ (တိုက်ရိုက်) ပေးပို့လှူဒါန်းရာတွင် ဆက်သွယ်မှု့ အခက်အခဲများ ကြောင့် အနည်းငယ် ကြန့်ကြာခဲ့ရာ ရုရှားရောက် မြန်မာ Blogger ကျောင်းသားတစ်ဦး၏ မိဘများထံမှ တစ်ဆင့်ဆက် သွယ်ပေးပို့ လှူဒါန်းနိုင်ခဲ့ပါသည် ။

၎င်းကျောင်းသား မိသားစုမှ လက်ခံရရှိသော (ပထမအကြိမ်) အလှူငွေများနှင့်အတူ အလှူငွေ ကျပ် (၁၀)သိန်း အား ထပ်မံထည့်ဝင်လှူဒါန်းကာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ကန်ဦးဇေတ၀န် ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်ထံသို့ လှူဒါန်းပြီး၊ စေတနာရှင် လူငယ်ဆရာဝန်များ နှင့်အတူ မုန်တိုင်းဒဏ်အား အဆိုးရွားဆုံး ခံစား ခဲ့ရသော ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ် အတွင်းရှိ အစဲကြီးရွာ၊ ညောင်တနီးရွာနှင့် သိဖက်ရွာ သုံးရွာတို့အား ကာလတန်ဖိုး စုစုပေါင်း ကျပ်သိန်း (၄၀) ခန့်တန်ဖိုးအားဖြင့် ရှိသော တာလဘတ် အမိုးများ၊ ဆန်၊ ပဲ၊ အ၀တ် အထည်နှင့် ဆေးဝါးများအား ရုရှားနိုင်ငံတွင် ပညာသင်ကြားနေသော ကျောင်းသားများကိုယ်စား (၁၆.၅.၀၈) တွင် ကိုယ်တိုင်ကိုယ်ကျ (တိုက်ရိုက်) သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း မြန်မာပြည်သူပြည်သားအပေါင်း သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြစေရန် အသိပေး တင်ပြအပ်ပါသည်။

အလှူဒါနပြုလုပ်ရာ ဘုန်းတော်ကြီးကျောင်းအား မြင်တွေ့ရစဉ်

အ၀တ်အထည်များ လှူဒါန်းနေစဉ်

တာလဘတ် အမိုးစများအား လှူဒါန်းစဉ်


ဆေးဝါးကုသမှုများ ပြုလုပ်ပေးစဉ်
လှူဖွယ်ပစ္စည်းများအား မြင်တွေ့ရစဉ်


လှူဒါန်းမှု ခရီးစဉ်မြင်ကွင်း

စေတနာရှင် လူငယ်ဆရာဝန်များမှ ဆေးဝါးကုသမှုများ ပေးနေစဉ်

လှူဖွယ်ပစ္စည်းများ လှူဒါန်းပြီးနောက် မြင်တွေ့ရစဉ်

လှူဖွယ်ပစ္စည်း ၀ယ်ယူမှုစာရင်း
နိုင်ငံတော်သံဃာ မဟာနာယက အဖွဲ့ဝင် ကန်ဦးဇေတ၀န် ကျောင်းထိုင်ဆရာတော်၏ အလှူမှတ်တမ်း
p.s-(ဒုတိယအသုတ်) အနေဖြင့် ထပ်မံလှူဒါန်းနိုင်ရန်အတွက် အစီအစဉ်များကိုလည်း ထပ်မံဆောင်ရွက်ပြီး ဖြစ် ပါသည်။

May 21, 2008

ရှင်းပြပါရစေ...

လုံးဝလက်မခံနိုင်ဘူး အဖေ…။ သားလုံးဝ လက်မခံနိုင်ဘူး။ ဒီကိစ္စက သားဘ၀ တစ်ခုလုံးနဲ့ သက်ဆိုင်နေတယ် ဆိုတာလဲ အဖေတို့ အနေနဲ့ နဲနဲတော့ ထည့်စဉ်းစားသင့်တယ်ဗျာ…။ သားအနေနဲ့ အဖေတို့ အမေတို့ သဘောကို ဘယ်တုန်းကမှ မဆန့်ကျင်ခဲ့ဖူးဆိုတာ အဖေတို့ အသိဆုံးပါ…။ ဒါပေမယ့် ဒီကိစ္စမှာတော့ သားလုံးဝ လက်မခံနိုင်ဘူး အဖေ…။ လူတစ်ယောက်အတွက် အိမ်ထောင်မှုတစ်ခု ပြုတယ်ဆိုတာ…အထူးသဖြင့် သားတို့ လို့ မြန်မာလူမျိုးတွေအတွက် တကယ်ကို လေးနက်တဲ့ ကိစ္စတစ်ခုဆိုတာ အဖေတို့လဲ သိရဲ့သားနဲ့ ဗျာ..။ အခုလိုမျိုး ဇွတ်စီစဉ်တာကတော့ လုံးဝမဖြစ်သင့်ဘူး…။ ဘာလဲ…? သားက အဖေတို့ ပြောသလို အဲဒီ့ မိန်းကလေးက မိဘဆွေမျိုးကလည်း ချမ်းသာပြည့်စုံတယ်..။ ပညာအရည်အချင်းကလည်း နိုင်ငံခြားမှာ ထူးထူး ချွန်ချွန် ပြီးမြောက်ခဲ့တယ်..။ လိမ္မာယဉ်ကျေးမှုလည်း ရှိတယ်..။ ရုပ်ရည်လည်း ချောမောလှပတတယ်… ဆိုတာ တွေလောက်နဲ့ သားက လက်ခံလိုက်ရမှာလား…။ သားတို့လည်း ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနေနိုင်တဲ့ လူတန်းစား ထဲမှာပါနေတာပဲ…။ မှန်ပါတယ် အဖေတို့ပြောတဲ့ အချက်တွေက သားရှင်မိဘတွေ မပြောနဲ့ ဘယ် လို ယောက်ျားလေးမျိုးကမှ မငြင်းနိုင်တဲ့အပြင် ငန်းငန်းတက် လိုချင်နေမယ်ဆိုတာ သားသိပါတယ်…။ ဒါပေမယ့် အဖေ….။

ဘ၀မှာ ဒီ့ထက်မက အရေးကြီးတာတွေ ရှိသေးတယ်..။ သားကိုယ်တိုင်လည်း အဖေတို့အမေတို့ ကျေးဇူးနဲ့ အခုလို စီးပွားရေးပညာဘွဲ့ရပြီး ကျောင်းပြီးခဲ့တာပဲ..။ အဖေဆိုရင်လည်း ကိုယ်တိုင်က စီးပွားရေး သမားတစ် ယောက်ပဲ..။ ဒီလိုခေတ် ဒီလိုအချိန်မျိုးမှာ အဖေတို့ စောစောကပြောခဲ့တဲ့ အချက်တွေထက် အရေးကြီးတဲ့ အချက်တွေ အိမ်ထောင်တစ်ခုမှာ အရေးကြီးနိုင်နေသေးတယ် ဆိုတာရော အဖေတို့ နဲနဲလေးမှ ထည့်မစဉ်းစား ကြတော့ဘူးလား.? သားအနေနဲ့ အခုလိုငြင်းနေ တယ်ဆိုတာကလည်း အခုအဖေတို့ စီစဉ်ထားတဲ့ ကောင်မ လေးမှာ အပြစ်အနာအစာတွေ ရှိနေလို့ မဟုတ်ဘူး…။ ချစ်တာတွေ မချစ်တာတွေနောက်ထား သူဟာသား အတွက် အိမ်ထောင်ရှင်မကောင်း တစ်ယောက် ဖြစ်လာမယ်ဆိုတာကိုလည်း သားယုံကြည်တယ်…။ ဒါပေမယ့် ခက်တယ်အဖေ…။ ခက်တယ်…။ သားသူ့ကို ဘယ်လိုနည်းနဲ့မှ လက်မထပ်နိုင်ဘူး…။ သားဘ၀အတွက် အရမ်း အရေးကြီးတဲ့ နစ်နာမှုတွေ ဖြစ်သွားနိုင်တယ်…။ အဓိက အခုသားပြောနေတာတွေက သားအတွက်ထက် နောင် သားတို့တွေ ရရှိလာမယ့် မျိုးဆက်သစ် သားသမီးတွေအတွက် ဆိုရင်ပိုမှန်လိမ့်မယ် အဖေ…။

ဟုတ်ပါတယ်…။ အဖေပြောတာကို သားနားလည်ပါတယ်…။ သားကလည်းအခု အဖေတို့ စီစဉ်ထားတဲ့ ကောင်မလေးကို အပြစ်တင် စွပ်စွဲနေတာမဟုတ်ပါဘူး..။ သားအနေနဲ့ ဘယ်လိုမှ လက်မထပ်နိုင်လို့သား ငြင်း နေရတာပါ…။ အဖေပြောတာကို သားလက်ခံတယ်…။ ဟုတ်တယ် သားကောင်မလေးက သာမန် မိသားစု ထဲက…။ ရုပ်ရည်ကလည်း ကြည့်ပျော်ရှုပျော် ရှိရုံလေးလောက်ပဲ…။ ပညာအရည် အချင်းကလည်း ပြည်တွင်း ဘွဲ့တစ်ခုပဲ ရထားတဲ့ သာမန်ကျောင်းဆရာမလေးပါပဲ…။ အဖေတို့ စီစဉ်ထားတဲ့ မိန်းကလေးနဲ့ယှဉ်ရင် အစစ အရာရာ ဘာမှယှဉ်လို့မရနိုင်ဘူးဆိုတာ သားသိပါတယ်…။ ဒီလိုပဲ အဖေတို့ မသိနိုင်သေးတဲ့ အရာတွေလည်း ရှိတယ်…။ ဟုတ်တယ် အဖေတို့မသိဘူး…။ ဘယ်လောက်ပဲ ငွေကြေးချမ်းသာ ချမ်း သာ ဒီလိုခေတ် ဒီလိုအခြေအနေမျိုးမှာ မဖြည့်ဆည်းနိုင်တဲ့ အရာတွေရှိနေတယ်..။ ဘာ..? အချစ်…? အဖေ သားအကြောင်း သိပါတယ်…။ အဖေ့သားက အဲလောက် အချစ်ကို ကိုးကွယ်နေတဲ့ကောင်မဟုတ်ဘူးဆိုတာ…။ ဒီလောက်ရှင်းပြ နေတာမှ အဖေတို့ နားမလည်ဖူး ဆိုရင်လဲ…။ အိုကေ…။ ဟုတ်ပြီ အဖေ…။ အဖေသိချင်ရင် သားသူ့ကို ဘာ ကြောင့် လက်မထပ်နိုင်ပဲ သားကောင်မလေးကိုပဲ ဖြစ်အောင် လက်ထပ်မယ်ဆိုတဲ့ အကြောင်းကို သားရှင်းပြပါတော့မယ်…။ သားပြောခဲ့သလိုပေါ့ သားရဲ့ဆုံးဖြတ်ချက်ဟာ သားအတွက် ဆိုတာထက် နောင် သားတို့ ရရှိလာမယ့် မျိုးဆက်သစ် သားသမီးလေးတွေ အတွက် သားဘ၀ကို အနစ်နာခံလိုက်ရတာပါ အဖေ...။

ဘာဖြစ်လို့လဲ ဆိုတော့…နောင်သားအနေနဲ့ သားမသမီးတွေရလာရင် ကျူရှင်စရိတ်တို့၊ Guide စာရိတ်တို့၊ စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ ဂုဏ်ထူးရဖို့ အတွက်ပေးရတဲ့ ဂါရ၀ကြေးတို့ကို သားဘယ်လိုမှ အလျင်မှီအောင် စီးပွားမရှာနိုင်တဲ့အတွက် သက်သာအောင်လို့ပါပဲ အဖေရယ်…။
p.s- ကျွန်တော်ငယ်စဉ် ကျောင်းသားဘ၀တုန်းက ကျောင်းမဂ္ဂဇင်းမှာ ဆရာမတွေရဲ့ အဆူအဆဲကို ကောင်း ကောင်းကြီး ခံယူပြီး ထည့်သွင်းခဲ့တဲ့ ရုပ်ပြကာတွန်းတစ်ခုအား စကားပြေအဖြစ် ပြန်လည်ရေးသား တင်ပြ ပေးခြင်း ဖြစ်ပါသည်။

May 15, 2008

ပြတိုက်တစ်ခု၏ မေးခွန်း...


A.D- 3000

ကျွန်တော် ဒီနေ့အလုပ်အားရက်ပါ…။ အခုလို အလုပ်အားရက်မျိုးကတော့ ကျွန်တော် ယခုဖြတ်သန်း နေရတဲ့ ခေတ်ကြီးမှာ တကယ်ကိုရတောင့်ရခဲ အခွင့်အရေး ဆုလာဒ်တစ်ခု ဖြစ်ပါတယ်…။ အစစ အရာရာ စက္ကန့်နှင့် အမျှ အရေးကြီးပြီး လှုပ်ရှားလုပ်ကိုင်နေရတဲ့ ဒီလိုခေတ်တစ်ခုမှာ ကျွန်တော့်အဖို့ မိသားစုအတွက် အချိန် ဆိုတာ မပေးနိုင်သလောက်ကို ရှားပါးခဲ့ရပါတယ်…။ မနက်မိုးလင်းက မိုးချုပ် မိသားစု မျက်နှာကို စုံစုံလင်လင် မတွေ့ခဲ့ရတဲ့နေ့တွေဟာ နှစ်နဲ့ချီပြီးတော့တောင် များပြားကောင်းများပြားနိုင်ခဲ့ပါတယ်…။ နည်းပညာ တိုးတက် မှုတွေရဲ့ အကျိုးကျေးဇူးကြောင့်သာ ဆက်သွယ်ရေး ကိရိယာတွေက တစ်ဆင့် သား၊သမီး နဲ့ ဇနီးတို့ရဲ့ မျက်နှာများကို မြင်တွေ့နေရ ခြင်းကြောင့် သူတို့ရဲ့ နာမည်တွေနဲ့ ရုပ်တွေ ကိုမေ့မသွားခြင်း ဖြစ်ပါတယ်…။ ဒီလိုသာ မဟုတ်ခဲ့ရင်တော့လားဗျာ.......….။

“ မိန်းမ မင်းလည်း ဒီနေ့တော့ အလုပ်အားတယ်မလား..?”
“ အင်း…အားပါတယ်..။ ဘာဖြစ်လို့လဲ…?”
“ ဒီလိုလေကွာ ငါတို့မိသားစု စုံစုံလင်လင် လျှောက်မလည်ရတာကြာပြီ…။ အဲဒါ..ဒီနေ့ မြို့ထဲ နဲနဲပါးပါး လျှောက်လည်…။ ကလေးတွေကိုလည်း သူတို့မရောက်ဖူးသေးတဲ့ နေရာလေးတွေ ပို့ပေးပြီး၊ ဆိုင်တစ်ခုမှာ ပျော်ပျော်ပါးပါး တို့မိသားစု ညစာစားရင်း အပန်းဖြေ ကြတာပေါ့…။”
“ အင်း…ကောင်းသားပဲ..။ ဒါပေမယ့် သမီးကြီးကတော့ လိုက်နိုင်မယ်မထင်ဘူး…။ သူဒီနေ့ သူအခု လုပ်နေတဲ့ Project အတွက် သူ့သူငယ်ချင်းတွေနဲ့ အတူတူ လုပ်မယ်ဆိုပြီး သူ့သူငယ်ချင်း တစ်ယောက်အိမ် သွားအိပ် တယ်....။”
“ ဟာ… ရပါတယ်..။ သမီးက အရွယ်ရောက်နေပြီပဲ…။ သူလည်း တော်တော်များများ ရောက်ဖူးပြီး သိပြီးနေပြီပဲ။ သားကိုပဲ အဓိကထားပြီး လိုက်ပို့ပေးကြတာပေါ့…။ ကဲ…ဒါဆို သားကို ရေမိုးချိုးခိုင်းပြီး သွားဖို့ အဆင်သင့်လုပ် ခိုင်းထားတော့…။ ကိုယ် စီစဉ်စရာ ရှိတာတွေ စီစဉ်လိုက်တော့မယ်…။”

ကျွန်တော် မပြောဖူးလား…။ ဒီလောက်သေချာတဲ့ အားလပ်ရက်မျိုးမှာတောင် မိသားစု စုံလင်ဖို့ မသေချာဘူး။ မတတ်နိုင်ဘူးလေ…။ သားပဲ ရှိတော့ သားကိုပဲ ခေါ်သွားရတော့မှာပေါ့…။ သမီးက တက္ကသိုလ် ကျောင်းသူ ဖြစ် နေပြီဆိုတော့ သူလည်း သိသင့်သလောက်တော့ သိနေပါပြီ..။ သိပ်ပြီးစိုးရိမ်စရာ မလိုတော့ပါဘူး…။ အဲ.. ကျွန်တော့်သားကတော့ အခုမှ ၄ နှစ်သာ ရှိသေးတာဆိုတော့ သူ့မှာ သိစရာ တွေအများကြီးရှိနေပါတယ်…။ ဟုတ်တယ်လေ ၄ နှစ်သားအရွယ် ကလေးတစ်ယောက်မပြောနဲ့ ကျွန်တော်တို့ လူကြီးတွေတောင်မှ သိစရာ၊ လေ့လာစရာ ဆိုတာ ကုန်သွားတယ်လို့ ရှိမှမရှိတာ…။ “ သားလေးကို ဘယ်ပို့ပေးရင် ကောင်းမလဲ…? အား…! ဟုတ်ပြီ…!”

“ မောင်… ရှင် သားကို ဘယ်ခေါ်သွားမှာလဲ…?”
“ ရောက်တော့ သိမှာပေါ့ကွာ…။ မင်းတောင် ရောက်ဖူးချင်မှ ရောက်ဖူးမှာ…ဟာ..ဟ”

ကျွန်တော့် မိန်းမလဲ ကျွန်တော် စလိုက်တာကို မခံမရပ်နိုင်တွေဖြစ်ပြီး တစ်လမ်းလုံး ပွစိပွစိလုပ်လိုက်.. ကျွန်တော်က ထပ်စလိုက်နဲ့…။ အနောက်မှာ ထိုင်နေတဲ့ ကျွန်တော့်သားက နားလည်လို့လား ဘာလားတော့ ကျွန်တော်လည်း သေသေချာချာမသိ တခစ်ခစ်နဲ့ ရယ်ပြီးလိုက်သွားလိုက်ကြတာ ကားတစ်စီးလုံး ဆူညံ့လို့ သာ နေခဲ့ပါတယ်…။ ကျွန်တော့်သားရဲ့ ပြတိုက်မှာ မေးလိုက်တဲ့ နောက်ဆုံးပွဲသိမ်း မေးခွန်းတစ်ခု မရောက်ခင် ထိပေါ့ဗျာ…။

~~~~~~~~~~~~~~~~~~ လူသားများဆိုင်ရာ ယဉ်ကျေးမှုနှင့် သမိုင်း ပြတိုက် ~~~~~~~~~~~~


“ ဟင်..? မောင်… ရှင် သားကို လိုက်ပြမယ်ဆိုတာ ဒီနေရာကြီးလား..? ပျင်းစရာကြီးကွာ…။”

ကျွန်တော့် မိန်းမက စိတ်ပျက်တဲ့လေသံကြီးနဲ့ ကလေးကတောင် ဂျီမကျပဲ…။ သူက ဂြိုလ်ကျ ပါတော့တယ်…။

“ ကဲ..မှန်မှန်ပြော မိန်းမ… မင်းရော ဒီနေရာ ရောက်ဖူးလား…?” ကျွန်တော်က ပြုံးပြီးမေးတော့ အိမ်ရှင်မက ကျွန်တော့်ကို မျက်စောင်းတစ်ချက်သာထိုးပြီး နှုတ်ဆိတ်နေပါတော့တယ်…။ သေချာပြီ သူလည်း တစ်ခါမှ ဒီနေ ရာ မရောက်ဖူးခဲ့ပါ….။

“ လာ…သား ကားပေါ်ကဆင်း.. ဖေဖေတို့ အထဲဝင်ကြည့်ကြရအောင်” ကျွန်တော် သားကိုလက်တွဲပြီး ပြတိုက်ထဲကို ၀င်ခဲ့ပါတယ်…။ ကျွန်တော့်သားလည်း မျက်လုံးလေး ကလည်ကလည်နဲ့ သူတစ်ခါမှ မရောက်ဖူးတဲ့ ဂြိုလ်တစ်ခုပေါ်ပဲ ရောက်နေသလိုလို…။ ရုပ်ပြကာတွန်းတွေနဲ့ အင်တာနက်တွေထဲမှာ သူဖတ်ဖူး နေကြ အင်္ဂါဂြိုလ်ပေါ်ပဲ ရောက်နေသလိုလို အူကြောင်ကြောင်လေး ဖြစ်နေခဲ့ပါတယ်။ ကျွန်တော့် အထင်တော့ သူ့အတွေးထဲက ဒီနေ့သူရောက်မယ်လို့ စိတ်ကူးယဉ်ထားတဲ့နေရာနဲ့ အခုသူရောက်ရှိနေတဲ့ နေရာ တော်တော်ကြီးကို ကွဲပြားနေပုံရပါတယ်…။ ဒါပေမယ့်…။ ဒင်းကလည်း ခေသူတော့မဟုတ်ချေ…။ ပြတိုက်ထဲ စရောက်ပြီဆိုတာနဲ့ မဲမဲမြင်ရာ အကုန်လက်ညှိုးထိုးပြီး စုံစမ်းစစ်ဆေးရေး စပါတော့တယ်..။ သူကလည်း မလွယ်...။ အကောင်ကသာ လက်တောက်လောက်…။ တစ်ခါတစ်ခါ ကျွန်တော် ရှင်းပြတာကို မယုံလို့ဆိုပြီး သူ့ကို (၄) နှစ်ပြည့်မွေးနေ့တုန်းက မွေးနေ့လက်ဆောင် ၀ယ်ပေးထားတဲ့ PDA လေးကို ထုတ်… အင်တာနက် ကရရှိတဲ့ Data တွေ Information တွေ နဲ့တိုက်ကြည့်ပြီး သူစိတ်ကျေနပ်လောက်တော့မှသာ နောက်ပြခန်း တစ်ခုကို ကူးရပါတယ်…။ မလွယ် ရေးချ မလွယ်ပါ…။

အမှန်အတိုင်းပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း ငယ်စဉ်က ကျွန်တော့် ဖခင်နှင့် တစ်ခေါက်သာ သေသေ ချာချာရောက်ခဲ့ဖူးတာပါ…။ နောက်ပိုင်းတော့ ကျွန်တော် လက်ရှိလုပ်နေတဲ့ လုပ်ငန်းနဲ့ ဆက်စပ်ပြီး အလုပ် ကိစ္စသဘောနဲ့ မကြာခဏရောက်ပေမယ့် သေသေချာချာနှံ့နှံ့စပ်စပ် မရှိခဲ့ပါဘူး..။ ငယ်စဉ်က ဖခင် ရှင်းပြ ထားခဲ့ဖူးသော အကြောင်းအရာ အချို့ခေါင်းထဲ ကျန်နေတာကတစ်ကြောင်း လုပ်ငန်းနဲ့ အနည်းငယ်ဆက်စပ် မှုရှိ နေတာကတစ်ကြောင်းရယ်ကြောင့်သာ ကျွန်တော့်သား မေးသမျှ တော်တော်များများကို အပြည့်အစုံ မဟုတ်တောင် အနည်းငယ် ခြုံမိအောင် ရှင်းပြနိုင်ခြင်းဖြစ်ပါတယ်..။ ဒီပြတိုက်ထဲမှာ ပြသထားတာတွေမှာ အဓိက ကတော့ လူ့သမိုင်းဆိုင်ရာ ဖြစ်ပေါ်တိုးတက်လာမှုတွေ၊ ဆုတ်ယုတ်ပျက်ဆီးသွားပြီး ပျောက်ကွယ်လု ( တစ်ချို့ ပျောက်ကွယ်ပြီး) ဖြစ်တဲ့ အရာတွေကို ခက်ခက်ခဲခဲ ရှာဖွေပြသထားခြင်း ဖြစ်ပါတယ်…။

ဒီပြတိုက်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ပြခန်းကတော့ “လူသားများ၏ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်များနှင့် သဘောတရားများ” ဆိုတဲ့ ပြခန်းပဲ ဖြစ်ပါတယ်…။ အဲဒီ့ပြခန်းထဲမှာ လူပေါင်းများစွာရဲ့ “စိတ်” မျိုးစုံကို သေသေ ချာချာ အမျိုးအစား အုပ်စုများခွဲခြားပြီး ပြသထားပါတယ်…။ တစ်ချို့သော “စိတ်” အမျိုးအစားများမှာ လွန်ခဲ့ သော နှစ်ပေါင်းများစွာကပင် မျိုးတုန်းပျောက်ကွယ်သွားပြီ ဖြစ်ပြီး…။ တစ်ချို့သော အမျိုးအစားများမှာ ပျောက် ကွယ်စပြုနေပြီ ဖြစ်ပါတယ်….။

ကျွန်တော်တို့ လင်မယားနှစ်ယောက်သာမက အငယ်ကောင်လည်း ဒီပြခန်းရောက်တော့ တော်တော်ကို စိတ် ၀င်စား နေပုံရပါတယ်…။ ကလေးတို့ရဲ့ သဘာဝ သူစိတ်ဝင်စားတော့ ကျွန်တော်တို့နှစ်ယောက် အလစ်မှာ ဟိုကိုင်ကြည့် ဒီကိုင်ကြည့် လုပ်ဖို့ကြိုးစားလို့ ကျွန်တော်တို့နှစ်ယောက်မှာ သူ့ကို အသည်းအသန်လိုက်ဆွဲ နေခဲ့ရပါတယ်…။

“ သား.. “စိတ်” တွေကို လျှောက်မကိုင်ရဘူးလေ..ဟိုမှာ စာရေးထားတယ် ဖတ်ကြည့်စမ်း” ဆိုပြီးသူ့ အမေက ပြောတော့ ကိုယ်တော်ချောက မပီကလာ ပီကလာနဲ့ သက်ဆိုင်ရာ “စိတ်” အသီးသီးရဲ့ အောက်မှာရေးထားတဲ့ စာသားကို တစ်လုံးချင်း တော်တော်ကို ကြိုးစားပမ်းစား ဖတ်ရပါတော့တယ်..။ ဖြစ်လည်း ဖြစ်နိုင်ပါတယ်…။ သူတို့က မွေးကတည်းက ကွန်ပြူတာများရဲ့ ဖန်သားပြင်များ ပေါ်မှာသာ စကားလုံးများနဲ့ ရင်းနှီးခဲ့ကြတော့ ပြင်ပမှာ ရေးသားထားတဲ့ “စာသားနှင့် စကားလုံးအစစ်များ” အတွက် ဖတ်ရတာ တော်တော်ခက်ခဲနေပုံပါပဲ...။

“မ….ကိုင်…..ရ…! တဲ့… ဟုတ်လား မေမေ?”

သူ့အမေက သူ့သားကိုပြုံးပြီး တစ်ချက်မျှသာ ခေါင်းညိတ်ပြလိုက်ပါတယ်…။ တော်သေးတာပေါ့…ဟူး..! ကျွန်တော့် သက်ပြင်းဆုံးအောင်မချလိုက်ရပါ…။ အငယ်ကောင် မေးလိုက်သော မေးခွန်းကြောင့် ကျွန်တော့် ငယ်ထိပ်ကို တစ်စက္ကန့် မိုင်တစ်ထောင်နှုန်းဖြင့် လွင့်စင်လာသော ဥက္ကာပျံ တစ်ခုဝင်စောင့် ပါတော့တယ်…။ ပြန်ခန်းရဲ့ နောက်ဆုံးနေရာ အရောက်…။ ချောင်ကျကျ နေရာတစ်ခုမှာ မထင်မပေါ် ပြသထားတဲ့ အရာ တစ်ခုကို လက်ညှိုးထိုးပြီး မေးလိုက်ခြင်းဖြစ်ပါတယ်…။ သေချာတာ တစ်ခုကတော့ သူမေးလိုက်တဲ့ မေးခွန်းကို သူ့အမေနဲ့ ကျွန်တော်သာမက…။ ယခုလက်ရှိ လည်ပတ်နေတဲ့ လူမှုယန္တာကြီးတစ်ခုလုံးမှာ ဖြေနိုင်မယ့်သူ မရှိ လောက်အောင်ကို “ရှုပ်ထွေး ရှင်းလင်း” တဲ့ မေးခွန်း တစ်ခု ဖြစ်နေခဲ့ပါတယ်…။ အင်း…ပြောမဲ့သာ ပြောရတယ်။ ဖြေရှင်းဖို့နေနေသာသာ အဲဒီ့….သူမေးလိုက်တဲ့ အရာတစ်ခုရဲ့ အကြောင်းကို ဒီခေတ်ကြီးထဲမှာ ကြားဖူးတဲ့ သူတောင် ရှိပါ့မလားလို့ ကျွန်တော့်စိတ်ထဲမှာ တွေးနေမိပါတော့တယ်။ ကျွန်တော့်သား စိတ်အားထက်သန်စွာ အားရပါးရ မေးလိုက်တာကတော့…

“ကိုယ်ကျင့်တရားနဲ့ ကိုယ်ချင်းစာစိတ်” ဆိုတာ ဘာလဲဟင်….?”


p.s- စိတ်ကူးယဉ် သက်သက်မျှသာ ဖြစ်ပါသည်။

May 11, 2008

အချိန်နှင့် နေရာ....!

စနေနေ့ည
၁၉၀၀ အချိန်


ဒိုင်း…ဒိုင်း…ဒိုင်း…၀ုန်း…။

“ဗိုလ်ကြီး ဟိုကောင်တွေ ကျွန်တော်တို့ ဒီည ချောင်းကို ဖြတ်ကူးမှာသိလို့ ဟိုဘက်ကမ်း တောင်ကုန်းပေါ် ကနေ အပိုင်ထိုင်စောင့်ပြီး စော်နေကြပြီ…။ ဘယ်လိုလုပ်ကြမလဲ…? ရှေ့ဆုံးက ပွိုင့်တပ်စိပ်လဲ တော်တော် အထိနာနေပြီ…။ ရိက္ခာတွေနဲ့ ခဲယမ်းတွေ သယ်လာတဲ့ လားတစ်ကောင်လည်း 40 မှန်လို့ သေသွားပြီ…။ ပစ္စည်းတွေလည်း ဘယ်လိုမှ လိုက်ဆယ်ဖို့ အချိန်မရဘူး ဗိုလ်ကြီး…။ လကသာ နေတော့ ဒီကောင်တွေ ပစ်ကွင်း၊ မြင်ကွင်း တစ်အားကောင်းနေတယ်…။ ဒီကောင်တွေ အင်အားတော့ သိပ်များတဲ့ ပုံမပေါ်ဘူး ဒါပေမယ့် ဂျက်ကာ ကောင်းတော့ ကျွန်တော်တို့ အတွက်မလွယ်ဘူး ဗိုလ်ကြီး။ သတ်ကွင်းထဲ ရောက်နေသလို ဖြစ်ကုန်ပြီ” ရန်သူရဲ့ အဆက်မပြတ် ပြစ်ခတ်နေတဲ့ သေနတ်သံတွေ နဲ့အတူ တပ်ကြပ်ကြီး စောအေဘယ်ရဲ့ စကားလုံးတွေ ကလည်း ကျွန်တော့်နားထဲကို အဆက်မပြတ် ပြစ်ခတ်နေပါတော့တယ်…။ ကျွန်တော်အရှေ့ကို လှမ်းကြည့် လိုက်တော့ အခြေအနေတွေက ကမ္ဘာပျက်သည့်အလား တော်တော်ကို ရှုပ်ထွေးပြီး ဖရိုဖရဲတွေ ဖြစ်နေပါပြီ…။ “ဆရာကြီး..ကျွန်တော်ပြောမယ်… သေသေချာချာနားထောင်…။”

“မေကြီးရေ မြန်မြန်လာဟေ့… ဒီမှာကိုရီးကားလာနေပြီ။ ကော်ဖီခွက်တွေ မြန်မြန်ယူခဲ့တော့…။ မနေ့က ဖေကြီးဝယ်လာတဲ့ ကိတ်လေးတွေပါယူခဲ့ဟေ့… ဇာတ်လမ်းကြည့်ရင်း စားရအောင်…။ မြန်မြန်လုပ်…။ ဟိုတစ်ပတ်က ညစာစားပွဲရှိလို့ တစ်ပိုင်းလွတ်သွားတယ်…။ ဒီအပတ်ကတော့ ဇာတ်သိမ်းခန်းဆိုတော့ ကြည့်မှကို ဖြစ်မယ်…။ ကြောငြာလာတဲ့အချိန်ကြမှ ဟိုတစ်ပတ်က ဘာဖြစ်သွားတယ် ဆိုတာပြောပြစမ်းပါ မိန်းမရာ…။ ငါသိသလောက် ကောင်လေးက အခြေအနေ မကောင်းတော့ဘူးဆို…။ ရောဂါက ပြန်မှကောင်းပမလား မသိဘူးကွာ…။ ဒီကောင်လေးနဲ့ ကောင်မလေးကြည့်ရတာ တော်တော် လိုက်ဖက်ညီတယ် မိန်းမရ..။ ငါကတော့ သူတို့ကို ပေါင်း စေချင်တယ်…။ မင်းရော ဘယ်လို သဘောရလဲ…? ဟ..ဒါနဲ့နေစမ်းပါအုံး... ဟို… အငယ်မရော? မတွေ့ ပါလား” “အော်… သမီးက မနက်ဖြန် ကျူရှင်မှာ စာမေးပွဲရှိလို့ဆိုပြီး တစ်နေကုန်စာထိုင်လုပ်နေတာ…။ စော စောလေးကပဲ အိပ်သွားတယ်။ မနက်ကျရင်လည်း သူကစောစောထရအုံးမယ်လေ” “အော်.. အေး..အေး..။ ဒါဆိုလည်း ပြီးတာပဲ…။ သူအိပ်သွားတော့လည်း ငါတို့လင်မယား နှစ်ယောက် လွတ်လွတ်လပ်လပ် နေလို့ ရတာပေါ့ကွာ ဟုတ်ဖူးလား..ဟဲ..ဟဲ” “ဟဲ..ဟဲ မနေနဲ့ ကျွန်မစဉ်းစားနေတာ...စိတ်ထဲမှာ... ဒီနေ့ကျွန်မနဲ့ရှင် တစ်ခုခုလုပ်ဖို့ လိုနေသလိုပဲ…ဘာများပါလိမ့်” “ကဲကဲ မသိရင်လည်း ခေါင်းရှုပ်ခံပြီး စဉ်းစားမနေနဲ့တော့ ဟိုမှာ ရုပ်ရှင်စနေပြီ ကြည့်မှာဖြင့် အေးအေး ဆေးဆေး ကြည့်တော့…။”

“မေနှင်း ဒါငါနင့်ကို ပြောပြောပြနေတဲ့ ကိုကျော်စွာ ဆိုတာလေ…။ ဒီနေ့ငါ့မွေးနေ့ကို နင်လာမယ်ဆိုတာ သိက တည်းက ငါ့ကို နားပူနာဆာ အသားကုန်လုပ်နေလို့ မဖိတ်ချင် ဖိတ်ချင်နဲ့ ဖိတ်ထားရတာ…ဟဲ ဟဲ…။” “ ကီကီး နင်မဟုတ်တာတွေ လျှောက်မပြောနဲ့…။ မဟုတ်ဘူး မေနှင်း သူပြောတာတွေ မယုံနဲ့…။ ဟို… မေနှင်းနဲ့ ရင်းနှီး ချင်တယ်၊ ခင်ချင်တယ် ဆိုတာကလွှဲလို့ပေါ့…။ အဲဒါကတော့ တကယ်ပြောတာ…။ ကျွန်တော် မေနှင်းကို ဟိုတစ်ခါ ရန်နိုင်တို့ မွေးနေ့မှာ စတွေ့ဖူးကတည်းက ခင်ချင်နေခဲ့တာ…။ ကျွန်တော့်နာမည် ကျော်စွာပါ…။ ကျွန်တော်က ကျောင်းပြီးတာ ကြာပါပြီ…။ အခု တော့စီးပွားရေး လုပ်နေတယ်ဘဲ ပြောရမှာပေါ့...။ မေနှင်း ကရော အခုဘယ်မှာ အလုပ်လုပ်နေလဲ…? အလုပ် အခက်အခဲရှိရင် ဒါမှမဟုတ်တစ်ခြား အကူအညီဖြစ်ဖြစ် လိုရင်ကျွန်တော့်ကိုပြောပါ…။ ဘာမှအားနာစရာမလိုဘူးနော်…။ ရင်းရင်းနှီးနှီးပေါ့…။ “ရပါတယ်… မေနှင်း ကလည်း ခင်တတ်ပါတယ်…။ ကီကီး ပြောပြောပြဖူးနေလို့ ကိုကျော်စွာ့ အကြောင်းတွေကိုတော့ ကြားဖူးထား ပါတယ်…။ ကိုကျော်စွာက အောင်မြင်စပြုနေတဲ့ စီးပွားရေး သမားတစ်ယောက်ပဲ…။ ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလို အောင်မြင်အောင် ကြိုးစားနိုင်တဲ့အတွက် ဂုဏ်လည်းယူပါတယ်…အားလည်းကျပါတယ်…။ အခုလို ခင်မင်ခွင့် ရတာကိုလဲ ၀မ်းသာပါတယ်..။” “ဟာ...မေနှင်းက အခုလို လှိုက်လှိုက်လဲလဲ ပြန်တုန့်ပြန်တာ ကျွန်တော်အရမ်း ၀မ်းသာတယ်ဗျာ…။ ဟို…ဒါဆိုရင်လေ….”

“ဆရာကြီး… အခုကျွန်တော်တို့ ရောက်နေတဲ့ နေရာကဆိုရင်တော့ နောက်ပွင့်ပစ်လို့မရဘူး…။ ချောင်းစပ် ရောက်နေတော့ ကျွန်တော်တို့ တပ်တည်ကို ဒီကောင်တွေသိသွားနိုင်တယ်…။ သိသွားလို့ ၆၀ နဲ့လှမ်းထုနေမှ ပိုဆိုးကုန်မယ်…။ ဒီတော့ အနောက်က ဆရာထွန်းဝင်း တပ်စိတ်ကို ပြောလိုက် သူတို့နေရာကနေ ၆၀ နှစ်လုံး လောက် ဒီကောင်တွေဆီကို လက်ဆောင် ကြိုပေးထားလိုက်ပါလို့။ ပြီးရင် အနောက်မှာ ကျန်နေတဲ့ တပ်စိတ်တွေကို ချောင်းစပ် ဆင်းမလာခိုင်းပဲ ရင်ဘောင်တန်း တပ်ဖြန့်ခိုင်းပြီး ဒီဘက်ကမ်းကနေ ကာပစ် ထောက်ထားခိုင်း…။ ကျွန်တော် အဘကိုလည်း သတင်းပို့ထားပြီးပြီ…။ ဆရာကြီးက ဆရာအောင်မျိုးတို့ တပ်စိတ်ကိုခေါ်...။ ပြီးတော့ ချောင်းအောက်ဘက်ကို ကိုက် ၂၀၀ လောက် စုန်ဆင်းပြီး အဲဒီ့ဘက်ကနေ ချောင်းကို ဖြတ်ပြီး ဒီကောင်တွေကို ပတ်တိုက်…။ ဆရာထွန်းဝင်း တပ်စိတ်ကနေ ရဲဘော် ၅ ယောက်လောက် ခေါ်သွားလိုက်…။ ဆရာကြီးတို့ ဟိုဘက်ကူးတဲ့အချိန်မှာ ဒီကောင်တွေကို ထောက်ထားခိုင်းလိုက်...။ ပြီးတော့ ဆရာကြီးတို့အားလုံး ဟိုဘက်ကမ်း ရောက်ပြီဆိုမှ ရေစီးနဲ့ မြောသွားတဲ့ ရိက္ခာနဲ့ ခဲယမ်းတွေကို အဲဒီ့နေရာ ကနေ ရနိုင်သလောက် ပြန်ဆယ်နိုင်အောင် စောင့်ခိုင်းထားခဲ့…။ ဟိုဘက်ကမ်းကို ခေါ်မသွားနဲ့…။ ကျွန်တော် ဒီဘက်ကနေ ဖိပြစ်ပေးထားမယ်…။ ခင်ဗျားတို့ ရန်သူ့အနောက်ဘက်ကို ရောက်ပြီဆိုရင် မီးကျည် ဖောက်ပြီး အချက်ပေး…။ ကျွန်တော် ၆၀ အဖွဲ့ကို ညာယိမ်းပြစ်ခိုင်းလိုက်မယ်…။ ဒီကောင်တွေရဲ့ ထွက်ပေါက်ကို ပိတ်မတိုက်နဲ့...။ ညာဘက် တစ်ပေါက်ဖွင့်ပေးလိုက်…။ ဒီကောင်တွေ ဆုတ်တော့မှ အဲဒီ့အပေါက်ကို ကျွန်တော် ဒီကနေ ၆၀ မေတ္တာလက်ဆောင် လှမ်းပေးလိုက်မယ်….။ ဘာမရှင်းတာ ရှိလဲ? “မရှိပါဘူး ဗိုလ်ကြီး” "ကောင်းပြီ မရှိရင် ဆက်လုပ်… ခမ ၂၀၀၀ အချိန် ၄၃ လုပ်မယ်”

ကျွန်တော်တို့ စီမံချက်အတိုင်း တက်ညီလက်ညီဆောင်ရွက်လိုက်ကြတာ ခန့်မှန်းထားသည့် အတိုင်း ည ၈ နာရီခန့်တွင် ရန်သူများ ပြန်လည်ဆုတ်ခွာ သွားပြီး အားလုံး အခြေအနေကို ပြန်လည်ထိမ်းသိမ်း နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဘက်မှ ရဲဘော်အကျအဆုံးမရှိပေမယ့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသူ ရဲဘော်တစ်ယောက်နဲ့ အနည်းငယ် ဒဏ်ရာရရှိသူ ၅ ဦးရှိခဲ့ပါတယ်…။ အဓိက ဒဏ်ရာရရှိသူများမှာ ချောင်းကို ပထမဆုံး စတင်ဖြတ် ကူးသည့် ပွိုင့်တပ်စိတ်မှ ဖြစ်ပါတယ်…။ ရန်သူ့ဘက်တွင်တော့ ကျဆုံးသူ တစ်ယောက်ရှိပြီး ဒဏ်ရာရရှိသူ ၂ ဦး ရှိကြောင်း နောက်ပိုင်း Counter စက်များမှ တစ်ဆင့် သိရှိခဲ့ရပါတယ်…။ သူတို့လည်း သူတို့ယုံကြည်ချက် တစ်ခုကြောင့် တိုက်ပွဲဝင်နေတာကလွဲရင် စစ်သားများဘဲ ဖြစ်တဲ့အတွက်ကြောင့် သူတို့လူရဲ့ အလောင်း ကိုတော့မထားခဲ့ပဲ ရအောင် ပြန်ဆွဲသွား ခဲ့ကြပါတယ်…။ “ အားလုံးစစ်ဆေးပြီး စနစ်တကျပြန်လည် ဖွဲ့စည်း ပြီးကြောင်း သတင်းလာပို့ပါတယ် ဗိုလ်ကြီး” ကျွန်တော့်ကို အလေးလှမ်းပြုရင်း ပြောလိုက်သော တပ်ကြပ်ကြီး စောအေဘယ်အား ကျွန်တော်ခေါင်းညိတ်ပြလိုက်ပါတယ်…။ “ဆက်လုပ်ခွင့် ပြုပါ…။” “ ဆက်လုပ်” ဟုပြောရင်း ဆရာကြီးအား အလေးပြုဖို့အတွက် လက်မြှောက်လိုက်မှ စစ်ကနဲဖြစ်သွားသော ကျွန်တော့် ညာဘက် လက်မောင်းတွင်လည်း ကျည်ဆန်ထိမှန်ထားကြောင်း သတိထားမိလိုက်ပါတော့တယ်…။ အဲဒီ့ဒဏ်ရာ က ဒီလိုနေ့မျိုးမှာ ကျွန်တော့်အတွက် ကံကြမ္မာကပေးတဲ့ အမှတ်တရ လက်ဆောင်များလား….?

“ကောင်းလိုက်တဲ့ဇာတ်လမ်းကွာ ငါဖြင့်ရင်တမမနဲ့ နောက်ဆုံးအားလုံး အဆင်ပြေသွားမှပဲ စိတ်အေး ရတော့ တယ်...။ ဇာတ်လမ်းက ဘာမှဟာကွက်မရှိဖူးကွာ ဒါရိုက်တာရော၊ သရုပ်ဆောင်တွေရော တော်တော်ကောင်း တာပဲ…။ ဘာများဖြစ်တော့မလဲ ဘာများဖြစ်တော့မလဲနဲ့…ဟူး…။ ဒီလိုဇာတ်လမ်းမျိုး များများကြည့်လို့ကတော့ ကြာရင် ငါနှလုံးရောဂါ စောစောစီးစီးရနိုင်တယ်…” “ဟယ်…အခုမှသတိရတယ် သွားပါပြီတော်…ဒုက္ခပါပဲ…။ အခု ဘယ်အချိန်ရှိပြီလဲ..?” “ ဟ…ဘာလည်းဟ မိန်းမရ အလန့်တကြားနဲ့…? ကိုရီးယားကား ပြီးပြီဆိုတော့ ၈ နာရီထိုးပြီပေါ့ ဘာဖြစ်တာလဲ” “ ဘာဖြစ်ရမှာလည်း ဒီနေ့ သားလေးမွေးနေ့လေ…! ပြီးတော့ သူရှေ့တန်းထွက် နေတုန်း ရှင်နဲ့ ကျွန်မ အဓိဌာန်ဝင်ပြီး ပုတီးစိပ်ပေးနေတာ ဒီနေ့နောက်ဆုံးနေ့လေ…။ ည ၇ နာရီစိပ်ရမှာ ရှင်မေ့နေပြီလား?...”

“ဟား…..!”

ဖခင်ဖြစ်သူထံမှာ နောက်ထပ်စကားလုံးများ ထပ်မံထွက်ရှိလာခြင်း မရှိတော့ပါ…။ နှစ်ယောက် တည်းသာ ရှိနေသော တိုက်လေးသည်လည်း ပိုမိုတိတ်ဆိတ်သွားပါတော့တယ်…။ သူတို့တွေရဲ့ စိတ်ထဲမှာ ဘာတွေများ ဆက်ပြီးတွေးနေကြလေမလဲ…?

မြူးကြွတဲ့ စည်းချက်နဲ့အတူ ရောင်စုံမီးသီးတွေအောက်မှာ လိပ်ပြာလေးတွေ လွတ်လပ် ပေါ့ပါးစွာ တဖြတ်ဖြတ် ပျံသန်းနေပုံက တွေ့မြင်ရသူအပေါင်းကို ကြည်နူးအားကျချင်စရာကောင်းလှပါတယ်…။ “ညောင်းလာပြီ ကိုကျော်စွာ ဟိုနားမှာ ထိုင်ရင်းနားကြရအောင်” “ကောင်းပြီလေ..မေနှင်းသဘောပါ…” “ဟာ..ဟ” “ဘာရီတာ လဲ မေနှင်း ဘာတွေ တစ်ယောက်တည်း သဘောကျပြီး ရီနေတာလဲ?” “ဘာမှမဟုတ်ပါဘူး ရှင့်ကို ကီကီးက မိတ်ဆက်ပေးတုန်းက…ရှင့်ရဲ့ အူကြောင်ကြောင်နဲ့ ဖုန်းနံပါတ် တောင်းတဲ့ပုံလေးကို ပြန်တွေးမိရင်း သဘောကြ လို့ပါ…။ ရှင်ကလည်း လည်မလိုလိုနဲ့ တစ်ခါတစ်လေ တော်တော်ဝေးမယ့် ပုံပေါ်တယ်…” “ဟာဗျာ…ဟဲ..ဟဲ..။ ကျွန်တော်ကလည်း စတွေ့တွေ့ချင်းဆိုတော့ ရှိန်တာပေါ့ဗျ…။ တော်ကြာ မေနှင်းက ခပ်တည်တည်နဲ့ မခင်ချင် သလိုနေလိုက်မှ ကျွန်တော့်မှာ ခံစားနေရမှာကိုလည်း ကြောက်ရသေးတယ်လေဗျာ…။ သြော်ဒါနဲ့… မေနှင်း မွေးနေ့က ဘယ်တော့လဲဟင်…?နီးပြီလား…? မေနှင်း မွေးနေ့ကျရင် တစ်ခုခုလိုက်ကျွေးရင်း လက်ဆောင်ဝယ် ပေးချင်လို့…။” “ဟင်..? မွေးနေ့….? ဟုတ်လား…? ကိုကျော်စွာ ဒီနေ့ဘာနေ့လဲဟင် ကြည့်ပေးစမ်းပါ…။ အရေး ကြီးလို့…” “ဒီနေ့ (….)ရက်နေ့လေ မေနှင်း ဘာဖြစ်လို့လဲ?”

“ရှင်……?”

“ခွပ်…..!”

မေနှင်း လက်ထဲမှာကိုင်ထားတဲ့ ၀ီစကီခွက်ဘယ်လို လွတ်ကျသွားမှန်း မသိလိုက်ပါ…။ အတွေးတွေ ထဲမှာလည်း အရာရာဟာ ပြင်းထန်တဲ့ အရာတစ်ခုနဲ့ စောင့်မိလိုက်သလို ချာချာရမ်းနေပါတော့တယ်…။ ကို့ယ်ကိုယ်ကို လည်း ဘာဖြစ်သွားမှန်းလည်း မသိတော့ပါ…။ "ဒီနေ့...ဟုတ်တယ်...။ ဒီနေ့ မောင့်မွေးနေ့ ပါလား...." မေနှင်းရဲ့ စိတ်တွေသည် ဆွဲအားမဲ့သော အာကသထဲသို့ ရောက်ရှိသွားသကဲ့သို့ အထိန်းအကွပ်မရှိ တဟုန်ထိုး ပျံလွင့်နေတော့သည်...။ သေသေချာချာမှတ်မိတာ တစ်ခုကတော့ သူ့စိတ်ထဲမှာ အဝေးတစ်နေရာမှာ ရောက်နေတဲ့ တစ်စုံတစ်ယောက်ကို အကြိမ်ကြိမ် အထပ်ထပ် တောင်းပန်နေခဲ့ခြင်းပါပဲ….။

“ခွင့်လွှတ်ပါမောင်….”

p.s- ဖြစ်ရပ်မှန်အား ကျွန်တော့်စိတ်ကူးတစ်ချို့နှင့် ဖြည့်စွက်ကာ ရေးသားထားခြင်းသာ ဖြစ်ပါသည်။

May 7, 2008

ဝမ်းနည်းကြေကွဲခြင်း...

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ကျွန်တော်တို့ချစ်သော အမိမြန်မာနိုင်ငံကြီးမှာ သမိုင်းတလျောက်တွင် အလွန်ဖြစ်ခဲလှသော ပြင်းထန်ဆိုးရွားတဲ့ သဘာဝဘေးအန္တာရယ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ လူပေါင်းများစွာ သေကြေ ပျက်စီးခဲ့ရသလို၊ ထိခိုက်ဒဏ်ရာရသူများ၊ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခရောက်သူများ ဒုနဲ့ဒေးဖြစ်ခဲ့ ရပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် ဒီဒုက္ခကို မကြုံတွေ့ခဲ့လိုက်ရပေမယ့် ကျွန်တော်တို့ရဲ့ မိသားစုများ၊ ဆွေမျိုး သားချင်းများ၊ ပြည်သူပြည်သားပေါင်းများစွာဟာ သဘာဝဘေးအန္တာရယ်ရဲ့ တိုက်ခိုက်မှုကို အပြင်းအထန် အလူးအလှိမ့် ခံစားခဲ့ရပုံတွေကို ကြားသိရရုံမျှဖြင့်ပင် လွန်စွာ စိတ်ထိခိုက်ကြေကွဲခဲ့ရပါတယ်…။ မုန်တိုင်း၏ ပြင်းထန်မှုကြောင့် ဆက်သွယ်ရေးများ အားလုံးပြတ်တောက်ကုန်ခြင်းကလည်း ကျွန်တော်တို့ကဲ့သို့သော အဝေး ရောက်နေကြသည့် မြန်မာပြည်သူ၊ ပြည်သားများအတွက် စိုးရိမ်ပူပန်စိတ်များကို ပိုမိုကြီးထွားစေခဲ့ပါတယ်။

ဒီအခြေအနေအထိ ဖြစ်လာနိုင်သည်ကို အချို့သောနိုင်ငံများနှင့် အဖွဲ့အစည်း (ပြည်တွင်း၊ ပြည်ပ) များသည် အမှန်တကယ်ပင် မသိသောကြောင့်လား၊ သိရက်နှင့်ပင် ပေါ့ဆခဲ့မိသောကြောင့်လားတော့မသိ မည်သို့သော ကြိုတင်ကာကွယ်မှု၊ ပြင်ဆင်မှုများ မပြုလုပ်နိုင်ခဲ့သည့်အတွက် အထိအခိုက်နှင့် ပျက်ဆီးဆုံးရှုံးမှုများသည် ပိုမိုများပြားခဲ့ရပါတယ်။ တကယ်လို့သာ အချိန်မှီသတင်းအချက်အလက်များနှင့် သတိပေးမှုများကို ရရှိခဲ့မည် ဆိုပါက ကြိုတင်ကာကွယ်မှုများ (သဘာဝဘေးအန္တာရယ်ဆို သည်မှာ ကာကွယ်ရန်မဖြစ်နိုင်သလောက် ခက်ခဲပါသည်) မပြုလုပ်နိုင်ခဲ့သည့်တိုင် ကြိုတင်ပြင်ဆင်မှု များပြုလုပ်ခဲ့ပါက ဖြစ်ပေါ်လာသော အကျိုးဆက် အနဲအများ အပေါ်မူတည်ပြီး ကယ်ဆယ်ရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာ၊ ပြန်လည်နေရာချထားရေး အစရှိသော လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုပြီး လျှင်မြန်ထိရောက်စွာနှင့် ပြည့်စုံလုံလောက်စွာ ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သို့သော် ယခုအချိန်တွင်တော့ အရာအားလုံးဟာနောက်ကျခဲ့ပြီ ဖြစ်ပါတယ်…။

မည်သို့ပင်ဖြစ်စေကာမူ ယခုအခါ ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူပြည်သားများသာမက၊ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် အခြားသောနိုင်ငံများမှ ပြည်သူများကပါ ကျွန်တော်တို့ နိုင်ငံအတွက် လူသားချင်း ထောက်ထား စာနာသည့် အနေဖြင့် အကူအညီများပေးရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ အခုလို အချိန်မျိုးမှာ ကျွန်တော်တို့ အနေဖြင့် သဘာဝဘေးအန္တာရယ် ဆိုးဖြစ်ပွားခဲ့ရာနေရာနှင့် လွန်စွာဝေးကွာသော ဒေသများတွင် ကိုယ်စီကိုယ်ငှ အသီးသီးရောက်ရှိနေကြသောကြောင့် ကျွန်တော်တို့ရဲ့ ကာယလုပ်အားများဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ပေးရန် မည်သို့ပင် စိတ်အား ထက်သန်နေပါသော်လည်း ၀မ်းနည်းစွာဖြင့်ပင် စိတ်နောက်ကိုယ်မပါ ဖြစ်ခဲ့ရပါတယ်…။ ထို့ကြောင့် အခုလို အချိန်မျိုးမှာ ကျွန်တော်တို့ တတ်နိုင်တဲ့ နေရာ အခန်းကဏ္ဌမှနေပြီး ကူညီထောက်ပံ့မှုများကို တတ်နိုင်သလောက် ပြုလုပ်သွားကြရမှာဖြစ်ပါတယ်…။ ကမ္ဘာအနှံရှိ မြန်မာပြည်သူ ပြည်သားများသည်လည်း ယခုအချိန်တွင် မိမိနီးစပ်ရာ အသင်း၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အကူအညီများပေးရန် အပြင်းအထန် ဆောင်ရွက်နေကြသည်မှာ အလွန်တရာပင်အားရကျေနပ်ဖို့ကောင်းလှပါတယ်…။ ထို့ကြောင့်ယခုကဲ့သို့ အရေးကြုံသောအချိန်မျိုးတွင် မိမိတတ်အားသမျှ (မည်သည့်နည်းလမ်းဖြင့်မဆို) ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေး ကြပါရန် လေးစားစွာ တိုက်တွန်းနိုးဆော်အပ်ပါသည်….။

နိုင်ငံတကာ အဖွဲ့အစည်းများ

http://www.unicefusa.org/
http://www.icrc.org/
http://www.wfp.org/english/
http://www.savethechildren.org/
http://www.worldvision.org/

United State

http://www.mahasiusa.org/
http://uscampaignforburma.org/index.php
myintw@greenmtn.edu
burmagirl@gmail.com
cyclamen.Mom@gmail.com

Singapore

အလှူကောက်ခံနေသော နေရာများမှာ-

• လင်းလက်၊ ဒုတိယထပ် Peninsula Plaza
• Sin Myanmar တတိယထပ် Peninsula Plaza
• သပြေနု (ဒေါ်သန်းသန်းနု) နှင့်
• လမ်းပြကြယ် စာကြည့်တိုက်တို့မှာဖြစ်ပါတယ်။
http://cyclonerelief.wordpress.com/

Austrilia

Dr. Soe Htet69
Glendale RoadSpringvale VIC 3171Melbourne, Australia
Mobile: +61 424 836 727
Email: dr.htet@gmail.com
http://www.soehtet.blogspot.com/

United Kingdom

1.Sayardaw U San Naw Bar Tha
Bank Name: Barclays
Account Holder Name: Mr A Candobhasa
Sortcode: 20-80-71
AccountNo: 9000 2836
Contact Info: 0787 7297 205,
email: ucandobhasa@googlemail.com
More Info: http://ko-htike.blogspot.com/

2.Burmese Student Organisation UK
Bank Name: HSBC
Account Holder Name: Burmese Student Organisation UK
Sortcode: 40-01-13
AccountNo: 4154 6694
Ref: CDA-[your mobile number]
Last Day: 10th May, 2008
Contact Info: Ko Win T - 0785 2175 467,
Ko Chan N - 0780 4725 077
More info: http://www.bsouk.org/

3.Miss Tharaphi Than
Bank Name: Barclays
Account Holder Name: Miss M T Than
Sortcode: 20-89-15
AccountNo: 6055 2232
or please send a check toMiss Tharaphi Than
SEAsia Department SOAS, University of London
London WC1H 0XG
Last Day: She is going to Burma for providing First Aid Support in next three or four days

Russia Federation

Bauman State University (BMSTU)

Naung Naung :Room no: (508) building 3A . str. Gloylanovskyar . Hostel of B.M.S.T.Uindex ( 105094) Ph: +7- 909 -157 -11- 74
For More Contact : http://blackdream21.blogspot.com (blackdream21@gmail.com)

MIET University

ကျောင်းသားများ မြန်မာပြည် မုန်တိုင်းဒဏ်ခံနေရသော ပြည်သူများ အတွက် အလှူငွေများကို အောင်စိုးလွင် (၄၄၂၃) တွင် ထည့်ဝင် လှူဒါန်းနိုင်ပါသည်။

MEPHI University

http://www.ymba-mephi.blogspot.com/

May 5, 2008

ချစ်လှစွာသော.....ဇရာ

သူ့ကိုသူ မှန်ထဲတွင် တော်တော်ကြာကြာကြီးကို သေသေချာ စိုက်ကြည့်နေလိုက်မိသည်…။ ဦးခေါင်းထက်တွင် နှစ်ပေါင်းများစွာ တိုက်စားမှု အမျိုးမျိုးကြောင့် ဖြူစွတ်နေပြီဖြစ်တဲ့ သူ့ရဲ့ ဆံပင်များကို သူပထမဆုံး သတိ ထားမိလိုက်ပါတယ်…။ တစ်ချိန်တုန်းက ဆီလိမ်းဖို့ မလိုလောက်အောင် နက်မှောင် ပျော့ပျောင်းနေခဲ့တဲ့ သူ့ရဲ့ ဆံစတွေဟာ အခုအခါမှာတော့ လောကကြီးအား လက်နက်ချလိုခြင်း ကြောင့်လော၊ သူ့ရဲ့ခန္ဓာကိုတွင်း ဇီဝဖောက်ပြန်မှုများကြောင့်လော ဒါမှမဟုတ် တရားဓမ္မကြောင့် ငြိမ်းချမ်းနေပြီ ဖြစ်သော သူ့စိတ်အစဉ်ရဲ့ ဖြူစင် လာမှုတွေကို သက်သေထူသည့်အနေနှင့်လောမသိ အဖြူရောင် သင်္ကတတွေဖြင့် သူ့ဦးခေါင်းထက်တွင် ငြိမ်းချမ်းစွာ လှဲလျောင်း နေပြီဖြစ်ပါတယ်…။ တစ်ချိန်က ဒီဆံစတွေကို မကြာခဏနမ်းရှိုက်ခဲ့ဖူးသော၊ နူးညံ့လှပ သော လက်ချောင်းများနှင့် ယုယစွာ ဖြီးသင်ပေးခဲ့ဖူးသော သူမသည်လည်း အခုဆို သူ့အားဦးစွာစွန့်ခွာ သွားခဲ့ သည်မှာ ၅ နှစ်ပင်ကျော် ခဲ့ပါပြီ…။

ဆံစတွေရဲ့ အောက်မှာတော့ သူဘ၀တစ်လျောက်မှာ ဖြတ်သန်းခဲ့တဲ့လမ်းများကို ကိုယ်စားပြုနေသည့် အလား မရေမတွက်နိုင်တဲ့ အကြောင်းလေးများက ထင်းနေပါတယ်…။ မဟုတ်ဘူး…။ သူပြန်စဉ်းစား မိသည်..။ ဒါတွေ ဟာ သူ့ဘ၀တစ်လျောက် မကြာခဏ ရင်ဆိုင်ကြုံတွေ့ခဲ့ရဖူးတဲ့ တွန့်ဆုတ်ခဲ့မှုတွေကို သက်သေပြနေတာ လည်း ဖြစ်နိုင်တယ်…။ ဒါကြောင့်လည်း ဒီအကြောင်းလေးတွေဟာ ဖြောင့်တန်းမနေပဲ တွန့်ကောက် နေတာပေါ့…။ သေသေချာချာထပ်စဉ်းစားတော့ အဖြေကမရေမရာ…။ တွန့်ဆုတ်ခဲ့မှုတွေကြောင့်လို့ချည်း ပြောရအောင် သူလျှောက်ခဲ့တဲ့ လမ်းတွေကရော အမြဲဖြောင့်တန်းပြီး အဆင်ပြေ ချောမွေ့ခဲ့လို့လား…။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလမ်းတွေကို သူလျောက်ခဲ့ဖူးတာရော…။ အကြိမ်ပေါင်းများစွာ သူတွန့်ဆုတ်ခဲ့ဖူးတာ တွေရော… အရာအားလုံးသည် သူ့အတွက်တော့ အမှန်တရားများသာ ဖြစ်ပါတယ်…။ အဲ့ဒီလမ်းတွေပေါ်မှာ သူ လူပေါင်းများစွာနဲ့ ဆုံဆည်းခဲ့ဖူးပါတယ်…။ မပြည့်စုံသေးပါဘူး…။ ဟုတ်တယ်…။ လူပေါင်းများစွာနဲ့လည်း ခွဲခွာခဲ့ဖူးတယ်…။ တစ်ချို့ကို သူကခွဲခွာခဲ့ တယ်…။ တစ်ချို့က သူ့ကိုခွဲခွာခဲ့တယ်…။ အဲ့ဒီခွဲခွာခဲ့တဲ့ သူတွေထဲမှာ မှ သူ့အတွေးတွေထဲမှာ ထာဝရ ရှင်သန်နေခဲ့တာကတော့ သူမတစ်ယောက်ထဲပါ…။

သူမှန်ကို ကြည့်သာကြည့်နေရသည် သူ့အမြင်တွေဟာ ပုံမှန်တော့ ဖြစ်မနေခဲ့ပါ…။ အရာရာဟာ ပြတ်ပြတ် သားသားမရှိေ၀၀ါးဝါးသာ ဖြစ်နေခဲ့ပါတယ်…။ သူ့ရဲ့အမြင်အာရုံတွေက သူ့ရဲ့အသိစိတ်ကို ကောင်းကောင်း ပုံ ဖော်ပြမနေနိုင်တော့ပေမယ့်…။ သူ့ရဲ့ အသိစိတ်တွေနဲ့ မသိစိတ်တွေကတော့ သူ့ရဲ့ အာရုံတွေကို ကောင်း ကောင်း ပုံဖော်နေနိုင်ပါသေးတယ်…။ ခန္ဓာသည် အချိန်နှင့် လိုက်လျောညီထွေသော ဖွဲ့စည်း ဖြစ်တည်မှုကို သဘာဝအလျောက် ပေးလေသည်။ ဒီမျက်ဝန်းများသည် နှစ်ပေါင်းများစွာ မရေမတွက်နိုင်သည့် အရာများကို မြင်ခဲ့ပြီးပြီဖြစ်သည်။ တစ်ခါတစ်လေ ကြည်နူးပျော်ရွှင်ဖွယ်ရာများ၊ တစ်ခါတစ်လေတွင်တော့ လောကရဲ့ မတရားမှုများနှင့် အနိဌာရုံများ…။ သေချာတာတစ်ခုကတော့ ဒီအရာတွေအားလုံးကို သူမကြည့်ခဲ့ပါ…။ သို့သော်…။ သူမြင်ခဲ့ရပါတယ်…။ တစ်ချို့အရာတွေ ကိုသူကိုယ်တိုင် တကူးတက အပင်ပန်းခံရှာဖွေပြီး ကြည့်ရှု ခဲ့ဖူးပါတယ်…။ ဒါပေမယ့် တစ်ချို့အရာတွေကတော့ သူမကြည့်ချင် မမြင်ချင်ပါပဲနဲ့ သူ့ရှေ့ကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာခဲ့လို့ သူမြင်ခဲ့ရ ဖူးပါတယ်…။ ဘာပဲ ဖြစ်ဖြစ်အခုအချိန်မှာတော့ ဇရာက သူ့အား… မမြင် သင့်တာတွေ၊ လောကရဲ့ အနိဌာရုံတွေအား မမြင်ရလေအောင် သူ့အမြင်အာရုံတွေကို သဘာဝအလျောက်ေ၀၀ါး စေခဲ့ပါပြီ…။ ဒါပေမယ့် သူ့အမြင်တွေထဲတွင် ဘယ်တော့မှေ၀၀ါးမသွားနိုင်တဲ့ ပုံရိပ်တစ်ခုကတော့….။ သူမ…..။

အမြင်အာရုံတွေတင် မကတော့ပါ…။ သူ့ရဲ့အကြားအာရုံတွေဟာလည်း အခုဆိုလျင် အားနည်းစပြု လာပြီ ဖြစ်ပါတယ်…။ ကောင်းပါတယ်လေ…။ လောကရဲ့ ငိုကြွေးသံတွေ၊ လောကဓံရဲ့ စိန်ခေါ်သံတွေ အရင်ကထက် ကြားရတာ ပိုနည်းသွားတာပေါ့…။ အင်း… အသံ ၂ ခုကလွဲရင်ပေါ့လေ…။ ပထမ အသံကတော့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင် မည်သည့်အခါကမှ ရိုးသွားခြင်းမရှိတဲ့ နူးညံ့သော၊ နွေးထွေးသော ဂရုစိုက်မှုတွေ၊ နွေးထွေး မှုတွေနဲ့ ပြည့်နှက်နေတဲ့ သူမရဲ့အသံပေါ့…။ ဒီအသံကတော့ သူ့ရဲ့ စိတ်အစဉ်ကို လွန်လေပြီးသော နှစ်ပေါင်း များစွာကအတိုင်း ငြိမ့်ညောင်းစေဆဲ၊ သာယာစေဆဲပါ။ ဒုတိယအသံ….။ ဒီအသံကတော့ အခြားသော အသံတွေ တိုးတိုးသွားသည်နှင့်အမျှ အဲဒီ့ ဒုတိယအသံ ကပိုပို ကျယ်လောင်လာခဲ့သလို…။ ကြားနေရတဲ့ အကြိမ်အရေ အတွက်ကလည်း အရင်ကထက် ပိုမိုများလာခဲ့ပြီကို သူကောင်းကောင်း သတိထားမိခဲ့ပါတယ်…။ သူပြုံးမိသည်… ဒီအသံသည် အခြားသူများ အတွက်တော့မသိ…။ သူ့အတွက်တော့ ဒီအသံကို ပြုံးပြီးကြားနိုင်သည့် ခံနိုင်ရည်နှင့် ပြင်ဆင်မှု အပြည့်ရှိနေခဲ့ပြီ ဖြစ်သည်…။ သေခြင်းတစ်ရားရဲ့ ခေါ်သံသည် သူ့အတွက်တော့ ဓမ္မဥဒေါင်းမှ တွန်ကျူး လိုက်သော အိုးဝေသံများပင် ဖြစ်ပါတော့သည်…။

သူမှန်ရှေ့မှ ထွက်ခွာလိုက်ပြီး အိပ်ယာပေါ်တွင်လှဲလျောင်းကာ မျက်စိများကို မှိတ်ထားမိလိုက်ပါတယ်။ သူနှစ် ပေါင်းများစွာကတည်းက သိထားခဲ့ပြီးသော အသိတရား တစ်ခုဖြစ်ပါတယ်…။ လောကရဲ့ အချို့သောအရာများ သည် မျက်လုံးများကို ခေတ္တဖြစ်ဖြစ် မှိတ်ထားမှသာလျှင် မြင်နိုင်စွမ်းရှိပါသည်…။

သူ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသည့် မိမိကိုယ်ကို ပြန်လည်စမ်းစစ်မှုကို ပြုလုပ်နေမိပါတယ်…။ သူသည် လည်း ပုထုဇဉ် လူသားတစ်ယောက် ဖြစ်ခဲ့သည့်အတွက် မည်သို့မျှ အမှားများနှင့် မကင်းနိုင်ခဲ့ပါ။ ရှစ်ပါးထက် မပိုသော လောကဓံလှိုင်းများပေါ်တွင်လည်း နိမ့်လိုက်မြင့်လိုက်၊ တက်လိုက်ကျလိုက်ဖြင့် သူစီးနှင်းလိုက်ပါခဲ့ဖူးပြီ ဖြစ်ပါတယ်…။ တကယ်တော့ လောကဓံတရားဟာ ကောင်းခြင်းလေးမျိုး၊ မကောင်းခြင်းလေးမျိုးဖြစ် ဖွဲ့စည်း ထားခြင်းပါ…။ လောကအား မည်သည့်အကြောင်းနှင့်မှ မည်တွန်တောက်တီး အပြစ်ဆိုနေစရာ အကြောင်း မရှိပါ။ ၄ ပါးစီရှိသော လောကဓံပေါ်တွင် မိမိကိုယ်ကို ဘက်ညီမျှတစွာ ရပ်နိုင်အောင် ကြိုးစားဖို့သာ လိုပါသည်။ မည်သို့ပင်ဖြစ်စေ လောကကြီးသည် သက်ရှိ၊ သက်မဲ့အားလုံးအတွက် တရားမျှတစွာ စီစဉ်ပေးထားပြီးသား ဖြစ်ပါတယ်…။ သူကြွေးဟောင်းများကို လည်းတတ်နိုင်သလောက် ကြိုးစားဆပ်ခဲ့သလို…။ ကြွေးသစ်များကို လည်း တာဝန်ကျေပွန်စွာ ဖန်တီးပေးခဲ့ပြီးပါပြီ…။ သူ့ဘ၀တစ်လျှောက် တတ်နိုင်သမျှ အတ္တဟိတနှင့် ပရဟိတ ကို သမာအာဇီဝနည်းဖြင့် ဖြည့်ဆည်းခဲ့ပြီးလဲ ဖြစ်ပါတယ်….။

သူတွေးလက်စ အတွေးအားလုံးကို ရပ်တန့်လိုက်ပြီး ကုတင်ဘေးက ခုံပေါ်တွင်တင်ထားတဲ့ စီးကရက်နှင့် မီးခြစ်ကိုလှမ်းယူပြီး မီးညှိလိုက်ပါတယ်…။ နီကိုဒင်းများကို ခန္ဓာကိုယ်အတွင်းသို့ တယုတယ ရှိုက်သွင်းကာ သိမ်းဆည်းရင်း သူ့ကိုယ်သူ စကားတစ်ခွန်း ခပ်တိုးတိုးပြောလိုက်မိပါတယ်…။

“မင်းသော်….. မင်းဆေးလိပ်ဖြတ်မှ ဖြစ်တော့မယ်”

p.s- ဒီနေ့ (မေလ ၅ ရက်) နေ့မှာကျရောက်တဲ့ ကျွန်တော်ချစ်သော အဖိုးရဲ့မွေးနေ့ အမှတ်တရ ဖြစ်ပါတယ်။





May 3, 2008

နိစ္စဓူဝ မနက်ဖြန်...!

အချိန်က ညနေစောင်းနေပါပြီ…။ မှောင်စပျိုးနေပြီဖြစ်ပြီး မကြာခင် နေ့တစ်နေ့ရဲ့ နောက်ဆုံး အလင်းစက်များ ပျောက်ကွယ်တော့မှာ ဖြစ်ပါတယ်…။

“အင်း…။ ငါဆိုင်သိမ်းမှ ဖြစ်တော့မယ်…။” လို့တွေးရင်း သူ, သူ့ရဲ့အရှေ့ဖြန့်ထားတဲ့ ပစ္စည်းတွေကို စပြီးသိမ်း ပါတော့တယ်…။ သူရဲ့ လမ်းဘေးဗျက်ခင်း ဆိုင်လေးတည်ရှိရာ နေရာလေးသည်လည်း လူပြတ်စပြုနေပါပြီ..။ သူဆိုင်သိမ်းလက်စအချိန်မှာပဲ ဆိုင်ရှေ့က လူနှစ်ယောက် စကားပြောရင်း ဖြတ်သွားတာတွေ့တော့…သူတို့ များ ၀ယ်ကြအုံးမလား မသိဘူးဆိုတဲ့ နေ၀င်ချိန် မျှော်လင့်ချက်တစ်ခုနဲ့ သူလှမ်းကြည့် မိလိုက်ပါသေးတယ်…။ ဒါပေမယ့် အဲဒီ့လူတွေကတော့ မသိလိုက် မသိဖာသာပဲ သူတို့လမ်းကို သူတို့ စကားတစ်ပြောပြောနဲ့ ဆက်ပြီး လျှောက်သွားတာ သူ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်တွေ တစ်လက်လက်ထနေတဲ့ အကြည့်တွေကို နဲနဲလေးမှ သတိထားမိလိုက်ပုံတောင် မရပါဘူး….။ “အင်းလေ မျှော်လင့်ချက်ဆိုတာ အချိန်နဲ့ နေရာ မှန်ကန် ကိုက်ညီမှ ပွင့်တဲ့ပန်းတစ်မျိုးပဲ နေ့တိုင်းတော့လည်း ဘယ်ပွင့်နိုင်ပါ့မလဲ…”

သူ ပစ္စည်းတွေ သိမ်းပြီးတဲ့နောက်မှာတော့ နေ့စဉ်အိမ်ပြန်နေကြ လမ်းလေးအတိုင်းပဲ ပစ္စည်းတွေကို ထမ်းပြီး ပြန်လာခဲ့ပါတယ်…။ သူလျှောက်နေတဲ့လမ်း…၊ သူလျှောက်နေတဲ့ အချိန်က ချစ်သူတွေ အတွက်ဆိုရင်တော့ တကယ်ကို သာယာကြည်နူးဖို့ကောင်းတဲ့ အချိန်နဲ့ နေရာမျိုးလေး တစ်ခုပါ…။ ဒါပေမယ့် ဒါတွေကို သူဘယ်လို သတိထားပြီး စဉ်းစားနေနိုင်ပါ့မလဲ…။ သူ့အတွေးထွေထဲမှာတော့….

“ငါမနက်ဖြန် ဟိုလူကောင်တွေနဲ့တွေ့ပြီး နေရာသစ်တစ်ခုရှာခိုင်းထားတဲ့ ကိစ္စကို မေးဦးမှပဲ…။ ဒီကောင်တွေ ငါကို့လဲ ဘာမှအကြောင်းမကြားဘူး…။ ခွင်တဲ့နေလို့များ ငါမသိအောင် ကြိတ်ပြီးလုပ် နေကြပြီလားမသိဘူး…။ ဘာပဲဖြစ်ဖြစ် နေရာကောင်းသာဆိုလို့ကတော့ သူများတွေ တဖြေးဖြေးများ မလာခင် ဖောက်သည် ကောင်း ကောင်းတွေရအောင် အမြန်လက်ဦးထားဦးမှပဲ…။ ဟာ…ငါမေ့နေ လိုက်တာ အိမ်ကအငယ်ကောင်လေး ဖျားနေ လို့ ငါ့ကိုဆေးမှာလိုက်သေးတာပဲ…။ ဒုက္ခပါပဲ နွေရာသီမှိ့ မမှောင်သေးပေမဲ့ အချိန်က ၉း၀၀ နာရီထိုး တော့မယ် ဆေးဆိုင်တွေမှ ဖွင့်သေးရဲ့လားမသိဘူး..။ ဟိုရှေ့နားမှာတော့ ၂၄ နာရီဖွင့်တဲ့ ဆေးဆိုင်တစ်ခု ခါတိုင်းနေ့တွေက သတိထားမိတယ်…။ ဒါပေမယ့် အဲဒီ့ဆိုင်မှာ လာလာဝယ်နေကြတဲ့သူတွေက သူဌေးတွေ အများသား…။ ဆေးက ဈေးများကြီးနေမလား မသိဘူး…။ ငါ့မှာပါတဲ့ ပိုက်ဆံနဲ့ရော လောက်ပါ့မလားမသိ…။ ခက်တာပဲ ဒီရက်ပိုင်း ရောင်းလို့ကလည်း သိပ်မကောင်း…။ ဒီနေ့ဆို ပိုတောင်ဆိုးသေးတယ်…။ ဒီကောင်လေး ကလည်း ဒီလိုရောင်း မကောင်းတဲ့နေ့မျိုးတွေမှ နေမကောင်း ဖြစ်ရတယ်လို့ကွာ….။ ထားလိုက်ပါလေ…ဘာပဲ ဖြစ်ဖြစ်ဝင်တော့မေး ကြည့်လိုက်ပါအုံးမယ်…။ ပိုက်ဆံထက် ငါ့သားလေးရဲ့ ကျန်းမာရေးက ပိုပြီးအရေးကြီး ပါတယ်…။" ကံကြမ္မာဆိုတာကလည်း ခက်သားလားဗျာ…။ တစ်ခါတစ်လေ အဲဒီ့ကောင်ကြီးကို ရေခဲသေတ္တာထဲ ထည့်ပြီး ရေခဲရိုက်ထားချင်တယ်…။

နောက်ထပ်ခြေလှမ်း လေးငါးဆယ်လောက်ဆို သူနေထိုင်ရာ တိုက်ခန်းသေးသေးလေးသို့ ရောက်ရှိတော့မှာ ဖြစ်ပါတယ်…။ ဒီနေရာလေးမှာ သူတို့မိသားစု နေထိုင်လာခဲ့တာ အခုဆို ဆယ်စုနှစ်တစ်ခုနီး ပါးရှိတော့မယ်…။ သူတို့ရဲ့ ကျဉ်းမြောင်းလှတဲ့ အဲ့ဒီ့ခိုနားရာ အိမ်ခန်းလေးတည်ရှိရာနေရာဟာ မြို့ထဲနဲ့ဆို တော်တော်လေးကို လှမ်းတဲ့နေရာမှာတည်ရှိပါတယ်…။ ဒီနေရာလေးက အမှန်ဆိုသူအလုပ်လုပ် ရာနေရာတွေအတွက် အင်မတန် ကို သွားရလာရခက်ခဲပါတယ်…။ ဒါပေမယ့်လည်း ဒီနေရာလေးကို ပိုင်ဆိုင်နေထိုင်ခွင့်ရခဲ့တာကပဲ သူ့အတွက် တကယ်ကို အဖိုးတန်တဲ့ ဆုလာဒ်တစ်ခုဖြစ်ခဲ့ပါတယ်…။ အစစ အရာရာ ဈေးနှုန်းတွေကြီးပြီး ကမ္ဘာ့လူနေမှု စရိတ် အမြင့်မားဆုံး မြို့တွေထဲမှာ တတိယ လိုက်နေတဲ့ ဒီလိုမြို့မျိုးမှာ ကိုယ်ပိုင်အိမ်ခန်းလေး တစ်ခုကို သေး သေးလေးပင်ဖြစ်စေ ပိုင်ဆိုင်ဖို့ဆိုတာ တကယ်ကို ပြင်းထန်တဲ့ စိန်ခေါ်မှုတစ်ရပ်ပါပဲ….။ သူ..သူ့အိမ်ခန်းလေး ရှေ့ ရောက်ပြီ ဆိုရင်ပဲ တစ်ခုခုကို စပြီးသတိ ထားမိလိုက်ပါတယ်…။ “အင်း…ဒီပြတင်းပေါက်က မှန်လေးကွဲနေ တာ အသစ်လဲအုံးမှပဲ။ ဆောင်းတွင်း ဆိုလဲဒီနေရာက လေတစ်အားဝင်တယ်…။ အခုအငယ်ကောင် ဖျားတာလဲ ဒီပြတင်းပေါက်က၀င်တဲ့ လေစိမ်းတွေ ကြောင့်လည်း ဖြစ်နိုင်တယ်...” သူ့ရဲ့ အဲဒီလို အိမ်ထဲဝင် ခါနီးတိုင်း တွေးလေ့ရှိတဲ့ အဲဒီ့အတွေးလေးကို တစ်စုံတစ်ယောက်ကသာ စနစ်တကျ မှတ်တမ်းတင် ရေတွက်ထားမယ် ဆိုပါက အကြိမ်ပေါင်း ၃၀၀၀ ကျော်နေမှာ သေချာပါတယ်…။ သူတံခါးကိုဖွင့်ပြီး အိမ်ထဲကို အရင်နေ့တွေက လိုပဲ ၀င်ရောက် ခဲ့ပါတယ်…။ “ တကယ်တော့ အိမ်ဆိုတာ လူတစ် ယောက်အတွက် ဘ၀မှာ အငြိမ်းချမ်းဆုံးနဲ့ အလုံခြုံဆုံးနဲ့ ဘ၀အမောတွေ အပြေစေနိုင်ဆုံး နေရာတစ်ခုပါပဲ….”

“ ရှင်ဒီနေ့ ပြန်လာတာ စောတယ်နော်…” သူ့ကိုလည်းမကြည့် နာရီကိုပဲ မကြည့်ပဲနဲ့ ဘယ်လို နောက်ကျမှန်း သိနေသလဲ မသိသော သူ့မိန်းမရဲ့ နှုတ်ဆက်စကားဟာလည်း သူ့အတွက် အထူး အဆန်းတစ်ခု မဟုတ်ခဲ့တာ ကြာခဲ့ပါပြီ…။ သူပထမဆုံး တစ်လမ်းလုံးထမ်းလာတဲ့ ပစ္စည်းအထုပ်ကို အခန်းရဲ့ထားနေကြ ထောင့်တစ်နေရာ မှာ ထားလိုက်ပြီး အငယ်ကောင်လေးရဲ့ အခြေအနေကို သွား ကြည့်လိုက်ပါတယ်။ “အင်း…အိပ်ပျော်နေတာပဲ” ။ သူအိမ်ထဲကို တစ်ချက်လောက် သတိထားပြီး ကြည့်လိုက်တော့ အကြီးကောင်ကို မတွေ့ပါ…။ “ ဒီကောင် ပြန်မ လာသေးဖူးထင်တယ်…။ ငါ့သားကြီး လဲဈေးထဲမှာ အထုပ်တွေ လိုက်ထမ်းပေးရတာ တော်တော်ပင်ပန်း လောက်ပြီ…။ မနက်ဖြန်ဟိုကောင် တွေနဲ့ တွေ့ရင် ငါ့သားကြီးအတွက် အလုပ်တစ်ခုခုလောက် အကူအညီ တောင်းကြည့်ရမယ်…။ ဟား.. ပြောမဲ့သာ ပြောတာ အဆင်ပြေမှာ မဟုတ်လောက်ပါဘူး…။ သူ့ဘာသာသူ ဒီအလုပ်ပဲ ဆက်လုပ်ပါ စေတော့…။” သူရေချိုးပြီးထွက်လာတော့ ညစာစားဖို့ အဆင်သင့် ပြင်ဆင်ပြီး အိမ်ရှင်မ က စောင့်နေပါပြီ။ “ ဘယ်လိုလဲ မင်းရော အလုပ်တွေ အဆင်ပြေရဲ့လား…ငါတော့ ဒီရက်ပိုင်း ရောင်းမကောင်း ဖူးကွာ…” “အင်း… ကျွန်မလဲ ဒီလိုပါပဲ ဒီရက်ပိုင်း သိပ်ဝင်ငွေမကောင်းဖူး… ကျမထိုးနေကြ မြေအောက် ဘူတာ နေရာမှာကလည်း ရဲတွေက ခဏခဏလိုက်ဖမ်းနေတော့ နေရာခဏခဏ ပြောင်းပြေးနေရတယ်…။ ဒီကြား ထဲ.... ဒီနေ့ တယောက ထိုးနေရင်းနဲ့ ကြိုးတစ်ချောင်း ပြတ်သွားလို့ စောစော ပြန်လာခဲ့ရတယ်။ ညနေ ရုံးဆင်းချိန်လေးတောင် မစောင့်နိုင်လိုက်ဖူး…။ အမှန်က အဲလိုအချိန်မျိုးကမှ ပိုက်ဆံပိုရတာ…။” မထူးဆန်းပါဘူး ဗျာ တစ်ခါတစ်လေတော့လည်း ဘ၀ထဲမှာ တယောကြိုးလိုပဲ အချိန်ကောင်းရောက်မှ ကြိုးပြတ်သွားလို့ လွတ်သွားခဲ့ရတဲ့ အခွင့်အရေးတွေ မနည်းတော့ဖူး မဟုတ်လား…

အချိန်ကို ကြည့်တော့ ည ၁၂ နာရီထိုးဖို့ ၁၅ မိနစ်သာလိုတော့သည်…။ သူထမင်းစားသောက်၊ ခဏနား၊ အလုပ်ရှင်ထုတ်ပေးထားသော Uniform ကိုလဲလိုက်ပြီး သူတို့ အိမ်နဲ့ မလှမ်းမကမ်း နေရာလောက်မှာရှိတဲ့ ကားဂိုထောင်တစ်ခုမှာ ညစောင့်တာဝန်ထမ်းဆောင်ဖို့ အိမ်အပြင်ကို ထွက်လိုက်ပါတော့တယ်…။ “ သြော်…အဖေ သွားတော့မလို့လား…”သူ အကြီးကောင်အား ခေါင်းတစ်ချက်မျှသာ ညိတ်ပြလိုက်ပြီး လမ်းဆက်လျှောက် ခဲ့ပါတယ်…။ “ ဒီညတော့ ငါ့အဖော်နဲ့ တိုင်ပင်ပြီး ပိုင်ရှင်ကို လခ တိုးပေးဖို့ ပြောရင်ကောင်းမယ်…။ ဟား…ပြောသာပြောရတာ လခတိုးတောင်းတာကို ပိုင်ရှင်က မကျေနပ်လို့ ကန်ထုတ်လိုက်မှ ရှိပြီးသား နေရာလေးပါ ပျောက်သွားအုံးမယ်…။ မဖြစ်သေးပါဖူး…။” သူ့ရဲ့အတွေးဟာ သူ့အိမ်နဲ့ ကားဂိုထောင်တည်ရှိရာ ၁၅ မိနစ်ခန့် အကွာအဝေးအတွက် နေ့စဉ် တွေးရန် လုံလောက်စွာ တိုတောင်းသော အတွေးတစ်ခုသာ ဖြစ်ခဲ့ပါတယ်..။ “တကယ်လို့သာ” ဆိုတဲ့ အတွေးတစ်ခု ဒါမှမဟုတ် အခြေအနေတစ်ခုသာမရှိခဲ့ရင် ကျွန်တော်တို့ ဒီလောကကြီး ထဲမှာ နေရတာပိုမိုပြီး သက်တောင့် သက်သာ ဖြစ်သွားလောက်ပါတယ်...။

“ဟေ့ကောင် ပြန်မယ်...။ ထတော့ ၇ နာရီထိုးပြီ…” သူ့အလုပ်ဖော်ရဲ့ နှိုးသံကြားမှပဲ သူနာရီကို သတိထားပြီး ကြည့်လိုက်မိပါတယ်…။ “ငါ ဒီနေ့ မြို့ထဲရောက်ရင်တော့ နာရီ ဓာတ်ခဲလဲဦးမှ ဖြစ်တော့မှာပါလေ…” တစ်ညလုံး တစ်ယောက်တစ်လှည့် တစ်နာရီခြားစီ အိပ်လိုက်စောင့်လိုက် လုပ်ခဲ့ရသောကြောင့် အိပ်ရေးက ဘယ်လိုမှကို မ၀နိုင်တဲ့ အပြင်ခေါင်းထဲမှာလည်း ငြီးစီစီ ဖြစ်နေပါတယ်…။ ဒါပေမဲ့ အဲ့ဒီလို ဖြစ်နေရတဲ့ အရသာကိုက သူ့အတွက် နေ့စဉ်စားနေကြ နံနက်စာ တစ်ခုအလား တော်တော်ကို နေသားကျနေခဲ့ပါပြီ…။ အိမ်ကိုရောက် တော့ မိန်းမရော...အကြီးကောင်ရော မရှိကြတော့ပါ…။ ဒီအချိန်ဆို သူတို့ ကိုယ့်အလုပ်ကိုယ်သွားကြပါပြီ…။ ထမင်းစားပွဲပေါ်မှာတော့ သူ့အတွက် တင်ထားပေးခဲ့တဲ့ မီးကင်ထားတဲ့ ပေါင်မုန့်ကြမ်းနဲ့ ကော်ဖီခွက်ဟာ လည်း အချိန်အတော် ကြာကြာကတည်းက အေးစက်နေခဲ့ပြီ ဖြစ်ပါတယ်…။ နံနက်စာ စားပြီးတော့ သူအငယ်ကောင်လေးကို သတိတရ သွားကြည့်လိုက် မိပါသေးတယ်…။ မတွေ့…။ “အင်း..ကောင်လေး နေကောင်းသွားလို့ သူ့အမေ ဒီနေ့ခေါ်သွားတယ် ထင်တယ်… ကောင်းပါတယ်လေ… ကလေးပါတော့ ပိုက်ဆံ ပို ရနိုင်တာပေါ့…”

ဒီအချိန်မှာတော့ သူ့ရဲ့ စံပျော်ရာ နန်းတော်တစ်ခုလုံးမှာ သူတစ်ယောက်တည်းပဲ ရှိနေပါတော့တယ်..။ ပန်းကန်စင်ပေါ်မှာ တင်ထားတဲ့ ဗော်ကာ ပုလင်းကို ကြည့်လိုက်တော့ နှစ်ပက်စာလောက် ကျန်နေပါ သေးတယ်..။ သူလည်းလက်ကျန်လေးကို ခဏအတွင်း ရှင်းလိုက်ပြီး အိပ်ခန်းထဲဝင်ကာ ကုတင်ပေါ်ကို ပြစ်လှဲချ လိုက်ပါတယ်…။ “အင်း ငါဒီနေ့ ဟိုကောင်တွေနဲ့ တွေ့ဖို့ချိန်းထားသေးတယ်… အိမ်ကနေ ၁၂ နာရီလောက် ပြန်ထွက်မှ ဖြစ်မယ်…။ ဒီကောင်တွေနဲ့ စောစောတွေ့ပြီးမှ ငါရောင်းနေကြနေရာမှာ နေရာကောင်းရနိုင်မှာ…တော်ကြာ နောက်ကျသွားရင် သူများတွေဦးသွားအုံးမယ်…။ ဟင်း….”

မကြာပါဘူး....။ သူအိပ်ပျော်သွားပါတယ်….။ မနက်ဖြန်များစွာ အတွက် သူအားမွေးရပါအုံးမယ်…..။
p.s- ဒီနေ့ညနေ ကျွန်တော်နဲ့ ကျွန်တော့သူငယ်ချင်း တစ်ယောက် အပြင်ကအပြန် လမ်းဘေးမှာ DVD ချပ်တွေ ချရောင်း နေတဲ့ဈေးသည်ရဲ့ ပစ္စည်းတွေ သိမ်းရင်း ကျွန်တော်တို့ကို လှမ်းကြည့်လိုက်တဲ့ မျက်ဝန်း တစ်စုံကို အခြေခံပြီး ရေးထားခြင်း ဖြစ်ပါကြောင်း...။