Mar 12, 2008

ကျွန်တော်...သူမ နှင့် တံခါးတစ်ချပ်

နိဒါန်း

ကျွန်တော်ထိုင်နေပါတယ်…။ ဒါပေမယ့် ကျွန်တော့် ၀ိဥာဉ်တွေ လွင့်မြောနေတယ်…..။

အခန်း (၁)

ရုတ်တရက် ကြားလိုက်ရတဲ့ တံခါးခေါက်သံနှင့်အတူ ကျွန်တော့် ဘ၀ထဲကို အဲဒီ့နေ့ကစပြီး သူမ၀င် ရောက်လာ ခဲ့ပါတယ်…။ ကျွန်တော် အသာအယာပဲ ကြည်ဖြူစွာ တံခါးကို ဖွင့်ပေးခဲ့ပါတယ်…။ ကျွန်တော်ကိုယ်တိုင် မည် သည့် မေးခွန်း တစ်ခွန်းမှ မမေးခဲ့သလို…။ သူမကလည်း မည်သည့် ခွင့်ပြုချက်မှ ကျွန်တော့်ထံ တောင်းဆိုခဲ့ ခြင်းမရှိခဲ့ပါ…။ အနည်းဆုံးတော့ ကျွန်တော့်ဘက်က “ဘာကိစ္စရှိလို့ပါလဲ ခင်ဗျာ” လို့မေးသင့်သလို…။ သူမ ဘက်ကလည်း အနည်းဆုံး “၀င်ခွင့်ပြုပါနော်” ဆိုတဲ့ စကားတစ်ခွန်းလောက်တော့ ပြောခဲ့ကြ သင့်တာပေါ့…။

ဘယ်နေရာမှာနေမှာလဲ..? ခဏတာ တည်းခိုမှာလား…? အမြဲတမ်း နေထိုင်မှာလား…? ဘယ်တော့ ပြန်လည် ထွက်ခွာသွားမှာလဲ…? ထားလိုက်ပါ…။မေးခွန်းတွေဟာ အမြဲတမ်းမလိုအပ်ပါဘူး…။ ခဏတာပဲ နေထိုင်နေထိုင်။ တစ်သက်စာပဲ ခိုနားခိုနား…။ ကျွန်တော်ကတော့ အဲဒီ့တံခါး တစ်ချက်ကို သူမအတွက် ဖွင့်ပေးခဲ့ပြီးပါပြီ…။ နောက်တစ်ခုက….။ သူမ ကျွန်တော့်ဘ၀ထဲကို စတင် ၀င်လာတဲ့ နေ့ကတည်းကစပြီး အဲဒီ့တံခါးကို ကျွန်တော် အခုချိန်ထိ ပြန်မပိတ်ခဲ့ပါဘူး…။ သူမအလို ရှိသောအချိန်တွင် အလိုရှိသော နေရာသို့ ပြန်လည်ထွက်ခွာ သွားနိုင်အောင်ပေါ့….။ မလိုပါဘူး…။ ကျွန်တော့်ကို ခွင့်တောင်း စရာလည်း မလိုပါဘူး…။ နှုတ်ဆက်စရာလည်း မလိုပါဘူး….။ ကျွန်တော် နားလည် နိုင်ပါတယ်….။ ဘ၀ဆိုတာ ဆုံတွေ့ပြီးရင် ခွဲခွာရမှာပဲလေ....။

အခန်း (၂)

ကျွန်တော် သူမပေးသော “အချစ်” ဟုခေါ်သည့် သစ်သီးတစ်လုံးကို ခွဲကြည့်လိုက်တယ်…။ အထဲမှာ မသေချာမှု တွေ…။ အတိတ်ရဲ့ နာကြည်းမှုတွေ…။ အပေါစား ကတိစကားတွေ….။ သမန်ကာရှန်ကာ သစ္စာတရားတွေ….။ စွန့်ပစ်ခံထားရတဲ့ နားလည်မှုတွေ…။ ပုပ်သိုးနေတဲ့ သံသယတွေ….။ လွဲမှားနေတဲ့ အတ္တတရားတွေနဲ့…။ သူမရဲ့ အတိတ်က ညှီစော်နံနေတဲ့ ချစ်တင်းနှောခန်း တွေပဲပါတယ်…။ ကျွန်တော် တော်တော်လေးကို ရွံရှာ သွားမိပါတယ်…။ ဒီသစ်သီးတစ်လုံး အတွက် ပေးဆပ်လိုက်ရတဲ့ တန်ဖိုးတစ်ခု…။ ခံစားချက် တစ်စုံတစ်ရာ….။ အိပ်မက် အစိတ်အပိုင်း တစ်ချို့…။ ကဗျာ အပိုင်းအစ အနည်းအငယ်…။ ဘ၀တစ်ခုစာ ယုံကြည်ချက်တွေနဲ့...။ မျက်စိ တစ်မှိတ်စာ အနမ်းတွေဟာ ထိုသစ်သီးနဲ့အတူ အားလုံး “နောင်တ” ဆိုတဲ့ အမှိုက် ခြင်းတစ်ခုထဲကို ရောက်ရှိ သွားပါတယ်…။

ကျွန်တော် စိတ်ကူးယဉ်ခဲ့ဖူးတဲ့ အချစ်သစ်သီး တစ်လုံးထဲမှာ….။ ပန်းနုရောင် ပါးပြင်တစ်ခု ပါတယ်…။ သာယာငြိမ့်ညောင်းတဲ့ သံစဉ်တွေပါတယ်…။ မကုန်ခမ်းနိုင်တဲ့ အိပ်မက်တွေပါတယ်…။ ညနေဆည်း ဆာရဲ့ အလှတွေပါတယ်…။ ထာဝစဉ် စီဆင်းနေတဲ့ အပြန်အလှန် ယုံကြည်မှုတွေပါတယ်…။ တစ်သက် စားမကုန်တဲ့ မေတ္တာတရားနဲ့ မြတ်နိုးခြင်းတွေ ပါတယ်….။ ထိုသစ်သီး ဖြစ်ထွန်းရာ သစ်ပင်ဟာလည်း…. တည်ငြိမ်ခြင်း အကိုင်းအခက်တွေနဲ့ စည်ပင်တယ်…။ ငြိမ်းချမ်းခြင်း သစ်ရွက်တွေနဲ့ ခိုနားသူအား အရိပ်ပေးတယ်….။ လောကဓံ လေပြင်းတွေကနေ ကာကွယ်ပေးတယ်…။ သောက ဆိုတဲ့ လောင်မြိုက်ခြင်းတွေကနေ တားဆီး ပေးတယ်…။ ပြီးတော့…။ မျှော်လင့်ခြင်း ဆိုတဲ့ ပန်းပွင့်တွေ ကိုလည်း ပွင့်ဖူးစေတယ်….။

အခန်း (၃)

တစ်လှမ်းခြင်း ထွက်ခွာသွားမည်ဟု ယုံကြည်ထားခဲ့ဖူးသော ခြေလှမ်းများသည် တကယ်တမ်းထွက်ခွာ သွားသောအခါတွင် မယုံကြည်နိုင်လောက်အောင် သွက်လက်လွန်းလှပါပေသည်…။ တကယ်တမ်းဆို ကျွန် တော် အိပ်မက်က မနိုးခင် သူမထွက်ခွာ သွားသင့်ပါတယ်…။ နှုတ်ဆက်ခြင်း လက်ပြခြင်းတို့ကို မပြုလုပ်မဲ့ အတူတူ ကျွန်တော့်ကို ဆက်လက် အိပ်စက်နေစေသင့်ပါတယ်…။ ကျေးဇူးပြုရွေ့ “ကျေးဇူးတင် ပါတယ်” ဆိုတဲ့ စကားကို မပြောပါနဲ့ မိန်းကလေးရယ်…။ ထွက်ခွာသွားနေတဲ့ မင်းရဲ့ကျောပြင်ကို ကြည့်နေရတာဟာ ငါ့အတွက်တော့ ကြေကွဲစရာ အကောင်းဆုံး နေ၀င်ချိန်တစ်ခုကို မြင်တွေ့နေ ရသလိုပါပဲ….။ တစ်ဘ၀စာ အမြဲသတိရနေမှာပါ…။ မင်းရဲ့ ကျောခိုင်းသွားတဲ့ ခြေလှမ်းတစ်လှမ်းတိုင်းမှာ ငါဟာမင်းနဲ့ ကမ္ဘာတစ်ခုစီ ခြားခဲ့ပါပြီ…။ အဆုံးမရှိတဲ့ စကြာဝရာထဲမှာ တစ်နေ့နေ့တော့ မင်းနဲ့ ပြန်ဆုံတွေ့မှာပဲလို့ မျှော်လင့် နေခဲ့ မိတဲ့ငါ့ကို ကျေးဇူးပြု၍ “အရူး” ဟုခေါ်ပါ…။ အဲဒီ့စကားလုံးဟာ မင်းပေးခဲ့တဲ့ သစ်သီးတစ်လုံး ထက်ပိုပြီး ငါ့ကို ချိုမြိန်စေပါတယ်…။

ဒီတံခါးကနေ ထွက်ခွာသွားပြီးတဲ့နောက် အခြားတစ်ဖက်မှာ မင်းဘ၀ကို အသစ်စတင်ပါ…။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်မှုတွေဟာ ပြင်းထန်စွာပေါက်ကွဲနေပါတယ်…။ ငါ့ရင်ခွင်တစ်စုံကလွဲပြီး အရာရာ ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်ဟာ မင်းရဲ့ဒီတံခါးပေါက်က ထွက်ခွာသွားမယ့် တစ်ခန်းရပ် ပြဇာတ်တစ်ခုအတွက် ကောင်းချီးသြဘာ ပေးနေကြတာလား…? ဒါမှမဟုတ် ဘာမှမသေချာတဲ့ ဒီလောကကြီးထဲမှာ တစ်ခုခုကို သေချာဖို့ ကြိုးစားခဲ့တဲ့ င့ါကိုဘဲ လှောင်ပြောင် နေကြတာလား…? မင်းချန်ထားခဲ့လို့ ငါနေခဲ့တာမဟုတ်ပါဘူး မိန်းကလေး…။ မင်းထွက်သွားဖို့ ငါနေခဲ့ပေးတာပါ…။ မင်းရဲ့ ဒီအခန်းကို စွန့်ခွာမယ့် နောက်ဆုံး ခြေတစ် လှမ်းကို ရဲဝံ့စွာလှမ်းလိုက်ပါ မိန်းကလေး…။ ဒါဟာမင်းအတွက် ငါ့ရဲ့ လက်ဆောင်ပါဘဲ…။ တစ်ချိန်ချိန်မှာ မင်းမျှော်လင့်ခဲ့တာတွေ ဖြစ်မလာခဲ့ရင်…။ ဒါမှမဟုတ် ခိုနားစရာ နေရာတစ်ခု အရေးတစ်ကြီး လိုအပ်ခဲ့ မယ်ဆိုရင်တော့….။ ဒီတံခါးရဲ့ သော့ဟာ မင်းဆီမှာ ရှိပါတယ်…။ ဒါဆိုရင် ဒီတစ်ခေါက် မင်းလာတဲ့အခါ တံခါးခေါက်စရာ မလိုတော့ ဘူးပေါ့ကွာ…။

ဇာတ်သိမ်း

ကျွန်တော်ထိုင်နေဆဲပါ….။ ဒီလိုပါပဲ ကျွန်တော့် ၀ိဥာဉ်တွေလည်း လွင့်မြောနေဆဲပါ…..။
p.s- အဖြစ်အပျက်တွေအားလုံးဟာ မနေ့ကဖြစ်ခဲ့တာဆိုရင်တောင်မှ ငါ့အတွက်တော့ နောက်ကျလွန်းပါတယ်။