Apr 23, 2008

ကျွန်တော်နှင့် အခန်း

ကျွန်တော် ဘာနှင့်တိုက်ဆိုင်လို့ တိုက်ဆိုင်မှန်းမသိ…။ ငယ်စဉ် ကျောင်းသားဘ၀တုန်းက အဖြစ်အ ပျက်လေး တစ်ခုကို သတိရမိပါသည်။ ထိုင်ခုံ နေရာတစ်ခုအတွက် ပြသနာတတ်ခဲ့ကြတုန်းက ဖြစ်ပါတယ်…။

"သူငယ်ချင်း ဒါ…မင်းခုံနေရာမဟုတ်ဖူးဆို…?"

"အင်း..မဟုတ်ဘူး…။ ဘာဖြစ်လို့လဲ..?"

"မင်းနေရာ မဟုတ်ဖူးဆိုလဲ သူ့ပိုင်ရှင်ထိုင်ပါစေကွာ…။ "

"ဟ..ဘာလို့ ဖယ်ပေးရမှာလည်း ငါ့အတန်းထဲမှာ ရှိတဲ့နေရာ ငါကြိုက်တဲ့နေရာ ထိုင်ပိုင်ခွင့်ရှိတာပဲ…။"

"ဒါတော့ ဟုတ်ပါတယ်ကွာ…။ ဒီနေရာက မင်းသာ တကယ်ကြိုးစားချင်တဲ့ သူတစ်ယောက်ဆိုရင်တော့ တကယ် ကို သင့်တော် ကောင်းမွန်တဲ့ နေရာတစ်ခုပါ…။ အခု မင်းက ကိုယ်တိုင်ကျတော့လည်း နေရာ ကောင်းမှာထိုင်ပြီး ဘာမှမလုပ်…။ သူများ ကြိုးစားချင်တဲ့သူတွေအတွက်ကျတော့လည်း ဖယ်မပေးချင်နဲ့…။ မင်းကြောင့် တကယ် ကြိုးစားချင်တဲ့သူတွေ…။ တကယ် အရည်အချင်းရှိတဲ့သူတွေ နစ်နာတယ်ကွာ။ ပြီးတော့မင်းကဒီမှာနေပြီး သူများတွေ ဘုရားရှိခိုးနေတဲ့ အချိန်လည်း ဟိုလူ့လိုက်စ ဒီလူ့လိုက်စနဲ့ ဒုက္ခလိုက်ပေးပြီး..ဘာသာရေးလည်း ရိုသေကိုင်းရှိုင်းရကောင်းမှန်းမသိ…။ ဆရာ၊ ဆရာမတွေကို လည်း..မလေးမစားနဲ့ လုပ်ပြီး ပညာသင်ကြားရေး ကိုလည်း ဒုက္ခပေးသေးတယ်...။"

"ဟေ့ကောင်…ဘာတွေလာပြောနေတာလဲ? ဘာလဲ..မင်းက အတန်းခေါင်းဆောင်ပါ ဆိုပြီးငါ့ကို ပါဝါ လာပြနေ တာလား…။ ဒါမှမဟုတ် ငါ့ကိုစိန်လာခေါ်နေတာလား..? မင်းက ဘာကောင်မို့လို့လဲ..? မလောက်လေးမ လောက်စားနဲ့…။ မင်းကများ ငါလိုကောင်ကို လာပြီးတော့ ဆရာလာလုပ်နေသေးတယ်…။ နာချင်ပြီထင်တယ်။ ဟုတ်လား ဟေ့ရောင်…? မင်းတော့ ကျောင်းအပြန် အရိုက်ခံချင်ပြီထင်တယ်…။ မင်းငါ့အကြောင်းသိပါတယ်..။ ဒီအခန်းထဲမှာ ငါ့ကိုဘယ်ကောင်မှ မယှဉ်နိုင်ဘူး။ မော်မကြည့်ရဲဖူး ဆိုတာ...။"

"ငါအတန်းခေါင်းဆောင်မို့လို့ မင်းကို ပါဝါလာပြတာလဲ မဟုတ်ဘူး..။ ငါကျောင်းကအပြန် မင်းတို့ သတ္တိမရှိလို့ မိန်းမလို မိန်းမရ ၀ါးရင်းတုတ်အားကိုးနဲ့ ချောင်းရိုက်မှာလည်း မကြောက်ဖူး…။ ခိုးချောင် ခိုးဝှက် နောက်ကျော ကနေ ဓားနဲ့ဝင်ထိုးမှာလည်း မကြောက်ဖူး…။ အေး… နောက်တစ်ခုက မင်းကို ဘယ်သူမှ မယှဉ်နိုင်လို့ မင်းကို ကြောက်လို့ အခန်းထဲက သူတွေကလည်း ငြိမ်နေကြတာမဟုတ်ဖူး..။ မင်းနဲ့ ယှဉ်ပြီးမိုက်ရမှာကို မလိုလားလို့ မတန်လို့ လျစ်လျူရှုထားတာ နားလည်လား…? ဒီအတိုင်းလည်း ငြိမ်နေကြတယ်မထင်နဲ့ မင်းကို ပညာသား ပါပါနဲ့ နောင်ကြဉ်သွားလောက်တဲ့ သင်ခန်းစာပေးမလို့ အချိန်ကောင်းကို သီးခံပြီးစောင့်နေတာ…။ အဲဒါမင်း သဘောပေါက်ထား…။ ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်မနေနဲ့…။"
ပြောရင်း ပြောရင်းဖြင့်သူနဲ့ ကျွန်တော့်ရဲ့ စကားတွေဟာ တော်တော်လေး အခြေအနေ တင်းမာလာခဲ့ပါတယ်။

"ဟေ့ကောင်…မင်းက ငါ့ကို ဒီနေရာမှာ ထိုင်ချင်လို့ ထိုင်နေတယ်များ ထင်လို့လား…။ ငါဒီမှာ ထိုင်တယ်ဆိုတာ က ငါ့အတန်းကို ငါကာကွယ်ထားတာကွ…။ အဲဒါမင်းနားလည်လား…? တစ်ခြားအခန်းက ကောင်တွေ ငါဒီမှာ ထိုင်တာကို တွေ့တာနဲ့ ငါ့အခန်းသားတွေကို မိုက်ကြေးမခွဲရဲအောင်.. ပြသနာမရှာရဲအောင် ကိုယ့်အသိစိတ် ဓာတ်နဲ့ကိုယ် သမိုင်းပေးတာဝန်အရ ထိုင်ပေးထားတာကွ…။ ဟား..ဟား..ဟား…။ နောက်ပြီးငါ့မှာက တစ်ခြားအခန်းက အားကိုးရလောက်တဲ့ ကောင်တွေကလည်း ငါ့ဘက်က ရပ်တည်နေတယ်လေ…။ ငါတို့အခန်း ကိုထိရင် သူတို့ကလည်း ငါတို့အခန်းဘက်ကနေ ကာကွယ်ပေးမယ့်လို့ ငါ့ကိုပြောထားပြီးသားကွ။ ငါတို့ ဘယ်သူ့ကိုမှ ကြောက်စရာမလိုတော့ဘူးပေါ့..။ မဟုတ်ဖူးလား...ဟား..ဟား"

"ဟေ့ကောင်…။ အရူး..။ မင်းထင်ရာ မြင်ရာ သမိုင်းပေးတာဝန်တွေဘာတွေနဲ့ ကြီးကြီးကျယ်ကျယ် အဓိပ္ပါယ်မရှိ တဲ့ ပေါက်ကရတွေ လျှောက်ပြောမနေနဲ့…။ ငါတို့အခန်းကလည်း ဘယ်သူကမှ…။ အေး…မင်းကလွဲလို့ပေါ့ကွာ ဘယ်သူကိုမှ ပြသနာသွားမရှာဘူး…။ ငါတို့အခန်းထဲက သူတွေက သူများကို ဘယ်တုန်းကမှ ပြသနာသွားရှာ တာ၊ ရန်သွားစတာ မရှိတဲ့အတွက် ဘယ်သူကမှလည်း ငါတို့အခန်းကို အလကားနေ ပြသနာလာမရှာဘူး…။ အေး…..မင်းအခုလို အတန်းရှေ့မှာ ထိုင်နေတော့မှ သူများအခန်းတွေက ငါ့တို့အခန်းကို အထင်သေး၊ အမြင် ကတ်ပြီး ပြသနာလာရှာချင်ရှာမှာ…။ နောက်တစ်ခု ငါပြောချင်တာက မင်းပြောတဲ့ တစ်ခြားအခန်းက ကောင်တွေ ဆိုတာလည်း မင်းကိုကပ်ပေါင်း၊ Cover လုပ်ပြီး ငါတို့အခန်းထဲက တန်ဖိုးရှိတဲ့ မိန်းကလေးတွေကို ထိကပါး ရိကပါးလုပ်ပြီးတော့ သူတို့ကိုယ်ကျိုးအတွက် အမြတ်ထုတ်ဖို့ လုပ်နေတာ။ အဲဒါရော မင်းသိရဲ့လား? အကယ်၍ သူများတွေက ငါတို့ အခန်းကို အလကားနေ ပြသနာလာရှာ… လာစော်ကားတယ်ပဲ ထားအုံး…။ ဟေ့ရောင်…ဒီမှာ..။ ငါတို့အခန်းက အမြဲစည်းလုံးပြီးသားကွ..။ အဲဒါမင်းနားလည်လား…? ကိုယ့်အခန်း ထဲကသူကို သူများကလာစော်ကားရင် ခေါင်းငုံခံနေမယ့်အထဲမှာ ငါတို့ အခန်းနဲ့ အခန်းထဲကသူတွေ မပါဘူး။ နောက်ပြီး မင်းသိအောင်ထပ်ပြောအုံးမယ်..။ ငါတို့အခန်းက ဘယ်အခန်းက ကောင်တွေကိုမှလည်း အားမကိုးဘူး…။ ကိုယ့်အခန်းတွင်း စည်းလုံးညီညွတ်မှုအားကိုပဲ အားကိုးတယ်…။ အေး...နောက်ဆုံးတစ်ခုက သူများတွေလာစော်ကားမှ မဟုတ်ဘူး…။ ကိုယ့်အတန်းသူ အတန်းသား အချင်းချင်းထဲမှာ အသားထဲက လောက်ထွက်နေတဲ့ ကောင်မျိုးရှိနေရင်လည်း ခြေမ မကောင်း ခြေမ… လက်မ မကောင်းလက်မ ဘယ်တော့မှ လက်ပိုက်ကြည့်ပြီး…ဒီအတိုင်း လုပ်ချင်တာတွေ လုပ်ခွင့်ပေးထားမှာ မဟုတ်ဘူးဆိုတာပဲ…။

ထိုကဲ့သို့ သူနဲ့ ကျွန်တော် အခြေအတင် စကားများနေကြချိန်မှာ ဘယ်အချိန်က ဘယ်လို ကျွန်တော့် နောက်ကို ရောက်နေကြမှန်းမသိသော အတန်းထဲမှ ကျောင်းသားများ အားလုံးနီးပါး တော်တော်လေး များနေပြီဆိုတာကို ကျွန်တော် သတိထားမိလိုက်ပါတယ်…။ ဟုတ်လောက်ပါတယ်လေ…။ ဒီကောင် အတန်းကို ဗိုလ်ကျခြင်တိုင်းဗိုလ်ကျ…။ ဒုက္ခပေးချင်တိုင်းပေးနေတာ တော်တော်လေးကို ကြာနေခဲ့ပါပြီ..။ သူ့ကြောင့် အတန်းသူ အတန်းသားတွေရော..အတန်းရော..။ နောက်ဆုံး အတန်းပိုင်ဆရာမပါမကျန်..။ သူများအတန်း တွေရှေ့မှာ မျက်နှာပျက်ရပေါင်း၊ အရှက်ကွဲရပေါင်းတော် တော်များနေခဲ့ပါပြီ..။ အားလုံးရဲ့ မျက်လုံးတွေက လည်း အဲဒီ့သကောင့်သားကို ကောင်းကောင်း ပညာပေးပို့ ပွက်ပွက်ဆူနေတဲ့ သူတို့ရဲ့ ဒေါသတွေကို ကောင်း ကောင်းကြီးကို ဘာသာပြန် နေကြပါပြီ…။ ဒါကို ဟိုကောင်လည်း သတိထားမိသွားဟန်တူပါတယ်…။ တော်တော်လေးကို ထိတ်လန့်နေတာကို မနဲ ဟန်ကိုဖော့လုပ်နေပေမယ့်…တော်တော်လေးကို ရုပ်ပျက် နေပါပြီ…။ ဒီလောက်ဆို အကယ်၍သူသာ ဒီတစ်ခါ ထက်ငြင်းလိုက်ပါက ဘာတွေဖြစ်သွားနိုင်တယ်ဆိုတဲ့ သူ့ရှေ့ရေးကို သူကောင်းကောင်း သဘောပေါက်နေပြီဆိုတာ သေချာနေပါပြီ…။ ကျွန်တော်လည်း အဲဒီအချိန်မှာ မေးဖို့ အကောင်းဆုံးနဲ့ နောက်ဆုံးပွဲသိမ်း မေးခွန်းတစ်ခုကို အတန်းသားတွေဘက် လှည့်ကြည့်နေရာမှ သူ့ဘက်သို့ ခပ်ဖြေးဖြေးပဲ လှည့်ကာ ပြုံးပြီးသူ့ကို မေးလိုက်ပါတော့တယ်။

"ကဲ…ဘယ်လိုလဲ…? မင်းဒီနေရာက ဖယ်ပေးမယ်မလား…?"

p.s- အမှန်က အဲ့ဒီ့နေရာမှာ ဘယ်သူထိုင်တယ် မထိုင်ဖူးဆိုတာ အရေးမကြီးပါဘူး။ ဘယ်သူပဲ ထိုင်ထိုင် တကယ်အရေးကြီးတာက ကျွန်တော်တို့ အတန်းကြီး ဂုဏ်ရှိဖို့၊ အောင်မြင်ဖို့၊ တိုးတက် ကောင်းစားဖို့ပါ...။ အကယ်၍ သူသာ အဲဒီ့နေရာ မှာ ဆက်နေပြီး အခန်းအတွက် တကယ်ကြိုးစားပေးမည် ဆိုပါကလည်း ကျွန်တော်တို့ အတန်းသူ၊ အတန်း သားတွေ အားလုံးဟာ သူအရင်လုပ်ခဲ့တဲ့ မိုက်ပြစ်တွေကို ခွင့်လွှတ်ပြီး ၀မ်း ပန်းတသာ ကြိုဆိုနေမိမှာ သေချာပါတယ်...။

Happy Birthday ပါ မေမေ...!!!

MySpace Comments - Happy Birthday
MySpace Layouts - Happy Birthday
Free Comments & Graphics

M- Magnanimous
O- Optimistic
T- Treasurable
H- Honourable
E- Enlightened
R- Reliable

p.s- ဒီနေ့မှာ ကျရောက်တဲ့ မေမေ့ရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မေမေချစ်တဲ့ မိသားစု နှင့် အတူ ပျော်ရွှင် ငြိမ်းချမ်းစွာနေနိုင်ပါစေလို့ သားဆုတောင်းပေးလိုက်ပါတယ်....။

Apr 17, 2008

ကျွန်တော်နှင့် ထွက်ပေါက်...

ငါတစ်ယောက်ထဲ ဒီအခန်းကျဉ်းထဲမှာ ဘယ်လောက်ကြာကြာနေရအုံးမှာလဲ…။ ဘယ်နေရာကို ကြည့်ကြည့် ထွက်ပေါက်မဲ့နေတဲ့ ငါ့အခန်းထဲမှာ အလင်းတစ်စက်လောက်ကိုတော့ ငါမျှော်လင့်ကောင်းပါရဲ့..။ ငါ့ရဲ့ဘေး ပတ်ပတ်လည်မှာ မွန်းကြပ်မှုနံရံတွေနဲ့ ၀န်းရံခံခဲ့ရတာ အခုဆို ငါ့ဘ၀တစ်ဆစ်ကျိုးတော့မယ်။ ဘယ်မှာလည်း ငါ့ရဲ့ နားခိုရာ…။ ဘယ်မှာလည်း ငါ့ရဲ့ ဖြေသိမ့်ရာ…။ ဘယ်မှာလည်း ငါ့အတွက် ကြည်နူးစရာ…။ ဘယ်တုန်းက ဘယ်သူထည့်လို့ ရောက်ခဲ့မှန်းမသိတဲ့ ဒီအခန်းထဲမှာ ငါဘယ်လောက် ထိ ကြာကြာနေရအုံးမှာလဲ…။ ငါ့လိုပဲ ဒီလိုအခန်းမျိုးထဲ ရောက်နေတဲ့သူတွေ ဘယ်လောက်များရှိကြ အုံးမလဲ…။

မျက်နှာကျက်ပေါ်နားက ကိုယ်ပိုင်ဘ၀တစ်ခုကို သူ့ဘာသာ တည်ဆောက်ခွင့်ရနေတဲ့ ပင့်ကူတစ်ကောင်…။ မကြာခဏ ငါနဲ့ လာကစားလေ့ရှိတဲ့ ခပ်တုန်းတုန်း မြေကြွက်တစ်ကောင်…။ ငါမသိပဲ ငါ့အိပ်မက်တွေ ခဏခဏ လာခိုးစားတဲ့ ဘယ်ကပေါ်လာမှန်း မသိတဲ့ ပိုးဟပ်တစ်ကောင်…။ ငါတယုတယ မွေးထားတဲ့ ပုပ်သိုးနေတဲ့ အတိတ်တွေထဲက “လောက်” ကောင်တွေနဲ့…။ ငါ့ဝိဥာဉ်ကိုဖောက် စိတ်ကူးနဲ့ တည်ဆောက်ထားတဲ့ ခပ်ဂေါက် ဂေါက် လိပ်ပြာတစ်ကောင်လောက်တောင် ငါ့ဘ၀က မမြင့်မြတ်ပါလား…။ ထားလိုက်ပါလေ…။ ဒီအခန်းထဲ အဖော်ဆိုလို့ သူတို့ပဲရှိတာမလား…။ သြော်မေ့လို့…။ ၁၀ နှစ်သားလောက် သက်တမ်းရှိတဲ့ “အထီးကျန်ခြင်း” တစ်ကောင်လည်း ငါ့ဘေးမှာ ငုတ်တုတ်ထိုင်နေလေရဲ့…။

ငါ့နားထဲမှာ ကြားနေရတဲ့ ညည်းငြူသံတွေ ငါ့ကိုခြောက်လှန့်ခဲ့တာနေ့စဉ်ရက်စက် ငါ့ညတွေ ခြောက်ကပ် နေလိုက်ပုံများ…။ ပက်ကြားတွေတောင်အပ်လို့…။ ပတ်ဝန်းကျင်ကို ငါသေသေချာချာ ကြည့်ခဲ့ဖူးတယ်…။ တစ်စုံ တစ်ယောက်များ ရှိနေမလားလို့…။ မရှိဘူး..။ ဘယ်သူမှမရှိဘူး…။ ငါနဲ့တူတာဆိုလို့ ငါ့အရိပ်တောင်မရှိဘူး…။ အခန်းထောင့်မှာ ခပ်ပါးပါးပျံသန်းနေတာ ငါ့မျှော်လင့်ချက်တွေ များလား…။ မဟုတ်ဘူး…။ ခေါင်းကိုငုံ ငါ့ကိုယ်ငါ သုံးသပ်ဖို့ ငါ့အသက်ရှူသံတွေ ငါလိုက်ဖမ်းတော့ ပိုဆိုးသွားတယ်..။ ငါ့အသက်ရှူခွင့်ကိုတောင် ငါမပိုင် ဆိုင်ပါလား…။

ငါ့အခန်းထဲမှာ နေ့မရှိဘူး…။ ငါ့အခန်းထဲမှာ ည မရှိဘူး…။ ငါ့အခန်းထဲမှာ မာနမရှိဘူး…။ ငါ့အခန်းထဲမှာ အတ္တ မရှိဘူး…။ မရှိဘူး…။ ဘာဆိုဘာမှ မရှိဘူး…။ ငါကိုယ်တိုင်ရော ရှိနေတာသေချာရဲ့လား…? ခပ်ဝါးဝါး ပါပဲ…။ ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ မမြဲခြင်းတွေ ခြေရာခြင်းထပ်နေပုံများ…။ ကာလသုံးပါးကိုတောင် လူရာမသွင်းဘူး…။ အကြိမ်ကြိမ်တည်ဆောက်လိုက် ပြိုကျသွားလိုက်နဲ့ ငါ့ယုံကြည်ချက်တွေ ဘ၀ထဲမှာ တောင်လိုပုံ…။ တစ်ခုမှလည်း သုံးစားလို့မရ။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ အကြိမ်ကြိမ်စစ်ခင်းတော့…။ ကြားထဲ က ငါ့ခံစားချက် စစ်မြေပြင်ပဲ စုတ်ပြတ်ပြီးကျန်ခဲ့တယ်..။

ဝေဒနာတွေ တနင့်တပိုး သေသေချာချာထုပ်ပိုးပြီးများ ကံကြမ္မာက င့ါကို လက်ဆောင်ပေးခဲ့လေသလား..။ လိုခြင်တာနဲ့ လိုအပ်တာတွေ အမျိုးမျိုးနှိပ်စက်…။ ငါ့ဘ၀လည်း အပိုင်းပိုင်းပြတ်နေပြီ…။ အောင်မြင်မှု၊ ဂုဏ်ဒြပ်၊ အနာဂတ် ငါဘာမှမလိုခြင်ဖူး…။ လာမပေးနဲ့ အပေါစား ရင်ခုန်သံတွေလည်း ငါမယုံဘူး..။ ငါလိုချင်တာ ငါ့လက် ထဲက လက်တစ်ဆုပ်စာ နေ့စွဲတွေနဲ့ ငါ့ကိုယ်ငါ ပိုင်ဆိုင်မှု…။ ဒီလိုအခန်းထဲမှာနေမှ ငါ့ဘ၀ကောင်းစားမယ်ဆို။ အဆုံး အစမရှိတဲ့ စကြာဝဌာထဲကိုသွား ငါ့ဘ၀ကို လွတ်လွတ်လပ်လပ် ငါ…။ “ခါး” ပြစ်လိုက်ချင်တယ်…။

တစ်စုံတစ်ခုများ ရလေမလားလို့ ငါ့မျက်လုံးကိုမှိတ် အိပ်မက်တွေထဲ ဖောက်ထွက်ပြစ်လိုက်တော့ င့ါသွေးကြော တွေထဲ လေဟာနယ်တွေ အကန့်အသတ်မရှိ ဖြတ်သန်းသွားတယ်…။ အခုဆို ငါ့အိပ်မက်တွေ တဖြေးဖြေး အရောင်ပါး ခံစားချက်လည်း သုညအောက်မှာ ပြားပြားမှောက်နေပြီ…။ ဘယ်သူ မြင်လဲ င့ါမျက်ဝန်းထဲ နာကြည်းချက်တွေ သွေးစက်လက်နဲ့ ငါ့ကိုယ်ငါသတ်နေတာ…။ ခွဲထွက်ပြစ်လိုက် ခပ်ဟောင်းဟောင်း လမ်း ကြောင်းတွေကနေ…။ တစောင်းကြည့်မှ တည့်တည့်မြင်ရတဲ့ ဒီလောကမှာ ကွာဟချက်တွေ ဘာမှဒီလောက်များ စရာမလိုဘူး…။ ဒီအတွေးတွေထဲ ငါအကြိမ်ကြိမ်လမ်းလျှောက် ငါ့ဦးနှောက်မှာ လမ်းပျောက်ခြင်း ခြေရာတွေ ထပ်နေပြီ…။

အမှတ်မထင် ငါတွေ့လိုက်တဲ့ အတွေးတစ်ခုကို…။ ငါ…။ အမိအရလိုက်ဖမ်းတယ်…။ ဟုတ်တယ်…။ ထွက်ပေါက် မဲ့နေတဲ့ ဘ၀တစ်ခုကနေ လွတ်မြောက်ဖို့ တစ်ခုတည်းသောသော့ဟာ “စိတ်” ဖြစ်တယ်..။ ဘယ်လိုနည်းနဲ့မှ လွတ်မြောက်ဖို့ လမ်းမမြင်တဲ့ ငါ့ ခန္ဓာကိုယ်ကို ကယ်ထုတ်ဖို့ ကြိုးစားနေမဲ့အစား..။ ငါ့ဝိဥာဉ်ကိုပဲ လွတ်လပ်ခွင့် ပေးလိုက်တော့မယ်…။ ငါးမရလို့ ရေချိုးပြန်တာ ငါ့အပြစ်လား…။ ရှင်သန် ခြင်းဟာ စတည်ခြင်း…။ နေထိုင်ခြင်း ဟာ ဖြစ်တည်ခြင်း…။ သေချာတယ်…။ ဒါဆို တစ်ခုခုတော့လိုနေပြီ..။ စဉ်းစား စဉ်းစား။ ငါ…။ ထွက်ပေါက်တွေ နဲ့ နီးလာပြီ။ ငါကိုယ်တိုင်ဖောက် ငါလျောက်တဲ့လမ်းမှာ အနှောင့်အယှက်ဆိုလို့ ငါ့အိပ်မက်တောင်မရှိစေရ...။

ဒီအလင်းတန်းကိုရဖို့ ငါစောင့်စားခဲ့ရတာ အလင်းနှစ်တွေ သန်းနဲ့ချီခဲ့ပေါ့…။ ငါ့ဘေးမှာ ကာရံထားတဲ့ မွန်းကြပ်မှုနံရံတွေကို ငါသနားတယ်..။ ဘယ်သူမှ ငါ့ထွက်ပေါက်ကို ပိတ်ပင်နိုင်စွမ်းမရှိတော့ဘူး…။ အကြိမ်ကြိမ် ပုံဖော်ခဲ့ဖူးတဲ့ လောကသစ်တစ်ခု ငါ့အာရုံတွေထဲမှာ တဖြေးဖြေးနဲ့ပေါ်လာပြီ…။ အဲဒီ့နေ့မှာ ဘယ်အချိန်ထဲက ငါ့ဘေး ပြန်ရောက်နေမှန်းမသိတဲ့ ငါ့အရိပ်ကို ငါနောက်ဆုံးအနေနဲ့ တွေ့ခဲ့တယ်။ အခန်းထဲက ငါ့အဖော်တွေကို ငါနှုတ်ဆက်လိုက်တယ်…။ တစ်ချိန်လုံး အခန်းထောင့်မှာ ကုတ်ချောင်းချောင်းနဲ့ အိပ်ငိုက်နေတဲ့ ငါ့ဝိဥာဉ်နဲ့ တည်ဆောက်ထားတဲ့ လိပ်ပြာ ရုတ်တရက်ထပြန်သွားတယ်…။ ငါ့စိတ်တွေလည်း အဲဒီ့လိပ်ပြာနဲ့အတူ လောကသစ်ဆီသို့….။ တကယ်တော့ သေခြင်းတရားဆိုတာ လွတ်မြောက်ရာ လမ်းတစ်ခုပဲ မဟုတ်လားဗျာ…။
p.s- ထွက်ပေါက်မဲ့နေသော ဘ၀ပေါင်းများစွာအား ကိုယ်စားပြုသည်။

Apr 16, 2008

သိကြားနှင့် Blogger


သိကြာင်းမင်းသည် နှစ်စဉ်ထမ်းဆောင်နေကြ တာဝန်အား ထမ်းဆောင်ရန်အလို့ငှာ ထုံးစံအတိုင်း လူ့ပြည်သို့ ဆင်းသက်ရောက်ရှိလာခဲ့ပါတယ်…။ ယခင်နှစ်များနဲ့ မတူပဲ ဒီနှစ်ရဲ့ထူးခြားချက်ကတော့ ကုန်ဈေးနှုန်းနဲ့ လောင်စာဆီများ အဆမတန် ဈေးနှုန်းမြင့်တက်မှုကြောင့် လည်းကောင်း၊ မြန်မာ့ယဉ် ကျေးမှုကို ဖော်ပြ လိုသည်ကတစ်ကြောင်းကြောင့် ယခုနှစ်မှာတော့ အရင်လို စက်တပ်ယဉ်များကို အသုံးမပြုတော့ပဲ လှည်းယဉ် ကိုစီးကာ ညာဘက်လက်တွင် သင်္ကြန်အတွင်း မကောင်းမှု ကျူးလွန်သူ များအား မှတ်တမ်းတင်ရန် HTC (TYTN II) model အမျိုးအစား PDA ကို ကိုင်ဆောင်ပြီး လည်း ကောင်း၊ ဘယ်ဘက်လက်တွင် သင်္ကြန်အတွင်း ထင်တိုင်းကျဲနေကြသော မြန်မာ(ဟု မိမိကိုယ်ကိုယ် နာမည်တပ်ထားသော) လှပျိုဖြူလေးများရဲ့ ရေစိုနေသော အလှအား မှတ်တမ်းတင်၍ နတ်ပြည်တွင် ပြန်လည်ဖြန့်ဖြူးရန် အတွက်လည်းကောင်း Sony- Handy Cam တစ်လုံးကို ကိုင်ဆောင်၍ ဆင်းသက်လာခဲ့လေသတည်း..။

Appendix (1) - သိကြားမင်းသည် ၎င်း၏ Video Camera ဖြင့် လူ့ပြည်ရှိ ရာဇ၀တ်မှု ကျူးလွန်သူများ အား မှတ်တမ်းတင်ရန်ဟု အကြောင်းပြကာ ၎င်း၏ ချစ်ဇနီးချောလေးများအား မလိမ့်တပတ်ပြုလုပ်ခဲ့ ကြောင်း ခိုင်လုံ သော သတင်းရပ်ကွက်မှ သတင်းရရှိ။

သိကြားမင်းသည် ခရီးရောက်မဆိုက်ပင် ၎င်းမရောက်ခင်ကတည်းက အလိုအလျှောက် အခမ်းအနား ဖွင့်လှစ်ပြီး ဖြစ်နေသော သင်္ကြန်ပွဲတော်ရဲ့ ဖြစ်စဉ်များကို အမောတကောပင် အင်တာနက်ကွန်ယက် အကူအညီများယူရ လိုက်လံမှတ်တမ်းတင်ရပါတော့တယ်..။ ကွန်နက်ရှင်မှာလည်း သင်္ကြန်အတွင်း မကောင်းတစ်ချက်၊ ပျက်တစ် ချက်ဖြစ်နေခြင်းကြောင့်လည်းကောင်း၊ အသုံးပြုလိုသော Website တော်တော်များများမှာ Access Denied နှင့် တိုးနေသောကြောင့်လည်းကောင်း တာဝတိသာမှာရှိတဲ့ ၎င်းရဲ့ ကိုယ်ပိုင် ISP နဲ့ ဆက်သွယ်ချိတ်ဆက်ခဲ့ရပါ တော့တယ်..။ ထိုကဲ့သို့ တာဝတိသာနှင့်ချိတ်ဆက်ရာတွင်လည်း သာမန်နည်းဖြင့် ချိတ်ဆက်လို့ မရတာ ကြောင့် Proxy များကို ကျော်ခွ အသုံးပြုခဲ့ ရပါတယ်..။

ယခုနှစ်တွင် သိကြားမင်း၏ အဓိကတာဝန်ကတော့ နတ်သဘင်အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ မြန်မာပြည်တွင် အလွန်ခေတ်စားနေသော Blogger များရဲ့သတင်း၊ လှုပ်ရှားမှုများကို အထူးဦးစားပေး မှတ် တမ်းတင်ရန်နှင့် နတ်ပြည်မှာ မကြာခင်ဖွဲ့စည်းတည်ထောင်တော့မယ့် Blogger Society အတွက် နည်းပညာ များရယူရန်တို့ ပါဝင်လာခဲ့ပါတယ်။ ထိုကဲ့သို့သော ရည်ရွယ်ချက်များအပြင် အထူးလျှို့ ၀ှက်တာဝန်အဖြစ် လူ့ပြည် Blogger အသိုင်းအ၀ိုင်းမှာ သင်္ကြန်တွင်း ဥပုဒ်သီလဆောက်တည်နေသော သူတော်ကောင်း Blogger များအား အရက်သမား၊ ဖဲသမား ဖြစ်အောင်အမျိုးမျိုး အပုတ်ချ၊ လီဆယ် ဖန်တီးနေသည့် Blogger ရာဇ၀တ် သားများရဲ့ မှတ်တမ်းများကို၎င်း၏ PDA တွင် သေသေချာချာ မှတ်တမ်းတင်ပြီး နတ်ပြည်ဝင်ခွင့် Visa ပိတ်ခြင်း ဖြင့် အရေးယူသွားရန် အစီအစဉ်များပါဝင်ခဲ့ပါတယ်…။

ပထမဆုံးအနေနဲ့ သိကြားမင်းသည် နတ်ပြည်တွင် မကြာမှီ တည်ထောင်မည့် Blogger Society အတွက် လူ့ပြည်မှ နာမည်ကြီး Blogger များကို လူယောင်ဖန်ဆင်းပြီး တွေ့ဆုံပါတော့တယ်..။ ၎င်း အနေဖြင့် ထိုသို့ တွေ့ဆုံမည်ဟု ရည်ရွယ်ထားကတည်းက မဖြစ်မနေနှင့် ထိပ်ဆုံးမှ လေ့လာရမည့်သူ ကို ကြိုတင်ရွေးချယ် ထားပြီးဖြစ်ပါတယ်..။ ထိုသူနှင့်မှ မတွေ့ဆုံပါက Blogger ရပ်ဝန်းတွင် အလွန်တရာမှခေတ်နောက်ကျသွားပြီး.. လိုအပ်သော သတင်းအချက်အလက်များနှင့် ဆက်သွယ်ရန်လိပ်စာ များကို အဆက်အသွယ်ပျက်သွား နိုင်ကြောင်းကိုလည်း သိရှိပြီးဖြစ်ပါတယ်။ ထိုနာမည်ကြီး Blogger နာယကကြီးကတော့ ကိုစိုးထက် ဖြစ်ပါတယ်။

ထို့နောက် သိကြားမင်းဟာ ကန့်ကွက်မဲမရှိပဲ အတည်ပြုထားတဲ့ အထူးလျှိှု့ဝှက် စီမံကိန်းအား အကောင် အထည်ဖော်ရန် အစွမ်းကုန်ကြိုးစားပါတော့တယ်..။ သိကြားမင်းသည် နတ်တို့၏ အစွမ်းဖြင့် အလွယ်တကူ ရှာဖွေဖော်ထုတ်နိုင်မည်ဟု ယူဆထားသောလည်း Blogger အများစုသည် Proxy များကိုကျော်ခွပြီး အသုံးပြု နေခြင်းကြောင့် တော်တော်ပင်အခက်အခဲ နှင့်ကြုံတွေ့ခဲ့ရပါတယ်..။ IP Address အရ အခြားနိုင်ငံတစ်ခုမှာဟု ယူဆကာ ထိုနိုင်ငံသို့ အမောတကောလိုက်သွားပြီးတော့မှ တကယ်တမ်း အသုံးပြုနေသည်မှာ ၎င်းစတင်ဆင်း သက်ရာနိုင်ငံမှ ဖြစ်နေခြင်း အစရှိသော အခြေအနေအမျိုးမျိုးဖြင့် အလှည့်စားခံနေရသောကြောင့် သိကြားမင်းခမြာ ယုန်တောင်ပြေး ခွေးမြောက်လိုက် အဖြစ်မျိုးနဲ့ ကြုံရပါတော့တယ်..။

သို့သော်လည်း နတ်တို့ရဲ့ အစွမ်းနဲ့ မကြာခင်မှာပဲ Blogger လူဆိုးကြီးများ သတင်းကို ၎င်းတို့၏ လုပ်ရပ်များ နှင့်အတူ စနစ်တကျ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်…။

သင်္ကြန်အတွင်း သူတော်ကောင်း Blogger များဘာဝနာတရားပွားများ အားထုတ်နေချိန်တွင် Chevas ပုလင်းကို ဖက်ကာ ရွှေရောင်ပင်လယ်ထဲကူးခတ်နေသော ကိုလင်းထက်Blog တကာလှည့်ကာ Blog ကြီးတစ်ခုလုံး ရေထဲစုံးစုံးမြုပ်တဲ့အထိ မီးသတ်ပိုက်နှင့်လိုက်ထိုးခြင်း၊ အိုးမဲသုတ်ခြင်း (သူတို့က မဲပြီးသားသူတောင်မချန်ဘူး) အစရှိသော အမှုများကို ပြုလုပ်ခဲ့သည့် နှလုံးသားပြတိုက် နှင့် မောင်မျိုး၊ တွေ့သမျှ Blog အကုန်ဝင်၍ သူမရဲ့ အသံဖြင့် လိုက်လံနှိပ်စက်ခဲ့သော စိုးမြနန္ဒာသက်လွင်၊ သူ့ကိုယ်သူ အသည်းကွဲသမားလိုလို ဘာလိုလို လေသံပြစ်ပြီး သင်္ကြန်ပြီးတာနဲ့ အိုရတော့မယ့် နွေမုန်တိုင်း နှင့် အစ်ကို Blogger များအား အွန်လိုင်းမှာတွေ့တဲ့ အချိန်မှာ အမျိုးမျိုးစိတ်ကောက်ပြီး သင်္ကြန်တွင်း ကောင်မလေးများနှင့် ကြိတ်ပုန်းခုတ်နေသော ညမီးအိမ် တို့အား လှည့်စားမှု၊ နှစ် ယောက်ပေါင်းပြီး Blogger အပေါင်းအား နည်းမျိုးစုံလိုက်ကြပ်နေသော အိမ်လေး နှင့် ပန်းခရေ၊ မနှစ်ကသင်္ကြန်မှာ အသည်းကွဲခဲ့ပါတယ်ဆိုပြီး ဒီနှစ်သင်္ကြန်တွင်း တစ်တွင်းလုံး Blogger ညီအစ်ကို မောင်နှစ်မများအား ပြစ်ကာ ရှာပုံတော်ဖွင့်နေသည့် ပေါက်ကရ ၈၀ အား အခွင့်အရေး လက်တစ်လုံး ခြားလုပ်မှု တို့ဖြင့် ၎င်း၏ PDA အတွင်း အတိအကျ မှတ်တမ်းတင်ပြီး နတ်ပြည်ဝင်ခွင့် Visa အား သံသရာ သက်ပန် ပိတ်လိုက်ပါတော့တယ်..။

p.s - သိကြားမင်းသည် လူယောင်ဖန်ဆင်း၍ ကိုစိုးထက် ကြီးနှင့်တွေ့ဆုံရာတွင် Black Dream ဆိုသော အမည်အားအသုံးပြုခဲ့ကြောင်း….။

Apr 15, 2008

သူငယ်ချင်းများနှင့် အမှတ်တရသင်္ကြန်...

မနေ့က (၁၃.၄.၀၈) သင်္ကြန်အကျနေ့မှာ ကျွန်တော်တို့ ဒီမှာအတူတူရှိနေကြတဲ့ သူငယ်ချင်း (Blogger)တွေ ပထဆုံးအကြိမ် စုံစုံလင်လင် ဆုံဆည်းခဲ့ကြပါတယ်..။ သင်္ကြန်တွင်းမှာ သူများတွေ ကိုယ်စီကိုယ်စီ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပျော်ပါးနေတဲ့အချိန်မှာ ကျွန်တော်တို့လည်း အမှတ်တရလေး ဖြစ်သွားအောင် အခုလိုဆုံကြဖို့ စီစဉ်လိုက်ကြတာဖြစ်ပါတယ်…။

အဲဒီနေ့က ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုလေးဟာ အပျော်သဘော အမှတ်တရ သဘောမျိုး တစ်ခုတည်း အတွက် သီးသန့်မဟုတ်ပဲ မကြာခင်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေစုပေါင်းပြီး တည်ထောင် ကြမယ့် Website လေးတစ်ခုအကြောင်းကို ဆွေးနွေးတိုင်ပင်ကြဖို့လည်းပါဝင်ပါတယ်…။ အဲဒီ့ Website လေးမှာတော့ ကျွန်တော်တို့ တတ်သမျှ၊ သိသမျှ နည်းပညာအကြောင်းအရာများ၊ ကျွန်တော်တို့ ဖန်တီးထားတဲ့ အနုပညာ များနဲ့အတူ အခြားသော အကျိုးရှိနိုင်တဲ့ အခန်းကဏ္ဏများကို ထည့်သွင်းသွားဖို့ ရည်ရွယ်ထားပါတယ်။

ကျွန်တော်တို့ဆုံဆည်းမှုရဲ့ ပထမခရီးစဉ်အနေဖြင့် Парк Культуры (Park Of Cultre) လို့ ခေါ်တဲ့ ပန်းခြံကို ပထမဆုံးစတင်ချီတက်ကြပါတယ်..။ ကျွန်တော်တို့ရဲ့ ၀မ်းတွင်းသာယာစိုပြေရေးကိုလည်း အဲဒီ့နေရာမှာပဲ ဖြေရှင်းပြီး အမှတ်တရ ဓာတ်ပုံတွေနဲ့ မှတ်တမ်းတင်ခဲ့ကြပါတယ်..။ အဲဒီ့နောက်မှာတော့ ကမ္ဘာပေါ်မှာ နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ Красная Плошадь (Red Square) ကို ဆက်လက်ထွက်ခွာခဲ့ပြီး… မှတ်တမ်း ဓာတ်ပုံများဖြင့် မှတ်တမ်းတင်ခဲ့ကြပါတယ်…။
ကျွန်တော်တို့ရဲ့ အမှတ်တရ ဆုံဆည်းမှုလေးမှာ ထူးဆန်းမှုလော တိုက်ဆိုင်မှုလောမသိတဲ့ အဖြစ် အပျက်လေးတစ်ခုကိုတော့ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်..။ ဘာလဲဆိုတော့ မိုးရွာခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိနေထိုင်တဲ့ နေရာမှာ ဒီလိုအချိန်မျိုးမိုးရွာလေ့ ရွာထမရှိပါဘူး။ ဘာလို့ ကျွန်တော်က မိုးရွာတာကို အထူးအဆန်းတစ်ခုအနေနဲ့ ပြောရကြောင်းကို သိချင်ရင်တော့ အခုကျွန်တော်တို့ အစီအစဉ်မှာ ပါတဲ့သူများကိုဖြစ်ဖြစ် ကျွန်တော်တို့နှင့်အတူ တစ်နှစ်တည်း ကျောင်းအတူတူ တက်ခဲ့ကြတဲ့ တစ်ခြား သူငယ်ချင်းများကိုပဲ မေးကြည့်လိုက်ကြပါတော့ :) ။

ကျွန်တော်တို့ရဲ့ ဆုံဆည်းမှု အမှတ်တရနေ့ရက်လေးကို ကျွန်တော်တို့ ချစ်တဲ့ စာဖတ်သူများ၊ Blogger ညီအစ်ကိုများ၊ မောင်နှစ်များအားလုံးကို ဝေမျှရင်းနဲ့ “မင်္ဂလာနှစ်သစ်မှာ ကျွန်တော်တို့ချစ်တဲ့ မြန်မာ ပြည်သူ၊ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရန် ဆုတောင်းပေးလိုက်ပါတယ်…။ ထို့အတူ ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးသည်လည်း ယခု ထက်ပို ပိုမို၍စည်ပင် သာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။”





Moscow River နဲ့ အမှတ်တရ...




(Park Of Cultre) ထဲမှာပါ...



ဒါကတော့ ပန်းခြံအ၀င် ဂိတ်ဝမှာပါ...



Moscow River ကို တံတားပေါ်ကနေ မှတ်တမ်းတင်ထားတာပါ...



Red Square နားမှာရှိတဲ့ ကမ္ဘာ့မြေပုံပေါ်က အမိမြန်မာပြည် မြေပုံရှေ့မှာပါ...





ရေမလာတဲ့ ရေပန်းကြီးဘေးမှာပါ... :P << ရေလာရင်တော်တော်လှပါတယ် :) >>




ဒါကတော့....ဒီလိုပေါ့... :)




လှေခါးထစ်လေးများ....




Apr 12, 2008

Everybody It's သင်္ကြန် Time!!!!!!! Let's Rock & Roll!!



p.s- This song was really mean to me and i used to listen this song every years when this time is come. So turn your speakers as loud as possible and let's rock & roll for our New Year!! Wish you all the best in this very HAPPY NEW YEAR!!!!

Apr 10, 2008

ကျွန်တော်နှင့် သူမ

နိဒါန်း

ဘုရားသခင်သည် လူသားတို့ အကျိုးငှာ လောကအား “အချစ်” ဆိုသောအရာဖြင့် ကြိမ်စာတိုက်ခဲ့ လေသည်။

အခန်း (၁)

“အကောင်းဆုံး မျက်လှည့်ပြပွဲတစ်ခုကို
သင်ကြည့်ချင်တယ်ဆိုရင်
လောကထဲကို ခြေစုံပစ် ၀င်လိုက်ပါ”
BLACK DREAM


ကျွန်တော်နှင့်သူမ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ဖြင့် ကျွန်တော်တို့ စိတ်ကြိုက်ဒီဇိုင်း မရသေးသောကြောင့် အသည်း အသန်လိုက်ရှာနေကြပါတယ်..။
“ ဒီဆိုင်လည်း အလာကားပဲ နာမည်သာကြီးတာ… ဖိတ်စာပုံစံတွေက သိပ်ရိုးတာပဲ” ဟုသူမကညည်းငြူရင်း ပြောပါတယ်..။
“အာ… "ငယ်" ကလည်းကွာ ဘာဖြစ်လဲ ဆိုင်တွေအများကြီးရှိပါသေးတယ်…ဘာလဲစိတ်ဓာတ်ကျနေ ပြီလား? ဒီအချိန်က စိတ်ဓာတ်ကျရမဲ့ အချိန်မဟုတ်ဘူးလေ..ပျော်နေရမယ့်အချိန်ကြီးကို...” ဟု ကျွန်တော်က ပြုံးပြီး ပြန်ပြောလိုက်ပါတယ်…။
“အေးပါ အတူးရယ် စိတ်ဓာတ်ကြလို့မဟုတ်ပါဘူး စိတ်ပူနေတာ လိုချင်တဲ့ပုံစံမျိုးမရမှာစိုးလို့ပါ..” ဟု သူမက ပြန်ပြောပါတယ်..။
“ဟား..ဟား..ဒီလောက်တောင်ပဲလား ရင်တွေခုန်နေတယ်ပေါ့” လို့ကျွန်တော်နောက်လိုက်တော့ သူမက ရှက်ပြီးကွန်တော့်ကို လိုက်ရိုက်ပါတော့တယ်…။
“ဟ..ဟ မလုပ်နဲ့...အာ... ဒီအချိန်မြို့ထဲမှာ ကားဒီလောက်ရှုပ်တာ တိုက်ကုန်လို့ မင်္ဂလာမဆောင်လိုက်ရပဲနေ အုံးမယ်…ဟား..ဟား”
“ဟင်..အတူး နင်ဘာဖြစ်နေတာလဲ…ပြောလေဆိုးလေပါလား..ကဲဟယ်..ကဲဟယ်”
သူမကရှက်ရမ်းရမ်းနေပေမယ့် တော်တော်လေးကို ရင်ခုန်ပျော်ရွှင်နေကြောင်းကို သူမရဲ့ မျက်နှာနဲ့ အပြုံးတွေ ကို အကောင်းဆုံး အဓိပ္ပါယ် ဖော်တတ်တဲ့ ကျွန်တော် ကောင်းကောင်းသိနေခဲ့ပါတယ်…။
“ငါလည်းပျော်ပါတယ်ဟာ….” လို့ ကျွန်တော်သူမကိုကြည့်ရင်း စိတ်ထဲကပဲ ပြောနေမိပါတယ်…။

အခန်း (၂)

“မနေ့ညက ငါ.. ငါ့အိပ်မက်တွေကို
အဆိပ်ခပ် သတ်လိုက်တယ်….
နောက်နေ့မနက်မှာတော့ ငါလည်း သေဆုံးသွားခဲ့တယ်…”
BLACK DREAM


ကျွန်တော်တို့ နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်သိပ်ကိုချစ်ကြပါတယ်…...။ တစ်ယောက်နဲ့ တစ် ယောက် အကောင်းဆုံး နားလည်ပေးနိုင်သူများ လည်းဖြစ်ပါတယ်....။ ကျွန်တော်သူမရဲ့ အပြုံးတွေနဲ့ မျက်ဝန်း တွေကို အကောင်းဆုံး ဘာသာပြန်နိုင်ခဲ့သလို….။ ကျွန်တော့်ရဲ့ အလုံးစုံသော ခံစားချက်များနဲ့ ဖုံးကွယ်မှုများရဲ့ တစ်နေရာတည်းသော ဖြောင့်ချက်ပေးရာ နေရာဟာလည်း သူမရဲ့ ရှေ့မှောက်၌သာဖြစ်ခဲ့ပါတယ်..။ ကျွန်တော် တစ်ခြားသူကိုသာ ဖုံးကွယ်လို့ရရင်ရမယ် သူမကိုတော့ ဘယ်လိုမှကို ဖုံးကွယ်လို့မရခဲ့တာ သူမနဲ့ ကျွန်တော် စတင်ဆုံတွေ့ ကတည်းကပါပဲ.....။ သူမနဲ့ ကျွန်တော် အတူဖြတ်သန်းခဲ့ကြတဲ့ နံနက်ခင်းတွေမှာ ပန်းပေါင်းစုံရဲ့ သင်းပျံ့တဲ့ရနံ့တွေဟာ တစ်လောကလုံးကို သင်းကြိုင်စေပါတယ်။ သူမနဲ့အတူရှိခဲ့တဲ့ ညနေခင်းတွေဟာလည်း နူးညံ့အေးမြတဲ့ လေပြေလေညှင်းတွေနဲ့အတူ ကျွန်တော်တို့တွေရဲ့ ဘ၀တွေတွေကိုအေးမြစေခဲ့ပါတယ်.......။ ယူကလစ်ပင်တွေ တန်းစီပြီးပေါက်နေတဲ့ အဲဒီ့လမ်းလေးမှာ သူမနဲ့အတူ လမ်းလျောက်ရတဲ့အခါ ကျွန်တော့် ခြေလှမ်းတွေ အရမ်းကို ဘ၀င်မြင့်လေ့ရှိပါတယ်...။ ကျွန်တော်ဂစ်တာတီးတဲ့အခါ သူမရဲ့နှုတ်ခမ်းတွေမှာ သံစဉ် တွေ ပွင့်ဖူးပါတယ်…..။ ကျွန်တော်ရေးတဲ့ ကဗျာတွေတိုင်းမှာလည်း သူမဟာ စကားလုံးတွေ အဖြစ်ပါဝင်လေ့ရှိ ပါတယ်.......။ သူမရဲ့ အကြည့်တိုင်းမှာ ကျွန်တော့်ရဲ့ အနာဂတ်တွေ အားသစ်လောင်းပါတယ်..။ ဟုတ်တယ်…။ သူမရဲ့ သင်းပျံ့တဲ့ ကိုယ်သင်းနံ့လေးတွေ မရနိုင်တော့တဲ့နေ့မှာ ကျွန်တော်သေဆုံးသွားနိုင်ပါတယ်.............။ ကျွန်တော် ၀န်ခံပါတယ်..။ ကျွန်တော်သူမကို အရမ်းမြတ်နိုးပါတယ်။

အခန်း (၃)

“သေချာတာ တစ်ခုတော့ရှိတယ်
အဲဒါ...
အရာရာတိုင်းမှာ “ဒါပေမယ့်” ဆိုတာရှိတယ်”
BLACK DREAM


“ငယ်… မင်္ဂလာဆောင်အတွက် အစီအစဉ်တွေကတော့ အားလုံးပြီးပြီ ဘာမှစိတ်မပူနဲ့တော့..။ မင်္ဂလာဆောင် ကလည်း နောက်တစ်ပတ်မှဆိုတော့ အားလုံးအချိန်မှီတယ်..ကွက်တိပဲ” ဟု ကျွန်တော် သူကို ပြုံးပြီးပြောပြလိုက် ပါတယ်…။
“အေးဟယ်..အတူးရယ်…။ နင်လည်းတော်တော်ပင်ပန်းသွားမှာပဲနော်…။” ဟုသူမက ဂရုဏာသက်စွာ ဖြင့်ပြော ပါတယ်…။
“အာ..ငယ်ကလည်း..မဟုတ်တာ..ဒါမောစရာ ပင်ပန်းစရာလား….ဒီအချိန်ထက်ပျော်ဖို့ကောင်းတာ ဘယ်အချိန် ရှိအုံးမှာလည်း…။ နောက်ပြီး အတူးတစ်ယောက်ထဲလုပ်နေတာမှ မဟုတ်တာ..ငယ်လည်း ပါတာပဲကို…။ မဟုတ် ဖူးလား…?”
“ဟုတ်တော့ ဟုတ်တာပေါ့ အတူးရယ်…ဒါပေမယ့်”
“ကဲ..ဘာမှပြောမနေနဲ့တော့ အတူးလည်းပြန်တော့မယ်..။ မနက်ဖြန်ဆို ကိုမြင့်ပြန်ရောက်မှာမလား? စောစော အိပ်တော့ သူ့ကို သွားကြိုရအုံးမှာ…။ ကိုမြင့်ကြီးကတော့ ငါ့ကိုတော်တော်ကျေးဇူးတင်နေမှာ သေချာတယ်..။ နောက်မှ ဒီလူကြီးကို ကောင်းကောင်းနှိပ်စက်ရမယ်…။ ဟဲ..ဟဲ။ ကဲပြန်ပြီ.. မနက်ဖြန်မှတွေ့မယ်…။ လေယာဉ် ကွင်းသွားဖို့ ငါလာကြိုမယ်”
ကျွန်တော်လည်း ပြောပြောဆိုဆိုနဲ့ ပြန်ဖို့အတွက် ပြင်လိုက်ပါတယ်…။
“အတူး….”
“ဟင်..? ဘာလဲ..? ပြောလေ…”

အခန်း (၄)

“ဒီလမ်းကို ငါ မျှော်လင့်ချက်တစ်ခု
အခွင့်အရေးတစ်ခုအတွက် လျှောက်ခဲ့တာ မဟုတ်ဘူး…
ဒီလမ်းကို လျှောက်နေရရင် ငါကိုယ်တိုင်ကိုက ပျော်နေခဲ့တာလေ….။”
BLACK DREAM


ငါသိတယ်…။ မပြောနဲ့…။ ငါမျှော်လင့်သမျှ နင့်ရင်ဘတ်က ပြောမဲ့ ကာရံတွေပဲ ကြားချင်တယ်။ မပြောနဲ့ ငါ့ကို နှုတ်ခမ်းဖျားနဲ့ မပြောနဲ့…။ သေချာတယ်ဆိုရင် ငါ့မျက်လုံးကို သေသေချာချာကြည့် င့ါဘ၀ကို ထိအောင် တစ် ခါ တည်းပြော..။ ဟန်ဆောင်မှုတွေကို ငါမုန်းတယ်.....။ မျှော်လင့်ချက်တွေကို မုန်းတယ်..။ မခေါ်ပဲလာ မနှင်ပဲ ပြန်တတ်တဲ့ ဒီလောကရဲ့ နိယာမတွေကို ငါမုန်းတယ်..။ နောက်ဆုံး..။ စကားလုံးတွေကို ငါမုန်းတယ်…။ "နေ" ဆိုတာ ထွက်ပြီးရင် ပြန်ဝင်မှာပဲ။ ဒါပေမယ့် "နေ" ထွက်လာတာဟာ ပြန်ဝင်ဖို့တစ်ခုတည်းအတွက် မဟုတ်ဘူး ဆိုတာတော့ငါသိတယ်..။ ငါ့နောက်ကျောကိုပဲကြည့်...…။ ငါ့မျက်ဝန်းတွေကို နင်မမြင်ချင်နဲ့..။ ငါ့မျက်ဝန်းထဲမှာ ငါ့အိပ်မက်တွေ ငွေ့ရည်ဖွဲ့နေတယ်…......။ မကြာခင် ဆုံးရှုံးမှုတွေအဖြစ် ငါ့တစ်ဘ၀လုံး မစဲအောင်ရွာသွန်းကြ တော့မယ်...။ ကျောခိုင်းလိုက်တိုင်း စွန့်ခွာသွားတယ်လို့မထင်ပါနဲ့…။ ငါပျော်ရင် နင်ပျော်တယ်ဆို.............? အခုငါ.......။ နင်ရော…....? ထားလိုက်ပါလေ လူတွေ ပြောနေကြသလိုပေါ့…။ အိပ်မက်ဆိုတာ အိပ်ရာကနိုးရင် ကွယ်ပျောက်သွားတတ်တယ်လို့ပဲ ထားလိုက်ပါတော့..။ တကယ်ဆို ငါကိုကမိုက်တာပါ…....။ ငါ့အိပ်မက်တွေနဲ့ ကဗျာတွေရက်ခဲ့တာကိုး….။

အခန်း (၅)

“ငါ့မင်္ဂလာဆောင်ကြရင်တော့ နင်လာဖြစ်အောင် လာပါနော်…”
"အေးပါ ဂျူးငယ်ရယ်...ငါလာဖြစ်အောင်လာပါ့မယ်....။"

နိဂုံး

ဘုရားသခင်သည် လူသားတို့ အကျိုးငှာ လောကအား “အချစ်” ဆိုသောအရာဖြင့် ကြိမ်စာတိုက်ခဲ့ လေသည်။


Apr 7, 2008

ကျွန်တော်နှင့် လမ်းများ

ကျွန်တော်တို့လမ်းပေါင်းများစွာ လျှောက်ခဲ့ဖူးပါတယ်…။ အခုလည်း ကျွန်တော်တို့လမ်းတစ်ခုကို ကိုယ်စီ လျှောက် လှမ်းနေကြပါတယ်..။ ကျွန်တော်တို့ နောက်ထပ်လည်း လမ်းပေါင်းများစွာကို ဆက်လက်လျောက် လှမ်းရဦး မှာဖြစ်ပါတယ်…။ ထိုလျှောက်လှမ်းခဲ့ရသောလမ်းများသည် တစ်ချို့နေရာများတွင် အလွန် ပင်ပန်းခက်ခဲ စွာလျှောက်လှမ်းခဲ့ရပါတယ်..။ တစ်ချို့သောနေရာများတွင်တော့ သာမန်အားစိုက် ထုတ်မှုမျိုးလောက်နဲ့ လျှောက်လှမ်းနိုင်ခဲ့ပါတယ်..။ တစ်ခါတစ်လေမှာတော့ အလွန်သာယာဖို့ကောင်းတဲ့ လမ်းတွေကို ကျွန်တော်တို့မြင်တွေ့ခဲ့ဖူးပါတယ်..။ ကျွန်တော်တို့ တောင်ပေါင်းများစွာလည်းတတ်ခဲ့ဖူးကြ ပါတယ်။ ကုန်းဆင်း တော်တော်များများကိုလည်း အသာတကြည်ပဲ လှိမ့်ဆင်းခဲ့ကြဖူးမှာပါ..။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ပုံစံအမျိုးမျိုးသော လမ်းများကို နည်းမျိုးစုံနဲ့ ဖြတ်သန်းလျှောက်လှမ်း ခဲ့ကြ ခြင်းပါပဲ...။

ကျွန်တော်တို့ လျှောက်လှမ်းခဲ့သောလမ်းများတွင် ဦးတည်ချက်အတိအကျရှိသော လမ်းများလည်းရှိပါတယ်။ မိမိကိုယ်တိုင် ဘယ်ကိုသွားလို့သွားနေမှန်းမသိတဲ့ လမ်းမျိုးတွေကိုလည်း ကြုံခဲ့ဖူးပါတယ်။ တစ်ခါတစ်ရံ မှာတော့လည်း ၀မ်းနည်းဖွယ်ရာပင် လမ်းလျှောက်ရင်း လမ်းပျောက်သွားတတ်ခဲ့ကြဖူးပါတယ်။ ဦးတည်ချက် အတိအကျရှိသော လမ်းတွေကို ကျွန်တော်တို့ လျှောက်လှမ်းစဉ်တုန်းမှာအင်အားတွေ၊ မျှော်လင့်ချက်တွေနဲ့ တက်ကြွလေ့ရှိကြပါတယ်။ ဘယ်ကိုရောက်လို့ ရောက်မယ်မှန်းမသိတဲ့ လမ်းမျိုးကို ကျွန်တော်တို့ လျောက်လှမ်းကြတဲ့ အချိန်မှာတော့ ကျွန်တော်တို့ရဲ့ စိတ်ကူးတွေဟာ ၀ိုးတ၀ါးနဲ့ ခပ်ရေးရေးသာ ရှင်သန်ခဲ့ကြ ပါတယ်..။ မထင်မှတ်ပဲ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တစ်ခု၊ ဒါမှမဟုတ် ကျွန်တော်တို့ လျှောက်လှမ်းခဲ့တဲ့ လမ်းတစ်ခုရဲ့ ဦးတည်ရာလွဲချော်ခဲ့စဉ်တုန်းကလည်း ကျွန်တော်တို့ ၀မ်းနည်း ကြေကွဲခဲ့ကြဖူးပါတယ်..။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ လျှောက်ခဲ့ကြပါတယ်။ လျှောက်နေကြပါတယ်..။ ကျွန်တော်တို့ ဆက်လျှောက် ကြရအုံးမှာလဲ ဖြစ်ပါတယ်…။

တစ်ခါတစ်လေကြရင် ကျွန်တော်တို့ဟာ ကိုယ်လျှောက်ရမယ့်လမ်းကို ကိုယ်တိုင်ရွေးချယ်ခဲ့ကြပါတယ်။ တစ်ခါတစ်လေတော့ လမ်းတွေက ကျွန်တော်တို့ကိုရွေးချယ်တတ်ကြပါတယ်..။ ဒီလောကရဲ့ လမ်းများတွင် ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ “ကံ” များဖြစ်ပြီး တစ်ခါတစ်လေကြရင် “ကတ္တား” ဖြစ် သွားလေ့ရှိပါတယ်..။ ကျွန်တော်တို့ သတိထားမိလိုက်တာတွေလည်း ရှိခဲ့သလို..။ ကျွန်တော်တို့ သတိမထားမိလိုက်တာတွေလည်း များစွာရှိနိုင်ပါတယ်..။ ကျွန်တော်တို့ အချိန်မှီ ပြင်ဆင်နိုင်ခွင့်ရှိသည်များ ရှိခဲ့သလို..။ ပြင်ဆင်ပိုင်ခွင့် နောက်ကျ ခဲ့ရခြင်း..။ ဆုံးရှုံးခြင်းများကိုလည်း ကြုံတွေ့ကြရဖူးပါတယ်..။ ကျွန်တော်တို့သည် တစ်ခါတစ်ရံတွင် ထိုလမ်းများကို မိမိဆန္ဒအရ လျှောက်ခြင်လို့ လျှောက်ကြပါတယ်။ တစ်ခါတစ်ရံတွင် မလျှောက်ခြင်ပဲ လျှောက် လှမ်းရပါတယ်။ တစ်ခါတစ်ရံမှတော့ တာဝန်နဲ့ ၀တ္တရားအရ လျှောက်လှမ်းရပါတယ်..။ တစ်ခါတစ်ရံမှာတော့ တွန်းအားအမျိုးမျိုးကြောင့် လျှောက်လှမ်းခဲ့ကြရပါတယ်..။

ကျွန်တော်တို့ ထိုကဲ့သို့လမ်းတွေကို လျှောက်ကြရင်း ကြုံတွေ့ခဲ့ရတဲ့အရာတွေကလည်း များပြားလှပါတယ်..။ တစ်ခါတစ်လေအလွန်သာယာလှပတဲ့ လောကရဲ့ကောင်းခြင်းတစ်ရားတွေကို တွေ့ရှိရတာ မျိုးရှိသလို။ တစ်ခါတစ်လေမှာတော့ လောကရဲ့ အနိဌာရုံတွေကို ၀မ်းနည်းဖွဲရာတွေ့ကြုံရပါတယ်။ ကျွန်တော်တို့ ကံကောင်းခဲ့ရင်တော့ မြတ်နိုးတွယ်တာဖို့ကောင်းတဲ့ နွေးထွေးသော လက်တစ်စုံကို ရရှိကြပါတယ်..။ တစ်ချို့ သောအရာများသည် ကျွန်တော်တို့ ခရီးရဲ့အစပိုင်းလောက် ကတည်းက ကျွန်တော်တို့ရဲ့ဘေးမှာ ထပ်ကြပ် မကွာ ပါလာခဲ့သလို..။ တစ်ချို့ကြတော့လည်း လမ်းရဲ့ မထင်မှတ်တဲ့ နေရာတွေကနေပေါ်လာပြီး ကျွန်တော်တို့ နဲ့ အတူလိုက်ပါလာလေ့ရှိပါတယ်…။ ကျွန်တော်တို့ လျှောက်လှမ်းတဲ့ ဒီလမ်းခရီးရဲ့ အဆုံးအထိ အေးအတူပူ အမျှ၊ တစ်ယောက်လဲကျချိန်မှာ တစ်ယောက်က ထူမရင်း အတူပါလာခဲ့သူများရှိသလို။ နည်းအမျိုးမျိုး၊ အခြေ အနေအရပ်ရပ်ကြောင့် ကျွန်တော်တို့ရဲ့ခရီးတွေ အဆုံးမသတ်ခင်မှာ ခွဲခွာခဲ့ရတဲ့သူတွေလည်း အများအပြား ရှိခဲ့ပါတယ်…။

ကျွန်တော်တို့ဟာ ဒီခရီးကို စတင်လျှောက်လှမ်းခဲ့ကြစဉ်ကပင် တစ်ယောက်တည်းလျှောက်လှမ်းခဲ့ ကြခြင်း ဖြစ်ပါတယ်…။ ဒီခရီးတစ်ခုရဲ့ ဇာတ်သိမ်းကိုလည်းကျွန်တော်တို့ တစ်ယောက်တည်းပင် အဆုံးသတ်ရမှာဖြစ် ပါတယ်..။ ဘယ်သူတွေ ကျွန်တော်တို့ဘေးမှာ ဘယ်လိုပဲ ရပ်တည်ပေးခဲ့ပါစေ…။ ဘယ်သူတွေ ကျွန်တော်တို့ ကို ဘယ်လိုပဲ ဆန့်ကျင်ခဲ့ပါစေ..။ ကျွန်တော်တို့ရဲ့ ခရီးအဆုံးထိ တော့သူတို့ ဘယ်လိုမှပါလာနိုင်မှာ မဟုတ် ပါဘူး…။ သူတို့နဲ့ ကျွန်တော်တို့ရဲ့ ပတ်သတ်မှုဟာ အတိုင်းအတာတစ်ခုအထိပဲ ရှိခဲ့ကြပါတယ်..။ ကျွန်တော် တို့ မတောင်းဆိုဘဲ ဒီလမ်းမှာ လက်တွေ တွဲခဲ့ရသလို…။ တစ်နေ့မှာတော့ ကျွန်တော်တို့ မခွဲခြင်လည်း ဒီလက်တွဲတွေ ခွဲကြရအုံးမှာပါ..။ ကျွန်တော်တို့တွေ တိုက်ဆိုင်မှုတွေရှိလို့ ဆုံဆည်းခဲ့စဉ်မှာ ပျော်ရွှင်ခဲ့ ကြသလို..။ မတူညီမှုတွေရှိလို့ လမ်းခွဲကြရမယ့် အချိန်အတွက်လည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်…။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ လျှောက်ခဲ့ရတဲ့လမ်းတွေမှာ ၀မ်းနည်းပူဆွေးမှုတွေဟာ အတိုင်းအတာတစ်ခု အထိတော့ လျော့နည်းသွားနိုင်ပါကြောင်း….။


p.s- လမ်းခရီးတစ်ခုရဲ့ အဆုံးတွင် အခြားသောခရီးတစ်ခု၏အစသည် အမြဲတည်ရှိနေတတ်ပါသည်။

Apr 2, 2008

ကျွန်တော်နှင့် အဖြူရောင်နတ်သမီး...


မကြာပါဘူး ကြွေလွင့်သွားတယ်…အိပ်မက်တွေ…. တစ်စစီ….။ အဲဒီ့ညပေါ့ ကောင်းကင်မှာ ကြယ်တွေ အိပ်တန်း တက်…။ မျှော်လင့်ချက် လက်တစ်ဖက်နဲ့ ဟိုဘက်ကမ်းကို ကူးခဲ့ရတာ…။ အနာဂတ်တွေ ဖြစ်ညှစ် စုစည်း….အဲဒီ့ မီးကိုလည်း ငါမွှေးခဲ့ဖူးပါရဲ့။ ထင်ရာတွေစိုင်း ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ဒီလောကရိုင်းကြီးထဲ…နောက်ဆုံး လဲကျတော့။ ငါ….။ အိပ်မက်တွေထမ်း ကိုယ့်လမ်းကိုယ်ဆက် လျှောက်ရုံပေါ့။ မလာပါနဲ့…။ တားလို့ လဲမရ…..။ ခဏခဏတိုက်စားတော့ င့ါဘ၀လည်း ခံစားချက်တွေ တစ်ခြမ်းစောင်းကုန်ပြီ…။ စကားလုံးတွေက စုတ်စုတ် ပြတ်ပြတ် ယုံကြည်ချက်တွေ တစ်ဝက်တစ်ပျက်နဲ့ ငါ့မနက်တွေလည်း ခြစားခံရပေါင်း မနည်း တော့ဘူး …။

အိပ်မရလို့ လှိမ့်ချလိုက်တော့…..။ ကျသွားတာက ဘ၀ခါးတွေထဲ။ ခပ်ရေးရေး ထွက်ပြေးနေတဲ့ မီးခိုးငွေ့တွေကို ငါလိုက်ဖမ်းတော့…။ ငါ့နှလုံးသွေးကြောတွေ ခပ်ပါးပါးကျဉ်းကျဉ်းသွားတယ်…။ ရှိုက်သွင်းလိုက် ငါ့အဆုတ်ထဲ….။ နာကြည်းချက် နီကိုဒင်းတွေ….။ အား…..။ ဖြေးဖြေးချင်း အဆုံးစီရင် ငါ့အာရုံတွေ လှလာပြီ…။ မျက်စိတ်ကိုမှိတ်.. အတိတ်ကိုတော့ မကြည့်နဲ့…။ ငါ့အရိပ်တွေ လေးလှပြီ။ မီးခိုးငွေ့တွေထဲလိုက်ရှာကြည့်…။ တစ်ခုခုရှိတယ်…။ တွေ့တယ်မလား...? “မမြဲခြင်းတရား”တွေ..။ ငါ့သွေးကြောထဲ…အဖြူရောင် နတ်သမီးတွေစီးဆင်း။ လွင့်မြော ခြင်းတို့ ခရီးစပြီ…။ အနိဌာရုံတွေကို ရေခဲရိုက်…။ ခေါင်းခါလိုက် ခေါင်းညိတ်လိုက်နဲ့….။ ဒီအချိန်ဆို ငါ့အတိတ် တွေ အရမ်းဂလေရိုက်ပြီ။

တရိပ်ရိပ် တက်လာတဲ့ အဖြူရောင်ဒီရေတွေမှာ…။ ငါကိုယ်တိုင်စိုက်ပျိုး ငါ့အိပ်မက်တွေ နိုးတော့မယ်…။ နတ်သမီးတွေ ငါ့ကိုယ်ထဲမှာ ပျော်ပါး…။ ကြားရဲ့လား နိမိတ်ပုံတွေ…။ ရီဝေေ၀ တိတ်တဆိတ်…။ ကျေးဇူးပြု၍..။ ဆင်ခြင်ဥာဏ်တွေ ညအိပ်ချိန်…။ ငါ့မျက်ဝန်းထဲမှာ ကြယ်စဉ်တွေ ရွာသွန်း…။ နာနာကြင်ကြင် ငါပြုံးလိုက်တာ…။ ခံနိုင်ရည်တွေ ဆိတ်သုန်းသွားမလားပဲ..။ သံစဉ်တစ်ခု ငါ့နားထဲ ရိုက်ခတ် “ခေါ်သံလိုလို နားထဲကြားနေတယ်…သွေးကြောထဲက သိလိုက်တယ်….” ။ ငါလွင့်ထွက်သွားတယ်…။ အဆုံးမရှိပေါ့…။ ငါ့ကိုယ်ငါ မထိတထိပြန်ကြည့် ငါ့အာရုံတွေငြိနေပြီ..။ ငါ့လှေငါထိုး ငရဲအိုးထဲ ရောက်ရောက်။ ကြောက်တတ်ရင် နောက်ကို ခြေတစ်လှမ်းဆုတ်။ ငါ့အိပ်မက်တော့ လာမထိနဲ့။ နေရာမှားရင်ထိုးရင် Shock ရှိတယ်…။ အဖြူရောင် နတ်သမီးတွေ ငါ့သွေးကြော ထဲလှည့်ပတ်.....။ အခုဆိုငါ့အိပ်မက်တွေတောင် တော်တော်နက်လာပြီ..

ရုန်းလေနစ်လေ ဒီစိတ်နွံ့တွေထဲ ငါကိုယ်တိုင်ခုန်ဆင်း….။ ငါ့ဘ၀ကို ငါဖန်ဆင်းတယ်….။ သံယောဇဉ်တွေ တစ်ချောင်းခြင်းကျစ် ယုံကြည်ချက်တွေ အကြိမ်ကြိမ်နစ်လည်း…။ ငါ့ဘ၀ကို ငါသစ်ရမယ်…။ ငါ့ကိုယ်ငါဖန်ဆင်း ငါ့မျှော်လင့်ခြင်းတွေ…။ ငါကိုယ်တိုင် အသက်သွင်းမယ်။ လာမပြောနဲ့…။ ကိုယ့်အိပ်မက် ကိုယ်မျိုချ….။ ငါ့ဘ၀… နောင်တဆိုတာ မရှိစေရဘူး…။ ငါ့မျှော်လင့်ခြင်းတွေ ငါထုပ်ပိုး။ အတိတ်ဆိုး ဆိုတာမရှိစေရ…။ ငါ့သွေးကြော ငါဖောက်ထုတ်…။ ဘာမှကြားထဲက ခေါင်းရှုပ်မခံနဲ့။ ငါမိုက်လို့ငါခံ ဘာမမှန်တာရှိလို့လဲ…။ ကိုယ့်အညွန့်ကို ကိုယ်ခူးစား…။ ဘယ်သူမှ မေတ္တာလာမထားနဲ့။ အဆင်ပြေစေကြောင်း ဆုတွေတောင်းနေမဲ့ အစား...။ လာ….။ ကိုယ့်အခေါင်း ကိုယ်ထမ်းပြီး ငါနဲ့လိုက်ခဲ့…။ ဟိုဘက်ကမ်းမှာ သူတို့တွေရှိတယ်….။ ငါတို့ နောက်ကျနေပြီ….။

p.s- ကျွန်တော်ရင်ခုန်ခဲ့ဖူးတဲ့ ဘ၀လေးတစ်ခုအကြောင်း အမှတ်တရပါ....။