Feb 3, 2008

ပေါက်ကွဲခြင်း...

မကျေနပ်ရင်
ရိုက်သတ်လိုက်
မျက်ရည်တွေနဲ့တော့
ငါ့ကို အဆိပ်လာလာ မခတ်နဲ့...။

လုပ်ချင်တာ လုပ်ပြီးမှ
ဒီလောက်လေးတောင် နားမလည်ပေးနိုင်ဘူးလား
ဆိုတဲ့ စကားလုံးတွေနဲ့
ငါ့နားတွေကို မုဒိန်း လာလာမကျင့်နဲ့....။

ငါ့အတ္တကို ငါကိုယ်တိုင် ခုံရုံးတင်
သေဒဏ်ချ ကြိုးမိန့် ပေးပြီတာတောင် မကျေနပ်သေးရင်
လာ...
ငါ့ဝိဥာဉ်ကိုပါ တစ်သက်လုံး ချုပ်ထားလိုက်...။

ဒါမှ မကျေနပ်သေးရင်လဲ
ကိုယ့်ဘာသာကိုယ်သာ
လောင်တိုက်ထဲ ၀င်ပြီး
အဆုံးသာ စီရင်လိုက်တော့....။ ကြားလား..?

မှတ်ချက်။ ။ စကားလုံးများ ကြမ်းတမ်းသည်ဟု ထင်ပါက သည်းခံပေးကြပါရန်။

အစမရှိသောကြောင့် အဆုံးမရှိပါ...

"ပလုံ..."
သွား....ပြန်ပြီ
ငါ့အိပ်မက်တစ်ခု။

နေအထွက်မှာ
ရွှေခွက်နဲ့ခံဖို့ မပြောနဲ့
တစ်ရက်စာ ဘ၀တစ်ခုကို သစ်ဖို့
ရေခွက်တောင် မနည်းရှာနေရတယ်။

ခဏခဏ တိုက်စားတာခံရလို့
ငါ့မျှော်လင့်ချက် ကမ်းခြေက
ကျောတစ်ခင်းစာတောင်
မကျန်တော့ပါလား။

အိပ်မက်တွေ ပိုးစိုးပက်စက်
အရည်ပျော်နေတာများ
ငါ့ကိုငါ မှန်ထဲတောင် မကြည့်ရဲတော့ဘူး။

တိုက်ပွဲတစ်ခု စမယ်မှ
မကြံသေးဘူး
ငါ့ဘ၀တွေက အံဖက်စို့နေပြီ
ကဲ...ငါဘာဆက်လုပ်ရမလဲ။

နောက်ဆုံးစုပ်ကိုင်ခဲ့တဲ့
ကောက်ရိုးတစ်မျှင်က
ငါ့ကိုပြုံးပြီးပြောတယ်...

" မင်းစွဲလိုက်တဲ့ ငါကကောက်ရိုးတစ်မျှင်
မဟုတ်ဖူး...ဘ၀တစ်ခုလုံးကို ဖျက်ဆီးမယ့်
ဗုံးတစ်လုံးရဲ့ စနက်ကြိုး.." တဲ့

ဘာပြောခြင်ကျသေးလဲ..?
ကဗျာက ဆုံးနေပြီ....။ ။