Mar 31, 2008

ကျွန်တော်နှင့် ပျောက်ဆုံးသွားသော "ဦးခေါင်း" များ....

ထူးဆန်းတယ်ဗျာ…။ ညက ကျွန်တော်အိပ်မက် တစ်ခုမယ်တယ်….။ အိပ်မက်ထဲမှာတော့…..။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော်မနက်နိုးလို့ မျက်နှာသစ်၊ သွားတိုက်မယ်ဆိုပြီး ရေချိုးခန်းထဲ ၀င်ခဲ့ပါတယ်…။ အဲဒီ့နောက် ကျွန်တော့် ရှေ့မှာရှိတဲ့ မှန်ထဲကို ကြည့်လိုက်တဲ့ အခါမှတော့ ကျွန်တော် အရမ်းကို တုန်လှုပ် ခြောက်ခြားသွားခဲ့ရပါတယ်။ ကျွန်တော်သေသေချာချာ ထပ်ကြည့်ပါတယ်။ ဟုတ်တယ် သေချာတယ်။ ကျွန်တော့မှာ “ခေါင်း” မရှိတော့ဘူး။

ကျွန်တော်လည်း အရမ်းကို စိုးရိမ်သွားပြီး ဘေးမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော့်မှာ “ခေါင်း” မရှိ တော့ကြောင်း ပြောမယ်ဆိုပြီး ကြည့်လိုက်တော့…။ ဘုရား…ဘုရား…။ သူ့မှာလည်း ကျွန်တော့်လို့ဘဲ “ခေါင်း” မရှိတော့ကြောင်းကို ခြောက်ခြားဖွယ်ရာ တွေ့ရှိလိုက်ရပါတယ်…။

ကျွန်တော်လည်း အဲဒီ့အခါမှ ကမန်းကတန်း ရေချိုးခန်းထဲကပြေးထွက်ပြီး အဆောင်မှာရှိတဲ့ သူငယ်ချင်းတွေ အားလုံးကို လိုက်ကြည့်မိတယ်…။ ဟုတ်တယ်…။ တစ်ယောက်မှ “ခေါင်း” မရှိကြတော့ဘူး…။ ဒါပေမယ့် ထူးဆန်း တာက သူတို့အားလုံး ဘာမှမဖြစ်တဲ့ပုံ၊ နေသားကျနေတဲ့ ပုံစံတွေနဲ့ ကိုယ်လုပ်စရာရှိတာကို အေးအေးဆေး ဆေး လုပ်နေကြခြင်းပါဘဲ….။ ကျွန်တော် တော်တော်လေးကို အံ့သြသွား ပါတယ်...။ ကျွန်တော်လည်း ဒီအကြောင်းကို အားလုံးကိုသိအောင် ရှင်းပြမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ပြီး တစ်ယောက်ခြင်းကို သေသေ ချာချာ လိုက်ရှင်းပြ ပါတော့တယ်…။

အဲဒီ့အခါမှာတော့ ကျွန်တော်လူမျိုးမျိုးဆီက အဖြေမျိုးမျိုးကိုရရှိခဲ့ပါတယ်…။ ကျွန်တော်နဲ့ နဲနဲရင်းနှီးပြီး ဂရုဏာစိတ်ရှိတဲ့ သူငယ်ချင်းတစ်ချို့က “သူငယ်ချင်း မင်းဘာတွေ ဖြစ်နေတာလဲ စိတ်ကိုထိန်းပါကွာ” ဆိုပြီး သတိပေးကြပါတယ်…။ နဲနဲ ပေကပ်ကပ်ဖြစ်တဲ့သူတွေကတော့ “ဘာတွေလာပြော နေတာလဲကွာ ခေါင်းရှုပ်ရတဲ့ အထဲ” ဆိုပြီး မရှိတဲ့ “ခေါင်း” ကိုကုတ်ရင်းပြောကြပါတယ်…။ တကယ့်ကို ဘုကျကျ ဂလန့် ကောင်တွေကတော့ “ခေါင်းမရှိတော့ရော ဘာဖြစ်လဲကွာ ငါတို့ လွတ်လွတ်လပ်လပ် မတွေးခေါ်ရ၊ မစဉ်းစား ရတာ ဘယ်လောက်ကြာပြီလဲ…။ ခေါင်းဆိုတာ တွေးခေါ်ဖို့၊ စဉ်းစားဖို့ မရှိရင် မလိုအပ်ပါဘူးကွာ…လေးတာပဲ အဖတ်တင်တယ်”…။ ဆိုပြီး ဟောက်လွှတ်ကျပါတော့တယ်…။

မကြာပါဘူး…။ ကျွန်တော်ဖြစ်ပျက်နေတဲ့ အကြောင်းကို ကျွန်တော့်တို့ကို တာဝန်ယူတားတဲ့ အဆောင်မှူးကြီး သိရှိသွားပြီး (သူ့မှာလည်း “ခေါင်း” မရှိပါဘူး) ကျွန်တော့်အခြေအနေကို တာဝန်ရှိတဲ့ လူကြီးတွေကို အကြောင်း ကြားပြီး ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်…။ ကျွန်တော်လည်း အဲဒီ့သတင်းကိုကြားတော့ တော်တော်ကို ၀မ်း သာ သွားပါတယ်…။ လူကြီးတွေဆိုတာ စဉ်းစားတတ်တယ်…။ အမှန်တရားကို လက်ခံတတ်တယ်…။ အတွေ့ အကြုံရှိတယ်…။ ရင့်ကျတ် ကြတယ်လေ…။ အဲဒီ့လို အင်္ဂါရပ်တွေနဲ့ ပြည့်ဝပြီး ထူးချွန်နေကြလို့လဲ ကျွန်တော်တို့တွေကို ဦးဆောင် နေကြတာ မဟုတ်လား….????

ဒီလိုနဲ့ ကျွန်တော် သူတို့တွေနဲ့ တွေ့ဖို့နေ့ရက်ကို ရောက်ရှိလာခဲ့ပါတယ်…။ ကျွန်တော် သူတို့နဲ့ တွေ့ဖို့ သွားရာလမ်းတစ်လျှောက်မှာ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေနဲ့ ပျော်ရွှင်နေခဲ့ပါတယ်။ ကျွန်တော် သူတို့နဲ့တွေ့ပြီး အဖြစ်အပျက်နဲ့ အခြေအနေအားလုံးကို ပြည့်ပြည့်စုံစုံ ရှင်းပြရင် လက်ခံနားလည် သဘောပေါက်ပြီး အကောင်းဆုံး ဖြေရှင်းပေး နိုင်မယ်ဆိုတာလဲ ကျွန်တော်ယုံကြည် နေခဲ့မိတယ်…။ သူတို့ဟာ အခြေအနေတစ်ခုကို အသိဥာဏ်ရှိရှိ စဉ်းစားချင့်ချိန်ပြီး ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်၊ ဘာလုပ် သင့်တယ် စတာတွေကို အကောင်းဆုံး ဝေဖန်သုံးသပ်ပြီး အမှန်တရားကို လက်ခံအကောင်အထည် ဖော်ရဲကြမယ်လို့လည်း ကျွန်တော် ယုံကြည် မျှော်လင့်နေခဲ့မိတယ်လေ…။ ဒါပေမယ့်…

ကျွန်တော့် ပြသနာကို ဖြေရှင်းပေးမယ်ဆိုတဲ့ လူကြီးတွေကို ကျွန်တော်မြင်တွေ့လိုက်ရတဲ့ အချိန်မှာ တော့ ဒီတစ်ခါလည်း ကျွန်တော်ပဲ ထပ်မံကျဆုံး ပြန်ပြီဆိုတာကို သိလိုက်ရပါတော့တယ်…..။

အဲဒီ့ လူကြီးတွေမှာ လည်း “ခေါင်း” မရှိကျတော့ဘူးလေ….။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော်လည်း အဲဒီ့အချိန်မှာပဲ အိပ်မက်ထဲက လန့်နိုးလာခဲ့ပါတယ်…။ တစ်ကိုယ်လုံးလဲ ချွေးတွေကို ရွှဲလို့…။ တော်သေးတာပေါ့…။ အိပ်မက်မို့လို့….။ ကျွန်တော်လည်း အဲလိုစဉ်စားမိပြီး မျက်နှာမှာ စိုနေ တဲ့ချွေးတွေကို သုတ်မယ် လုပ်လိုက်တဲ့အခါမှတော့…..။

ကျွန်တော့်မှာ အမှန်တကယ်ကို “ခေါင်း” မရှိတော့ကြောင်းကို တုန်လှုပ်စွာတွေ့ ရှိလိုက်ရပါတော့ တယ်….။

p.s- ကျွန်တော် အဆာင်နေ ကျောင်းသားဘ၀တုန်းက မက်ခဲ့ဖူးတဲ့ အိပ်မက်လေးတစ်ခုကို မှတ်မှတ်ရရ ပြန် လည် ဖော်ပြခြင်း ဖြစ်ပါတယ်။