Jun 17, 2008

၁ ... ၂ ... ... ၃၄ !

ခဏတော့လွင့်သွားတာပေါ့
ဒါပေမယ့်….
မကြာပါဘူး…. ငါ့ကိုယ်ငါ ပြန်ဖမ်းမိခဲ့တယ်။


အဝေးကို မျှော်ကြည့်တော့ သူ့မျက်ဝန်းတစ်လျောက် အဆုံးမရှိတဲ့ အစိမ်းရောင်…။ နောက်..အပြာ ရောင်…။ တဖြေးဖြေးပိုဝေးသွားတော့ အနက်ရောင်…။ အတိမ်အနက်ကို လိုက်ပြီးပြောင်းလဲနေတဲ့ အဆုံးအစ မရှိတဲ့ သမုဒ္ဒရာတစ်ခု…။ သူ့မျက်ဝန်းတွေနဲ့ မမြင်နိုင်တဲ့ တစ်နေနေရာမှာတော့ ကမ်းခြေ တစ်ခုခုရှိကောင်းပါရဲ့…။ အဲ့ဒီ ကမ်းခြေတစ်ခုပေါ်မှာ သူချစ်တဲ့….. များ သူ့ကိုတမ်းတနေကြမလား..? သူအခု သူတို့ကို တမ်းတနေ သလိုပဲပေါ့…။

ဒီနေရာ ဒီဒေသ…။ ဘယ်လောက်ပဲ ရုပ်ဝတ္ထုပစည်းတွေ ပြည့်စုံနေပါစေ…။ သူ့ရင်ထဲက ကွက်လပ် တစ်ခုကိုတော့ ဘယ်လိုမှ သာယာလာအောင် မဖြည့်ဆည်းပေးနိုင်ခဲ့ပါ။ အထူးသဖြင့် ဒီလိုနေ့မျိုးဆို ရင် သူ့ရင်ထဲက ဆွဲအားမဲ့ လေဟာနယ်ဟာ ပုံမှန်လည်ပတ်နေခဲ့တဲ့ အချိန်တွေထက် ပိုပြီးအဓိပါယ်မဲ့ နေခဲ့တယ်။ ဘ၀မှာ ဖြစ်သင့်တာတွေ ဖြစ်လာဖို့အတွက် ဖြစ်ချင်တာတွေကို အတိုင်းတာ တစ်ခုအထိ မြိုသိပ်ပြီး ဖြစ်နေတဲ့ လက်ရှိကို အတည်ငြိမ်ဆုံး ထုဆစ်နိုင်ဖို့ သူ့ကိုယ်သူ အမြဲတမ်းအားပေးခဲ့တယ်။ ဒါပေမယ့် သူလည်း လူသားတစ်ယောက်ပဲလေ…။ တစ်ခါတစ်လေတော့ ခံစားချက်တွေက ခဏခဏ သူ့ကို တရားစွဲဖို့ ကြံစည်ကြတာပေါ့။

သူပြုံးထားတယ်…။ လူတွေအားလုံးကို သူတတ်နိုင်သလောက် ပြုံးပြခဲ့တယ်…။ ဒါပေမယ့် အဲ့ဒီအပြုံး တွေရဲ့နောက်မှာ လူသားတစ်ယောက်ပီပီ ဘ၀ရဲ့ဖိအားပေးမှုတွေ ရှိနေမယ်ဆိုတာကို ဘယ်သူသိနိုင် မလဲ..? မလိုပါဘူးလေ သူ့အတွက်တော့…! အခုဆို သူများတွေပျော်ရင် သူလည်းပျော်တတ်နေပါပြီ။ တစ်ခြားသူတွေကို အမြဲနှစ်သိမ့်အားပေးခဲ့တယ်သူ…။ အခုလိုအချိန်မျိုးမှာ ဘယ်သူကများ သူ့ကို အကောင်းဆုံး နှစ်သိမ့်ပေးနိုင်လေမလဲ…? ရင့်ကျတ်တဲ့ လူသားတစ်ယောက်အဖြစ် အားလုံးရှေ့မှာ ရပ်တည်ပြနိုင်ဖို့ ရင်နဲ့မမျှ တဲ့ ခံစားချက်တွေ အလင်းနှစ်တွေနဲ့ချီ်ပြီး စတေးခဲ့ရတာ ဘယ်သူသိနိုင် မလဲ..? သူခေါင်းကို ငုံကြည့်လိုက် တယ်…။ ထူးဆန်းစွာပဲ ကောင်းကင်ဟာ သူ့ခြေဖျားအောက်မှာ ငြိမ် သက်စွာ အိပ်စက်နေလေရဲ့…..။ သူပြုံးထားတုန်းပဲလေ….။

လောကကို ခဏလောက်ဖြစ်ဖြစ်
မျက်မှန်တစ်လက်လောက် ပေးတပ်ကြည့်လိုက်ပါ
အထီးကျန်နေသူတွေရဲ့ ခံစားချက်တွေကို မြင်တွေ့နိုင်အောင်ပေါ့….။


မွေးဖွားခြင်း၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့သည် အဆက်မပြတ်လည်ပတ်နေသာ စက်ဝန်းတစ်ခု ဆိုပါက သူသည် ထိုစက်ဝန်းအတွင်း လူသန်းပေါင်းများစွာနှင့် အတူ ခရီးသွားနေသော သာမန်ခရီး သည် တစ်ဦးသာဖြစ်ပေလိမ့်မည်။ ဖြစ်တည်ခြင်းနှင့် ပျက်သုန်းခြင်းကြား အသက်ရှုသံများ မရေမ တွက်နိုင်အောင် ပွင့်ဖူးခဲ့ပေလိမ့်မည်။ သူ, မိမိကိုယ်ကို အကြိမ်ပေါင်းများစွာ စမ်းစစ်ခဲ့သည်။ အသက်ရှုသံ အရေအတွက် ဘယ် လောက်ကို သိမ်းဆည်းနိုင်ခဲ့ သလဲလို့ပေါ့…။ သူသည် စက္ကန့်ပေါင်းများစွာ အပေါ်နင်းဖြတ်ပြီး ခရီးဆက်ခဲ့ဖူးသည်။ မကြာခဏ အရောင်များပြောင်းလဲလေ့ရှိသော ကောင်းကင် အောက်တွင် ခရီးဆက်ခဲ့ဖူးသည်။ အကြိမ်ကြိမ်ဖူးပွင့်ခဲ့သော ဥယျာဉ်များကို ဖြတ်သန်းပြီးလည်း ခရီးဆက်ခဲ့ဖူးသည်။ ထိုခရီးသည် ဝေးပါသည်။ သို့သော် တစ်နေ့တော့ ပန်းတိုင်ကို ရောက်ရမည် ဖြစ်သည်။

ခပ်ဝေးဝေးက ရထားဥသြသံတစ်ခုကို သူအမှတ်မထင်ကြားလိုက်ရတယ်…။ ဒီလိုအသံတွေကို သူ့ဘ၀တစ်လျောက် အကြိမ်ပေါင်းများစွာ ကြားခဲ့ရဖူးပေမယ့်…။ ဒီတစ်ခါတော့ သူ့ရဲ့ဝိဥာဉ် များသည် အဲ့ဒီ့ရထား ဥသြသံနှင့်အတူ မိုင်ပေါင်းများစွာသို့….။ လူသားတစ်ယောက်အတွက် ဒီလောကတွင် အနွေးထွေးနိုင်ဆုံးသော နေရာသည် “ မိသားစု” ဆိုသော နေရာတစ်ခုသာရှိသည်ကို သူ့လို ထိုစကား လုံးနှင့် အဝေးဆုံးတွင် ရောက်ရှိနေသောသူများသာ အကောင်းဆုံး ဘာသာပြန်နိုင်ပေမည်။ အထူးသဖြင့် အခုလို သူ့ဘ၀အတွက် အမှတ်တရရှိလှသောနေ့မျိုးတွင်မူ သူ့ရဲ့ခံစားချက်များသည် မကြာခဏ အတိတ် နှင့် ပခုံးချင်း ၀င်တိုက်မိလေ့ ရှိလေသည်။

မည်သို့ပင် ဖြစ်နေပါစေ သူကျေနပ်ပါသည်။ သူ့ဘ၀တစ်လျောက် ရှူရှိုက်ခဲ့ရတဲ့ အချိန်တော်တော် များများကို အောင်မြင်မှု မှတ်တိုင်များဖြင့် တံဆိပ်ခတ်နိုင်ခဲ့သည်။ သူ့ဘ၀ကို လှပစွာဖန်တီးနိုင်ခွင့် ပေးခဲ့သော ဥယျာဉ်မှူးတစ်စုံ၊ လောကရဲ့ အကျဉ်းတန်မှုများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရတိုင်း ပင်ပန်းခဲ့ရ သော သူ့ရဲ့ နှလုံးသားတစ်ခုကို အနမ်းတွေနဲ့ ငြိမ်းချမ်းစေခဲ့တဲ့ ပါရမီဖြည့်ဘက်တစ်ယောက်၊ မနက်ဖြန်အတွက် ရှင်သန်ဖို့ အင်အားတွေကို ဖြူစင်တဲ့အပြုံးလေးတစ်ခုနဲ့ ဖန်ဆင်းနိုင်စွမ်းရှိတဲ့ ဆည်းလည်းလေးတစ်လုံး….။ သူ့ဘ၀ဟာ ပြည့်စုံခဲ့ပြီ ဖြစ်သည်။ စစ်မှန်သော မေတ္တာတရားသည် အချိန်နှင့်နေရာအား ကျော်လွှားကာ သူ့ရင်ကို ငြိမ်းချမ်းနိုင်စွမ်း ရှိပါသည်။

“ ငါတစ်ယောက်ထဲပါလား…” ဆိုတဲ့သူ့ရဲ့ အတွေးတို့သည် နူးညံ့ပြင်းထန်သော စစ်မှန်သည့် မတ္တော တရား တစ်ခုရဲ့ အင်အားကြောင့် အဝေးဆုံးကို လွင့်ထွက်သွားခဲ့ပြီ ဖြစ်သည်။ ဟုတ်တယ်…။ အားလုံး ရဲ့ အမြင်မှာတော့ သူတစ်ယောက်ထဲ ဘယ်သူမှမပါတဲ့ အထိမ်းအမှတ်နေ့ တစ်ခုကိုကျင်းပနေတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်ကူးထဲမှာတော့ ဒီနေ့ရက်လေးနဲ့ ဒီအချိန်လေးဟာ လှပသောခံစားချက်တွေနဲ့ အတူ ပြီးပြည့်စုံနေပြီ ဖြစ်သည်။ ဒီလိုပြည့်စုံဖို့အရာ သူ့မှာလုပ်ဆောင်စရာ တစ်ခုသာရှိခဲ့သည်။ သူ့ရဲ့ တလက်လက် တောက်ပနေတဲ့ မျက်မှန်အောက်က မျက်ဝန်းတစ်စုံကို ခေတ္တမျှ မှိတ်ထားဖို့သာ လိုပေ သည်။ အဘယ့်ကြောင့်ဆိုသော် လောကရှိ အချို့သောအရာများသည် ကျွန်ုပ်တို့၏ မျက်ဝန်းများကို မှိတ်ထားမှသာလျှင် မြင်နိုင်စွမ်း ရှိသောကြောင့် ဖြစ်ပေသည်။

ကြယ်တွေ ကောင်းကင်ပေါ်ကို
တစ်စင်းပြီး တစ်စင်းကြွေကျ
ငါဆုတောင်းတယ်…
ငြိမ်းချမ်းရပါစေလို၏…..။ ။

p.s- ပျော်ရွှင်ဖွယ်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်သောမိသားစုနှင့်အတူ နေထိုင်နိုင်ပါ စေ အကိုကြီး ကိုစိုးထက် ရေ။