Feb 20, 2008

To....BLACK DREAM

(၂၃) နှစ် ဆိုတဲ့ကာလကို
ဖြတ်ကျော်ခဲ့ပြီးပြီ
ပျော်စရာတွေလဲ ကြုံတွေ့ ခဲ့ပြီးပြီ
ဝမ်းနည်းစရာတွေလဲ မရေမတွက်နိုင်တော့ဘူး....။

အိပ်မက်ပေါင်းများစွာလဲ
ငါ့ညထဲကို ပြုတ်ကျခဲ့ပြီးပြီ
မျက်ရည်တွေကို ပြန်ရေကြည့်ရင်
ကောင်းကင်က ကြယ်တွေထက် များလိမ့်မယ်....။

အတိတ်တွေကို ဘ၀ဟောင်းထဲမှာ
သော့ခတ်ထားခဲ့ကြရအောင်
လာလေ....သွားကြမယ်....။

ငြိမ်းချမ်းမှုတွေ ဝေဆာနေတဲ့ မနက်ဖြန်တွေ အတွက်
သောကတွေကို မြေမြုပ်လိုက်ပါ
ဝမ်းနည်းမှု အထိမ်းအမှတ်အဖြစ်
ပျော်စရာသီချင်းတစ်ပုဒ်တော့ ဆိုသင့်ပါတယ်....။

အကြိမ်ပေါင်းများ ကိုယ့်ကိုယ်ကို ပြန်ကြည့်ခဲ့တယ်
ငါလဲဘဲ
အရောင်တွေ စွန်းထင်းခဲ့ပြီဘဲ...။

မျော်လင့်ချက်တွေကို
ရေလောင်းပါ..ပေါင်းသင်ပါ။
ကြိုးစားမှုတွေကို အားဆေးကျွေးပါ...။

တစ်ချိန်က ဝေဒနာတွေကို
Photo Album တစ်ခုထဲမှာ သိမ်းထားလိုက်ပါ
တစ်ခါတလေတော့လဲ အလွမ်းပြေ ထုတ်ကြည့်ပေါ့
ဒါပေမယ့် အမြဲတမ်းတော့ ဖွင့်ထားစရာ မလိုပါဘူး….။

အနာဂတ်ကို ဘယ်လိုတည်ဆောက်မလဲ?
ဘ၀ကို Formula ထုတ်လို့မရတာတော့ သေချာတယ်
ရေဖြစ်ဖို့ Hydrogen နှစ်စနဲ့ Oxygen တစ်စ လိုတယ်....။

အောင်မြင်တဲ့ ဘ၀တစ်ခုဖြစ်ဖို့
မှန်ကန်တဲ့ ကြိုးစားအားထုတ်မှု နှစ်ဆနဲ့
ကံကြမ္မာ တစ်စလိုတယ်....။

စိတ်ညစ်စရာတွေကို
မနေ့ကညနဲ့ အတူထားခဲ့ပါ
ဒါဆိုရင်တော့ အနာဂတ်မှာ
သက်တံ့တွေစီးနေတဲ့ အိပ်မက်တွေကို
မြင်တွေ့နိုင်ပါလိမ့်မယ်…..။ ။

p.s- ဒီ Post ကို (၂၁.၂.၀၈) မှာ ရောက်ရှိမယ့် ကျွန်တော့ (၂၃) နှစ်ပြည့် မွေးနေ့အတွက်တင်ခြင်း ဖြစ်ပါတယ်။ ဒီ Post ကို အမှန်တကယ်ရေးခဲ့တဲ့ နေရာနဲ့ အချိန်ကတော့ လွန်ခဲ့တဲ့ (၂) နှစ်ကျော်က ရှေ့တန်း စစ်မျက်နှာပြင် နေရာတစ်ခုမှာ ရေးသားခဲ့ခြင်း ဖြစ်ကြောင်း...။ သူငယ်ချင်းများအားလုံး ငြိမ်းချမ်း နိုင်ကြပါစေ။

Feb 16, 2008

သူငယ်ချင်း အတွက်....

သို့….

သူငယ်ချင်း

မနေ့က ငါတို့ စိုက်ပျိုးခဲ့တဲ့ အိပ်မက်တစ်ခုဟာ ဒီနေ့မှာ ငါတို့ ဘ၀တွေ အဖြစ်ရှင်သန်လာခဲ့ပြီ…။ တစ်ချို့က ပြောတယ် အိပ်မက်ဆိုတာ အိပ်ယာကနိုးရင် ပျက်ဆီးသွား ကြတယ်တဲ့…။ မဟုတ်ဘူး….။ အဲဒီ့စကားကို ငါငြင်းတယ်…။ တကယ်တော့ အိပ်မက်ဆိုတာ မျှော်လင့် ချက်တစ်ခုရဲ့ ရေသောက်မြစ်ပဲ…။ အိပ်မက်ဆိုတာ ခံစားချက်တစ်ခုရဲ့ မှန်တစ်ချပ်ပဲ…။ အိပ်မက်ဆိုးတွေ အ ကြောင်းတော့မပြောပါနဲ့ ငါတို့ ညတွေ ခါးကုန်လိမ့်မယ်…။ အမှန်တော့ အိပ်မက်တွေဆိုးတာဟာ ငါတို့ရဲ့ ခံစားချက်တွေ ကိုယ်တိုင်က ဆိုးနေကြလို့ပါ…။

လူတစ်ယောက်ရဲ့ ဘ၀မှာ အခက်အခဲဆုံး အချိန်ကိုပြပါဆိုရင်…။ ငါကတော့ ဖြစ်သင့်တာ နဲ့ ဖြစ်ခြင်တာ စစ်ခင်းတဲ့ အချိန်ကိုပဲ ပြရလိမ့်မယ်…။ ဦးနှောက်နဲ့ နှလုံးသား စစ်တုရင် ကစားရင် ဘယ်သူနိုင်မယ် ထင်လဲ? ငါကတော့ ဦးနှောက်ဘက်က ငါ့ဘ၀ကို ထပ်တယ်..။ အပ်ကြောင်းထပ်နေတဲ့ ဘ၀ရဲ့ အစီအစဉ် မကျနမှုတွေနဲ့ အဆင်မပြေမှုတွေဟာ တကယ်တော့ စိတ်ဓာတ်ရင့်ကျက်သူ တွေ အတွက် အကောင်းဆုံး ဟာသတွေပါပဲ…။ တကယ်တမ်းက လူတွေရူးနေကြတာပါ…။ နှလုံးသားဆိုတာ အစကတည်းက စဉ်းစားဖို့မှ မဟုတ်ဘဲ…။ ခံစားတတ်ရင် လုံလောက်ပြီ…။ သူ့တာဝန်ကျေပြီ....။

မသေချာမှုတွေ ခြေချင်းလိမ်နေကြတဲ့ ဒီလောကကြီးထဲမှာ တစ်ခုခုကို သေချာဖို့ကြိုးစား မိတဲ့ ငါတို့ကိုယ်တိုင်ကသာ အဓိက တရားခံတွေပါ…။ မပူပါနဲ့…။ ကံကြမ္မာ တရားသူကြီးက ဘ၀ခုံရုံးမှာ ငါတို့ အတွက် အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုကို သတ်မှတ်ပေးပါလိမ့်မယ်…။ ငါတို့ဘက်က ကိုယ့်ကိုယ်ကို ယုံကြည်နေဖို့ပဲ လိုအပ်တာပါ…။ ကောင်းတာဘဲ ဖြစ်ဖြစ်…။ ဆိုးတာဘဲ ဖြစ်ဖြစ် ငါတို့ လက်တော့ခံကြရ လိမ့်မယ်…။ ဘာလို့လဲဆိုတော့ သူရဲ့ဆုံးဖြတ်ချက်ဟာ ငါတို့လုပ်ရပ်တွေရဲ့ အရိပ် တစ်ခုဖြစ်နေလို့ပဲ သူငယ်ချင်း.....။ ငါတို့သတ္တိ ရှိဖို့တော့လိုမယ်နော်…..။

လိုအပ်တာနဲ့ လိုချင်တာ ဆိုပြီးနှစ်မျိုးသာ ရှိတဲ့ ငါတို့ဘတွေတွေထဲမှာ ဦးစားပေးတော့ မှန်ဖို့ လိုတယ်…။ လိုချင်တာတွေနောက်ကိုချည်း လိုက်နေကြမယ်ဆိုရင်တော့ ငါတို့ဘ၀တွေ အတွက် တကယ်လိုအပ်တဲ့ လိုအပ်ချက်တွေကနေ ပိုပြီးဝေးသွားနိုင်တယ်…။ လိုချင်တာတွေရရင် ပျော်ရွှင် ပြုံးပျော်တတ်ကြတဲ့ ငါတို့တွေ… အရာရာကို ဆုံးရှုံးလိုက်ရပြီဆိုရင်လည်း အဓိပ္ပါယ်ရှိရှိ မျက်ရည်ကျတတ် ကြရမယ်လေ…။ ဘ၀တွေ အထပ်ထပ်ဖူးပွင့်နေတဲ့ လောကသစ်ပင်ကြီးထဲမှာ ငါတို့ဟာလဲ ဝေချိန် တန်ဝေပြီး ကြွေချိန်တန် ကြွေရမယ့် ပန်းတစ်ပွင့်ပါဘဲ…။

နောက်ဆုံးအနေနဲ့ ငါလက်ဆောင်တစ်ခုလောက် ပေးခဲ့ချင်တယ်…။ ဒီလက်ဆောင်ဟာ ငါတို့ရဲ့ ဒီလောကမှာ အမြင့်မြတ်ဆုံး လူသားတစ်ယောက်က ပထမဆုံး စပြီးပေးခဲ့တဲ့ လက်ဆောင်ပေါ့…။ အချိန်တွေ ဘယ်လိုဘဲ ပြောင်းပြောင်း…။ နေရာတွေ ဘယ်လိုပဲ ပြောင်းပြောင်း…။ အမြဲတန်း တန်ဖိုးရှိ ပြီး ထာဝရလှပနေ..တန်ဖိုးရှိနေမယ့် လက်ဆောင်တစ်ခုပေါ့…။ ဖြစ်နိုင်ရင် တခြားသူငယ်ချင်းတွေကိုလည်း ဒီလက်ဆောင်လေးကို အလျင်းသင့်ရင် သင့်သလို ပေးလိုက်ပါ…။ သူတို့အတွက်လည်း အဖိုးတန်ပါလိမ့်မယ်...။

ငါပေးမယ့်လက်ဆောင်က တစ်ခြားမဟုတ်ပါဘူး…။ စကားလုံးလေး တစ်လုံးပါဘဲ…။ ဥာဏ်ရှိသလို အသုံးတည့်ရင် တည့်သလို သုံးလို့ရပါတယ်…။ ဒီလောကကြီးကနေ ငါတို့ အပြီးအပိုင် မထွက်ခွာသ၍ပေါ့….။

“ ယောနိသော မနသိကာရ”…… သင့်တင့် လျောက်ပတ်စွာ နှလုံးသွင်းနိုင်ပါစေ။

p.s- This Post Is A Birthday Present For Lu Lu & Acutally Dedicated To All The Friends In This Outlook Who Take Care Of Each Others...

Words Start With "L" For Me...


p.s- Wish You All, To Be A Meaningful "Valentine's Day"

Feb 13, 2008

ဝတ်ရုံတစ်ခုရဲ့ ရာဇ၀င်...

ဝတ်ရုံတစ်ခုကို ၀တ်လိုက်တယ်…အဲဒီ့မှာ ဘ၀တွေ စပြီး ပြောင်းလဲသွားခဲ့တယ်….!

ဘယ်လို ၀တ်ရုံမျိုးလဲ ငါဝတ်ဆင်လိုက်တာလဲ…?? သေသေချာချာတော့ မသိပေမယ့် အဲ့ဒီ့ဝတ်ရုံက ငါ့ဘ၀ကို အသေအချာကြီးကို ပြောင်းလဲစေခဲ့တာတော့ အမှန်ပဲ…။ အဲဒီ့ဝတ်ရုံထဲမှာ မင်းသားယောင် ဆောင်ထားတဲ့ ဘီလူးတစ်ကောင်ရဲ့ မျက်နှာဖုံးပါတယ်…သိုးရေခြုံထားတဲ့ ၀ံပုလွေ တစ်ကောင်ပါ တယ်…ပြည်စောင့်နတ် ဟန်ဆောင်ထားတဲ့ မာနတ်တစ်ထောင် ပါတယ်..။

အဲ့ဒီဝတ်ရုံက လူတစ်ယောက်ရဲ့ အနာဂတ်ကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင်လုပ်နိုင်ရုံတင်မကဘူး အဲဒီ့လူတစ်ယောက်ရဲ့ အတိတ်ကိုလည်း ကောင်းကောင်းကြီးကို ဖုန်းအုပ်ပြစ်လိုက်နိုင်တယ်…။ဘယ် လိုဝတ်ရုံမျိုးလဲ ငါ့တို့ဘ၀တွေရဲ့ လှပခဲ့တဲ့ အတိတ်တွေကို သွေးစိမ်းရှင်ရှင် အနာဂတ်တွေနဲ့လဲခဲ့တာ?

ဒီဝတ်ရုံက ဘယ်ဘ၀ရဲ့ ဆုတောင်းတွေ ကောင်းခဲ့လို့လဲတော့မသိဘူး…။ အသံကြား ကျိန်ဆဲခံရပါစေ၊ ရုပ်မြင် စောင့်ကန်ခံရပါစေ ဆိုတဲ့ဆုတောင်းတွေနဲ့ အရမ်းပြည့်တယ်…။ နောက်တစ်ခုရှိသေးတယ် ဒီဝတ်ရုံရဲ့ ထူးခြားချက်က…။ ဒီဝတ်ရုံကို ၀တ်လိုက်တဲ့သူတိုင်း အဖြူ၊ အမဲ မခွဲခြားခံရတော့ဘဲ တံတွေး ခွက်ထဲ ပက်လက်ကလေး မြောခွင့်ရခြင်းဘဲ..။လူမပြောနဲ့ ခွေးတောင်ဒီဝတ်ရုံကို မြင်ရင်ဟောင်တယ်။

ဒီဝတ်ရုံကို ၀တ်ထားရင် အကုသိုလ်ကို အခမဲ့ဝယ်လို့ရတယ်။ ငရဲပြည်ကို VISA မပါဘဲ အချိန်မရွေး သွားလို့ရတယ်(ပြန်လာလို့တော့မရဘူးနော်…မေ့နေမှာစိုးလို့)။ လူပေါင်းများစွာရဲ့ မျက်ရည်တွေကို မိုးတွေ တ၀ုန်းဝုန်းရွာရွာသွန်းသလို ရွာကျအောင် လုပ်လို့ ရတယ်။အသိပညာ အတတ်ပညာရဲ့ အဖူးအပွင့်တွေကို လောင်တိုက်သွင်းပြီး ပြာချခွင့်ရှိတယ်။ကုန်ကုန်ပြောရရင် ငါးပါးသီလကို တရားဝင် ချိုးဖောက်ခွင့်ရှိတယ်။ ကောင်းလိုက်တဲ့ ၀တ်ရုံ…! လိုချင်ရင်ပြော အပိုတွေအများကြီးရှိသေးတယ်..။

အရင်ကတော့ဒီလိုဝတ်ရုံမျိုးကို လူတွေဈေးကြီးပေးဝယ်ပြီး အရမ်းတန်ဖိုးထားခဲ့ကြဖူးတယ် ပြောတယ်။ ဟုတ်တော့လည်း ဟုတ်လောက်ပါတယ်။ ဒီဝတ်ရုံ ပေါ်ပေါက်လာတဲ့ သမိုင်းကလည်း သိပ်ကိုကြီးမြတ် ခဲ့တာကိုး..။ အခုတော့လည်း ပုံပြင်တစ်ပုဒ်လိုပါဘဲ။ ဒီဝတ်ရုံကြီးကို ယက်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးသာ မြင် ရင် သူများတောင် သတ်စရာလိုလိုက်မှာ မဟုတ်ဘူး..။ အခုဆို ဒီဝတ်ရုံမှာ သွေးတွေစွန်းကုန်ပြီ..။ စွန်းနေတဲ့သွေးတွေကို ဘယ်လိုဆေးကြမလဲ?? ၀မ်းနည်းဖို့ကောင်းတယ်ဗျာ သမိုင်းတွေ ခြစားကုန်ပြီ။

ယုံကြပါဗျာ..။ ဒီဝတ်ရုံက အရမ်းကို တန်ဖိုးရှိခဲ့တာပါ..။ အခုချိန်မှာ လည်းတန်ဖိုးရှိနေပါသေးတယ်..။ အနာဂတ်အတွက်လည်း တန်ဖိုးမဖြတ်နိုင်လောက်အောင် မရှိမဖြစ် အရမ်းလိုအပ်တဲ့ ၀တ်ရုံတစ်ခုပါ..။ ခင်ဗျားယုံမယ်ဆိုရင် ပြောပြပါရစေ..။ ဒီဝတ်ရုံထဲမှာ သူရဲကောင်းတွေရဲ့ ၀ိဥာဉ်တွေ ကိန်းအောင်းနေ ကြပါသေးတယ်..။ ဒီဝတ်ရုံဟာ သူရဲကောင်းတစ်ယောက်ရဲ့ အမြင့်မြတ်ဆုံး သင်္ကေတပါ။ ဒီဝတ်ရုံဟာ သူရဲကောင်းတစ်ယောက်ရဲ့ အလှပဆုံး အိပ်မက်တစ်ခုပါ။ အနာဂတ်ရဲ့ သူရဲကောင်းတိုင်း ခုံမင်စွာတပ်မက်တဲ့ မျှော်လင့်ချက်တစ်ခုပါ..။ အသုံးပြုတဲ့ သူတွေအပေါ်မူတည်နေလို့သာ တန်ဖိုးတွေ ကျဆင်းနေတာပါ..။

အခုအချိန်မှာ ဒီဝတ်ရုံရဲ့ တန်ဖိုးကို ပြန်လည်မြှင့်တင်ဖို့ လိုအပ်နေပါပြီ..။ ဒီဝတ်ရုံအပေါ် ယုံကြည်စိတ် ချမှုတွေ..၊အားကိုး တန်ဖိုးထားမှုတွေ ပြန်လည်မြင့်မားလာအောင် ကြိုးစားကြဖို့ အချိန်ရောက်ပါပြီ…။ စွန်းထင်းခဲ့တဲ့ အတိတ်ဆိုး၊ အရိပ်ဆိုးတွေကို လက်တွေ့ကျတဲ့ ကြိုးစားမှုတွေ၊ လုပ်ဆောင်မှုတွေနဲ့ ကျရာနေရာကနေ သက်သေပြကြဖို့လိုအပ်နေပါပြီ…။ ဒီလိုမှမဟုတ်ရင်တော့ ဒီဝတ်ရုံရဲ့တန်ဖိုးဟာ အခုအတိုင်းပဲ ရေစုန်မှာ ဆက်မြောနေပါလိမ့်အုန်းမယ်..။

အမှန်တရားနဲ့ သစာတရားကို သူတော်ကောင်းတွေ ချီးကျူးဂုဏ်ယူ ကြပါလိမ့်မယ်။ စောင့်ရှောက်ကြ ပါလိမ့်မယ်..။ အမှန်တရားကို ရဲရဲရင့်ရင့်လက်ခံပါ..။ ခိုအောင်းနေတဲ့ သူရဲကောင်းတွေရဲ့ ၀ိဥာဉ်တွေကို သစာစောင့်သိပါ..။ ဒီဝတ်ရုံကို ယက်လုပ်ခဲ့သူရဲ့ အဓိကရည်ရွယ်ချက်နဲ့ ဦးတည်ချက်ကို အမြဲနှလုံး သွင်းပါ..။ ဒီလိုဆိုရင် ဒီဝတ်ရုံရဲ့ တန်ဖိုးနဲ့ အရေးပါမှုကို ပြန်လည်ပြီး လက်ခံနားလည် လာကြပါလိမ့် မယ်။ ခံယူချက်ရှိရှိနဲ့ ရှေ့ကိုဆက်ရှောက်ပါ..။ နောင်တရစရာမလိုပါဘူး..။

ဘာကြောင့်လဲဆိုတော့ ဒီဝတ်ရုံဟာ လောက၏ မြင့်မြတ်သော၊စွန့်လွှတ် အနစ်နာခံနိုင်ဆုံးသော သူရဲကောင်းများသာ ၀တ်ဆင်ခဲ့ကြတဲ့၊၀တ်ဆင်နိုင်စွမ်း ရှိတဲ့ တစ်ခုတည်းသော ၀တ်ရုံတစ်ခု ဖြစ်သော ကြောင့် တန်ဖိုးထားသင့်ပါကြောင်း…….။ ။

မှတ်ချက်။ ။ ဒီဝတ်ရုံအား စတင်ယက်လုပ်ခဲ့သော သူရဲကောင်းတစ်ယောက်ရဲ့ မွေးနေ့အား ဒီ Post ဖြင့် ဂုဏ်ပြုအပ်ပါသည်။



တောင်းပန်ခြင်း။ ။ ကျွန်တော်ဒီပို့စ်ကို ဒီနေ့အမှီတင်ဖို့ ကြိုပြီးရေးထားခဲ့တာပါ...ဒါပေမယ့် Connection ကျနေတာကြောင့် အခုမှတင်ဖြစ်ကြောင်း တောင်းပန်အပ်ပါတယ်...ဒီပို့စ်ကို ကျွန်တော့်ကိုယ်စားတင်ပေးကျတဲ့ Blogger ညီအစ်ကို မောင်နှမတွေကိုလည်း အလွန်ပဲကျေးဇူးတင်ကြောင်း ဒီနေရာမှာပဲ မှတ်တမ်းတင်လိုက် ပါတယ်..။ ။

တို့တိုင်းပြည်


p.s- ကျွန်တော် ဒီရက်ပိုင်း Connection ကျနေသောကြောင့် ဒီကဗျာလေးကို ပြည်ထောင်စုနေ့ အမှီ (ကျွန်တော့အချိန်အရ) အမှတ်တရ အနေဖြင့် အခုမှ တင်ပေးလိုက်ပါတယ်...။

Feb 11, 2008

ကျွန်တော်နှင့် မိန်းမလို...........မိန်းမရ စိတ်ဓာတ်

မိန်းမလို မိန်းမရ ဆိုတဲ့စကားဟာ ဘယ်အချိန်ကတည်းက ဘယ်လိုပေါ်ပေါက်လာမှန်းမသိတဲ့ စကား တစ်ခုပါ… အခုချိန်ထိတော့ (ကျွန်တော်ပဲ ဥာဏ်မမှီလို့လားတော့မသိ) ဘာအဓိပ္ပါယ်မှန်းကို မသိသေး ပါဘူး… များသောအားဖြင့်တော့ ဒီစကားက ယောက်ျားးတစ်ယောက်ကို နစ်နစ်နာနာ ဖြစ်အောင်ပြောတဲ့ အခါ မှာ သုံးလေ့သုံးထ ရှိတာများပါတယ် (ဆိုလိုတာကတော့ အဲဒီယောက်ျားတစ်ယောက်ဟာ မိန်းမစိတ် ရှိတယ်လို့ ပြောချင်တာနဲ့ တူပါတယ်)… ကျွန်တော်ကတော့ အဲလိုသုံးတာကို သိပ်သဘာဝ မကျသ လို… တရားမျှတမှုမရှိဖူးလို့လဲထင်ပါတယ်…. ဘာလို့လဲဆိုတော့ မိန်းမစိတ်ရှိ တယ်( မိန်းမလို မိန်းမရစိတ်) လို့ပြောလိုက်ယုံနဲ့ပဲ… စဉ်းစားကြည့်ရင် မိန်းမတွေရဲ့စိတ်ဓာတ်အားလုံးကပဲ ယုတ်ညံ့နေ သလိုလိုကြီး ဖြစ်နေပါတယ်… ဒီလိုကြီးတော့ မဟုတ်သေးဖူးထင်ပါတယ်…

ယောကျာ်းစိတ်ပဲ ဖြစ်ဖြစ်၊ မိန်းမစိတ်ပဲ ဖြစ်ဖြစ် ကောင်းတာရှိနိုင်သလို… မကောင်းတာလဲရှိနိုင်တာပါပဲ။
ဒီလိုပြောကျကြေးသာဆို ကျွန်တော်ကလည်း အကျင့်မကောင်းတဲ့ ကောင်မလေးတစ်ယောက်ကို ဒီလို ပြောချင်ပါတယ် “ကြည့်စမ်း မိန်းကလေးတန်မဲ့ ယောက်ျားလို ယောက်ျားရ စိတ်ကြီးနဲ့”ကဲကျွန်တော် အဲလိုမျိုး ပြောကြည့်လိုက်ရင် ဘယ်လိုဖြစ်သွားမလဲ? ကျွန်တော်သာအဲလို ပြောလိုက်လို့ ကတော့ သူက သူ့ကို ယောက်ျားစိတ်ရှိတယ်လို့ ပြောတယ်ထင်ပြီး ပိုတောင်ဝမ်းသာ သွားဦးမလားပဲ။ ဒါဆိုရင် တော့ ဒီ “မိန်းမလို မိန်းမရစိတ်” ဆိုတဲ့ စကားကြီးဟာ တစ်ခုခုတော့မှားနေပြီဆိုတာသေချာပါတယ်…။
ဒါပေမယ့် ကျွန်တော် အဲဒီ့စကားရဲ့ အဓိပါယ်ကို မကြာသော ကာလကမှ ကောင်းကောင်းကြီး သဘော ပေါက်လိုက်ပါတယ်…။…အဲဒီလိုကျတော့လဲ ဒီစကားလေးက တော်တော်လေးကို အနှစ်သာရရှိသွားပါ တယ်…။

ကျွန်တော်တကယ်ပဲ အဲဒီစကားလုံးနဲ့ သင့်တော်တဲ့ အဖြစ်အပျက်တစ်ခုကို ကြုံတွေ့လိုက်ရပါတယ်။ အကြောင်းအရင်းကတော့ မိန်းမအရမ်းလိုချင်နေတဲ့ ကျွန်တော့သူငယ်ချင်းတစ်ယောက် မနေ့က မိန်းမရသွားပြီ ဖြစ်ကြောင်း မိဘများထံ ဖုန်းဆက်ရင်းသိလိုက်ရလို့ပါပဲ….။ ကဲ…ဘယ်သူဘာပြောချင် လဲ??? သူလိုလူကိုမှ “မိန်းမလို…မိန်းမရ” လူလို့မပြောရင် ဘယ်သူ့ကိုပြောမလဲ...??? ကျွန်တော်အဲဒီ သတင်းကို ကြားတဲ့ အချိန်မှာ ၀မ်းသာလွန်းလို့ အောက်ပါအတိုင်းတောင် ယောင်ပြီးတော့ အော်လိုက် မိပါသေးကြောင်း…..

ဒါမှ…ငါ့ရဲ့ “မိန်းမလို…မိန်းမရ” သူငယ်ချင်းကွ………..!!!!!!!!!!!!!!!!!!!!!!!!!!!


p.s- ကျွန်တော့်ငယ်သူငယ်ချင်း(ပြောမနာ..ဆိုမနာ…!သူ့ရှိကိုစား…ကိုယ့်ရှိဖွက်ထား) ရဲ့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ကျင်းပခဲ့တဲ့ မင်္ဂလာဆောင်အတွက် အဝေးရောက်လက်ဖွဲ့ တစ်ခုအနေနဲ့ ကျွန်တော်ပြောချင်တာလေး တစ်ချို့ကို ဖြည့်စွက်ပြီး ဒီ Post လေးကို အမှတ်တရ ရေးဖြစ်ခြင်း ဖြစ်ပါတယ်….။ ယောကျာ်းလေးများအားလုံး “မိန်းမလို…မိန်းမရ” ဖြစ်နိုင်ကျပါစေ….!!!!!!!!!

Feb 9, 2008

မနက်ဖြန်များစွာသို့.... ( Photo Edition)



NOTE : CLICK THE PICTURE TO ENLARGE THE PHOTO.

မနက်ဖြန်များစွာသို့....

ဟိုးအဝေးတစ်နေရာမှာ
မွေးနေ့ပွဲတစ်ခု
ကျင်းပနေတယ်……။

အဲဒီ့မှာ တည်ခင်းထားတဲ့ စားစရာတွေရှိတယ်
ပျံ့လွင့်နေတဲ့ သီချင်းသံတွေ ရှိတယ်
ပျော်ရွှင်နေတဲ့ သူငယ်ချင်းတွေရှိတယ်
ပြီးတော့…
ကျွန်တော့်ချစ်သူ ‘မွေးနေ့ရှင်’ ရှိတယ်….။

ချစ်သူရဲ့ နှုတ်ခမ်း တစ်ချက်အလှုပ်မှာ
သူ့ဘ၀နဲ့ ထပ်တူကျ အရေအတွက်ရှိတဲ့
မီးတောက်လေးတွေ ချစ်သူရဲ့ သောကတွေနဲ့အတူ
ချုပ်ငြိမ်းသွားတယ်….။

“HAPPY BIRTHDAY…..”
လို့ တစ်စုံတစ်ယောက်က
ရင်ဘတ်တစ်ခုလုံးပွင့်အောင် ဆုတောင်းပေးလိုက်တယ်
ဒါပေမယ့် သူမကြားနိုင်ပါဘူး
မိုင် ထောင်နဲ့ချီပြီး ဝေးတယ်လေ…။

အိပ်မက်တွေကို တန်ဖိုးထားတဲ့ ကျွန်တော်နဲ့
အိပ်မက်တွေထဲက နိုးထသွားတဲ့ “သူ…”
ပြန်ဆုံဖို့အတွက် ညပေါင်းများစွာ
စောင့်ရပါအုံးမယ်….။

မနက်ဖြန်မှာထွက်မဲ့ ရောင်ခြည်သစ်နဲ့အတူ
ကျွန်တော့်ချစ်သူရဲ့ နံနက်ခင်းတွေ လှပနေမယ်ဆိုတာ
ကျွန်တော် ဘ၀တစ်ခုလုံးစာ ယုံကြည်ပါတယ်….။

ခံစားခဲ့ရတဲ့ ဝေဒနာတွေကို သေသေချာချာ ထုပ်ပိုးပြီး
ဒီ “ည” ထဲမှာ မြုပ်လိုက်ပါ
မနက်ဖြန်မှာ မင်းသိပ်ကြိုက်တဲ့
“ပန်းရောင်” အနာဂတ်တွေ ပွင့်လာပါလိမ့်မယ်….။

သေခြင်းတရား တစ်ခုရဲ့အဆုံးမှာ
မွေးဖွားခြင်းတစ်ခု ဖြစ်တည်မယ်ဆိုရင်
မနက်ဖြန်မှာ ရောက်ရှိမယ့်
ကျွန်တော့်ချစ်သူရဲ့ ဖြစ်တည်ခြင်း ဂုဏ်ပြုပွဲအတွက်
ကျေကျေနပ်နပ်ကြီးကို ကျွန်တော်သေဆုံးပေးခဲ့ပါတယ်…။

မပူပါနဲ့ ကျွန်တော်မမေ့ပါဘူး
သူ့ကို ကျွန်တော်လက်ဆောင်တစ်ခု
ပေးဖြစ်အောင် ပေးလိုက်ပါတယ်….။

ဟုတ်တယ်
ကျွန်တော်သူ့ကို “တံတား” တစ်ခု
လက်ဆောင်ပေးလိုက်တယ်
ပြီးတော့သူ့ကို ကျွန်တော်သေသေချာချာ ပြောလိုက်သေးတယ်
“တံတား ဆိုတာ အလှကြည့်ဖို့ မဟုတ်ဘူး နင်းသွားဖို့ပါ” လို့……။ ။

P.S - Dedicated To My Someone Special’s Birthday

Feb 8, 2008

အံချော်ခြင်း

တကယ်ပါ....
သေသေချာချာ ပြန်ကြည့်တော့မှ
ငါ့လက်တွေတောင် သွေးစွန်းခဲ့ပြီပဲ....။

ငါဖန်တီးတဲ့ခဲ့ အိပ်မက်တစ်ခုဟာ
ဒီလိုမျိုး ဖြစ်မယ်မှန်းသာ သိရင်
အဲဒီ့ညကို ငါမအိပ်ခဲ့ပါဘူး.......။

မိသားစုကို စွန့်ခွာ
သူငယ်ချင်းတွေကို လက်ပြ
ချစ်သူကို ကျောခိုင်းခဲ့တဲ့ ရလဒ်က
ခံစားချက်မဲ့ နေ့ရက်တွေနဲ့
မျှော်လင့်ချက်မဲ့တဲ့ မနက်ဖြန်တွေလား....?

၁၉ ရာစု အိပ်ယာဝင် ပုံပြင်တွေနဲ့
၂၁ ရာစုကိုချော့သိပ်ဖို့ ကြိုးစားတာကတော့
ညံ့လွန်းတာပေါ့.....။

ရယ်စရာတွေ လာမပြောပါနဲ့ဗျာ
မလွတ်လပ်တဲ့ဘ၀မှာ
ချုပ်နှောင်တယ် ဆိုတဲ့စကားက
အဓိပ္ပါယ်ရှိပါ့မလား....။

တစ်ခုတော့သိထားလိုက်ပါ....။

ခေါင်းငုံထားတိုင်း ကြောက်တယ်လို့ မထင်ပါနဲ့
ကိုယ့်အောက်ခြေကိုသာ သတိထားပါ
သိပ်မကြာတော့ပါဘူး .....
အဖြေမှန်ကို သိလာရမှာပါ...။ ။

Feb 6, 2008

စကားလုံးများနှင့် လူသတ်ခြင်း...


“အရမ်းချစ်တယ်….”

သေဆေးတစ်လုံး
ငါ့သွေးကြောထဲကို
ထိုးထည့်လိုက်တယ်
ညင်ညင်သာသာလေးပါဘဲ….။

“ခွဲမသွားပါနဲ့နော်…”

အဆိပ်ငွေ့တွေ
ငါ့အဆုတ်ထဲကို
အစုလိုက် အပြုံလိုက်ဝင်သွားတယ်
ဖြေးဖြေးလေးပါဘဲ….။

“အရမ်းလွမ်းတယ်….”

ဓားချက်တွေ
ငါ့နှလုံးသားပေါ်မှာ
အရှိုးရာ အထပ်ထပ် ထင်သွားတယ်
ငြိမ့်ငြိမ့်လေးပါဘဲ….။

“တစ်ဘ၀လုံးအတွက် ရည်ရွယ်ခဲ့တာပါ….”

ကျည်ဆန်တွေ
ငါ့ဦးနှောက်ထဲ
အတွဲလိုက် ဖြတ်ပြေးသွားတယ်
ပါးပါးလေးပါဘဲ….။

“နားလည်ပေးပါ….”

ဆုံးရှုံးမှုတွေ
ငါ့နှလုံးသားကို
အဆက်မပြတ် တိုက်စားသွားတယ်
ခဏလေးပါဘဲ….။

ငါကျရှုံးသွားတယ်….။ ။

Feb 5, 2008

့UNHAPPY BIRTHDAY... KO NAY PHONE LAT!!

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

လိုအပ်သည်များကို ဖြည့်စွက်ပါ...

နေလည်းမြင့်လှပြီ
အရူးက ရင့်ယုံတင်မကဘူး
ရော်တောင် နေပြီ...။

ဒီအတိုင်းသာ ဆက်သွားလို့ကတော့
နေ၀င်တောင်
အိမ် ၀င်ရမှာမဟုတ်ဘူး...။
("အိမ်" နေရာတွင် သောကြာနံ အစ စကားလုံးအားထည့်သွင်း နိုင်ကြောင်း)

ဖြစ်ချင်တိုင်းဖြစ် လုပ်ခြင်တိုင်းလုပ်ပြီး
ရေစုန်မြော နေလိုက်ကြပုံများ
တင်စရာ ကမ်းတောင် မရှိတော့ဘူး...။

သံသရာကို မကြောက်လို့
မာစတာ ကို
("သံသရာ"နဲ့ ကာရံတူ ထည့်ကြည့်နိုင်ပါသည်...ဥမမာ.."သ"နှင့်စသော စကားလုံး များ...)
ခေါင်းခေါက်ကာ မတန်တရာ စကားလုံးတွေနဲ့
ပါးစပ်မဆန့်အောင် ပြောနေလိုက်ကြတာများ...။

ကျွန်ယုံရင် တစ်ဖက်ကန်း
သားသမီး ယုံ စုံလုံးကန်း
......ကို ယုံတော့ ဘ၀တွေ ကန်းကုန်ကြပြီ....။
(ကွက်လပ်ထဲတွင် တနင်္ဂနွေနံနှင့် သော စကားလုံး သုံးလုံး ထည့်သွင်းနိုင်သည်။)

ဆက်ပြောရင်
ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်တော့မှာမို့
တောတွေ မတုန်းခင်
မိမိကိုယ်ကိုပဲ အဆုံးစီရင် လိုက်ရပါကြောင်း....။ ။

မှတ်ချက်။ ။ ဤကဗျာကို ဖြည့်စွက်ခြင်း..အစားထိုးခြင်း များဖြင့် မိမိကြိုနှစ်သက်သလို ဖတ်နိုင်ပါကြောင်း....။

Feb 3, 2008

ပေါက်ကွဲခြင်း...

မကျေနပ်ရင်
ရိုက်သတ်လိုက်
မျက်ရည်တွေနဲ့တော့
ငါ့ကို အဆိပ်လာလာ မခတ်နဲ့...။

လုပ်ချင်တာ လုပ်ပြီးမှ
ဒီလောက်လေးတောင် နားမလည်ပေးနိုင်ဘူးလား
ဆိုတဲ့ စကားလုံးတွေနဲ့
ငါ့နားတွေကို မုဒိန်း လာလာမကျင့်နဲ့....။

ငါ့အတ္တကို ငါကိုယ်တိုင် ခုံရုံးတင်
သေဒဏ်ချ ကြိုးမိန့် ပေးပြီတာတောင် မကျေနပ်သေးရင်
လာ...
ငါ့ဝိဥာဉ်ကိုပါ တစ်သက်လုံး ချုပ်ထားလိုက်...။

ဒါမှ မကျေနပ်သေးရင်လဲ
ကိုယ့်ဘာသာကိုယ်သာ
လောင်တိုက်ထဲ ၀င်ပြီး
အဆုံးသာ စီရင်လိုက်တော့....။ ကြားလား..?

မှတ်ချက်။ ။ စကားလုံးများ ကြမ်းတမ်းသည်ဟု ထင်ပါက သည်းခံပေးကြပါရန်။

အစမရှိသောကြောင့် အဆုံးမရှိပါ...

"ပလုံ..."
သွား....ပြန်ပြီ
ငါ့အိပ်မက်တစ်ခု။

နေအထွက်မှာ
ရွှေခွက်နဲ့ခံဖို့ မပြောနဲ့
တစ်ရက်စာ ဘ၀တစ်ခုကို သစ်ဖို့
ရေခွက်တောင် မနည်းရှာနေရတယ်။

ခဏခဏ တိုက်စားတာခံရလို့
ငါ့မျှော်လင့်ချက် ကမ်းခြေက
ကျောတစ်ခင်းစာတောင်
မကျန်တော့ပါလား။

အိပ်မက်တွေ ပိုးစိုးပက်စက်
အရည်ပျော်နေတာများ
ငါ့ကိုငါ မှန်ထဲတောင် မကြည့်ရဲတော့ဘူး။

တိုက်ပွဲတစ်ခု စမယ်မှ
မကြံသေးဘူး
ငါ့ဘ၀တွေက အံဖက်စို့နေပြီ
ကဲ...ငါဘာဆက်လုပ်ရမလဲ။

နောက်ဆုံးစုပ်ကိုင်ခဲ့တဲ့
ကောက်ရိုးတစ်မျှင်က
ငါ့ကိုပြုံးပြီးပြောတယ်...

" မင်းစွဲလိုက်တဲ့ ငါကကောက်ရိုးတစ်မျှင်
မဟုတ်ဖူး...ဘ၀တစ်ခုလုံးကို ဖျက်ဆီးမယ့်
ဗုံးတစ်လုံးရဲ့ စနက်ကြိုး.." တဲ့

ဘာပြောခြင်ကျသေးလဲ..?
ကဗျာက ဆုံးနေပြီ....။ ။