Nov 10, 2007

လွတ်လပ်ရေး

ငါနဲ့
ငါ့အရိပ်နဲ့
စစ်ဖြစ်တယ်...။

ငါ့နှလုံးသားက
ငါ့ဦးနှောက်ကို
လှည့်စားတယ်....။

ငါ့အတွေးက
ငါ့ရဲ့ ဆင်ခြင်ဥာဏ်ကို
ခြိမ်ခြောက်တယ်.....။

ငါ့အိပ်မက်တွေက
ငါ့ညတွေကို
တိုက်ခိုက်တယ်.....။

အာရုံငါးပါး ပေါင်းပြီး
ဆဌမအာရုံကို
စစ်ဆင်တယ်......။

ငါ့ရဲ့မာနက တရားလိုလုပ်
အတ္တက တရားသူကြီးလုပ်ပြီး
အမှန်တရားကို ကားစင်တင်တယ်.....။

ငါ့ဝိဥာဉ်က ငါ့ခန္ဓာကို
လွတ်လပ်ရေး တောင်းတယ်...။

ဒီလိုနဲ့.....
နောက်ဆုံးတော့
ငါ့ဝိဥာဉ်က ငါ့ခန္ဓာကို......။

စွန့်.........ခွာ........တယ်.......။

သတ်ပုံ

ကံကြမ္မာရယ်
တစ်ခါတစ်လေတော့လည်း
ငါ့အတွက် ကံကောင်းမှုတွေ ပေးလှည့်ပါအုံး.....။

ငါ့နှလုံးသားဟာ
အချစ်စစ်မြေပြင်မှာ
ကျဆုံးခဲ့ပေါင်း မနည်းတော့ဘူး......။

အရာရာပြည့်စုံခဲ့တဲ့
ငါ့ဘ၀မှာ
အချစ်ဆိုတာ ငါ့အတွက်
တစ်ခုတည်းသော ကျိန်စာများလား....?

တကယ်တော့
အချစ်ဆိုတာ
စာလုံးပေါင်းပြစရာ မလိုပါဘူး...
ဒါပေမယ့်
ငါကတော့.....
အကြိမ်ကြိမ် သတ်ပုံမှားခဲ့သူပါ.....။ ။

အရှုံး

အိပ်မက်တွေထဲက
အကြိမ်ကြိမ် ထွက်ပြေးဖို့
ကြိုးစားရ.....။

အတိတ်တွေထဲက
အကြိမ်ကြိမ် ရုန်းထွက်ဖို့
ကြိုးစားရ......။

အစွဲအလန်းတွေထဲက
အကြိမ်ကြိမ် ဖောက်ထွက်ဖို့
ကြိုးစားရ......။

အနာဂတ်တွေထဲမှာ
အကြိမ်ကြိမ် အသက်ဆက်ရှင်ဖို့
ကြိုးစားရ......။

နောက်ဆုံးတော့လဲ
ငါဘဲ အကြိမ်ကြိမ်
လဲကျခဲ့တယ်......။ ။