Mar 20, 2008

အောက်ပါ မေးခွန်းများအား ဖြေဆိုပါ။

မေးခွန်း (၁)

စကြာဝရာ အတွင်းမှ ကြယ်တစ်စင်း၏ အလင်းသည် ကမ္ဘာမြေပေါ်သို့ ရောက်ရှိဖို့ နှစ်ပေါင်း (၁)သိန်း သို့မဟုတ် နှစ်ပေါင်း (၁)သန်း ကြာမြင့်ပါသည်…။ ထိုသို့ဆိုလျှင် သင်၏ သင့်ချစ်သူအပေါ် ထားရှိသော စစ်မှန်သည့် မေတ္တာတရား တစ်ခုသည် သင့်ချစ်သူ၏ ရင်ခွင်အတွင်းသို့ ရောက်ရှိဖို့ အချိန်မည်မျှ ကြာမည်ဟု သင်ထင်ပါနည်း….။

အဖြေ။ ။

မေးခွန်း (၂)

ထိုကြယ်တစ်စင်း၏ အလင်းသည် ကမ္ဘာမြေပေါ်သို့ မည်သည့် ကြားခံဒြပ်ထုမှ မရှိဘဲ လေဟာနယ် ကို ဖြတ်၍ ကမ္ဘာမြေပေါ်သို့ ကျရောက်နိုင်ပါသည်…။ သို့သော် အဘယ်ကြောင့် မေတ္တာတရား ဟူသော အလင်းတန်း တစ်ခုသည် ခံစားတတ်မှု၊ တန်ဖိုးထားမှု၊ မြတ်နိုးမှု ဟူသော ကြားခံ (Media) ပေါင်းများစွာ ထားရှိသော်လည်း ထွန်းလင်းစေလိုသော ရင်ခွင်တစ်ခုတွင် မထွန်းလင်းနိုင် ပါသနည်း…။

အဖြေ။ ။

မေးခွန်း (၃)

ကမ္ဘာမြေ၏ ဆွဲအားသည် လူသန်းပေါင်းများစွာအား လည်းကောင်း၊ အရာဝတ္ထုပေါင်းများစွာအား လည်းကောင်း…နောက်ဆုံး ကမ္ဘာမှ လွန်စွာဝေးကွာသော အာကာသ စကြာဝရာအတွင်း တည်ရှိသော လ ကိုပင်ဆွဲငင် နိုင်စွမ်းရှိသော်လည်း…။ သင့်အား စွန့်ခွာပြီးထွက်သွားသော သင့်ချစ်သူ၏ ခြေလှမ်းများအား အဘယ့်ကြောင့် မဆွဲငင်နိုင်သနည်း….။

အဖြေ။ ။

မေးခွန်း (၄)

အလွန်ပြင်းထန်၍ အားကောင်းသောအသံများကို ရေဒါများဖြင့် ဖမ်းယူနားထောင်ရပါသည်..။ အကြောင်းမှာ ၎င်းအသံများအား သာမန်နားများဖြင့် မကြားနိုင်သောကြောင့် ဖြစ်ပါသည်..။ ထိုသို့ဆိုလျှင် သင်၏ နုလုံးသားအတွင်း၌ ဖြစ်တည်သော သာမန်နားများဖြင့် မကြားနိုင်သော ရင်ခုန်သံများအား သင့်ချစ်သူ ကြားနိုင်စေရန် သို့မဟုတ် နားလည်နိုင်စေရန် မည်သည့်အရာဖြင့် ဖမ်းယူစေသင့်သနည်း…။

အဖြေ။ ။

မေးခွန်း (၅)

သာမန် မျက်စိများဖြင့်ထိုးဖောက်ရွေ့ မမြင်နိုင်သော အရာများအား X-Ray ရောင်ခြည် များဖြင့် ထိုးဖေါက်၍ မြင်သိစေနိုင်ပါသည်…။ ထိုသို့ဆိုလျှင် သင့်ရင်ဘတ်၏ အနက်ရှိုင်းဆုံး နေရာတွင် တည်ရှိနေသော ခံစားချက်များအား သင့်ချစ်သူ မြင်တွေ့ သိရှိနိုင်စေရန် ၎င်း၏မျက်ဝန်းများ၌ မည်သည့် ရောင်ခြည်အမျိုး အစားအား တပ်ဆင် အသုံးပြုသင့်သနည်း…။

အဖြေ။ ။

မေးခွန်း (၆)

ကမ္ဘာကျော် အိုင်းစတိုင်း၏ (Relativity Theory) ဆိုသည့် နိုင်းရသီအိုရီ အတွက်အဓိကအကျဆုံးနှင့် အနှစ်ချုပ် ဖြစ်သော Formula ဖြစ်သည့် E=mc2 အား ကျွန်ုပ်သည် အောက်ပါအတိုင်း သတ်မှတ်ပါက သင်မည်သို့ ဝေဖန်သုံးသပ်၊ အကြံပေး လိုပါသနည်း…။

{Emotion=Misery*(Confusion)2 }

အဖြေ။ ။

မေးခွန်း (၇)

Newton ၏ သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိသည်ဆိုသော ပုံသေနည်းမှန်သည် ဆိုပါက အဘယ့်ကြောင့် သင်၏ သင့်ချစ်သူအပေါ်ထားရှိသော တန်ဖိုးထားမှု၊ မေတ္တာတရား၊ နားလည်မှု၊ သစ္စာတရားနှင့် မြတ်နိုးမှုများသည်… သင်ပေးလိုက်သည့်အတိုင်း သင့်ထံသို့ ပြန်လည် မသက်ရောက်သနည်း။

အဖြေ။ ။

မေးခွန်း (၈)

လွမ်းဆွတ်ခြင်းဆိုသော နေရောင်ခြည်နှင့် တမ်းတခြင်းဆိုသော အပူရှိန်များကြောင့် ခံစားချက်ဆို သော မျက်ရည်များ အငွေ့ပြန်သည့်အခါ သတိရခြင်းတိမ်တိုက်များကို ဖြစ်ပေါ်စေပါတယ်…။ ၎င်း တိမ်တိုက်များသည် အချိန်ဆိုသော အေးခဲစေသည့် ဓာတ်သဘာဝများနှင့် ထိတွေ့သောအခါ ပြန်လည်ငွေ့ရည်ဖွဲ့ကာ မျက်ရည်မိုးများ အဖြစ် ပြန်လည်ရွာချသည် ဆိုသော နောက်ဆုံးပေါ်ပေါက်လာသည့် မျက်ရည်သံသရာ (Tears Cycle) ကိုသင်မည်သို့ ယူဆပါသနည်း…။

အဖြေ။ ။

မေးခွန်း (၉)

ကမ္ဘာပေါ်တွင် အရာဝတ္ထုများအတွက် အတိုင်းအတာ၊ ပမာဏ သတ်မှတ်ချက်များ အသီးသီးစီ ရှိကြသည်။ ထိုသို့ဆိုလျှင် သင်၏ သင့်ချစ်သူအပေါ်ထားရှိသော မျှော်လင့်ချက် တစ်စုံတစ်ခု၏ အတိုင်းအတာ သို့မဟုတ် ပမာဏ တစ်ခုအား တိုင်းတာရန် သတ်မှတ်ချက် Unit တစ်ခုလည်း လိုအပ်မည် ဖြစ်သည်။ ထိုသို့တိုင်းတာရန် အတွက် မည်သည့်အရာအား Unit အဖြစ် အသုံးပြုလျှင် သင့်တော်မည်ဟု သင်ယူဆပါသနည်း…။

အဖြေ။ ။

မေးခွန်း (၁၀)

သင်သည် ကမ္ဘာပေါ်ရှိ အလွန်ခက်ခဲသော မေးခွန်းများ၊ ပုံသေနည်းများနှင့် သီအိုရီများကို ကျွမ်းကျင် ကြေညက်စွာ နားလည်နိုင်စွမ်းရှိသော်လည်း အဘယ့်ကြောင့် သင့်အားစွန့်ခွာသွားသော သင့်ချစ်သူ ပြောခဲ့သည့် “နားလည်ပေးပါ” ဆိုသော အလွန်ရိုးရှင်းသည့် စကားတစ်ခွန်းအား နားလည်နိုင်စွမ်း မရှိပါသနည်း။

အဖြေ။ ။
p.s - မေးခွန်းများရဲ့ အဖြေများအတွက် လွတ်လပ်စွာ သဘောထားကွဲလွဲ နိုင်ပါသည်။