အနက်ရောင် အိပ်မက်တစ်ခု၏ ၀ိဥာဉ်များ...
ABOUT YOUR DREAMS...N..ABOUT MY DREAMS..
Jul 1, 2009
Request!!!!
Mar 20, 2009
လေးစားစွာ အသိပေးအပ်ခြင်း
www.blackdream21.com
P.S- မကြာသောကာလမှာလည်း ဒီ Blogspot အား အပြီးတိုင် ပိတ်ပြစ်တော့မှာ ဖြစ်ပါတယ်။
လေးစားစွာဖြင့်
BLACK DREAM
Jan 22, 2009
To....U Thant
Hello Sir,
I know that today gonna be your 100th birthday ceremony, if you are still in this Mysterious Outlook! I just wrote this letter to let you know that you still keep alive in our souls, though you left our environment and society for a long time!
I have a lot to tell you about Today which you can’t know nor see! It is better you can’t see what’s going on this Earth. You know, that most of the things in our sights are ruined systematically, strategically, slightly, smoothly, delicately, and deeply day by day. I am sure that you will surprise what’s going on Today! Of course, the organization that you loved and loyally severed for many years is included as one of them!
Yes, I know very well that you able to block the river which is nearly flowed by tears and blood! I know very well that you let continue the birds flying in the sky which is nearly substituted by rockets and bullets! I know very well that you allowed the millions of lives to keep sing with their families. I know very well that you gave the chances to the parents to flower their children for new and bright generation. Yes, I do know that you sacrificed a lot for our beloved Union. But one question, please Sir! Does it deserve?
No, don’t think our Mother Land already forget about you! Please, don’t be misunderstood! It ain’t be right anymore! Don’t be doubt that there’s no one who can follow your step, yet! Untill today. Oops! Sorry, I was wrong! But…! Let it be…! I don’t want to talk about that & let’s make secret between you and me. You know what I mean, right?
Maybe we are stupid, useless. Maybe we are not bright enough like you. Maybe the century is already changed. Maybe there’s no chance for us. Maybe our fates are tricked by a magician. Maybe our dreams are locked. Maybe our histories are over written. Maybe we are screwed up. Maybe we are complicated. Maybe we are trapped!
But don’t think twice, Sir. If somebody destroyed our chances, we will find another ways! If our fates are tricked by a magician, we will use our inspiration to revolute that magician! If our dreams are locked, we will find the key for our freedom. If someone over written our history, we will try to re-write our history with our spirits again! We will cut the head of the illusion which makes us complicated and stuck between unnecessary worries.
You should know only one thing, Sir. Maybe our skin becomes pale, for lacking of rights. But the blood which flowing in our veins are still red, brilliantly as our Union’s Flag still red all over the sky! You know that we are still singing our own National Anthem which was written with our grand, grand generation’s blood and spirits! We sang, we still singing and we will sing as loud as we can, not with our mouths, but with our hearts till the end of the world, loudly….., proudly….! I bet you that you will be smiling at that time! Isn’t it?
Sir, I can promise you one thing that, no matter what happen to us we, our generation will keep walking till all the Countries, Nations in this Universe know WHAT WE ARE! WHAT OUR COUNTRY IS! HOW WE LOVE OUR UNION! HOW WE BRAVE! HOW WE PATRIOTIC….!
HAPPY 100TH BIRTHDAY ANNIVERSARY, SIR! J
I BELIEVE THAT GOD WILL BLESS US AND OUR BELOVED UNION, SIR!
BLACK DREAM
P.S- WITH REMINISCENCEJan 13, 2009
ခရီးသည်
အခန်း(၁)
ဟူး.... မောလိုက်တာဗျာ....။ ဘယ်လိုဖြစ်လဲ မသိဘူး ဒီနေ့ မှ နေက အတော်ပိုပူနေသလိုပဲဗျ...။
အမှတ်မထင် ကြားလိုက်ရသော တစ်ဘက်မှ စကားသံကြားမှ သူ့လိုပဲ ဒီသစ်ပင်အရိပ်အောက်မှာ အရိပ်ခိုရင်း ခရီးတစ်ထောက်နားနေတဲ့ နောက်ထပ် ခရီးသွားတစ်ဦးရှိမှန်း သူသတိထား မိလိုက်ပါ တယ်...။
အင်း...။ ခင်ဗျားပြောတာ ဟုတ်တယ်ဗျ...။ ဒီနေ့ မှပဲ နေက ပိုများ ပူနေသလားမသိပါဘူးဗျာ...။
သူ့ စကားသံကြောင့် တစ်ဘက်မှ ခရီးသည်လည်း ပြုံးရင်း သူ့ ဘေးနားကို လာထိုင်ပါတော့တယ်..။
အေးဗျာ...။ ဒါနဲ့ ခင်ဗျားက ဘယ်ကိုခရီးဆက်မှာလဲဗျ...?
တစ်ဘက်လူရဲ့ မေးခွန်းကြောင့် သူဆတ်ခနဲ ဖြစ်သွားပါတယ်..။ သက်ပြင်းကို ဖြေးညှင်းစွာ ချပြီး တော့မှ...။
ကျုပ်ခရီးက ဘယ်လောက်အထိရှည်ဦးမလဲ မသိသေးဘူးဗျ...။ ကျုပ် တစ်စုံတစ်ခုကို လိုက်ရှာ နေတာ...။ အခုထိမရသေးဘူး...။
ဒါများဗျာ...။ ကျုပ်ကိုပြော...။ ကျုပ်က နေရာတော်တော်စုံအောင် ရောက်ခဲ့ပြီးပြီဗျ...။ ခင်ဗျားလို ပဲ အဆုံးမသိတဲ့ ခရီးတစ်ခုကို လျှောက်နေတဲ့ လူတစ်ယောက်ပဲပေါ့...။ ဒါပေမယ့် ကျုပ်က ခင်ဗျားလို တစ်စုံတစ်ခုကို လိုက်ရှာနေတာတော့ မဟုတ်ဘူးဗျ...။ ကျုပ်က တစ်စုံတစ်ခုကိုလိုက်ဝယ်နေ တာဗျ...။
ပထမလူရဲ့ စကား အဆုံးမှာ ဒုတိယခရီးသည်ဟာ ဘာအတွက်ကြောင့်မှန်း အမည်တပ်လို့ မရတဲ့ နောက်ထပ် သက်ပြင်းမောတစ်ခုကို ထပ်မံ ဖန်တီးလိုက်ပြီး...။ သူ့ ရဲ့ မျက်လုံးတွေဟာ သူဆက် လျှောက်ရမယ့် ကျဲကျဲတောက်ပူနေတဲ့ လမ်းကြောင်း တစ်လျှောက်ကိုသာ အဓိပ္ပါယ်မဲ့ ငေးမော နေပါတော့တယ်...။
ဟေ့လူ...။ ကျုပ်မေးနေတယ်လေဗျာ...။ ခင်ဗျား ဘာလိုက်ရှာနေတာလဲလို့... ကျုပ်နေရာ သိရင် ခင်ဗျားကို ကူညီပြီး ဘယ်နေရာမှာ ၀ယ်လို့ ရနိုင် တယ်ဆိုတာကို ပြောပြမလို့ ဗျ...။
ဟင်း...။ ခင်ဗျားလည်း ကျုပ်လိုက်ရှာနေတဲ့ ပစ္စည်းကို ဘယ်မှာရှာလို့ ရနိုင်မယ်ဆိုတာ သိမှာ မဟုတ်ပါဘူးဗျာ...။ ကျူပ်လည်း ခင်ဗျားလိုပါပဲ နေရာ တော်တော်များများစုံအောင်ကို ရောက်ခဲ့ ပြီးပါပြီ...။ ဒါပေမယ့်ဗျာ....။ ထားလိုက်ပါ...။ ဒါနဲ့ ခင်ဗျားကရော် ဘာလိုက်ဝယ်နေတာလဲ? ဘယ်လောက်တောင် အရေးကြီးလို့ ဒီလောက်အထိ သဲကြီးမဲကြီး လိုက်ဝယ်နေရတာလဲ...။
ဒုတိယခရီးသည်ရဲ့ မေးခွန်းအဆုံးမှာ ပထမခရီးသည်လည်း ယခင် ဒုတိယခရီးသည် ဖြစ်ခဲ့သည့် အတိုင်းပင် တော်တော်တွေ ဝေသွားပါ တော့တယ်...။
ခင်ဗျားလဲ ကျုပ်လိုပဲ ပြောရခက်နေမယ်ထင်တယ်...။ ထားလိုက်ဗျာ...။ ကျုပ်တို့စကားသာ တော်တော်ကောင်းနေတာ အခုထိ မိတ်မဆက်ရသေးပဲ ကျုပ်အရင် စပြီးမိတ်ဆက်ပါ့မယ်...။ ကျုပ်နာမည် အတ္တဗျ..။
တစ်ဘက်လူမှလည်း မဆိုင်းမတွပင် ပြုံး၍ ပြန်မိတ်ဆက်လေသည်...။ ကျုပ်နာမည်....
မာန...!
ဒီလိုနှင့်....ဒီလိုနှင့်.... အတ္တနှင့် မာနတို့ အပြန်အလှန် လက်ဆွဲနှုတ်ဆက်ကြလေတော့သည်....။
အခန်း (၂)
သူတို့နှစ်ယောက် အတူလက်တွဲပြီး ခရီးဆက်ခဲ့သည်မှာ တော်တော်ပင် ခရီးရောက်ခဲ့ပြီဖြစ်သည်။ မြေလျှိုး၍ရှာကြသည်...။ မိုးပျံ၍ရှာကြသည်။ သံသရာ ကောာက်ရိုးပုံထဲ ရှာကြသည်။ မျှော်လင့်ခြင်း ခွေးတိုးပေါက်ထဲရှာကြသည်။ ယုံကြည်မှု အိမ်သာတွင်းထဲရှာကြသည်။ ကောလဟာလ လောက်ကောင်တွေထဲ ရှာကြသည်။ အပေါစား ကျေးဇူတင်စကားတွေထဲရှာကြည်သည်။ ပုပ်စော်နံနေသော ဟန်ဆောင်အပြုံးတွေထဲရှာကြသည်။ နေရာတော်တော်စုံခဲ့ပြီဖြစ်သည်...။ သို့သော် ၎င်းတို့ အလိုရှိသောအရာကား မှုန်ဝါးဆဲပင်...။
လမ်းတွင်လူအချို့နှင့်လည်း ၎င်းတို့ဆုံခဲ့ကြသည်။ ဥာဏ်နီဥာဏ်နက်ဆိုသောလူက ဖြတ်လမ်းနည်းကို လိုက်ဖို့ပြောသည်။ တက်လမ်းဆိုသောလူ က လှေခါးပါသော ကျောကုန်းများကို ရှာဖို့ပြောသည်။ ကြောင်သူတော် ကြွက်သူခိုးများမှ စိတ်ပုတီးထဲတွင် ရှာဖို့ပြောသည်။ ပွဲလန့်တုန်းဖျာခင်းသူ များက သတင်းစာထဲတွင် ရှာဖို့ပြောကြသည်။ သုဘရာဇာတစ်ချို့ကလည်း အခေါင်းများထဲတွင် ရှာဖို့ အကြံပေးကြသည်..။ နောက်ဆုံး နတ်ကတော်တစ်ယောက်က ဗိုလ်ချုပ်ဈေးထဲတွင်ရှာရန်ပင် ပြောသွားသေးသည်...။ သို့သော်....သို့သော်...၎င်းတို့နှစ်ယောက်၏ ခရီးမှာ အဆုံး သတ်ဖို့ ဝေးလှပေသေးသည်။
၎င်းတို့နှစ်ယောက်လျှောက်လှမ်းရာ လမ်းခရီးသည် ထင်သလောက်တော့ မလွယ်ကူခဲ့တာ အမှန်ပင်ဖြစ်သည်။ မကြာခဏဆိုသလို နောင်တများနှင့် ခလုတ်တိုက်လေ့ရှိပြီး၊ တွေဝေခြင်း ပင်လယ်များထဲတွင်လည်း မရေမတွက်နိုင်အောင် ရွက်လွှင့်ခဲ့ကြရပါတယ်။
အခန်း (၃)
ကဲ... မိတ်ဆွေ ကိုအတ္တ။ ကျုပ်တို့နေရာတွေလည်း တော်တော်စုံခဲ့ပြီ...။ ဒီ့ထက်ထပ်ပြီး ရှာစရာနေရာလဲမကျန်တော့်ဘူး...။ ကျုပ်တော့လက်လျော့ ချင်ပြီ...။ ခင်ဗျားသဘောကရော....?
အေးဗျာ...အမှန်အတိုင်းပြောရရင် ကျုပ်လည်းတော်တော်စိတ်ကုန်သွားပြီ...။ ကျုပ်လိုချင်တဲ့ဟာနဲ့ အပေါ်ယံအားဖြင့်တူတဲ့အရာတွေတော့ တော်တော်များများတွေ့ခဲ့ပါတယ်..။ ဒါပေမယ့် အပေါ်ယံ အခွံတွေပဲတူတယ်ဗျ...။ အနှစ်သာရတွေက တစ်ခြားစီဖြစ်နေတယ်...။ တူနေတဲ့အပေါ်ယံ တွေထဲမှာတောင် အရာတော်တော်များများက အစစ်အမှန်တွေမဟုတ်ပဲ လုပ်ယူထားတဲ့ဟာတွေဗျ...။ ကျုပ်တော်တော် ရွံရှာမိတယ်ဗျာ...။
ဟင်း...။ ကျုပ်လဲ ခင်ဗျားလိုပဲ ကိုအတ္တ ဟုတ်လေမလား၊ ဟုတ်လေမလားလို့ ထင်ယောင်ထင်မှား ဖြစ်လောက်တဲ့အရာတွေ တော်တော်များများ တော့ တွေ့ခဲ့လေရဲ့ ...။ ဒါပေမယ့် ခင်ဗျားလိုပါပဲဗျာ...။ ခင်ဗျားရှာနေတဲ့ဟာကမှ အထဲမှာ အနှစ်လေးဘာလေးပါပြီး မတူတာလာက်ပဲရှိတာ..။ ကျုပ် တွေ့ခဲ့တဲ့ဟာတွေက အပေါ်ယံအခွံတွေပဲ ရှိပြီး အထဲမှာအနှစ်တောင်မပါဘူး...။ ကျုပ်လဲ စိတ်ကုန်ပြီဗျာ...။
ကဲ... ကိုမာန။ ကျုပ်တို့အကောင်းဆုံး ကြိုးစားခဲ့ကြပြီးပြီပဲ...။ ဒီ့ထက်လည်း ပိုမတတ်နိုင်တော့ဘူး..။ ကျုပ်တို့မှာ တခြားလုပ်စရာတွေလည်း အမျာ ကြီးရှိသေးတယ်...။ တစ်ချိန် ကျုပ်တို့နဲ့ထိုက်တန်ရင် လိုက်ရှာစရာ။ လိုက်ဝယ်စရာမလိုပဲနဲ့ကို ကျုပ်တို့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလိ့မ် မယ်လို့ ကျုပ်တော့ယုံကြည်တယ်...။ အဲ့ဒီ့လိုရောက်လာတဲ့အခါကြရင်သာ ကျုပ်တို့အနေနဲ့ ထပ်ပြီးမဆုံးရှုံးရ၊ မပျက်စီးရလေအောင် ကောင်းကောင်း ထိမ်းသိမ်းတတ်ဖို့ပဲလိုတယ်...။
ဟုတ်တယ်...ကိုအတ္တ ကျုပ်တို့အရှေ့မှာ လမ်းခွဲလည်းရောက်နေပြီ လမ်းခွဲကြတာပေါ့ဗျာ...။
ဒါနဲ့ကို အတ္တ...။ ကျုပ်တို့ ခရီးတစ်ခုကိုသာ အချိန်ကာလတော်တော်ကြာကြာ လက်တွဲခဲ့ကြတာ ခင်ဗျားရှာနေတာက ဘာလဲဗျ...။ ကျုပ်ကိုပြောပြ သွားပါဦး...။
ဟား...ဟား..ဟား...။ ကျုပ်နာမည်က အတ္တပါဆိုတော့မှဗျာ...။ ကျုပ်ပျောက်သွားလို့ လိုက်ရှာနေတာ "နာမည်" ပေါ့ဗျ...။ နာမည်..။ ဟား..ဟား။
ခင်ဗျားကရောဗျ...။ ဘာတွေလိုက်ဝယ်ခဲ့တာလဲ....။
မာန က သူတို့ ရပ်နေသော လမ်းခွဲရှိ ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကို တစ်ချက်ကြည့်ရင်း ပြုံး၍....
ကျုပ်လိုက်ဝယ်နေတာ "ဂုဏ်သိက္ခာ" ဗျ...။
ဇာတ်သိမ်း
၎င်းတို့ လမ်းခွဲကြရာ လမ်းစုံတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်သည် ခပ်ကြမ်းကြမ်း လေအဝှေ့တစ်ချက်ကြောင့် ဆိုင်းဘုတ်တွင် ကပ်နေသော ဖုန်အချို့လွင့်စင်သွားကာ စာလုံးများထင်ရှားစွာ ပေါ်လာခဲ့လေသည်...။
"သေခြင်းတရား......."
P.S- ခံစားချင်တာခံစား၍ ရေးချင်တာရေးပါသည်။
Dec 21, 2008
အချစ်ကို ခိုးယူစားသုံးကြသူများ...
ငါ့ကို ခဏလောက်တော့
စစ်ပြင်ဆင်ခွင့်ပေးပါ
နှလုံးသား စစ်မြေပြင်မှာ
ပိုးစိုးပက်စက် ငါကျရှုံးချင်လို့...။
BLACK DREAM
သူမရဲ့စကားတွေ နားထောင်ရင်း သူရင်တွေ တဖြေးဖြေးပိုခုန်လာခဲ့သည်။ သူအချိန်ကာလ ကြာရှည်စွာစောင့် စား ခဲ့ရတဲ့အချိန်တစ်ခု သူ့ရှေ့မှောက်ကို ဆိုက်ဆိုက်မြိုမြိုက်ရောက်ရှိနေပြီ ဆိုတဲ့အသိက သူ့ရဲ့အတွေးတွေကို အတော်လေးကို နေမထိထိုင်မသာ ဖြစ်စေခဲ့ပါတယ်...။ လက်ထဲမှာကိုင်ထားတဲ့ Hand Phone ကိုသူကျစ်ကျစ်ပါ အောင်ဆုပ်ထားပုံမှာ မသိပါက နားထဲသို့ထို Hand Phone အား, အလုံးလိုက်ထိုးသွင်းတော့မဲ့ ပုံပါပဲ...။ တစ် ဘက်မှ တစ်လုံးခြင်းပြောနေတဲ့ သူမရဲ့စကားသံတွေကို နားထောင်ရင်း ဖုန်းကိုင်ထားတဲ့လက်ရော ကျန်နေတဲ့ အခြား လက်တစ်ဘက်ရော လက်နှစ်ဘက်စလုံးမှာ ဇောချွေးတွေ ပြန်နေပြီဆိုတယ်ဆိုတာ သူအသေအချာကို သတိထားမိ လိုက်ပါတယ်...။
"မြတ်သော် နင်...ငါပြောနေတာတွေကို သေသေချာချာကြားရဲ့လား...?"
တစ်ဘက်မှ စကားသံကိုကြားလိုက်မှ သူ့အတွေးတွေ ပြတ်တောက်သွားပြီး မိမိခန္ဓာကိုယ်ကိုရှုနေတဲ့ တရားတွေ သူမထံကို ပြန်လည်ရောက်ရှိသွားပါတယ်....။
"သြော်...အင်း...။ ကြားပါတယ် မေနှင်းစက်...။ ငါကြားပါတယ်...။ သေသေချာချာလဲ နားထောင်နေပါတယ်"
သူအလန့်တကြား ကမန်းကတမ်း ပြန်ဖြေလိုက်ပါတယ်...။
"အေး ကြားရင်ပြီးရော...။ သေသေချာချာနားထောင်...။ ငါနှစ်ခါထပ်မပြောဘူးနော်...။"
ထုံးစံအတိုင်းပါပဲ သူမရဲ့ အမိန့်ပေးသံတွေက အဆက်မပြတ် မြတ်သော်ပေါ်ကျရောက်လို့သာ နေပါတယ်...။
သူ ကလည်းသူပဲလေ...။ သူမရဲ့နှုတ်ခမ်းကထွက်တဲ့ စကားဆို မြေ၀ယ်မကျနားထောင်တတ်ပုံများ...။ မိဘတွေ သာ သိရင် ရင်ကျိုးလောက်တယ်...။ ဒီလောက် အလျော့ပေး သီးခံနေတဲ့သူ့ကို သူမကအမြဲတမ်း အနိုင်ကျင့်၊
အထက်စီးက ဆက်ဆံခဲ့တာလည်း တကယ်တမ်းဆို ဆန်းတော့ မဆန်းလောက်ပါဘူး...။
"အေးပါဟာ...ငါနင့်စကားဆို အမြဲတမ်း အလေးအနက်ထားနားထောင်ခဲ့တယ်ဆိုတာ နင်သိပါတယ်...။ အထူးသ ဖြင့် အခုလိုငါ့ဘ၀အတွက်အရေးကြီးတဲ့ စကားမျိုးပြောမယ့် အချိန်မျိုးမှာ ငါဘယ်လောက်ထိ နင့်စကားသံတွေကို
အာရုံစိုက်တန်ဖိုးထားနေမယ်ဆိုတာ နင်သိသင့်ပါတယ်....။"
"တော်...တိတ်...။ စကားကြောလာမရှည်နဲ့...။ ငါပြောတာပဲနားထောင်....။"
"အင့်...။ အေးပါ..။ ဟုတ်ပါပြီ...။ ပြောမှာသာ ပြောပါဟာ...။ ငါဒီမှာ ရင်တွေခုန်လွန်းလို့ သေတော့မယ်....။"
"အေး.. ဒါဆိုပြောမယ်.။ နင်နဲ့ငါနဲ့ အလောင်းအစားတစ်ခုလုပ်မယ် နင်နိုင်ရင် နင်လိုချင်တဲ့ အဖြေကိုငါပေးမယ်။
ငါနိုင်ရင် နင်တောင်းထားတဲ့ အဖြေကို ပြန်ရုပ်သိမ်းပေးရမယ်....။ ဘယ်လိုလဲ...?"
"ဘာ!!!!!!!!!!!!!!!!!!!!!!!!!!!!!"
မြတ်သော် အလန့်တကြား ထအော်မိပါတယ်...။ သူမျှော်လင့်ထားတာက ဒီစကားမဟုတ်ဘူးလေ...။ ဒီစကားအ တွက်ဆို သူဒီလောက်ရင်ခုန်နေစရာမှ မလိုတာ...။ တော်တော်လည်း ကျွဲမြှီးတိုသွားပါတယ်....။ ဒါသူ့ကို သက် သက် ပညာပြတာပဲ...။ ဒီအခြေအနေအထိ ရောက်အောင်ဆွဲခေါ်လာပြီး ...။ အနားရောက်မှ ကပ်ဖြုတ်တာပဲ ...။
သူတစ်ယောက်ထဲ ဒေါသတွေနဲ့ တဆတ်ဆတ်တုန်ခါနေပါတော့တယ်....။
"နင်ငါ့ကို မအော်ပါနဲ့....။ အခုလိုအချိန်ကတည်းက နင်ကငါ့ကို ဒီလိုပုံစံမျိုးနဲ့ ဆက်ဆံနေရင် ငါနင့်ကိုငါ့ဘ၀ အ တွက် ဘယ်လိုယုံကြည်ရမလဲ...။ ဘယ်လိုအားကိုးရမလဲ...။"
တစ်ဘက်မှ စကားသံကြောင့် ဒီဘက်မှာခုန်ပေါက်ဒေါသထွက်နေတဲ့ မြတ်သော်ချက်ခြင်းကို ပြန်လည် ငြိမ်ကြ သွားပါတယ်...။ ဒါမျိုးတွေက ဖြစ်နေကြလေ...။ သူမစကားကို အမိန့်တစ်ခုလို နားထောင်နေကြ မြတ်သော်အ တွက် ပေါက်ကွဲဖို့ အချိန်ကြာကြာမရလိုက်ပဲ...။ သမိုင်းအစဉ်အလာကြီးခဲ့သော သူမရဲ့ စကားလုံးများအောက်မှာ သူ့နှလုံးသားကို ပြန်လည်ပြီး ဒူးထောက်အခစားသွင်းရပါတော့တယ်....။
အခန်း(၂)
ငါ့ခေါင်းအုံးကို
ခြေသုတ်ခုံတစ်ခုနဲ့လဲခွင့်ပြုပါ
စိတ်ကူးထဲမှာ ငါကနင့်နုလုံးသားပေါ်
ခေါင်းအုံးထားတယ်လို့ ယူဆခြင်လို့...။
BLACK DREAM
"အေးပါဟာ..။ ငါ...ငါ တောင်းပန်ပါတယ်....။ ငါစိတ်တွေနဲနဲလွတ်ထွက်သွားလို့ပါ...။ နောက် မဖြစ်စေရပါဘူးဟာ ငါထင်ထားက ဟိုလေ.... နင်... နင်က ငါ့ကို....။"
"ဟိုလေတွေ ဒီလေတွေ လုပ်မနေနဲ့...။ နင်ငါပြောတာကို သဘောတူလား မတူဘူးလား ဒါပဲပြော...။"
မြတ်သော် သက်ပြင်းကို ဖြေးညှင်းစွာချရင်းနဲ့ပဲ.....
"အေး...တူပါတယ်ဟာ....။ ဘယ်လို အလောင်းအစားမျိုးလဲ ဆိုတာကိုပဲ ငါ့ကိုပြောပါတော့"
"ဟဲ..ဟဲ.. နင်က လိမ္မာတယ်....။ အဲ့ဒါကြောင့် ငါကနင့်ကို...."
"ဟင်...နင်က ငါ့ကို ဘာဖြစ်လဲ ဘာဖြစ်လဲ...ဆက်ပြောပါအုံး"
"ဟဲ့..အရူး..။ ဘာတွေလျှောက်ပြောနေတာလဲ...။ အဲ့ဒါတွေကြောင့် နင့်ကို ငါခိုင်းလို့ကောင်းတာလို့..ဟိ"
သူမစကားလုံးကို မြတ်သော်သာရှက်တတ်မယ်ဆိုရင် နေရာမှာတင် လဲသေသွားနိုင်ပါတယ်...။ သို့သော်လည်း..။ သို့သော်လည်းပေါ့ဗျာ....။
"အေးပါ...နင်စိတ်ချမ်းသာတယ်ဆို ငါကြေနပ်ပါတယ်....။ ကဲပြောပါအုံးနင်က ဘယ်လို လောင်းကစားမျိုးလုပ်ချင် တာလဲ....?။
"ဒီလိုဟာ...။ ငါနင့်ဆီကနေအခု ဖုန်းပြောနေတဲ့အချိန်အတွင်း...။ အင်းဘယ်လောက်ကြာအုံးမယ်တော့ ငါလဲမသိ ဘူးပေါ...။ ထားပါ...။ အေး အဲ့ဒီ့အချိန်အတွင်းမှာ နင့်ဆီကနေ တစ်စုံတစ်ခုရအောင် နင်မသိပဲ ငါ ခိုး....။ အဲ....။ ယူပြမယ်...။ အဲ့လိုမျိုးငါယူတာကို နင်သိသွားတယ်ဆိုရင် နင်နိုင်တယ်...။ အဲ့ဒီ့အတွက် နင်လိုချင်တဲ့ အဖြေကို ငါပေးမယ်...။ အေး ...။ နင်မသိလိုက်ဖူးဆိုရင်တော့....။ နင်ကြားချင်တဲ့ စကားကို ငါ့ဆီကနေ နောက်ထပ် ဘယ် တော့မှ ထပ်မတောင်းရတော့ဘူး....။ တောင်းထားတဲ့ အဖြေကိုလဲ ပြန်ရုပ်သိမ်းပေးရမယ်....။ ကဲ ဘယ်လိုလဲ?"
မြတ်သော် တစ်ချက်ငိုင်သွားပါတယ်...။ နောက်....။ တစ်ဖြေးဖြေးချင်း ပြုံးလာတယ်...။ သေချာပြီ...။ ဒါဆိုသေချာ ပြီ...။ သူမ သူ့ကိုတည့်တည့်ကြီး အဖြေပေးရမှာရှက်လို့ အခုလို မလှိမ့်တပတ်လုပ်တာပဲ ဖြစ်မယ်....။ စဉ်းစား ကြည့်လေ...။ ဘယ်လိုဖြစ်နိုင်မှာလဲ မေနှင်းစက်က လက်ရှိနေတာ မန္တလေးမှာ....။ သူက ရန်ကုန်မှာ...။ မိုင် ၄၀၀ ကျော်ကွာတယ်...။ ဒါကိုပဲ ဒင်းက အချိန်တစ်ရက်တောင်မဟုတ်ဘူး...။ အခု ဖုန်းပြောနေတဲ့အချိန်အတွင်း မှာပဲ သူမသိအောင် သူ့ဆီကတစ်ခုခုကို ခိုး...။ အဲလေ...။ ယူပြမယ်ဆိုတော့....။ ဒီပွဲကြီးက သူသေချာပေါက် နိုင်မယ့်ပွဲ ကြီးဆိုတာ ထင်ရှားနေပါတယ်..။ ဟဲ..ဟဲ...။ ဒါမျိုးဆိုတာက တစ်ဘက်က စိတ်မပြောင်းခင် အချိန်ဆွဲလို့မဖြစ်လေ တော့.....။
"အိုကေ မေနှင်းစက်...။ ငါသဘောတူတယ်...။ တစ်ခုတော့ရှိတယ်...။ ငါ့ဆီကို တစ်စုံတစ်ခုကို ငါမသိအောင် နင် ကိုယ်တိုင်ယူရမှာနော်...။ ငါ့ညီမနဲ့ပေါင်းပြီး...။ ငါဖုန်းပြောနေတုန်း အလစ်ယူခိုင်းတာမျိုးမဟုတ်ဘူးနော်...။"
"ဟဲ့..အရူး...။ ငါ့စကားကရှင်းရှင်းလေး...။ ငါကိုယ်တိုင်ယူမှာ....။ မပူနဲ့ နင်သာ သတိထား...။ ကဲဒါဆို အခုချိန်ကစ ပြီး ပြိုင်ပွဲကိုဖွင့်လှစ်လိုက်ပြီ...."
အခန်း(၃)
ဒီညဆိုး...
ငါ အိပ်မက်နိုးတော့...
သူခိုးဗျို့....သူခိုး......။
BLACK DREAM
သြကာသ လောကတစ်ခုလုံး ပန်းရောင်စုံများ တစ်ပြိုင်နက်ပွင့်လန်းခဲ့ကြလေပြီ....။ သာယာချိုမြိန်သော အသံတို့ ကိုပိုင်ဆိုင်တဲ့ ကျေးငှက်များ တစ်ပြိုင်နက် တေးသီချင်းများသီဆိုကြလေသည်...။ နူးညံ့ညင်သာသော လေပြေတို့ နှင့်အတူ ပျော့ပြောင်း စိမ်းလန်းသော ကွင်းပြင်တစ်လျှောက်ရှိ မြက်ပင်ငယ်တို့သည်လည်း သီဆိုရာစည်းချက်နဲ့ အညီ လှပစွာ ယိမ်းနွဲ့ကခုန်ကြလေသည်....။ စီးဆင်းလျှက်ရှိသော အသွင်သွင်သော ရေတို့သည်လည်း ယခင် ကထက်ပိုမို ကြည်လင်ခြင်း၊ အေးမြခြင်းတို့ဖြင့် လောက၏ အလှကို တတက်တအား ပါဝင်အားဖြည့်ကြလေတော့ သည်...။ ဟုတ်ပါသည်....။ ဒါတွေဟာ မကြာခင်ကာလမှာ မေနှင်းစက်၏ ချစ်သူအဖြစ် အသိအမှတ်ပြုခြင်းခံရ တော့မည့် သူ့ကိုဂုဏ်ပြုခြင်းမှ မဟုတ်လျှင် မည်သူ့အတွက် ဖြစ်ပါဦးမည်လော အသင်စာဖတ်သူအပေါင်းတို့...?
"ဟဲ့...။ မြတ်သော်....။ ငါတို့ဖုန်းပြောနေတာ တော်တော်ကြာသွားပြီ...။ ငါအာတွေလဲ ညောင်းနေပြီ...။ အိပ်လဲ အိပ်ချင်ပြီ....။ ငါတို့ကစကားပွဲကို သိမ်းပြီး အနိုင်အရှုံးထုတ်ပြန်မယ်...။ အဲ့ဒီ့တော့ နင်ငါမေးမယ့် မေးခွန်းတစ်ကို နောက်ဆုံးအနေနဲ့ ဖြေ...။"
"အင်းလေ ဖြေဆိုတော့လဲ...မကြာခင်မှာ ကိုယ့်ရဲ့ ဘ၀လက်တွဲဖော် ချစ်သူလေးဖြစ်တော့မယ့် သူအလိုကျ ဖြေပေးရတာပေါ့...။ မေးစေဗျား..."
"သိပ်အူမြူးမနေနဲ့ ပဏာလည်းစွတ်ယူမနေနဲ့ ပွဲကပြီးသေးတာမဟုတ်ဘူး...။ ငါမေးခွန်းမေးပြီးမှ ပွဲပြီးမှာ..။"
"ဘယ်လိုပဲ ဖြစ်ဖြစ်လေ အခုချိန်ထိနင်ငါ့ဆီက ဘာကိုမှ ငါမသိအောင်မယူနိုင်သေးပဲ...။ ဟဲ ဟဲ အရှုံးကို ရိုးရိုး သားသား ၀န်ခံဖို့သာ ပြင်ထားစမ်းပါကောင်မလေးရာ...."
" တော်ဟာ...။ ငါစကားအကောင်းပြောမလို့...။ နင်သေသေချာချာဖြေရမယ်နော်..."
" အင်း ဖြေမယ်...။ မေး...."
" နင်ငါ့ကို တကယ်ပဲ အရမ်းချစ်တာပဲလား မြတ်သော်....?"
"ဟာ နင်ဘယ်လိုမေးလိုက်တာလဲ မေနှင်းစက်ရာ ချစ်တာပေါ့...။ ငါနင့်ကိုချစ်လွန်းလို့ပဲ နင့်ဘေးမှာ သူငယ်ချင်း တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာနေပြီး နင့်အချစ်ကိုစောင့်စားခဲ့တာပေါ့...။ ဒါတွေကိုနင်အသိဆုံးပါဟာ..."
"ဒါဆိုနင့်အချစ်တွေ ဘယ်တုန်းကတည်းက ငါ့ဆီရောက်နေခဲ့တာလဲ ဆိုတာပြောပြနိုင်မလား မြတ်သော်...?"
"အမှန်အတိုင်းပြောရရင် ငါကိုယ်တိုင်တောင် မသိလိုက်ခံပါဘူး မေနှင်းစက်ရယ်....။ ငါသတိထားမိလိုက်တဲ့ အချိန်မှာ ငါနင့်ကိုအရမ်းမြတ်နိုးမိသွားပြီဆိုတာကိုပဲ ငါသိတော့တယ်....။ ငါလေ နင့်ကိုအရမ်းချစ်တာပဲ မေနှင်းစက်ရယ်...။ ငါလေ..."
"တော်တော့ မြတ်သော်...ရပြီ....။ ငါတို့ကစားပွဲပြီးသွားပြီ....။ ဒီပွဲမှာနင်ရှုံးသွားပြီ..."
"ဘာ!!!!!"
"မဖြစ်နိုင်တာ ငါစကားပြောနေတာလေ...။ စကားပြောနေရာကနေ ဘယ်လိုလုပ်ပြီးငါ ရှုံးသွားရတာလဲ...။ တစ်ခြား အချိန်မှာနောက်ရင် နောက်ပါဟာ...။ ငါ့ရင်ထဲက ခံစားချက်တွေကို လေးလေးနက်နက် ထုတ်ပြနေတဲ့ အချိန်မှာတော့ ငါ့ကိုမနောက်ပါနဲ့ မေနှင်းစက်ရယ်..."
" ငါနောက်နေတာမဟုတ်ဘူး မြတ်သော်...။ ငါနိုင်သွားပြီ...။ နင်လည်း တကယ်ကိုဒီပွဲမှာရှုံးသွားပြီ...။"
"မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး...။ နင်က ဘာလို့နိုင်ပြီး...။ ငါကဘာလို့ရှုံးသွားရတာလဲ..."
တစ်ဘက်တွင် မြတ်သော်သွေးရူးသွေးတမ်းဖြစ်နေသလောက် တစ်ဘက်မှာတော့ မေနှင်းစက် မျက်နှာတစ်ခုလုံး ကြေနပ်တဲ့အပြုံးတွေနဲ့ ရွှံ့ရှာဖွယ်ကောင်းလောက်အောင်ကို ဝေဆာ လှပနေပြီ ဖြစ်ပါတယ်..။
"ပြောပါ...ပြောစမ်းဘာ...။ ငါက ဘာလို့နင့်ကိုရှုံးသွားရတာလဲ...။ နင်ကငါ့ဆီက ဘာကိုငါမိသအောင် ယူလိုက် နိုင်လို့လဲ..."
တစ်ဘက်မှာ မေနှင်းစက် ပြုံးနေမှာသေချာပါသည်...။
"နင်မသိဘူးလား...။ အချစ်လေ....။ ငါနင့်ဆီက အချစ်ကို နင်မသိခင် ငါရအောင်ယူလိုက်နိုင်ပြီ....။ နင်ကိုယ်တိုင်ပဲ စောစောက၀န်ခံသွားတာလေ...။နင့်အချစ်တွေ ငါ့ဆီဘယ်တုန်းကရောက် သွားလိုက်လဲ ဆိုတာနင်ကိုယ်တိုင် တောင် မသိလိုက်ရပါဘူးဆို...။ ကဲဒါဆို နင်သဘောပေါက်လောက်ပါပြီ...။ နင်တောင်းတားတဲ့ အဖြေကို ပြန် ရုပ်သိမ်းဖို့ ပြောရင်း ငါတို့နှစ်ယောက်ရဲ့ ပတ်သတ်မှုကိုဒီမှာပဲ အဆုံးသတ် လိုက်ကြစို့လို့ပဲ ငါပြောပါရစေ...။ ဒါပဲ မြတ်သော်...။ ငါဖုန်းချက်လိုက်ပြီ....။ ငါလည်းနင့်ဆီကို နောက်ထပ် ဘယ်တော့မှထပ်မဆက်သွယ်တော့ဘူး။ ရှက်တတ်မယ်ဆို နင်လည်းင့ါဆီကို နောက်ထပ် ဘယ်တော့မှ ထပ်ပြီး မဆက်သွယ်ပါနဲ့လို့...။ ငါနှုတ်ဆက်ခဲ့ပါ တယ်....။
ဇတ်သိမ်း
ခဏလောက် ပြန်ခေါက်သိမ်းထားလိုက်
ဒီ မျှော်လင့်ချက်တွေ
မနက်ဖြန်မှ အတူကြိုးစင်တက်ကြတာပေါ့...။
BLACK DREAM
မေနှင်းစက် လှပစွာပြုံးလိုက်ပါတယ်...။ သူ့ခေါင်းထဲမှာလဲ တွေးနေမိတာတစ်ခုပဲ ရှိပါတယ်...။ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ အရုပ်တစ်ရုပ် အမြန်ဆုံး ထပ်မံရှာ ဖွေရပေဦးမယ်....။
Dec 10, 2008
အမည်မဲ့ည
ငါလေ နင့်နှုတ်ခမ်းကို
တိတ်တိတ်လေး ခိုးနမ်းချင်လို့ပါ....။
BLACK DREAM
ပတ်ဝန်းကျင်တစ်ခုလုံးတွင် တိတ်ဆိတ်မှုများ ဆူညံစွာ ဖုန်းလွှမ်းနေပါတယ်...။ စည်းချက်မှန်မှန် မြည်နေသော နာရီ လက်တံတစ်ခု၏ စက္ကန့်သံတစ်ချက်တိုင်းမှာ ကျွန်တော့် ခံနိုင်ရည်တွေ တစ်စစီ ကြွေကြနေလေရဲ့။ တစ်ချိန် က အဲ့ဒီ့စက္ကန့်သံတွေကို ရေတွက်ရင်း ကျွန်တော်ရင်ခုန် ကြည်နူးစွာ စောင့်ကြည့်ခဲ့ဖူးတယ်...။ ဒီတစ်ခါလည်း ကျွန်တော် ဒီစက္ကန့်သံတွေကို ရင်ခုန်စွာ စောင့်ကြည့်နေရ ပြန်ပါပြီ...။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ကြေကွဲစွာ နဲ့ပေါ့...။ ကျွန်တော် တယုတယ ထုစစ်ခဲ့ရတဲ့ ရင်ခွင်ကမ်းပါးတစ်ခု...။ အခု...။ စက္ကန့်တွေရဲ့ တိုက်စားခြင်း ခံရလေပြီ။
ဘာကြောင့်လဲ..? ဘာကြောင့်လဲ...? တစ်ချိန်တစ်ခါတုန်းက ကျွန်တော်မျှော်လင့်ခဲ့ရဖူးတဲ့ စက္ကန့်တံတွေရဲ့ လားရာတွေနဲ့ အခု တရွေ့ရွေ့ စီးမြောနေတဲ့ စက္ကန့်တံတွေရဲ့ လားရာတွေ တူနေပါလျှက် ဘာကြောင့်များ ကျွန်တော့်ရဲ့ ခံစားချက်တွေ ပြောင်းပြန်စီးဆင်းနေကြရပါသလဲ...? ဒါဟာလောကရဲ့ မတည်မြဲခြင်းများစွာထဲက ခပ်ပါးပါး မတည်မြဲခြင်း တစ်ခုပဲလား? ဒါမှမဟုတ် မိမိကိုယ်ကို လှည့်စားထားသော အပေါစား မျက်လှည့်ပွဲ တစ်ခုလား? အနဲဆုံးတော့ ရွက်ကြားရေကြို ခံစားချက်တစ်ခုအဖြစ် ကျေးဇူးပြု၍ အသိအမှတ်ပြုပေးဖို့ ဘုရား သခင်ထံမှာ ကျွန်တော် အယူခံဝင်ခြင်ပါတယ်။
တစ်ရိပ်ရိပ်ပြေးလွှားနေတဲ့ အာရုံတွေကို ကျွန်တော် ဖမ်းဆုပ်ဖို့ ကြိုးစားတယ်...။ ခဏရပ်..။ ပြန်စဉ်းစားတယ်...။ ထားလိုက်ပါလေ...။ ဒီအတိုင်းလေးပဲ လွတ်လွတ်လပ်လပ် ပြေးလွှားကြပါစေ..။ မိပြီးသား ရင်ခုန်သံတစ်ချို့ကိုပါ ကျွန်တော် ပြန်လွှတ်ပေးလိုက်တယ်...။ လွတ်လပ်ခြင်းကို မြတ်နိုးတဲ့သူတစ်ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ပေါ့။ ပျံသန်းပါစေ...။ သူအတောင်တွေညောင်းလို့ နားခိုမယ် ကြံတဲ့နေရာတိုင်းမှာ ကျွန်တော့်ရင်ခွင် ရှိနေရင်ပြီးတာပါ ပဲလေ...။ ပျံသန်းချင်တဲ့ အချိန်ကြရင်လည်း မစိုးရိမ်ကြပါနဲ့...။ ကျွန်တော် ကောင်းကင် တစ်ခုအဖြစ် ရှိနေပေးဦး မှာပါ...။
နင်စိုက်ပျိုးခဲ့တဲ့ အိပ်မက်တွေလေ
ဒီရင်ဘတ်ထဲမှာ အလျှံ့အပယ်ပဲ
နင့်လက်နဲ့ ပြန်နှုတ်မယ့် အချိန်ကို စောင့်နေကြလေရဲ့...။
BLACK DREAM
ကျွန်တော် အတတ်နိုင်ဆုံး စကားလုံးတစ်လုံးကို အသက်သွင်းဖို့ ကြိုးစားမိတယ်...။ တစ်ညလုံးပဲ...။ ဟုတ်တယ်။ တစ်ညလုံးပဲ...။ ဒီစကားလုံးကို ကျွန်တော် မနက်ဖြန်မှာ အပြီးတိုင် အသက်သွင်းပြီး ဖြစ်ဖို့ အရေးတကြီးလိုအပ် တယ်...။ အဲ့ဒီ့စကားလုံးထဲမှာ ကျွန်တော့်ရင်ဘတ်ထဲကို မြင်နိုင်တဲ့ မှန်တစ်ချပ်ပါရမယ်။ ကျွန်တော့်နှုတ်ခမ်းက မပြောဖြစ်လိုက်တဲ့ အသံတွေကို ကြားနိုင်ဖို့ ကြားခံလေဟာနယ်တစ်ခုပါရမယ်။ မရေမတွက်နိုင်သော အကြင် နာတရားတွေနဲ့ နွေးထွေးတဲ့ အနမ်းတွေအတွက် ဂုဏ်ထူးဆောင် တံဆိပ်တစ်ခုပါရမယ်။ ပြန်လည် ဝေးကွာရ တော့မယ့် အချိန်တွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့အတွက် ဖိနပ်တစ်ရံ ပါရမယ်။ ကျွန်တော့်ရဲ့ မျှော်လင့် ချက်တွေကို အမှန်ကန်ဆုံး အတိကျဆုံး တိုင်းတာပြနိုင်မယ့် ပေတံတစ်ချောင်းပါရမယ်...။ နောက်ဆုံး ကျွန်တော့် အချစ်တွေကို တိုင်တည်ဖို့ သူမသိပ်မြတ်နိုးတဲ့ အဖြူရောင် နှင်းဆီ တစ်ပွင့်ပါရမယ်။
သူမရဲ့ အငွေ့အသက်တွေ...။ စကားသံတွေ....။ ပုံရိပ်တွေ ပြည့်နှက်နေတဲ့ ဒီအခန်းကျဉ်းလေးထဲက ရုန်းထွက်ဖို့ ကျွန်တော်မကြိုးစားချင်ပါ...။ ဖြစ်နိုင်ရင် ဒီအရာတွေအားလုံးကို တယုတရ လိုက်ကောက်ပြီး ကျွန်တော့် အိပ်ယာရဲ့ အပေါ်တည့်တည့် မျက်နှာချက်လေးမှာ ချိတ်ဆွဲထားချင်ပါတယ်။ အတူလက်တွဲ လျှောက်လှမ်းခဲ့ဖူး တဲ့ မြောက်များလှစွာသော လမ်းတို့မှ ခြေရာများကို ကျွန်တော် နံရံတွေနဲ့ အပြည့်ချိတ်ဆွဲ အလှဆင်ထားခြင်ပါ တယ်...။ မရေမတွက်နိုင်အောင် လှပခဲ့ဖူးသော အပြုံးများနဲ့ အနမ်းတွေကိုတော့ ကျွန်တော့် ကော်ဖီခွက်လေးထဲ မှာ ထာဝရအတွက် ဖွက်ထားချင်ပါတယ်...။ လွမ်းတဲ့အခါတိုင်း ကျွန်တော် ထုတ်သောက်နိုင်အောင်ပေါ့....။
တရိပ်ရိပ်ပေါ်နေတဲ့ ဒီအတိတ်ပုံရိပ်တွေကို မျက်ဝန်းတစ်စုံ မှိတ်ရုံနဲ့ ကျွန်တော်မပိတ်ပြစ်နိုင်တာကတော့ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့်ပဲ ဆိုကြပါတော့...။ ဒီလိုဆိုလဲ ကျွန်တော် အလင်းနှစ် တစ်သန်းစာလောက် မိုက်မဲ လိုက်ချင်ပါတယ်...။ ကျွန်တော့် အိပ်ယာတစ်လျှောက် ကျွန်တော့်အိပ်မက်တွေ လူးလိုက်လွန့်လိုက်နဲ့ ကျွန်တော့် ချစ်သူရဲ့ အရိပ်တွေကို လိုက်ရှာနေပုံများ...။ ထားလိုက်ပါလေ...။ တစ်နေ့တော့ သူတို့သခင်မရဲ့ အရိပ်တွေကို သူတို့ နမ်းရှိုက်ရ ကောင်းပါရဲ့....။ အိပ်မက်မှာလည်း မျှော်လင့်ချက်နဲ့လေ.....။
မနက်ဖြန်ပေါင်းများစွာထဲကမှ
ငါအမုန်းဆုံးက မနက်ဖြန်က
မနက်ဖြန်ပဲ....။
BLACK DREAM
အကောင်းဆုံးကိုမျှော်လင့်ဖို့ထက် အဆိုးဆုံးအတွက် ကျွန်တော် ပိုပြီးအချိန်ပေး ပြင်ဆင်ခဲ့ပါလျှက်....။ တစ်ကယ် တမ်း ရင်ဆိုင်ရပြန်တော့လဲဗျာ...။ ရင်ထဲနင့်လှပါတယ်...။ ဆို့တက်လာတဲ့ အမည်မဲ့ခံစားချက်တွေကို အရင်က လို ကော်ဖီခါးခါးတွေနဲ့ ကျွန်တော်မမြိုချနိုင်တော့ပါဘူး...။ မီးခိုးငွေ့တွေ အဖြစ်လောင်တိုက်သွင်း ပြာချဖို့လည်း ကျွန်တော် မအောင်မြင်တော့ပါဘူး...။ စကားလုံးတွေအဖြစ် အသွင်ပြောင်းဖို့အတွက်လည်း ကျွန်တော့်လက် ချောင်းတွေ အင်အားမဲ့ခဲ့ရပါပြီ...။ ကျွန်တော်လေ...။ ကျွန်တော်..... သူမကို အရမ်းမြတ်နိုးမိပါသည်။
" နင်သိလားချစ်သူ...ငါလေ တိတ်တဆိတ်ရူးသွပ်နေလေရဲ့...။ နင်မရှိနိုင်တော့တဲ့ ငါ့ရဲ့နံနက်ခင်းတွေဟာ ဘယ်လိုနည်းနဲ့မှ အရင်လို အကြင်နာတွေပြည့်နေတဲ့ ကော်ဖီနံ့သင်းသင်းတွေ မရှိနိုင်တော့ဘူး ဆိုတာ နင်သိပါ လေရဲ့... နောက်ဆုံး အလွမ်းတွေပဲ ပွင့်လာရမယ်မှန်းသိရက်နဲ့ ငါကြည်ဖြူသဘောတူစွာနဲ့ပဲ ဒီပန်းတစ်ပွင့်ကို စိုက်ပျိုးခဲ့တာပါ...။ ခဏတာအတွက်ပဲ ခွဲရတာဆိုရင်တောင် အဲ့ဒီ့ခဏတွေကို ငါနောက်ဘ၀ကျမှ အတိုးနဲ့ ပြန် ဆပ်လိုက်ခြင်ရဲ့...။ နင်မသိလို့ပါ ချစ်သူ...။ ငါ့ခန္ဓာကိုယ်တစ်ခုလုံးဟာ နင်ပေးတဲ့ အနမ်းတွေနဲ့ လည်ပတ်နေခဲ့ ရတယ်ဆိုတာကိုပေါ့...."
ဒီအာရုဏ်တက်ဟာ ကျွန်တော့်ဘ၀အတွက်တော့ အကျည်းတန်ဆုံး ပန်းချီကား တစ်ချပ်ပါပဲ...။ အခွင့်ရှိသေးရင် ကျွန်တော့်ရဲ့ လစ်ဟင်းမှုတွေ၊ အသုံးမကျမှုတွေ၊ မှားယွင်းမှုတွေအတွက် သူမရဲ့ ခြေဖမိုးထက်က ယဇ်စင်မှာ ကျွန်တော့် ၀ိဥာဉ်ကို ကားစင်တင်ပြီး ပေးစပ်ခြင်ပါသေးတယ်...။ ကျွန်တော့်ကြောင့် ခံစားခဲ့ရတဲ့ သူမရဲ့ အလိုမကျမှုတွေ၊ ဒေါသတွေ၊ နာကြည်းမှုတွေ၊ အနစ်နာခံ ပေးဆပ်မှုတွေအတွက် သူမရဲ့ ခြေဖမိုး ယဇ်စင်ကို ကျွန်တော့ မျက်ရည်တွေနဲ့ ဆေးကြော သုတ်သင်ပေးချင်ပါသေးတယ်...။
အခွင့်ရှိသေးရင်ပေါ့ဗျာ...
................နောက်ထပ် အခွင့်ရှိသေးမယ် ဆိုရင်ပေါ့....
.....................................ကျွန်တော်လေ.....
..................................................သူမရဲ့ နဖူးလေးကို နောက်တစ်နေ့မှာ ထပ်မံ နမ်းရှိုက်ခွင့် ရှိချင်ပါသေးသည်။
နင်သိလား....ချစ်သူ
နင့်ရဲ့ အနမ်းတစ်ချက်တိုင်းမှာလေ...
ငါ့ ခံနိုင်ရည်တွေ တစ်စစီ ပဲ့ကြွေခဲ့ ဖူးတယ်ဆိုတာကိုပေါ့...။
BLACK DREAM
p.s- အချိန်အကြာဆုံး ဖန်တီးခဲ့ရတဲ့ စည်းချက်တစ်ခုပါပဲ...။
Nov 8, 2008
ပေးစာ....
..............အတိတ်
ငါသတိရခြင်းများစွာနဲ့ စာရေးလိုက်တယ်ကွာ...။ မင်း အရာရာအဆင်ပြေမယ်လို့ ငါထင်ပါတယ်...။ ငါလား? ငါက တော့ ထုံးစံအတိုင်း ပြောရရင်တော့ "ဒီလိုပါပဲ".... ပေါ့ကွာ ! ဘာလိုလိုနဲ့ မင်းနဲ့ငါတောင် မတွေ့တာ တော်တော်ကြာ ခဲ့ပြီပဲ...။ အတိအကျဆိုရင် ငါတို့ ဗဟိုအမျိုးသမီးဆေးရုံမှာ စပြီးလမ်းခွဲခဲ့ကတည်းကပေါ့...။ အင်း ၂၄ နှစ်လောက် တော့ ရှိပြီထင်တာပဲ...။ အမှန်က ငါမင်းကို သတိရနေတာကြာပါပြီ...။ စာလည်းရေးချင်နေတာ ကြာပြီ...။ ဒါပေမယ့် ကွာ...။ အဲ...။ ဒါပေမယ့်ဆိုလို့...။ အရာရာတိုင်းမှာ ဒါပေမယ့်ဆိုတာ ရှိတယ်ဆိုတဲ့ ငါပြောခဲ့ ဖူးတဲ့စကား ကိုကြားပြီး သက်သက် ဆင်ခြေပေးနေတာပါဆိုတဲ့ အပြုံးမျိုးနဲ့တော့ မပြုံးလိုက်နဲ့ဦး...။ တကယ်ကို မအားဘူးကွာ...။ လက်ရှိအချိန်မှာ ငါ, ကနေရတဲ့ ဘ၀ရဲ့ဇာတ်ကွက်တွေက တစ်ကွက်ထက် တစ်ကွက်ပိုပိုပြီး ရှုပ် ထွေး ဆန်းကျယ်လာနေတော့ ခက်သားလားကွာ...။ ဒါတွေကို မင်းလည်း သိသင့်သလောက်တော့ သိမယ်လို့ ငါထင်ပါတယ်...။
ခုန်ချလိုက်တော့
သတိရခြင်း ချောက်ကမ်းပါးက
နှလုံးသားထိအောင် နက်လေရဲ့...။
BLACK DREAM
ဒါတွေထားလိုက်ပါကွာ...။ ငါအဓိက ပြောချင်တာက အဲ့ဒီ့အကြောင်းတွေ မဟုတ်ဘူး...။ တကယ်ပါကွာ...။ မင်းနဲ့ ငါ အတူတူရှိခဲ့တဲ့ အချိန်တွေကို ငါအရမ်းသတိရတယ်...။ မင်းဟာ ငါ့အတွက်တော့ ဘ၀မှာ ဘယ်လိုမှ ဖျောက် ဖျက်ပြစ်လို့မရနိုင်တဲ့ အမှတ်တရများစွာကို ပေးခဲ့တဲ့ကောင်ပါ။ မင်းနဲ့အတူရှိခဲ့တဲ့ အချိန်အချို့မှာ ငါမျက်ရည် တွေကျတဲ့အထိ ငိုခဲ့ဖူးတယ်...။ တစ်ခါတစ်လေတော့လည်း မျက်ရည်တွေ ထွက်တဲ့အထိ အားရပါးရ ရယ်မောခဲ့ ကြဖူးတယ်...။ ငါမေ့ပါဘူးကွာ...။ တစ်ခါတစ်လေတော့လည်း ငါပြန်စဉ်းစားမိတယ်...။ မျက်ရည်တွေကျခဲ့တာခြင်း အတူတူ လူတွေဘာကြောင့်များ နာကြည်းချက်တွေနဲ့ ၀မ်းနည်းစရာတွေကိုပဲ ပိုပို သတိရမိနေကြလဲမသိပါဘူး? အင်းလေ...။ ဒါကလည်း လူတွေရဲ့ ပင်ကိုယ် မွေးရာပါ အဆိုးမြင်တတ်တဲ့ စိတ်တစ်ခုကြောင့်ပဲ ဖြစ်မှာပါ...။ ဘာပဲ ဖြစ်ဖြစ် ငါတို့တစ်တွေ အတူတကွ ခံစားချက်အစစ်တွေကို ထုလုပ်ခဲ့ကြတယ်ဆိုတာကတော့ ဘယ်သူမှ ငြင်းလို့ မရပါဘူး...။
တကယ်တော့
သတိဆိုတာ...
ဘ၀နဲ့ရင်းပြီး အာမခံထားရတဲ့
မျက်မှန် တစ်လက်ပေါ့...။
BLACK DREAM
အရင်တစ်နေ့ကတောင် မင်းရဲ့ ညီအငယ်ဆုံးကောင်တွေ ဖြစ်တဲ့ "မနေ့က" နဲ့ "ဟိုတစ်နေ့က" ကို ငါ အမှတ် တမဲ့တွေ့လိုက်သေးတယ်...။ ဒီကောင်တွေလည်း တော်တော်ပြောင်းလဲ သွားကြပြီနော်...။ ငါတို့တွေ စတွေ့ တုန်းက ဒီကောင်တွေ မွေးတောင် မမွေးသေးဘူး...။ အခုတော့လည်း တော်တော်တောင် အရွယ်ရောက်နေကြ ပြီ..။ ဟုတ်တော့လည်း ဟုတ်ပါတယ်ကွာ...။ စက္ကန့်နဲ့အမျှ ပြောင်းလဲနေတဲ့ ဒီလောကကြီးထဲမှာ ဘယ်တော့မှ မပြောင်းလဲတာ ဆိုလို့ ပြောင်းလဲခြင်းတစ်ခုပဲ ရှိတယ်မလား...။ ထုံးစံအတိုင်း တစ်ခုတော့ရှိတယ် "ဒါပေမယ့်" ပေါ့ကွာ...။ အဲ့ဒီ့ ပြောင်းလဲခြင်းကိုယ်တိုင်ကရော တစ်နေ့နေ့မှာ မပြောင်းလဲနိုင်ဘူးလို့ မင်းအာမခံနိုင်ပါ့မလား? ငါကတော့ ဒီကောင့်ကို သတိလက်လွှတ်နဲ့ လွှတ်မထားပဲ နဲနဲတော့စောင့်ကြည့်ဖို့ လိုမယ်လို့ထင်တယ်...။
တစ်ကယ်တော့ (လွမ်းဆွတ်) သတိရခြင်းဆိုတာ
အတိတ်နဲ့ ပစ္စုပ္ပန်
တစ်ထပ်တည်းကျသွားတဲ့
ခပ်ပါးပါး အချိန်ကာလလေး တစ်ခုပေါ့...။
BLACK DREAM
ပြောင်းလဲခြင်းအကြောင်း ပြောတော့ ငါတစ်ခုသတိရမိတယ်..။ မင်းမှတ်မိဦးမလားတော့ မသိဘူး...။ မင်းနဲ့ ငါနဲ့ အကြီးအကျယ် ငြင်းခုံခဲ့ကြရတဲ့ဟာတစ်ခုလေ...။ မှတ်မိမှာပါ...။ အနိစ္စ သဘောတရားနဲ့ ပတ်သတ်ပြီးတော့လေ။ အဲ့ဒီ့တုန်းက ငါကပြောတယ်...။ "လောကမှာ ရှိတဲ့အရာတွေဟာ ဘယ်အရာမှ မမြဲဘူး..။ အားလုံးဟာ ဖြစ်ပြီးရင်၊ ပျက်တယ်...။ ပျက်ပြီးရင်... လွှင့်ပြစ်တယ်...( အဲမှားလို့) ပျက်ပြီးရင်.....ပြန်ဖြစ်တယ်။ ဒီလိုတွေ အဖြစ်နဲ့အပျက် ဆိုပြီး အမြဲတမ်း လည်ပတ်နေလို့ အနိစ္စသဘော တရားဆိုတာ တည်ရှိနေတာ" ........ လို့ပြောတော့ မင်းက "ဟုတ်တယ်လေ" လို့ ပြန်ပြောတယ်။ ဒါနဲ့ ငါက ဆက်ပြောတယ်..။ "ဟုတ်ပြီ ဒါဆို...။ လောကမှာ အဲ့ဒီ့အရာတွေ အမြဲတမ်း ဖြစ်၊ ပျက်နေသရွေ့ ဒီအနိစ္စ သဘောတရားကြီးက အမြဲတမ်းတည်ရှိနေမှာပေါ့...။ သူများတွေကြတော့ ဖြစ်လိုက်၊ ပျက်လိုက်နဲ့ သူကြတော့ သူများတွေ ဖြစ်၊ ပျက်နေသမျှ ဘယ်တော့မှ မပျက်စီးတော့ဘူးပေါ့ ? ဒါဆို သူကိုယ်တိုင်က နာမည်ယူပြီး ခေါင်းခံထားတဲ့ ဒီသဘောတရား(သဘာဝကြီး) ကို သူကိုယ်တိုင်ကြ လိုက်မလုပ်ပဲ ဖောက်ဖျက်ရာ ရောက်မနေဘူးလား?"
"မင်းလည်း ငယ်ငယ်တုန်းက သိပ္ပံဘာသာတွဲမှာ အမှား၊ အမှန် ရွေးရတဲ့ ဓမ္မဓိဌာန် မေးခွန်းတွေ ဖြေခဲ့ဖူးမှာပေါ့...။ ဆိုလိုတာက သိပ္ပံသဘောတရားနဲ့ ကြည့်မယ်ဆိုရင် ၉၉ ခုသောအရာ တွေ အတွက်မှန်နေပါစေ။ ကျန်တဲ့ တစ်ခု အတွက်မှားနေတယ် ဆိုတာနဲ့ ငါတို့ အမှားလို့ သတ်မှတ်ပြီး အဖြေနေရာမှာ အမှားကို ထည့်ရတယ်မလား...? ဒါဆိုရင် တစ်လောကလုံးအတွက် မှန်ပါတယ်ဆိုတဲ့ ဒီအနိစ္စ သဘော တရားကြီးက သူကိုယ်တိုင်အတွက် ကျ တော့ မှားမနေဘူးလား? ဒီလိုဆို ဒီသဘောတရားကြီးက အပြည့်အ၀မှန်တယ်လို့ ငါတို့ ပြောနိုင်ကြပါအုံးမလား? ဒါဆို ငါတို့ ထည့်ရမယ့် အဖြေက.....?" မှတ်မိပါသေးတယ် အဲ့ဒီ့တုန်းက မင်းပြန်ပြောတဲ့စကား "ဒိဌိ! မြေမြိုမဲ့ ကောင်တဲ့" ...။ ငါပြန်ပြောတာရော မှတ်မိလား? "ဟကောင်မှားနေတယ်...။ ဒိဌိ ဆိုတာ မြန်မာလို အမြင်လို့ပဲ အဓိပ္ပါယ်ရတယ်...။ မိစ္ဆာဒိဌိ ဆိုမှ မင်းပြောချင်တဲ့ ဆိုလိုရင်းကို ရောက်မှာကွ...!" ဆိုပြီးတော့လေ။
မင်းနဲနဲ ခေါင်းရှုပ်သွားပြီထင်တယ်...။ ထားလိုက်ပါကွာ...။ အဲ့ဒီ့အနိစ္စသဘောတရားကြီးက ဒီဘက်ခေတ်ကြီးထဲ မှာ ကုန်ဈေးနှုန်းလောက် အရေးပါတော့တာမှ မဟုတ်တာ...။ ငါက သတိရလို့ အမှတ်တရ ပြန်ပြောပြတာပါ...။ တစ်ခါတစ်လေတော့လဲ ဒီလိုပဲပေါ့ အဟောင်းတွေ ပြန်ပြောရင်...။ အစုတ်တွေ ဖြစ်သွားတာပေါ့...။ အံမယ်...။ ဟေ့ကောင် မင်းမရယ်နဲ့..! ငါ အကောင်းပြောတာ...။ အဟောင်းတွေကို ပြန်ပြော၊ ပြန်သုံးမှတော့ ဘယ်လိုလုပ် အသစ်ဖြစ်လာနိုင်စရာ အကြောင်းရှိတော့လို့လဲ...။ ဖြစ်ခြင်းဖြစ် ဟောင်းရာကနေ စုတ်သွားဖို့ပဲ ရှိတော့တယ် မလား..? အဲ့ဒါ ခက်တာ တစ်ခါတစ်လေ ငါတို့ ခေါင်းတွေနဲ့ စဉ်းစားမဲ့အစား ခြေထောက်တွေနဲ့ ပြောင်းပြီးတွေး သင့်တယ်...။ အဲ့ဒီ့လို ခြေထောက်တွေနဲ့ ငါတို့ရဲ့ အတွေးအခေါ်တွေက အောက်ခြေကစပြီးတွေးတတ်လာမယ် ဆိုရင် အခုလက်ရှိ ထက်ပိုပြီး အခြေခိုင်မာ၊ တန်ဖိုးရှိတဲ့ အတွေးအခေါ်တွေ ထွက်မလာနိုင်ဘူး လို့ မင်းပြောနိုင် မလား? မယုံမရှိနဲ့ ဒီခေတ်ကြီးမှာ ခြေထောက်နဲ့တွေးတဲ့ကောင်တွေက ခေါင်းနဲ့တွေးတဲ့ ကောင်တွေကို အုပ်ချုပ် နေပြီကွ! မင်းဘာသိလို့လဲ...? အဲ့ဒီ့လူတွေက တော်ရုံပညာရှင်တွေ မဟုတ်ဘူး...။ တော်တော်လေးစား ဖို့ ကောင်းတဲ့သူတွေကွ...။ ဟွန်း!
တကယ်တော့ ဘ၀ဆိုတာ
"ကွက်လပ်ဖြည့်ပါ" ဆိုတဲ့ ခေါင်းစဉ်အောက်က
အပေါက်ပေါင်းများစွာနဲ့ မေးခွန်းတစ်ခုပေါ့...။
BLACK DREAM
ငါလည်း စာရေးချင်လွန်းလို့သာ ရေးနေရတာဆိုတော့ စိတ်တွေက တောင်ရောက်လိုက်၊ မြောက်ရောက်လိုက် နဲ့ စာတွေက အဆီအလျှော်တည့်ချင်မှလည်း တည့်မယ်...။ ကိုယ့်ဘာသာကိုယ်သာ ဖြည့်တွေးလိုက်ကွာ...။ လောကမှာ ဖြည့်တွေးပေးနိုင်တဲ့ ပညာရပ် (သို့မဟုတ်) အသိတရား (သို့မဟုတ်) အသိဥာဏ် (သို့မဟုတ်) အရည်အချင်း တစ်ရပ်ဆိုတာလည်း မဖြစ်မနေ ရှိကိုရှိနေသင့်တဲ့ အရာတစ်ခုပဲ မဟုတ်လား...။ နားရှုပ်သွားသ လား? မင်းနားလည်အောင် အလွယ်ဆုံးနဲ့ အရှင်းဆုံး ဥပမာတစ်ခုပေးမယ်ကွာ...။ ဥပမာ...။ ဖြည့်တွေးပေးတတ် တဲ့ စိတ်သာမရှိဘူးဆိုရင် ဟိုနိုင်ငံကွာ..။ ဘယ်နိုင်ငံလဲမသိဘူး..။ ငါ့နှယ် ပါးစပ်ဖျားလေးတင်...။ အေးကွာ..။ ထားလိုက်...။ အဲ့ဒီ့နိုင်ငံရဲ့ ရုပ်ရှင်လောက ဆိုတာ တိမ်မြုပ်သွားတာ ကြာရောပေါ့...! ဒီလောက်ဆို မင်းသဘော ပေါက်ပါပြီ...။
ငါတို့လည်း ဘ၀တစ်လျှောက်လုံး ဖြည့်လိုက်ရတဲ့ အပေါက်တွေကွာ...။ ငါတို့က အပေါက်တွေ လိုက်ဖြည့်လိုက်။ အပေါက်တွေက ငါတို့ကို လိုက်ဖြည့်လိုက်...။ ဒီလိုနဲ့ပဲ ငါတို့နဲ့ ဘ၀တွေနဲ့...။ ဘ၀တွေနဲ့ အပေါက်တွေနဲ့....။ အပေါက်တွေနဲ့ ငါတို့နဲ့....။ ဘယ်သူက ဘယ်သူ့ကို ဖြည့်နေမှန်းတောင် မသိတော့ပါဘူး ကွာ...။ တစ်ခါတစ် လေတော့လည်း ငါတို့ ခံစားချက်တွေနဲ့ ဖြည့်ကြတယ်။ တစ်ခါတစ်လေတော့ အသိတရားတွေနဲ့ ဖြည့်ကြတယ်။ တစ်ခါတစ်လေတော့ ထင်ရာမြင်ရာ နံကြားထောက်ပြီး ဖြည့်တာလည်း ရှိတာပေါ့...။ တတ်နိုင်ဖူးလေ...။ အရေး ကြီးတာက အပေါက်တွေ ပြည့်သွားဖို့ပဲ မဟုတ်လား...? သေချာတာ တစ်ခုကတော့ မနက်ဖြန်တိုင်းမှာ ငါတို့ ဖြည့်ရမယ့် အသစ်အသစ်သော အပေါက်တွေ ရှိနေအုံး မယ်ဆိုတာပဲ....။
သြော်...။ ဒါနဲ့ အခုမှ သတိရတယ်...။ မနက်ဖြန်ဆိုလို့....! ငါမင်းကို "မနက်ဖြန်" အကြောင်းပြောပြရအုံးမယ်..။ ဒီကောင်ကြီးလဲ မင်းနဲ့ငါ့လိုပါပဲ...။ ငါတို့စပြီးလမ်းခွဲခဲ့ကြတဲ့ နေ့ကတည်းက မတွေ့တာ...။ ဒီကောင်ကြီးနဲ့ဆို ပို တောင် ဆိုးဦးမယ်...။ ငါတို့လမ်းမခွဲခင် ထက်တစ်ရက်တောင် ပိုစောပြီး ဒီကောင်ကြီးနဲ့ ခွဲခဲ့ရတာလေ...။ ဒီကောင်ကြီးအကြောင်းတော့ ပြောမနေပါနဲ့ကွာ...။ အခုဆို ဒီကောင်က လောကကြီးထဲမှာ တော်တော်ကို အရေးပါ အရာရောက်တဲ့ ဆရာကြီး ဖြစ်နေပြီကွ...။ လူတွေရဲ့ နှုတ်ဖျားတိုင်း၊ အိပ်မက်တိုင်းမှာ ဒီကောင်ကြီးက တကယ့် ဆရာကြီးပဲ...။ ဘာကြောင့်မှန်းတော့ မသိပါဘူးကွာ အားလုံးက သူ့ကိုဆို တော်တော်ရှိန်ကြတယ်ကွ။ အလကားပါ...။ အဲ့ဒီ့ ရှိန်တယ်ဆိုတဲ့ စကားက ဒီကောင်သူ့ဘာသာ မာန်တက် လို့ပြောတာ...။ အမှန်က လူတွေ က ဒီကောင့်ကို ရွှံ့ကြောက်ကြီး ဖြစ်နေတာကွ...။
တစ်ကယ်တော့ ကံကြမ္မာဆိုတာ
လူတွေ ကိုယ့်အပြစ်ကိုယ် ၀န်မခံချင်လို့
စွန့်ပြစ်လိုက်တဲ့ အပြစ်တွေ စွန့်ပြစ်ရာ
အမှိုက်ကျင်းကြီး တစ်ခုပေါ့...။
BLACK DREAM
သိတယ်မလား...။ ဒီကောင့်မှာက လူတွေသေမတတ်ကြောက်ပါတယ်ဆိုတဲ့ ကံကြမ္မာဆိုတဲ့ အရာကြီးကို ချုပ်ကိုင် နိုင်ခွင့်ရှိနေတယ်လေ...။ ဒီတော့လည်း လူတွေက ဒီကောင့်ကို ကြောက်ပြီပေါ့ကွာ...။ လူတွေက နဂိုကတည်းက အားငယ်တတ်ရတဲ့ကြား...။ သူရောက်လာတော့မယ်ဆိုတာနဲ့...။ ဘာတွေများ ဖြစ်လာမလေလဲဟဲ့ ဆိုတဲ့ အတွေးတွေနဲ့တင် သူ့ကို တော်တော် ကြောက်နေကြပြီ...။ ဒီကောင်ကလည်း သိတဲ့အတိုင်းပဲ...။ ငယ်ငယ်က အကျင့်ပျောက်တာမဟုတ်ဖူး...။ ကြောက်ပါတယ်ဆိုလေ...။ ဖြဲချောက်လေပဲလေ...။ ဘယ်သူသင်ပေးလိုက်မှန်းမ သိတဲ့ မျက်လှည့်ပညာ ဒီကောင်တတ်နေတာကိုက လူတွေ ငါးပါးပေါက်ဖို့ ဖြစ်ကုန်တာပေါ့...။ လူတွေခမြာ သနား စရာကွာ...။ ဒီကောင်လုပ်သမျှ မျက်လုံးလေး ကလယ်...ကလယ်နဲ့...။ ငါဖြင့် တစ်ခါတစ်လေကြည့်ပြီး သနားတောင် သနားတယ်...။ အမှန်အတိုင်း ပြောရရင် တစ်ခါတစ်လေတော့လည်း အဲ့ဒီ့ လူတွေကိုကြည့်ပြီး ရယ် ချင်တယ်ကွာ...။
အမှန်က လူတွေ ဒီကောင့်ကို ကြောက်တယ်ဆိုတာ သူတို့ကိုယ် သူတို့ မယုံကြည်ကြလို့ကွ..။ တစ်ကယ်တမ်း သာ လူတွေကိုယ့်ကိုယ်ကို ယုံကြည်ကြမယ်ဆိုရင် ဒီကောင့်ကို ကြောက်စရာမလိုဘူး..။ ကိုယ့်ကိုယ်ကို ယုံကြည် တဲ့သူတွေကတော့ သူ့လိုကောင်ကို ဘယ်ကြောက်ကြလိမ့်မတုန်းကွာ...။ ဒီကောင့်အတင်းသာ အုပ်နေရတာ...။ ပြောရင်း ဒီကောင်ကြီးကိုတော့ တွေ့ချင်သားကွာ...။ ငါဒီကောင်ကြီးရှိတဲ့ နေရာကို နေ့တိုင်းရောက် အောင်သွား ပြီး တွေ့ဖို့ကြိုးစားတယ်...။ ဒါပေမယ့် ဒီကောင့်ကို အခုချိန်ထိ ငါမတွေ့ခဲ့ရသေးဘူးကွာ...။ ဒီကောင်က နေ့တိုင်း လိုလို ငါ့ထက် ခြေတစ်လှမ်းသာနေခဲ့တယ်ကွ...။
ထားလိုက်ပါကွာ...။ ငါ့စာလည်းတော်တော်ရှည်နေပြီ...။ မင်းနဲ့ငါလည်း မတွေ့ဖြစ်တာ တော်တော်ကြာခဲ့ပြီ...။ နောက်လည်း ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူးဆိုတာ ငါသိပါတယ်...။ သတိရတယ် အတိတ်ရာ...။ ငါတို့ ငယ် ငယ်က ပြောခဲ့သလိုပေါ့...။ အဖြစ်အပျက်တွေအားလုံးဟာ မနေ့ကဖြစ်ခဲ့တယ်ဆိုရင်တောင် ငါတို့အတွက်တော့ နောက်ကျလွန်းပါတယ်...။
မှတ်ချက်။ ။ ငါတို့ သုံးယောက် (မင်းရယ်၊ ငါရယ်၊ မနက်ဖြန်ရယ်ပေါ့ကွာ) နေ့ရက်တစ်ခုမှာတော့ အသေအချာ ပြန်ဆုံမှာပဲ...။ အဲ့ဒီ့နေ့ကို မင်းသိပါတယ်...။ ငါတို့အဲ့ဒီ့နေ့ကြမှ မတွေ့ခဲ့ကြရတဲ့ ကာလတွေမှာ ကြုံတွေ့ခဲ့ရတာ တွေကို အတိုးချပြီး စားမြုံ့ပြန်ကြတာပေါ့ကွာ...။
သတိရခြင်းများစွာဖြင့်
မင်းရဲ့အချစ်ဆုံးသူငယ်ချင်း
ဒီနေ့
p.s- ကျွန်တော် ခံစားမိသောကြောင့် ခံစားမိသောအရာကို ခံစားရသလို ရေးထားပါသည်။ စာဖတ်သူများလည်း ဖတ်ချင်လျှင်ဖတ်ပြီး တွေးချင်ရာတွေး၍ ထင်ချင်ရာ ထင်နိုင်ကြပါကြောင်း....။
Oct 21, 2008
ချစ်...ချစ်....မင်းတို့ပဲချစ်ကြ...!
**********************************************************************************
တကယ်တော့ အချစ်ဆိုတာ
မြန်မာသဒ္ဒါအလိုအရ
ဖမ်းဆုပ် ကိုင်တွယ်၍ မရသော
စိတ္တဇနာမ် တစ်ခုပါပဲ....။
အချစ်...။ တကယ်တမ်း ပြောကြကြေးဆို ဒီအကြောင်းက ဂျာအေးသူ့အမေရိုက်သလိုပါပဲ..။ ဘယ်ကစမှန်း မသိ သလို...။ ဘယ်မှာဆုံးမှန်းလည်း မသိနိုင်တဲ့ အရာတစ်ခုပါပဲ...။ မေးတဲ့သူတွေကလည်း ကမ္ဘာဦးအစ က တည်းက မေး လာလိုက်ကြတာ အခုထိကိုမေးလို့ မပြီးတော့ဘူး...။ ဖြေကြတဲ့သူတွေကလည်း ဖြေလိုက်ကြ တာ...။ အလုံက (အခု မရှိတော့တဲ့) အလုံအမှိုက်ပုံကြီးက အမှိုက်တွေလိုပဲ တောင်လိုပုံလို့။ ဒါပေမယ့် အခုချိန် အထိ ဘာမှ သေချာရေရာတဲ့ အဖြေတစ်ခုမှ မရရှိခဲ့ပါဘူး...။ နောက်လည်း ရလာမှာမဟုတ်ပါဘူး။ ဒါပေမယ့် ပေါ့ဗျာ...။
လူဆိုတဲ့ သတ္တ၀ါအမျိုးအစားတွေကလည်း ခက်တော့ခက်တယ်....။ သူတို့မှာ အဲ့ဒီ့အချစ်ဆိုတဲ့ အရာကြီးကို မခံ စားတတ်ရင် (သို့မဟုတ်) မရှိရင်...။ လူတန်းပဲ မစေ့တော့သလိုလို...။ လူပဲ မပီသတော့သလိုလို...။ ဟိုလိုလို...။ ဒီလိုလို...။ ဒီတော့ လူလို့ ကိုယ့်ကိုယ်ကို Copy Right ယူထားတဲ့ သူတွေထဲက သူလို ကိုယ်လိုတစ်ယောက် ဖြစ် တဲ့ ကျွန်တော်လည်း လူတန်းစေ့ ရလေအောင် ချစ်ပြရတော့မှာပေါ့...။ အမှန်က ကျွန်တော်ကိုယ်တိုင်လည်း တော်တော်ကို ချစ်တတ်တဲ့သူတစ်ယောက်ပါ...။ ယပင့်နဲ့လဲ ချစ်တတ်ပါတယ်...။ ယရစ်နဲ့လဲ ခြစ်တတ်ပါတယ်။ ကျွန်တော့် စိတ်လွှတ်တော်က အတည်ပြုတဲ့ ဖွဲ့စည်းပုံမူကြမ်းအရဆိုရင်တော့ ကျွန်တော် ယရစ်နဲ့ ပိုပြီး ခြစ်တတ် ပါတယ်...။ ဟုတ်တယ်လေ...။ ကျွန်တော်က ဆေးလိပ်သောက်တော့ တစ်နေ့ကို အနဲဆုံး အခါ ၂၀ တော့ခြစ်ရ တယ်။ (ဆေးလိပ်တစ်ဘူးမှာ အလိပ် ၂၀ ပါသည်။)
အချစ်ဆိုတာ
ယဉ်လုံအိမ်သာတစ်ခုလိုပဲ
ဘ၀မှာ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပေါ့....။
BLACK DREAM
ငြင်းလို့မရတာကလည်း အမှန်ပဲဗျာ...။ တစ်ကယ်ပါ...။ အချစ်ဆိုတာ တစ်ကယ်တမ်း သေသေချာချာ ပြီး, ပြီးရော တွေးကြည့်တော့လည်း တော်တော်ကို အရေးပါတာကို အရှင်းသားအထင်းသား တွေ့နိုင်လေရဲ့..။ အချစ်နဲ့ပတ် သတ်ပြီး ကျွန်တော် အလေးစားဆုံး အကြိုက်ဆုံး စကားတစ်ခုရှိပါတယ်...။ အပေါ်မှာ ရေးထားတဲ့ဟာပါ သူ့ရဲ့ တင်စားပုံက အရမ်းကိုလေးနက် လှပပြီး....တစ်ကယ်ကိုပဲ ဘ၀အတွက်မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုဖြစ် ကြောင်း ထင်ရှားစေပါတယ်..။ ယဉ်လုံအိမ်သာတွေသာ မရှိခဲ့ရင်...? ကျွန်တော်တို့ ပတ်ဝန်းကျင်ကြီး ညစ်ညမ်း မယ်...။ ရောဂါဘယတွေ ထူပြောမယ်...။ အနံ့အသတ်တွေဆိုးဝါးမယ်...။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို အကြီးအ ကျယ်အားပေးမယ်...။ ထားလိုက်ပါ အဲ့ဒီ့ စကားလုံးအကြီး ကြီးတွေ...။ အနဲဆုံးတော့ ယဉ်လုံအိမ်သာတွေမရှိရင် ကျွန်တော့တို့ရဲ့ တစ်နေ့တာ...။ အဲ့ဒီ့နောက်...။ တစ်ဘ၀တာ...။ ဘယ်လိုမှ အဆင်ပြေ လှပနိုင်စရာ မရှိ...။ အချစ်လည်း အဲလိုပဲပေါ့ဗျာ...။ တစ်ကယ်လို့ အချစ် (သို့မဟုတ်) ယဉ်လုံအိမ်သာများသာ လောကကြီးထဲမှာ မရှိဘူးဆိုရင်ပေါ့ဗျာ....
တစ်ကယ်တော့ အချစ်ဆိုတာ
ဖန်တီးလို့မရ၊ ဖျက်ဆီးလို့မရတဲ့
စွမ်းအင်တစ်ခုပေါ့...။
BLACK DREAM
(မှတ်ချက်။ ။ စွမ်းအင်တို့၏ သဘာဝအရ ဖန်တီး၊ ဖျက်ဆီးလို့မရပေမယ့် စွမ်းအင်တစ်မျိုးမှ နောက်တစ်မျိုးသို့ အသွင်ပြောင်းလဲသွားကောင်း ပြောင်းလဲနိုင်သည်။)
ရှိသေးတယ်...။ စစ်ပွဲတစ်ရာနွှဲလိုက်ချင်ပေမယ့် အချစ်တစ်ပွဲတော့ မနွှဲချင်ဘူးဆိုပြီး တွံ့တေးသိန်တန်လား မသိ ဘူးဆိုဖူးတယ်...။ အမှန်က သူစစ်မတိုက်ဖူးလို့...။ သူသာစစ်မျက်နှာပြင်တစ်ခုမှာ အသက်ကို တစ်ခါသုံးအိမ်သာ စက္ကူတစ်ခုလို သဘောထားရတဲ့ အချိန်မျိုးကြရင် အဲ့လိုစကားမျိုး ပြောနိုင်ပါ့အုံးမလားလို့...? မထင်! စစ်သား တစ်ယောက်အတွက်တော့ အချစ်ဟာ ကျည်ကုန်နေတဲ့ သေနတ်တစ်လက်....။ နေ့တိုင်းစားနေရတဲ့ ငှက်ပြောအူ ဟင်းတစ်ခွက်...။ ချစ်သူနဲ့ အတူရှိတဲ့ အချိန်ဆိုတာကတော့ လေးဖက်လေးတန် ရန်သူအ၀ိုင်းခံထားရတဲ့ အချိန် မျိုးနေမှာပေါ့...။ အချစ်နဲ့စစ်မှာ မတရားဘူးဆိုတာ မရှိဘူးလား ဘာလားတော့ ကျွန်တော်မသိဘူး..။ သေချာတာ တစ်ခုကတော့ အချစ်နဲ့စစ်မှာ တရားလိုနဲ့ တရားခံ မရှိဘူးဆိုတာပဲ...။ နှစ်ယောက်စလုံးနဲ့ သက်ဆိုင်တယ်..။ Aersomith ရဲ့ Crying ထဲက စာသားတစ်ခုကို ယူသုံးရမယ်ဆိုရင်တော့ Partners In Crime ပေါ့...။ (တွံ့တေးသိန်းတံ - သင့်အားတပ်မတော်မှ အလိုရှိသည်။ ဒီဘ၀မမှီရင် ရောက်ရာဘ၀က အမြန်ဆက်သွယ်ပါ။)
"ချစ်တယ်" ဆိုတဲ့စကားဟာ
စကားလုံးနှစ်လုံးထဲ ရှိသလိုပဲ
အဲ့ဒီစကားလုံး နှစ်လုံးကိုလည်း
လူနှစ်ဦးက ပြောမှသာပြည့်စုံနိုင်မှာပါ....။
BLACK DREAM
အချစ်ရဲ့ လှပမှုကို ပုံစံမျိုးစုံ...။ တင်စားကြသည်..။ ချစားကြသည်...။ ယူစားကြသည်...။ တွေ့တဲ့နေရာမှာ စားကြ သည်။ ကျွန်တော်လည်း စားချင်ပါသည်..။ အချစ်သည် အံဖတ်ထဲမှ လောက်ကောင်လေးများကဲ့သို့ လှပပါသည်။ အချစ်သည် ကွမ်းချေးတတ်နေသော သွားများကဲ့သို့လှပပါသည်။ အချစ်သည် ရေစိုနေသော ကြွက်စုတ်တစ် ကောင်ကဲ့သို့ လှပပါသည်။ အချစ်သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သောအခါ အာပုပ်ရည်များ ကျတတ်သော မိန်းကလေး တစ်ယောက်လိုလည်း လှပတတ် ပါသေးသည်။ အချစ်သည် နာမည်ကျော်သော မျက်လှည့်ဆရာ တစ်ယောက်လည်း ဖြစ်သည်။ လူစင်စစ်မှ ကောက်ရိုးစား ချိုထွက်သော သတ္တ၀ါတစ်ကောင် ဖြစ်အောင် ဖန်ဆင်း နိုင်သည်...။ လျှာတမြားမြား အမှီးတနှံ့နှံ့ အကောင်တစ်ကောင် ဖြစ်အောင် ဖန်ဆင်းနိုင်သည်။ ထူးဆန်းလှပေ သည်...။
ကျွန်တော် နိဂုံးချုပ်ပါမယ်...။ အချစ်ဆိုတာ....။ မဆုံးနိုင်သော မေးခွန်း...။ မပြည့်စုံသော ဖွင့်ဆိုမှု...။ မလိုလားအပ် သော လိုအပ်ချက်...။ မဖန်တီးခဲ့သင့်သော စကားလုံး...။ အလှပဆုံး ပိုးစိုးပက်စက် လှည့်စားမှု..။ မချိမဆန့် ဝေဒ နာတစ်ရပ်...။ စောက်ထိုး မိုးမျှော် ဘ၀တစ်ခု...။ မိမိကိုယ်ကို လုပ်ကြံမှု...။ ကျောချင်းကပ်နေသော ဆန့်ကျင် ဘက်..။ နောက်ဆုံး.....။
အချစ်ဆိုတာ....လူတို့ဖန်ဆင်းအပ်သော.........လုပ်ဇာတ်တစ်ခု။
မေတ္တာတရားသည်သာ လူသားအချင်းချင်း အေးချမ်းမှုကိုပေးနိုင်သော တစ်ခုတည်းသော စစ်မှန်မှုဖြစ်သည်။
p.s- ကျွန်တော့်စိတ်ထဲ အခုအချိန်မှာ အမှန်တကယ် ရှိနေသော ခံစားချက်များကို ချရေးထားခြင်း ဖြစ်ပါသည်။ အချိန်ရရင် အပေါ်မှာပေးထားတဲ့ Synergy ရဲ့ သီချင်းကိုနားထောင်ကြည့်စေချင်ပါတယ်...။ ဒီပို့စ်ခေါင်းစဉ်က လည်း သူတို့သီချင်းရဲ့ ခေါင်းစဉ်ပါပဲ...။ အေးအေးဆေးဆေးမှ နားထောင်မယ် ဆိုလည်း Download ချသွားလို့ ရပါတယ်။
Oct 19, 2008
မိသားစုနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း
p.s- မနက်ဖြန် (၁၉.၁၀.၂၀၀၈) တနင်္ဂနွေနေ့တွင် ရက်လည်ဆွမ်းကျွေး ပြုလုပ်မည်ဖြစ်သည်။
Oct 14, 2008
အမှတ်တမဲ့များမှ...အမှတ်တရများစွာ
သူ့ကို ကျွန်တော်တို့တွေရဲ့ ဘလော့စာမျက်နှာအသီးသီးအပေါ်မှာ မတွေ့ရတာ တော်တော်ကိုကြာမြင့်ခဲ့ပြီလို့ ပြောလို့ရပါတယ်။ ဘလော့ပေါင်းများစွာတို့ရဲ့ ပထမဆုံးတွေကို ချရေးကြတော့မယ်ဆိုရင် ဘယ်လိုမှ ချန်ထား လို့မရနိုင်တဲ့ ဘလော့တွေကို ဈေးဦးဖောက်လေ့ရှိတဲ့သူပေါ့။ နောက်ပိုင်းမှာ ဖန်တီးခဲ့ကြတဲ့ အသစ်အသစ်သော ဘလော့ဂါ မောင်နှမများ အနေနဲ့ကတော့ သတိထားမိကောင်းမှ ထားမိပါလိမ့်မယ်။ ဒါကလည်း ငြင်းဆန်လို့မရ တဲ့ သဘာဝတရားပဲလေ။ ဘယ်လိုပဲ ဖြစ်ဖြစ်သူနဲ့ ရင်းနှီးခွင့် ခင်မင်ခွင့် ရလိုက်တဲ့သူတွေရဲ့ ရင်ထဲမှာတော့ ခင် မင်မှုအလိုက် သူ့အတွက် နေရာတစ်ခုတော့ရှိနေမှာသေချာပါတယ်..။
ကိုစိုးထက်လို့ ပြောလိုက်ရင် သူချစ်တဲ့ ချစ်ဇနီးကို လက်တစ်ဖက်ကဖက်၊ လက်တစ်ဖက်က ချစ်သမီးလေးကို ချီ ပြီး ရင်ကြီးကောင့်လို့ ပြုံးပြနေတဲ့ ပုံရိပ်တွေကို ဘယ်သူမှမေ့နိုင်မယ်မထင်ပါဘူး။ တစ်ခြားသူတွေ အတွက်တော့ မသိပါဘူး ကျွန်တော့်အတွက်ကတော့ တော်တော်လေးကို အမှတ်တရ ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ တည်ထောင်ထားတဲ့ မိသားစုလေးကို အားကျမိတာက တစ်ကြောင်း။ အဲ့ဒီပုံရိပ်တွေဟာ ကျွန်တော်ဘလော့ပတ် ၀န်းကျင်ထဲ စ၀င်ဝင်ချင်းကာလမှာပဲ မြင်တွေ့ခဲ့ရတဲ့ကာလရဲ့ မှတ်မှတ်ရရ ပုံရိပ်တွေဖြစ်ခဲ့လို့ပါပဲ...။ တွေးကြည့် ရင်တော့...။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကျော်လောက်ကပေါ့...။
၁ နှစ် ကျော်ဆိုတဲ့ကာလဟာ တစ်ချို့အတွက်တော့ ခက်ခက်ခဲခဲဖြတ်သန်းကြရပါတယ်။ တစ်ချို့အတွက်တော့ လည်း ပေါ့ပေါ့ပါးပါးပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ သေချာတာကတော့ ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြတယ်ဆိုတာ ဘယ်သူမှ ငြင်းဆန်လို့မရပါဘူး။ တစ်ချို့တစ်ချို့တွေကို ကျွန်တော်တို့ အမှတ်တမဲ့ ဖြတ်သန်းခဲ့ကြပါတယ်။ တစ် ချို့ကိုတော့ မှတ်မှတ်ရရ တစ်ဘ၀စာသိမ်းထားကြတာပေါ့။ တစ်ခါတစ်လေတော့လည်း အမှတ်တမဲ့လေးတွေက မထင်မှတ်ပဲ အမှတ်တရလေးတွေ ဖြစ်သွားတတ်တာလည်း ရှိတာပေါ့။ ကျွန်တော်လည်း ကိုစိုးထက်နဲ့ ပတ်သတ် တဲ့ အမှတ်တမဲ့လေးတွေထဲက အားလုံးအတွက် မှတ်မှတ်ထင်ထင်ရှိနေလောက်မဲ့ အရာလေးတစ်ခုကို ပြောပြချင် ပါတယ်။ အားလုံးလည်း မေ့ချင်မေ့နေပါလိမ့်မယ်...။ တစ်ခြားတော့မဟုတ်ပါဘူး ကျွန်တော်တို့ အစ်ကိုကြီးချစ်တဲ့၊ ကျွန်တော်တို့ ဘလော့ဂါမောင်နှမတွေလည်း ချစ်ကြတဲ့ ကိုစိုးထက်ကြီးရဲ့ ဆည်းလည်းလေး၊ ကျွန်တော်တို့ရဲ့ ညီမ အငယ်ဆုံးလေး သို့မဟုတ်....... "သံသာထက်"။
၁၅.၁၀.၀၈ ရက်နေ့ဟာ ကျွန်တော်တို့ရဲ့ အငယ်ဆုံးညီမလေးရဲ့ ၄ နှစ်မြောက်မွေးနေ့ပဲ ဖြစ်ပါတယ်။ ဒီလိုနေ့ မျိုးမှာ ကိုစိုးထက်ကြီးတစ်ယောက်တော့ ဘယ်လောက်တောင် မိသားစုအနားမှာ ရှိနေချင်နေမလဲဆိုတာ တွေး ကြည့်နေစရာတောင်မလိုပါဘူး။ ဒါပေမယ့်လည်းပေါ့ဗျာ....။
ဒီလိုနေ့မျိုးမှာ ကျွန်တော်တို့ရဲ့ ညီမလေးအတွက် ကျွန်တော် တတ်သလောက်မှတ်သလောက်ဆုတောင်းပေး ခြင်ပါတယ်။ အားလုံးလဲ ၀ိုင်းပြီးပျော်ပျော်ပါးပါး ဆုတောင်းပေးကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်....။
"ပျော်ရွှင်စရာ ၄ နှစ်ပြည့် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် တိုင်းပြည်နဲ့လူမျိုးအကျိုးကို တန်ဖိုး ရှိတဲ့ သမီးကောင်းရတနာလေးအဖြစ် ချစ်သောမိသားစုနဲ့အတူ ငြိမ်းချမ်းစွာ ထမ်းရွက်နိုင်သောသူဖြစ်ပါစေ ညီမလေး သံသာထက် ရေ.....။
p.s- အားလုံးပဲ ကျွန်တော်တို့ရဲ့ အစ်ကိုကြီးနဲ့ ညီမလေးအတွက် ပျော်ပျော်ပါးပါး ဆုတွေတောင်းပေးသွားကြပါ ဦးဗျို့ :)